အခန်း ၂၀၇
Vol. 21 Ch. 207
အခန်း (၂၀၇) ဇာတ်လိုက်နှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ကြီးမားလှသော အခွင့်အလမ်း
“ဂိုဏ်းချုပ်လင်... အခု ဒီ ကိစ္စ တွေ ပြေလည်သွားပြီဖြစ်လို့ ကျွန်တော့်ကို ခွင့်ပြုပါဦး”
ယင်ယန် မြင့်မြတ် သားတော်ကို ရှင်းလင်းပြီးနောက် ရှုချွမ်းက လန်ထျန်းဟန်ကို လှမ်း၍ နှုတ်ဆက်လိုက်သည်။
“ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် သခင်လေးရှုကို အထူးပဲ ကျေးဇူးတင်ပါတယ်” လန်ထျန်းဟန်က သူ၏ ရင်ထဲမှ ကြီးမားလှသော ကျေးဇူးတရားများကို လှိုက်လှိုက်လှဲလှဲ ထုတ်ပြလိုက်တော့သည်။
အကယ်၍ ရှုချွမ်းသာ ကြားဝင်မကူညီခဲ့ပါက သူ၏ လင်းရှောင်ဂိုဏ်းသည် ယခုတစ်ကြိမ်တွင် သံသယဖြစ်ဖွယ်မရှိဘဲ လုံးဝ မြေလှန်ခြေမှုန်းခြင်း ခံလိုက်ရပေလိမ့်မည်။
ယခုမူ ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီးတစ်ဦးပင် လင်းရှောင်ဂိုဏ်းအတွင်း၌ သေဆုံးသွားခဲ့ပြီဖြစ်ရာ မည်သည့်အင်အားစုမျှ သူတို့အား ထပ်မံ၍ လာနှောက်ယှက်ရဲကြတော့မည်မဟုတ်ဟု သူ ယုံကြည်ထားသည်။
ဤဘေးအန္တရာယ်ကြီးမှာ လုံးဝဥဿုံ ပြေလည်သွားခဲ့ချေပြီ။
လန်ထျန်းဟန်က ရှုချွမ်းအား ဆက်နေရန် တိုက်တွန်းခြင်းမပြုခဲ့ပေ။
သူက သူ့အနေဖြင့် ဤမျှလောက် မြင့်မြတ်သော ပုဂ္ဂိုလ်မျိုးကို ထိန်းထားနိုင်စွမ်း မရှိကြောင်း ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးဟူသည်မှာ သူ၏ လင်းရှောင်ဂိုဏ်းငယ်လေးအတွင်း၌ ကြာရှည်စွာ ပုန်းအောင်းနေမည့်သူ လုံးဝ မဟုတ်ပေ ။
“ဂိုဏ်းချုပ်လင်... အဲ့လောက်အထိ အားနာမနေပါနဲ့။
ဒါက မျှတတဲ့ အပေးအယူ တစ်ခုပဲလေ”
“ဒါဆိုရင်တော့... ကျွန်တော် နှုတ်ဆက်ပါတယ်”
ပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှုချွမ်းက လှည့်၍ လင်းရှောင်ဂိုဏ်းအတွင်းမှ ထွက်လာခဲ့တော့သည်။
သူက ယင်ယန် မြင့်မြတ် သားတော်၏ သိုလှောင်လက်စွပ်အတွင်းမှနေ၍ ဧကရာဇ်အရှင်နယ်ပယ် ရတနာတိုက်ကြီး တည်ရှိရာ နေရာကို ကောင်းစွာ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ယင်ယန် မြင့်မြတ် သားတော်အနေဖြင့် ဤရတနာတိုက်၏ သော့ တည်ရှိရာ နေရာကို မတော်တဆ သိရှိသွားခဲ့ခြင်းကြောင့်သာ ၎င်းကို ရရှိရန်အတွက် ဤမျှလောက်အထိ အသည်းအသန် လောဘတက်နေခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ရှုချွမ်းက သော့၏ ပျောက်ဆုံးနေသော အခြားအစိတ်အပိုင်းကိုမူ ရှာဖွေတွေ့ရှိခြင်း မရှိသေးပေ။
