ထာဝရကလန်ကို အပြစ်တင်ခြင်း(၆)
Vol. 95 Ch. 1307
အဆင့်ခုနစ်အစိမ်းရောင်တိမ်ကလန်သည် အဆင့်ခုနစ်ကလန်များကြားတွင် အဆင့်သုံးနေရာတွင် ရှိသည်။ ထိုကလန်၏မန္တာန်များက ပြောင်းလဲမှုကို အထူးပြုကာ ကြိုတင်ခန့်မှန်းနိုင်ဖို့ မလွယ်ပေ။ သူတို့ကလန်က ကြီးမားကာ ကျင့်ကြံသူခုနစ်ထောင်ကျော် ရှိ၏။ မရေမတွက်နိုင်သောနှစ်များစွာအတွင်း ထိုကလန်က အစွမ်းထက်ကျင့်ကြံသူများစွာကို မွေးထုတ်ပေးခဲ့သည်။
ထိုတည်ငြိမ်သောအသံက သက်လတ်ပိုင်းလူထံမှ ထွက်ပေါ်လာခြင်းပင်။ သူက တည်ငြိမ်ဟန် ပေါ်၏။ သူ့အသားအရေက အနည်းငယ် ဝါကျင့်ကျင့် ရှိသည်။ သူက ထိုသို့ ပြောပြီးနောက် ပြိုင်ပွဲစင်မြင့်ထံ ခုန်တက်လာသည်။
ထိုလူ ယွမ်ရှန်သည် အဆင့်ခုနစ်ဒေသတွင် အလွန်ကျော်ကြားသူပင်။ ပုံမှန်ဆို သူသည် တံခါးပိတ်ကျင့်ကြံနေတတ်ကာ အပြင်သို့ ထွက်ခဲ၏။ သူ ထွက်လာချင်းမှာ ပင်မကလန်၏ပြိုင်ပွဲကြောင့်သာ ဖြစ်သည်။ သူ့ကျင့်ကြံမှုအဆင့်က မြင့်မားကာ နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာကို ထုတ်လွှတ်နေသည်။
ပြောကြသည်က သူသည် အဆင့်ရှစ်ကလန်များကြား ပြိုင်ပွဲ၌ ထာဝရကလန်မှ ရွေးချယ်ထားသောသူ သုံးယောက်ထဲမှ တစ်ယောက် ဟူ၏။ ထာဝရကလန်သည် လွန်ခဲ့သောနှစ်တစ်ထောင်ကတည်းက သူ့အပေါ် အလေးစိုက်ခဲ့ကာ ဆေးလုံးများ၊ လက်နက်ရတနာများနှင့် မန္တာန်များကိုပင် သူ့အတွက် ကူညီပေးခဲ့ကြသည်။ ထာဝရကလန်၏ မြင့်မြတ်သောအကြီးအကဲခုနစ်ယောက်ထဲမှ တစ်ယောက်သည် လွန်ခဲ့သောနှစ်တစ်ထောင်က သူ့ကို သင်ကြားပေးရန်လည်း သွားရောက်ခဲ့သေး၏။
ထိုသူ့ကို အဆင့်ရှစ်ကလန်များကြား အနိုင်ရရန် ထာဝရကလန်က မြေတောင်မြှောက်ပေးခဲ့သည်ဟုပင် ဆိုနိုင်၏။
သူ ရှေ့သို့ ခြေလှမ်းလာသည့်အခါ ပတ်ဝန်းကျင်ရှိလူများသည် စတင်ဆွေးနွေးကုန်ကြ၏။
ယွမ်ရှန်နက အိုမင်းဟန် မပေါက်သော်လည်း သူသည် နှစ်ထောင်ချီ၍ ကျင့်ကြံခဲ့ပြီးသူတည်း။ သူသည် တည်ငြိမ်၏။ သူက ဝမ်လင်းရှေ့ရောက်လာကာ လက်နှစ်ဖက်ဆုပ်၍ ဆိုသည်။ “ရောင်းရင်းကျင့်ကြံသူလု…ကျေးဇူးပြုပြီး ငါ့ကို အကြုံပြုပေးပါ…”
ထိုသို့ပြောပြီးနောက် သူ့မျက်လုံးမှာ တောက်ပလာ၍ သူ့နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံခြင်းအော်ရာသည် ပေါက်ကွဲထွက်လာသည်။ သူ့ကို ဗဟိုပြု၍ ဝဲကတော့တစ်ခု ဖြစ်လာကာ အထက်အောက်စုန်ဆန်သည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ဝဲကတော့ကြီးတစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်နေသည်ကို မြင်နိုင်ပေမည်။
ထိုဝဲကတော့ထဲ၌ အနီရောင်ကျားကိုးကောင်၏ အရိပ်များ ရုတ်တရက်ပေါ်လာသည်။ ယင်းတို့၏ ဟိန်းသံများကား ကောင်းကင်ကိုပါ တုန်လှုပ်စေနိုင်သည်။
“ကျားစိတ်ဝိညာဉ်ကိုးခု အသွင်ပြောင်းခြင်း…” ဤမန္တာန်ကို သိကြသောသူများ၏ မျက်လုံးတို့က အလေးအနက် ဖြစ်လာကြ၏။
ထာဝရကလန် ရှိနေသော ပွဲကြည့်စင်မြင့်ထက်တွင် ဖန်ဟိုင်မှာ သုန်မှန်စွာဖြင့် ဝမ်လင်းကို ကြည့်နေ၏။ သူသည် အလွန်ဉာဏ်များ တတ်သူဖြစ်ကာ ကျဉ်းတည်းကျပ်တည်း အတင်းပို့ခြင်း မခံမရမချင်း သူသည် သူ အနိုင်ရမည်ဟု ယုံကြည်ချက်မရှိသော တစ်စုံတစ်ယောက်ကို တိုက်ခိုက်လိမ့်မည် မဟုတ်ပါ။ သူသည် ယခုအခွင့်အရေးကို အသုံးချကာ ကျောက်လုံကို သတ်ခဲ့သောထိုလူ၏ အကန့်အသတ်ကို သိရှိအောင် လုပ်ပေမည်။
ကျန်သည့်ထာဝရကလန်မှ အကြီးအကဲများသည်လည်း ယွမ်ရှန်မှာ သူတို့၏ပါရမီရှင်ဟု တွေးထင်ကြ၏။ သူတို့သည် အခြားအဆင့်ရှစ်ကလန်များကို ယှဉ်ပြိုင်ဖို့ သူ့ကို ယာထားခြင်းကြောင့်သာမဟုတ်ပါက ယွမ်ရှန်သည် ထာဝရကလန်၏အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်သည်ကိုလည်း သိထားကြသည်။
ထာဝရကလန်၏ ကလန်ခေါင်းဆောင်၏မျက်လုံးပင် ကျဉ်းမြောင်းသွား၏။ သူက ယွမ်ရှန်သည် ရွေးချယ်ထားသော သုံးယောက်တွင် အသန်မာဆုံး မဟုတ်မှန်းကို သိ၏။ သို့သော် သူ့နိဗ္ဗာနဖြိုခွဲခြင်းနောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင့် သူသည် ထာဝရကလန်၏ခွန်အားကို ပြသဖို့ရာ လုံလောက်နေပေသည်။
ပြီးခဲ့သော အဆင့်ရှစ်ကလန်များကြား မဟာပြိုင်ပွဲတွင် ထာဝရကလန်က အောက်ဆုံးနီးပါးသို့ ရောက်နေခဲ့ရ၏။ သည်တစ်ကြိမ်တွင် ကလန်ခေါင်းဆောင်က သူတို့ အနိုင်မရဘူးဆိုရင်တောင် အောက်ဆုံးမဟုတ်တော့ဟု ယုံကြည်ထားပေသည်။