သို့သော်လည်း ၎င်းက ကိစ္စမရှိပေ ။ ရှုချွမ်းက ထိုနေရာသို့ ဦးစွာ သွားရန် ဆုံးဖြတ်လိုက်ပြီး သော့၏ အခြားတစ်ပိုင်းကို ပိုင်ဆိုင်ထားသူက သူ၏ အရှေ့သို့ လာပို့ပေးမည့်အချိန်ကိုသာ စောင့်ဆိုင်းရန် စီစဉ်လိုက်တော့သည်။
လန်ထျန်းဟန်၏ အနောက်တွင် ရပ်နေသော လန်ဝူရွှမ်းသည်မူ ရှုချွမ်း ထွက်ခွာသွားသည်ကို နှမြောတွန့်တိုလှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိရှာသည်။
သူမ၏ ရင်ထဲ၌ ပြောလိုသော စကားလုံးများစွာ ရှိနေခဲ့ပြီး ပါးစပ်ကို ဟလိုက်သော်လည်း နောက်ဆုံးတွင် မည်သည့်စကားကိုမျှ ထုတ်မပြောဝံ့ခဲ့ရှာပေ။
သူတို့ နှစ်ဦးကြားရှိ ကွာခြားချက်ကြီးမားမှုမှာ လွန်စွာ နက်ရှိုင်းလှသော ချောက်ကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့ရာ ဖြတ်ကျော်ရန် အလွန်တရာ ခက်ခဲလှပေသည်။
လန်ထျန်းဟန်သည်လည်း သူ၏ သမီးဖြစ်သူ၏ အတွေး များကို ကောင်းစွာ ရိပ်မိလိုက်သဖြင့် သက်ပြင်းချရင်း အကြံပေးလိုက်၏။
“သမီးလေး... စိတ်လျှော့လိုက်ပါတော့။ သခင်လေးရှုလို ပုဂ္ဂိုလ်မျိုးက ငါတို့လိုလူတွေ လှမ်းမှီနိုင်မယ့်သူ လုံးဝ မဟုတ်ဘူး”
ရှုချွမ်းက နောင်တစ်ချိန်တွင် ပြိုင်ဘက်ကင်းလှသော ကျွမ်းကျင်သူကြီးတစ်ဦး ဖြစ်လာရန် သေချာနေခဲ့ပြီး လူသားမျိုးနွယ်စုတစ်ခုလုံး ၏ အရှေ့တွင် နေမင်းပမာ တောက်ပမည့်သူ ဖြစ်ပေသည်။
“ အဖေ... သမီး သိပါတယ်”
“ဒါပေမဲ့ သမီး အရှုံးပေးမှာ မဟုတ်ဘူး။ သမီး သိုင်းပညာကို ကြိုးစားပမ်းစား ကျင့်ကြံပြီး သူ့ရဲ့ ခြေလှမ်းတွေကို လိုက်မှီအောင် လိုက်သွားမှာ”
လန်ဝူရွှမ်းက ပြတ်သားလှသော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူမတွင် ဤကဲ့သို့သော ယုံကြည်မှုမျိုး အပြည့်အဝ ရှိနေခဲ့သည်။
ထိုယုံကြည်မှုမှာလည်း သူမ၏ စိတ်ထဲ၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ဖူးသော ကျင့်ကြံခြင်း မှတ်ဉာဏ်များကြောင့် ဖြစ်ပေသည်။
သူမက ထိုမှတ်ဉာဏ်များအတိုင်း အဆင့်ဆင့် စနစ်တကျ ကျင့်ကြံသွားနိုင်သရွေ့ ရှုချွမ်း၏ ခြေလှမ်းများကို လျင်မြန်စွာ လိုက်မှီသွားနိုင်လိမ့်မည်ဖြစ်ပြီး ထိုအချိန်ကျမှသာ သူ၏ စစ်မှန်သော ခံစားချက်များကို ကိုယ်တိုင် ဖွင့်ပြောမည်ဟု နှလုံးသားအတွင်း ဆုံးဖြတ်လိုက်တော့သည်။
...