ယွမ်ရှန်၏မျက်လုံးထဲတွင် တိုက်ပွဲစိတ်ဆန္ဒ ဖြစ်ပေါ်၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေကာ ရှေ့သို့ ညွှန်သည်။ သည်အခိုက်တွင် ဝဲကတော့ကြောင့် ဖြစ်ပေါ်လာသော အနီရောင်ကျားကိုးကောင်က ချက်ခြင်း ဟိန်းသံပေးကာ ထိုးထွက်လာကြသည်။ ကောင်းကင်ထက်တွင် ၎င်းတို့က ပေတစ်ထောင်ကျော်ထိ ကြီးထွားလာပြီး ဝမ်လင်းထံ မတူညီသော အရပ်မျက်နှာကိုးခုကနေ တိုးဝင်လာ၏။
ဝမ်လင်းက ပုံမှန်အတိုင်းပင်။ သူက စိတ်ဝင်စားဟန်လည်း မပြပေ။ ထာဝရကလန် သူ့ရည်ရွယ်ချက် အောင်မြင်မည့် သော့ချက်မှာ မြန်ဆန်ရန် ဖြစ်၏။ သူက လူတိုင်းကို တုန်လှုပ်စေရုံသာမက မူလကလန်ကိုလည်း ကျော်ကြားအောင် လုပ်မည် ဖြစ်သည်။
သူသာ အချိန်ဆွဲနေပါက သူ ဖိနှိပ်ထားသောဒဏ်ရာများ ပိုဆိုးလာကာ ယင်းအတွက် ထိုက်တန်တော့မည် မဟုတ်ပေ။
ကျားကိုးကောင် ရောက်လာချိန်၌ ဝမ်လင်းက ခြေတစ်လှမ်းလှမ်းကာ သူ့နယ်ပယ်မှာ ပြောင်းလဲသွားသည်။ သူ့ပတ်လည်ရှိ ဟင်းလင်းပြင်သည် စတင် တွန့်ခေါက်လာကာ အမှန်နှင့်အမှား မခွဲခြားနိုင်အောင် ဖြစ်လာ၏။ တစ်ချိန်တည်းမှာ ဝမ်လင်းက လက်ဝေ့ယမ်း၏။ အပြာရောင်မီးတောက်တစ်ခု ပေါ်လာကာ ဝဲကတော့အသွင် ဖြစ်ပေါ်သည်။
“အသက်ဝင်လိုက်စမ်း…” ဝမ်လင်းသည် မာန်သွင်း၏။ သူ့ပတ်လည်ရှိ မီးဝဲကတော့မှာ စတင် ပြောင်းပြန်လှည့်ပတ်၍ ပျံ့နှံ့သည်။ ၎င်းက ချက်ခြင်းပင် တိုးဝင်လာသော ကျားကိုးကောင်နှင့် ထိပ်တိုက်တွေ့သည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လှိုင်းဂယက်များ ထကုန်၏။ ကျားကိုးကောင်မှာ အပြာရောင်မီးတောက်၏ ဝန်းရံခြင်း ခံရ၍ ၎င်းတို့မှ သုံးကောင်သည် ချက်ခြင်း ပျက်စီးသွားပြီး ကောင်းကင်တုန်လှုပ်ဖွယ် တုန်ခါလှိုင်းတစ်ခုကို ဖြစ်သွားစေသည်။
ဝမ်လင်းသည် မီးတောက်ထဲကနေ လှမ်းထွက်ကာ ယွမ်ရှန်ထံ ဦးတည်သည်။ တစ်ချိန်တည်းမှာ သူက ကောင်းကင်ထက်သို့ လက်ညွှန်၍ အော်ဟစ်၏။ “ကောင်းကင်နဲ့မြေကြီးရဲ့ မီး…”