ရှုချွမ်းမှာမူ ဤကိစ္စများကို စိုးစဉ်းမျှ သိရှိခြင်း မရှိပေ။
ဤအခိုက်အတန့်တွင် သူက လင်းရှောင်ဂိုဏ်း၏ ပတ်ဝန်းကျင်မှနေ၍ အဝေးသို့ ထွက်လာခဲ့ပြီ ဖြစ်သည်။
သူက အလွန်တရာ မြန်ဆန်လှသော အမြန် နှုန်းဖြင့် ပျံသန်းနေခဲ့၏။
ယခင်က သူ လင်းရှောင်ဂိုဏ်းမှ ထွက်လာခဲ့စဉ် အချိန်၌ပင် သူက အလွန်တရာ ဝေဝါးဆန်းကြယ် လှသော အော်ရာ တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
ထိုအော်ရာ ၏ ပိုင်ရှင်က လင်းရှောင်ဂိုဏ်းအတွင်း ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။
ယင်ယန် မြင့်မြတ် သားတော် ရှုချွမ်း၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည့် အချိန်မှသာ ထိုအော်ရာ မှာ သူပုန်းအောင်းနေခဲ့သော နေရာမှနေ၍ အလျင်အစလို စတင်ထွက်ပြေးသွားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း သူ မည်မျှပင် လျှို့ဝှက်စွာ ပုန်းအောင်းခဲ့ပါစေ၊ ရှုချွမ်းတွင် ‘မူလကို ထိုးထွင်းသိမြင်ခြင်း’ ရှိနေခဲ့သဖြင့် သူ ချန်ထားခဲ့သော သဲလွန်စများကို ကောင်းစွာ ရှာဖွေတွေ့ရှိသွားခဲ့သည်။
ထို့ကြောင့် သူက ဤထူးဆန်းသော အော်ရာ ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါခဲ့ခြင်းဖြစ်ပြီး မည်သူက ကန့်လန့်ကာနောက်ကွယ်မှနေ၍ ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သနည်းဟူသည်ကို သိရှိလိုခြင်း ဖြစ်ပေသည်။
လမ်းခရီးတွင် ခြေရာခံနေစဉ်အတွင်း ရှုချွမ်းက ‘ကောင်းကင်လှည့်စား ကျောက်စိမ်းအေဆာင်’ ကို အသက်သွင်းလိုက်ပြီး သူ၏ ကိုယ်ပိုင်ပုံရိပ်ကို လုံးဝ ဖုံးကွယ်ထားလိုက်သည်။
တစ်နေ့နှင့်တစ်ညလုံး အဆက်မပြတ် ခြေရာခံပြီးနောက်တွင်မှ ထိုအော်ရာ ၏ ပိုင်ရှင်က နောက်ဆုံးတွင် ‘ထျန်းဟော့မြို့’ဟု ခေါ်ဆိုသော နေရာတစ်ခု၌ ရပ်တန့်သွားခဲ့ပြီး ၎င်းနောက် ခြံဝင်းငယ်တစ်ခုအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့တော့သည်။