ထိုသို့ဆိုသည့်နောက် မီးကို ကျင့်ကြံသူအားလုံးသည် တုန်လှုပ်ကုန်၏။ သူတို့အားလုံးသည် သူတို့ခန္ဓာကိုယ်ထဲရှိ မီးဒြပ်စင်များ ရူးသွပ်လာကာ ထိန်းချုပ်မှု လွတ်ကင်းသွားသလို ခံစားမိရသည်။ တစ်စုံတစ်ယောက်၏ ဆင့်ခေါ်မှုကြောင့် မီးသည် သူတို့ခန္ဓာကိုယ်ထဲကနေ လွတ်ထွက်တော့မည်ဟု ထင်ရ၏။
မီးကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်မှာ လောင်ကျွမ်းသွားသကဲ့သို့ ခံစားရလေ၏။ ကြောက်မက်ဖွယ်မီးပေါ်လာကာ ဝမ်လင်း၏ညာလက်ထံ စုဝေးသည်။
ထာဝရကလန်ရှိလူများကြားမှ အကြီးအကဲတစ်ယောက်၏အမူအရာမှာ အကြီးအကျယ် ပြောင်းလဲ၏။ ထိုသူက မီးကို ကျင့်ကြံ၏။ သည်အခိုက်အတန့်တွင် သူ့လက်နှစ်ဖက်ကို မြန်ဆန်စွာ လှုပ်ရှား၍ ချိပ်ဟန်တို့ ဖြစ်ပေါ်စေကာ သူ့ရင်ဘက်ပေါ်သူ အကြိမ်များစွာ လက်ညွှန်၏။ ထိုသို့ ပြုလုပ်လိုက်မှသာ သူ့ခန္ဓာကိုယ်ထဲရှိ မီးဒြပ်တို့မှာ ပြန်တည်ငြိမ်သည်။
တကယ်တော့ ဝမ်လင်း၏ မီးမှာ မီးများ၏အုပ်စိုးသူ ဖြစ်ကာ လောကရှိ မီးအားလုံးသည် သူ့အမိန့်ကို နာခံရပေမည်။
လူအုပ်ထဲမှ မီးတန်းများ ပျံသန်းထွက်လာကာ ဝမ်လင်းထံသို့ စုဝေး၏။ ထိုအရာများမှာ ချက်ခြင်းလိုလို ဖြစ်ပျက်သွားခြင်းတည်း။ ဝမ်လင်း ရှေ့တိုးလာရင်း မီးသည် အဘက်ဘက်ကနေ စုစည်းလာကာ မီးလုံးတစ်ခု ဖြစ်တည်သည်။ ထိုမီးလုံးသည် ချက်ခြင်းပင် ဝမ်လင်း၏ညာလက်နှင့် တစ်သားတည်းပေါင်းစပ်၏။
ယွမ်ရှန်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ချက်ခြင်း နောက်ဆုတ်သည်။ သူ့လက်ကို လေဟာနယ်ထဲသို့ ဆန့်ထုတ်၍ သူ့သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်၏။ သူက ခုခံရန် ရတနာတစ်ခုခုကို ထုတ်ယူရန် ဟန်ပြင်သည်။
သို့ရာတွင် ဝမ်လင်းက သူ့ကို ရတနာတစ်ခုခု ထုတ်ယူခွင့် မည်သို့ ပြုပါ့မည်နည်း။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူအားလုံးနီးပါးသည် အလွန်အစွမ်းထက်သောရတနာအချို့ ပိုင်ဆိုင်တတ်ကြ၏။ ထိုရတနာများကိုသာ ထုတ်ယူခဲ့ပါက တိုက်ပွဲသည် အချိန်တိုအတွင်း အပြီးသပ်တော့မည် မဟုတ်ပါ။
ဝမ်လင်းက သူ့ဘယ်လက်ကို ယွမ်ရှန်ထံသို့ ညွှန်၍ ခပ်တိုးတိုး ပြော၏။