ရှုချွမ်းသည်လည်း သူ၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါခဲ့ပြီး ထိုခြံဝင်းအတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့၏။ ဤခြံဝင်း၏ ကာကွယ်ရေး အစီအရင်မှာ ရှုချွမ်းအတွက်ဆိုပါက ဘာမှမဟုတ်သော အရာတစ်ခုမျှသာ ဖြစ်သဖြင့် မည်သည့် အတားအဆီးမျှ ဖြစ်မလာခဲ့ပေ။
ခြံဝင်းအတွင်း၌ ပုန်းအောင်းနေရင်း ရှုချွမ်းက သူ ခြေရာခံလာခဲ့သော ပုံရိပ်မှာ မည်းနက်လှသော မြူခိုးထုကြီးတစ်ခု ဖြစ်ကြောင်း မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။
ထိုမြူခိုးများ လွင့်ပြယ်သွားသည့် အခါတွင်မူ မျက်နှာကို အဝတ်စဖြင့် ဖုံးအုပ်ထားသော ဝတ်စုံနက်ဝတ် သိုင်းပညာရှင်တစ်ဦး ခြံဝင်းအတွင်း၌ ပေါ်ထွက်လာခဲ့သည်။ ဤလူ၏ ကျင့်ကြံခြင်းနယ်ပယ်မှာ ကမ္မနယ်ပယ် အဆင့် ၇ ခန့် ရှိပေသည်။
သူက အခန်းတံခါးတစ်ခုကို ခေါက်လိုက်ပြီးနောက် အတွင်းသို့ လှမ်း၍ ဝင်ရောက်သွားခဲ့၏။
ရှုချွမ်းသည်လည်း သူ၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါရင်း အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့ပြန်သည်။
“သခင်ကို အစီရင်ခံပါတယ်... ယင်ယန် မြင့်မြတ် သားတော် သေဆုံးသွားခဲ့ရပါပြီ၊ ကျွန်တော်တို့ရဲ့ မစ်ရှင် ကျရှုံးသွားပါပြီ”
အခန်းအတွင်း၌ ထိုဝတ်စုံနက်ဝတ်လူက လူငယ်တစ်ဦး၏ ရှေ့မှောက်တွင် ဒူးထောက်လိုက်ရင်း အလွန်တရာ ကြောက်ရွံ့တုန်လှုပ်လှသော လေသံဖြင့် တိုးညင်းစွာ အစီရင်ခံလိုက်တော့သည်။
“ဟင်...”
“ယင်ယန် မြင့်မြတ် သားတော်က ဘယ်လိုလုပ်ပြီး သေသွားရတာလဲ” ထိုလူငယ်က သူ၏ လက်အောက်ငယ်သား၏ အစီရင်ခံစာကို ကြားရလျှင် သူ၏ မျက်ဝန်းများကို ရုတ်တရက် ဖွင့်လိုက်မိပြီး အလွန်တရာ အံ့ဩသွားခဲ့ရသည်။
“လင်းရှောင်ဂိုဏ်းအတွင်းမှာ လူငယ်တစ်ယောက် ရုတ်တရက် ပေါ်လာခဲ့ပါတယ်၊ ဒါ့အပြင် သူနဲ့အတူ ကောင်းကင်ဘုရင်နယ်ပယ် အထွတ်အထိပ် မိစ္ဆာသားရဲ ကျွမ်းကျင်သူကြီးတစ်ဦးလည်း ပါလာခဲ့ပါတယ်။ သူက ယင်ယန် မြင့်မြတ် သားတော်ကို သတ်လိုက်ရုံတင်မကဘဲ ယင်ယန် မြင့်မြတ်နယ်မြေက ရောက်လာတဲ့ ကောင်းကင်ဘုရင်နယ်ပယ် ကျွမ်းကျင်သူကြီးကိုပါ နေရာမှာတင် ချက်ချင်း သတ်ပစ်လိုက်တာပါ”
ဝတ်စုံနက်ဝတ်လူက သူ မြင်တွေ့ခဲ့ရသမျှ မြင်ကွင်းအားလုံးကို အကျဉ်းချုပ်၍ အလျင်အစလို ရှင်းပြလိုက်သည်။