“ရပ်တန့်ခြင်း…”
စကားတစ်ခွန်းဖြင့်ပင် ယွမ်ရှန်၏ခန္ဓာကိုယ်သည် တစ်ခဏတာ တန့်သွား၏။ သူ ရပ်တန့်သွားသည်နှင့် ဝမ်လင်းသည် မီးပင်လယ်အဖြစ် ပြောင်းလဲကာ အနားရောက်လာသည်။ မီးလုံးဖြင့် ပေါင်းစပ်ထားသော သူ့ညာလက်ဖြင့် ယွမ်ရှန်၏ရင်ဘက်ထံ သုံးကြိမ်သုံးခါ လက်ညွှန်သည်။
သူလက်ညွှန်လိုက်တိုင်း တုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ ယွမ်ရှန်၏ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် မီးပင်လယ်၏ ဝန်းရံခြင်း ခံရသည်။ ထို့နောက် သူက သွေးအန်ကာ သူ့ခန္ဓာကိုယ်သည်လည်း နောက်သို့ လွင့်စင်ထွက်သွားတော့၏။
ထိုမျှသာဆိုလျှင် ဤအဖြစ်က ဝမ်လင်း၏မန္တာန်ကို ထင်ပေါ်စေဦးမည် မဟုတ်ပေ။ သူသည် ရပ်တန့်လိုက်သော်လည်း သူ့ညာလက်ကို ခပ်ကြမ်းကြမ်း ဆန့်ထုတ်လေ၏။
ထိုသို့ဖြင့် အဆုံးမဲ့မီးများ လေဟာနယ်ထဲကနေ ပေါ်ထွက်ကာ ကောင်းကင်ထက်တွင် ပြည့်နှက်သည်။ ၎င်းက မီးကမ္ဘာတစ်ခုလို ဖြစ်လာစေသည်။
အဆုံးမဲ့မီးများ ပေါ်လာသည်နှင့် ၎င်းက ယွမ်ရှန်၏ခန္ဓာကိုယ်ထံ တိုးဝင်သည်။ မိုးကြိုးဟိန်းသံတို့ မြည်ဟည်း၏။ အဆုံးသပ်တွင် ယွမ်ရှန်၏ခန္ဓာကိုယ်ကနေ သွေးများ ပန်းထွက်လာသည်။ သို့သော် သူ့ခန္ဓာကိုယ်ကတော့ မပျက်စီးသွားပေ။ သူ့ခန္ဓာကိုယ်တွင်းကနေ မီးဒေါသပုန်ထ ကျွမ်းလောင်ခြင်း ခံရသည့်အတွက် နို့နှစ်ရောင်အဖြူရောင်အလင်းများလည်း ထွက်ပေါ်လာ၏။
ယွမ်ရှန်၏မျက်နှာသည် ဖြူရောကာ သူသည် စင်မြင့်၏ ပေတစ်သောင်းအဝေးသို့ ကျရောက်သွား၏။ သူ ကျရောက်သွားချိန်၌ စင်မြင့်တွက်တွင် အက်ကြောင်းများ ပေါ်လာကာ ထို့နောက် တစစီ ဖြစ်သွားလေသည်။
သူ့ခန္ဓာကိုယ်က နောက်သို့ ထပ်ဆုတ်ရသည်။ သူသည် ပေတစ်ထောင်ကျော်လောက် ဆုတ်ပြီးမှ ရပ်တန့်သွားကာ နောက်ထပ်သွေးအန်လိုက်ရပြန်၏။ ဤကား တုန်လှုပ်ဖွယ်မြင်ကွင်းတည်း။
“သက်ညှာပေးတဲ့အတွက် ရောင်းရင်းကျင့်ကြံသူကို ကျေးဇူးတင်ပါတယ်…” ယွမ်ရှန်မှာ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ် နှုတ်ဆက်၍ ပြန်ထွက်ခွာသွားတော့သည်။
ပတ်ဝန်းကျင်မှာ လုံးဝ တိတ်ဆိတ်သွား၏။ ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်ပင်။ သည်တိုက်ပွဲက သူ့အတွက် ဘာမှ မဟုတ်သည့်အလား။ သူသည် အမှန်တကယ် သက်ညှာပေးခဲ့၏။ သို့မဟုတ်ပါက သူ့နောက်ဆုံးတိုက်ခိုက်မှုမှာ တစ်ဖက်လူ၏ ခန္ဓာကိုယ်ကို ဖျက်စီးသွားပေလိမ့်မည်။
သို့ရာတွင် သည်တိုက်ခိုက်မှုအတွက်လည်း သူက ပေးဆပ်ရပေသည်။ ဝမ်လင်းသည် သူ့စွမ်းအားပြည့်ကို အတင်းထုတ်ဖော်ခဲ့သည့်အတွက်ကြောင့် သူ့ဒဏ်ရာများမှာ ပိုဆိုးလာခဲ့ပေသည်။ သို့ရာတွင် အပြင်လူများမှာ ဤအဖြစ်ကို တွေ့မြင်နိုင်လိမ့်မည် မဟုတ်ချေ။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး မတ်တပ်ထရပ်ကာ ယွမ်ရှန်ရှုံးနိမ့်သွားချိန်၌ ဝမ်လင်းကို စူးစိုက် ကြည့်လာကြ၏။ သူတို့၏မျက်လုံးထဲတွင်လည်း လေးစားမှုတို့ ပြည့်နှက်သည်။
ထာဝရကလန်၏အကြီးအကဲများသည်ပင် ကြောက်လန့်ကုန်၏။ သူတို့သည် ဝမ်လင်း၏ခွန်အားကို ကြားသိခဲ့ပြီးသော်လည်း ထိုအရာက အပြောသပ်သပ်သာ ဖြစ်နေသေး၏။ သူတို့ ယုံကြည်လျှင်ပင် အခုလို ကိုယ်တိုင်တွေ့မြင်ရသည်လောက်တော့ တုန်လှုပ်မိမည် မဟုတ်ပေ။
ဝမ်လင်းသည် ကောင်းကင်ဘုံဂီတကလန်မှ လူများနှင့် ကျောက်လုံတို့ကို သတ်ခဲ့ချိန်က အနိုင်ကျင့်သည်ဟု ဆိုနိုင်၏။ သူ့မန္တာန်က တုန်လှုပ်ဖွယ်ကောင်းသော်လည်း ထာဝရကလန်၏အကြီးအကဲများသည် ဤမန္တာန်ကို သူတို့ ခုခံနိုင်မှန်း သိကြ၏။ ထို့ကြောင့် သူတို့သည် အများကြီး အလေးမထားခဲ့ပေ။
သို့ရာတွင် အခုကတော့ လုံးဝကွဲပြားသွားပေပြီ။
ယွမ်ရှန်၏ကျင့်ကြံမှုအဆင့်က သူတို့နှင့် အများကြီး မကွာဟကြပေ။ သူတို့က ယွမ်ရှန်နေရာတွင် သူတို့သာ ဖြစ်ခဲ့လျှင်ဟု တွေးကြည့်ရုံဖြင့် ခါးသီးစွာ ခံစားမိကြသည်။ သူတို့လည်း ယွမ်ရှန်နေရာတွင်သာဆို အရှုံးနှင့်သာ ရင်ဆိုင်ရမည် မဟုတ်လော။
ပို၍အရေးကြီးသည်က ဒီလုဇီဟောင်က အလွန်အမင်း တည်ငြိမ်နေ၏။ ထိုအဖြစ်က သူတို့၏စိတ်နှလုံးကို တစ်ခဏတာ လှုပ်ခတ်သွားစေသည်။
ဖန်ဟိုင်သည် ဝမ်လင်းကို ကြည့်ကာ တိတ်တဆိတ် စဉ်းစားနေ၏။ သူ့မျက်လုံးတို့က တလက်လက် ဖြစ်နေသည်။