“ဘာ... မဖြစ်နိုင်တာ”
၎င်းကို ကြားရလျှင် ထိုလူငယ် ချက်ချင်းပင် မတ်တတ်ရပ်လိုက်မိပြီး သူ၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်သော အမူအရာများ ချက်ချင်း ပြည့်နှက်သွားခဲ့ရတော့သည်။
“မင်း အပြင်ကို အရင်ထွက်သွားဦး... ငါ့ကို တစ်ယောက်တည်း စဉ်းစားခွင့်ပေး” အတန်ငယ် တွေးပြီးနောက် ထိုလူငယ်က ဝတ်စုံနက်ဝတ်လူကို အပြင်သို့ ထွက်ခွာခိုင်းလိုက်ပြီး ၎င်းနောက် သူ၏ ထိုင်ခုံထက်၌ ပြန်လည်ထိုင်လိုက်ရင်း လေးနက်စွာ စဉ်းစားနေမိတော့သည်။
“တစ်နေရာရာတော့ မှားနေပြီ။ ဒါက ငါ ကြိုတင်ဟောကိန်းထုတ်ထားခဲ့တဲ့ ရလဒ်နဲ့ လုံးဝ ဥဿုံ ကွဲလွဲနေတာပဲ... ဘာတွေ ဖြစ်ကုန်တာလဲ”
ထိုလူငယ်က လုံးဝဥဿုံ ဇဝေဇဝါ ဖြစ်နေခဲ့ရသည်။
အမှောင် နေရာ၌ ပုန်းအောင်းနေခဲ့သော ရှုချွမ်းမှာမူ ဤစကားကို ကြားရလျှင် စိတ်ထဲမှ အတန်ငယ် အံ့အားသင့်သွားခဲ့ရ၏။
ဤလူငယ်က အမှန်တကယ်ပင် အနာဂတ်ကို ကြိုတင်ဟောကိန်းထုတ်နိုင်စွမ်း ရှိနေခဲ့သည်လား။
ချက်ချင်းပင် သူ၏ ရင်ထဲ၌ စိတ်ဝင်စားမှုများ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ရတော့သည်။
သူက ချက်ချင်းပင် စနစ်ကို အသက်သွင်းလိုက်ပြီး ဤပုဂ္ဂိုလ်၏ ဇာတ်ညွှန်း အချက်အလက်များကို ဆန်းစစ်လိုက်တော့၏။
အမည် - ကျင်အောင်း
မျိုးနွယ်စု - လူသားမျိုးနွယ်စု
ကျင့်ကြံခြင်းနယ်ပယ် - ကမ္မနယ်ပယ် အဆင့် ၉
ပါရမီ - ပြိုင်ဘက်ကင်း ဘုရင်
ကံကြမ္မာ - အနာဂတ်ကို ထိုးထွင်းမြင်ခြင်း (ရွှေရောင်)၊ ကံကြမ္မာ ဇာတ်လိုက် (ရွှေရောင်)၊ သတိကြီးခြင်း (ခရမ်းရောင်)၊ နောက်ကွယ်မှ လက်မည်းကြီး (ခရမ်းရောင်)
နတ်ဘုရားစွမ်းရည် - မဟာဟောကိန်းထုတ်ခြင်း၊ ကံတရားဝါးမြိုခြင်း၊ စိတ်ဝိညာဉ်သတ်ဖြတ်ခြင်း
ဘဝဇာတ်ညွှန်း - ‘နတ်ဘုရားအဆင့် ဟောကိန်းသူ ’ ၏ ဇာတ်လိုက်
ဘဝလမ်းကြောင်း - ငယ်စဉ်ကတည်းက အနာဂတ်ကို အချိန်တိုအတွင်း ကြိုတင်မြင်နိုင်သော ပါရမီကို ပိုင်ဆိုင်ထားခဲ့သူ ဖြစ်သည်။ သူ၏ ကျေးရွာကို ဓားပြများ လာတိုက်ခိုက်စဉ် အချိန်၌ သူသည် ဤပါရမီကို အသုံးချကာ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သော်လည်း သူ၏ မိဘနှစ်ပါးအပါအဝင် ရွာသူရွာသား အားလုံးမှာမူ ဓားပြများ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြရသည်။ ၎င်းနောက် သူသည် မိမိ၏ ကြိုတင်မြင်နိုင်သော ပါရမီကို အမှီပြုကာ လောကရှိ အမျိုးမျိုးသော ကံတရားများကို လိုက်လံရှာဖွေခဲ့ပြီး အဆင့်ဆင့် ကြိုးစားအားထုတ်ရင်း လက်ရှိ ရာထူးနေရာသို့ ရောက်ရှိလာခဲ့ကာ နောက်ဆုံးတွင် ဟောကိန်းထုတ်ခြင်း ဧကရာဇ်အရှင်တစ်ဦး ဖြစ်လာခဲ့သည်။
အခွင့်အလမ်း - နောက်ထပ် ဆယ်ရက်ခန့် ကြာမြင့်ပြီးနောက်တွင် ဧကရာဇ်အရှင်၏ ရတနာတိုက်ကြီး ပေါ်ထွက်လာပေလိမ့်မည်။ သူ၏ လက်ထဲတွင် ရတနာတိုက် သော့၏ အစိတ်အပိုင်းတစ်ခု ရှိနေခဲ့ပြီး သူသည် မိမိ၏ ကြိုတင်မြင်နိုင်စွမ်းကို အသုံးချကာ ထိုရတနာတိုက်အတွင်းမှနေ၍ ‘ကမ္ဘာ့ သစ်စေ့’ ကို ရှာဖွေတွေ့ရှိ သွားပေလိမ့်မည်။
【ကံကြမ္မာ】
အနာဂတ်ကို ထိုးထွင်းမြင်ခြင်း - မိမိ၏ အနားသို့ ရောက်ရှိလာတော့မည့် အဖြစ်အပျက်များ သို့မဟုတ် မိမိအတွက် အကျိုးရှိစေမည့် ကိစ္စများကို ကြိုတင်၍ ဟောကိန်းထုတ်နိုင်သည်။ အခြားသူများနှင့် ပတ်သက်သော ကိစ္စများကိုလည်း ကြိုတင်မြင်နိုင်သော်လည်း ကြီးမားလှသော ကံတရား များ ရှိကြသည့် ပုဂ္ဂိုလ်များကိုမူ လုံးဝ ထိုးထွင်းမမြင်နိုင်ပေ ။
ကံကြမ္မာ ဇာတ်လိုက် - ကောင်းကင်၏ မျက်နှာသာပေးမှုကို ခံရသော သားတော် ဖြစ်ပြီး နောင်တစ်ချိန်တွင် သေချာပေါက် ထက်မြက်လာမည့်သူဖြစ်ကာ ကောင်းကင်၏ စောင့်ရှောက်မှုကို ခံရသူ ဖြစ်သည်။
သတိကြီးခြင်း - လွန်စွာ သတိကြီးပြီး စနစ်တကျ ပြုမူတတ်သူ ဖြစ်ကာ မည်သည့်အခါမျှ မိမိ၏ ဥစ္စာပစ္စည်းအားလုံးကို ခြင်းတောင်းတစ်ခုတည်းအတွင်းသို့ စုပြုံထည့်လေ့မရှိပေ။ ဘေးအန္တရာယ်များကို အလွန်တရာ အာရုံခံလွယ်ပြီး လုပ်သမျှ ကိစ္စတိုင်းတွင် လွန်စွာ စိုးရိမ်ပူပန်တတ်သည်။
နောက်ကွယ်မှ လက်မည်းကြီး - အမှောင် နေရာ၌ ပုန်းအောင်းနေခဲ့ပြီး အရာခပ်သိမ်းကို နောက်ကွယ်မှနေ၍ လျှို့ဝှက်စွာ ကြိုးကိုင် စီမံနေသူ ဖြစ်သည်။
.....