မီးကျင်ကြံသောအကြီးအကဲဖြစ်သူကတော့ ဝမ်လင်းကို ကြောက်ရွှံ့စွာ ကြည့်နေ၏။ ဝမ်လင်း မီးစွမ်းအားကို ထုတ်ဖော်ခဲ့ချိန်၌ ဝမ်လင်းသာ အလိုရှိပါက သူ့ခန္ဓာကိုယ်ထဲမှမီးသည် ဝမ်လင်းအသုံးချရန်အတွက် ထွက်ခွာသွားလိမ့်မည်ဟု ခံစားခဲ့ရသည် မဟုတ်လား။ သူသည် လူအများနှင့် တိုက်ခိုက်ခဲ့ဖူး၏။ သို့သော် ပထမဆုံးအကြိမ်အဖြစ် အခုကဲ့သို့ ထူးဆန်းသောအရာကို တွေ့ကြုံရခြင်းပင်။
ဝမ်လင်းက ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြော၏။ “ဒီနေ့ ငါတိုက်ခိုက်ချင်နေတယ်။ ဘယ်သူကများ ငါ့ကို အဖော်ပြုပေးမလဲ…”
“အဆင့်ခုနစ် ခရမ်းထင်းရှုးတောင်ကြားရဲ့ တုလင်းဟာ ရောင်းရင်းကျင့်ကြံသူနဲ့ တိုက်ခိုက်ပါ့မယ်…”
“ငါက အဆင့်ခုနစ် ကောင်းကင်ဘုံယင်ကလန်ရဲ့ ယင်ယွဲ့ပါ။ ကျေးဇူးပြုပြီး ငါ့ကို သင်ပြပေးပါ…”
အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက်တို့၏ စကားသံသည် တစ်ချိန်တည်းလိုလို ထွက်ပေါ်လာသည်။ အသံတစ်သံက တောင်ဘက်ကနေ ထွက်လာ၍ ကျန်အသံက အရှေ့ဘက်ကနေ ထွက်လာခြင်းပင်။ သို့ရာတွင် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တွေ့မြင်လိုက်ရသည့်အခါ တစ်ခဏတာ တုံ့ဆိုင်းသွားကြ၏။
ဝမ်လင်းသည် ကောင်းကင်ထက်မှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ တည်ငြိမ်စွာ ပြောသည်။ “သင်တို့နှစ်ယောက်လုံး အတူဝင်လာခဲ့ကြပါ…” သူ့ညာလက်ကို လေထဲသို့ မြှောက်၍ စင်မြင့်ထက်သို့ ဖိချသည်။ ကျင့်ကြံခြင်းဂြိုဟ်၏ အစိတ်အပိုင်းငယ်တစ်ခုစာ နေရာယူထားသော စင်မြင့်တစ်ခုလုံးသည် တုန်ယင်၏။ ကျင့်ကြံခြင်းဂြိုဟ်သည်ပင် တုန်ခါလာဟန် ထင်ရသည်။ ထိုဂြိုဟ်မှ ရှေးဟောင်းအော်ရာတစ်ခုသည် ဝမ်လင်း၏ ဆွဲထုတ်ယူခြင်း ခံရသည့်အလားပင်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် သူ့အော်ရာထဲပ ဝေဝါးလာခဲ့သည်။
“ဂြိုဟ်ရဲ့စိတ်ဝိညာဉ်ကို ထုတ်နှုတ်နိုင်တဲ့စွမ်းအား…” ကျင့်ကြံသူတစ်ယောက်က ချက်ခြင်းပင် အံ့အားတကြီး ဆို၏။ သူ့အသံထဲတွင် ကြောက်ရွှံ့မှု ပြည့်နှက်နေသည်။
***