“ငါ လမ်းကြုံလို့ လူတစ်ယောက်နောက်ကို လိုက်လာခဲ့တာတင် ဘာဖြစ်လို့ ကံကြမ္မာ ဇာတ်လိုက်တစ်ဦးနဲ့ ဆိုက်ဆိုက်မြိုက်မြိုက် လာတိုးနေရတာလဲ"
“ငါ့ရဲ့ ကံတရားကတော့ တကယ်ကို မိုက်လွန်းနေပြီပဲ”
ရှုချွမ်းက သူ၏ ရင်ထဲ၌ အလွန်တရာ တုန်လှုပ်အံ့ဩသွားခဲ့ရသလို တစ်ပြိုင်နက်တည်းမှာပင် လွန်စွာ ဝမ်းမြောက်သွားခဲ့ရချေပြီ။
သူက သူ၏ ခွန်အားများကို မြှင့်တင်ရန်အတွက် ကံတရားများကို လုယူရန် ဇာတ်လိုက်တစ်ဦးကို ဘယ်နေရာမှာ သွားရှာရမလဲဟု တွေးတောနေခဲ့သည့် အချိန်၌ ယခုမူ ဇာတ်လိုက်ကိုယ်တိုင် သူ၏ အရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် လာရောက် ပို့ပေးလိုက်ခြင်း မဟုတ်ပါလော။
ကမ္ဘာ သစ်စေ့
ဤအရာကို မြင်တွေ့လိုက်ရလျှင် ရှုချွမ်းကိုယ်တိုင်ပင် သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ထပ်မံ၍ ဖုံးကွယ်ထားနိုင်ခြင်း မရှိတော့ပေ။
ဤအရာက လူအို ကြီးနန်၏ အမွေအနှစ် မှတ်တမ်းများအရဆိုပါက ခန္ဓာကိုယ်အတွင်း၌ ‘ကိုယ်ပိုင် ကမ္ဘာငယ်တစ်ခု’ကို စတင်ဖွင့်လှစ် တည်ဆောက်ရန်အတွက် အမြင့်မားဆုံးနှင့် ထိပ်တန်းအဆင့် ရတနာကြီး ဖြစ်ပေသည်။
ဤသစ်စေ့ကို အသုံးပြု၍ တည်ဆောက်လိုက်သော ကိုယ်ပိုင်ကမ္ဘာငယ်ဟူသည်မှာ လောကတွင် အစွမ်းထက်ဆုံးနှင့် ခိုင်မာဆုံးသော ကိုယ်ပိုင်ကမ္ဘာကြီး ဖြစ်လာပေလိမ့်မည်။
ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ပိုင်ကမ္ဘာ၏ ခွန်အား မည်မျှအထိ ရှိသနည်းဟူသော အချက်သည်ပင်လျှင် ဧကရာဇ်အရှင် ကျွမ်းကျင်သူတစ်ဦး၏ အစစ်အမှန် စွမ်းအားကို တိုင်းတာမည့် အဓိက သော့ချက်ကြီး ဖြစ်ပေသည်။
၎င်းမှာ ယခင်က ရှေးဟောင်း နန်းတော် ကမ္ဘာကြီးကဲ့သို့ ဖြစ်ပြီး ၎င်းက လူအို ကြီးနန်၏ ခန္ဓာကိုယ်အတွင်းရှိ ကိုယ်ပိုင်ကမ္ဘာကြီး လုံးဝ ဖြစ်ပေသည်။
သူ မသေဆုံးမီ အချိန်က သူ၏ ကိုယ်ပိုင်ကမ္ဘာကြီးကို ရှေးဟောင်း ရွှေရောင် နန်းတော်ကြီးအတွင်းသို့ လွှဲပြောင်းထည့်သွင်းပေးခဲ့ခြင်း ဖြစ်၏။
ရှေးဟောင နန်းတော် ကမ္ဘာကြီးသည် မူလက အလယ်အလတ် ကမ္ဘာကြီးတစ်ခု ဖြစ်သော်လည်း ၎င်း၏ အရှင်သခင်ဖြစ်သော လူအို ကြီးနန် သေဆုံးသွားခဲ့ပြီးနောက် မဟာကမ္ဘာကြီး၏ ပံ့ပိုးမှုများ ဆုံးရှုံးသွားခဲ့သဖြင့် ယခုအခါ သေးငယ်သော ကမ္ဘာငယ်သို့ အဆင့် လျော့ကျသွားခဲ့ရခြင်း ဖြစ်ပေသည်။
အကယ်၍ သူသာ ဤရတနာကို ရရှိနိုင်မည်ဆိုပါက လူအို ကြီးနန်၏ ကိုယ်ပိုင်ကမ္ဘာ ဖွင့်လှစ်နည်း စည်းမျဉ်းများနှင့် ပေါင်းစပ်လိုက်လျှင် သူက ကောင်းကင်တက်လှမ်းခြင်းနယ်ပယ်အတွင်း၌ ရှိနေစဉ်မှာပင် ခန္ဓာကိုယ်အတွင်း၌ ကိုယ်ပိုင်ကမ္ဘာငယ်တစ်ခုကို ရဲရဲကြီး စတင် တည်ဆောက်နိုင်ပေလိမ့်မည်။
နောင်တစ်ချိန်တွင် သူက ဧကရာဇ်အရှင်နယ်ပယ်သို့ ချိုးဖျက် ဝင်ရောက်သွားခဲ့သည့်တိုင်အောင် သူက ထိုနယ်ပယ်အတွင်းရှိ ကျွမ်းကျင်သူများစွာထဲတွင် မျက်တောင်တစ်ခတ်အတွင်း အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီးတစ်ဦး ချက်ချင်း ဖြစ်လာနိုင်ပေလိမ့်မည်။
“ကမ္ဘာ့ သစ်စေ့... ငါ ဒါကို သေချာပေါက် ရအောင် ယူရမယ်"
ရှုချွမ်း၏ ဦးနှောက်အတွင်း၌ အတွေးပေါင်းများစွာ လျင်မြန်စွာ လည်ပတ်သွားခဲ့ပြီး ထိုအခိုက်အတန့်၌ပင် သူ၏ နှလုံးသားအတွင်း ခိုင်မာလှသော ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့သည်။
ဤမျှလောက် ကြီးမားလှသော အခွင့်အလမ်းမျိုးကိုမူ သူကဲ့သို့သောသူသာလျှင် ပိုင်ဆိုင်ခွင့် ရှိပေသည်။
“ရတနာတိုက် သော့ရဲ့ ပျောက်ဆုံးနေတဲ့ အခြားအစိတ်အပိုင်းတစ်ခုက တကယ်ပဲ သူရဲ့လက်ထဲမှာ ရှိနေတာကိုး”
ဤနေရာသို့ ရောက်ရှိလာချိန်တွင်မှ ရှုချွမ်းက အခြားသော အသေးစိတ် အချက်အလက်တစ်ခုကိုပါ ထပ်မံ၍ ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။
“ဒါဆိုရင် ယင်ယန် မြင့်မြတ် သူတော်စင်သားတော်နဲ့ ပတ်သက်သမျှ ကိစ္စအားလုံးက... ဒီကောင် အနောက် ကနေ လျှို့ဝှက် ကြိုးကိုင် စီမံထားခဲ့တာ ဖြစ်ရမယ်”
ကျင်အောင်း ၏ ကံကြမ္မာ အသေးစိတ်ကို စိုက်ကြည့်လိုက်ရင်း ရှုချွမ်း၏ ရင်ထဲ၌ ကြီးမားလှသော သံသယစိတ်များ ပြည့်နှက်သွားခဲ့ရတော့သည်။