အခန်း ၃၄၂
Vol. 35 Ch. 342
(အခန်း )၃၄၂
နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။
English name – World Destroying Demonic Emperor
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Shue
True Immortal Team
ရုတ်တရက် အာရှီလော့၏ နောက်ပြောင်နေသောလေသံမှ လေးနက်သောအသံသို့ပြောင်းသွားသည်။
“ဒါပေမဲ့ ပိုင်ရှောင်း... ခင်ဗျား ဆိုလွန်ကို ကူညီချင်တာ သေချာရဲ့လား... ကျွန်တော့် ကျောထောက်နောက်ခံက ရိုရန်မြို့နဲ့ မိစ္ဆာကျွန်း ဆိုတာ ခင်ဗျား သိထားသင့်တယ်... “
“နောက်ပြီး ခင်ဗျားရဲ့ မြို့စားကြီး နဲ့ ဓားသခင် ဆိုတဲ့ ဘွဲ့တွေက ကျွန်တော့်အတွက် ဘာအာဏာမှ မရှိဘူးနော်”
ပိုင်ရှောင်း ပြန်ချေပလိုက်၏။
“ငါ့ရဲ့ ဓားက မင်းကို ခြိမ်းခြောက်ဖို့ လုံလောက်တယ်”
အာရှီလော့ မျက်မှောင်ကြုတ်သွားပြီး ပြန်၍ခြိမ်းခြောက်လိုက်သည်။
“ပိုင်ရှောင်း... ငါ့လမ်းကို ပိတ်တဲ့ ဘယ်သူ့ကိုမဆို မိသားစု တစ်ခုလုံး အမြစ်ပြတ် သတ်ပစ်မယ် ဆိုတာ ခင်ဗျား သိထားသင့်တယ်...”
“ငါ့ကို စော်ကားခဲ့တဲ့ သူတိုင်းရဲ့ ဦးခေါင်းခွံတွေကို ဝိုင်ခွက်အဖြစ် ပြောင်းထားတာ... နေ့တိုင်း တစ်ခွက်ပြောင်းသုံးတာတောင် တစ်နှစ်အတွင်း အကုန် မသုံးနိုင်သေးဘူးနော်”
ပိုင်ရှောင်း စကားဆက်မပြောတော့ဘဲ ဓားကို တစ်ဝက်ခန့် ဆွဲထုတ်လိုက်၏။ အပြည့်အဝ ဆွဲထုတ်လိုက်သည်နှင့် သေချာပေါက် သတ်ဖြတ်တော့မည် ဖြစ်သည်။
ခန်းမဆောင်အတွင်းရှိလေထုမှာ ပို၍တင်းမာလာလေပြီ။
ထိုအချိန်တွင်။
“ကောင်းပြီ... ကောင်းပြီ... ကောင်းပြီ...”
“ခင်ဗျားက အရမ်း တော်တာပဲ... ကျွန်တော် သွားတော့မယ်...”
အာရှီလော့ လက်မြှောက်ကာ အရှုံးပေး ကြောင်း စကားဆိုလာသည်။
သူမထွက်သွားခင် ပိုင်ရှောင်းကို ကြည့်ကာ ပြောလိုက်သည်။
“ပိုင်ရှောင်း... ခင်ဗျားကို ကျွန်တော် မှတ်ထားမယ်... ဆယ်ရက်အတွင်း ကျွန်တော့်ရဲ့ ကလဲ့စားချေမှုကို မြင်ရလိမ့်မယ်... ခင်ဗျားကို သေချာပေါက် အပြင်းအထန် နာကျင်စေရမယ်”
“ဆိုလွန် အတွက်ကတော့... ပိုင်ရှောင်းက မင်းကို တစ်သက်လုံး ကာကွယ်ပေးနိုင်ဖို့ မျှော်လင့်ထားလိုက်ပေါ့”
အာရှီလော့ နှုတ်ခမ်းမဲ့ကာ ပြောလိုက်၏။ “ဒါကို မှတ်ထား... မင်းအစ်မ ဆိုနင်ပင်းက ငါ့ဇနီးပဲ... သူ့ကို ငါ သေချာပေါက် ပြန်လာခေါ်မယ်”
ထို့နောက် သူ လှည့်ထွက်သွားလေပြီ။
ဓားကောက် စစ်သည် ဒါဇင်ပေါင်းများစွာနှင့် ဝတ်လစ်စလစ် အလှမယ် ဒါဇင်ပေါင်းများစွာလည်း အလျင်အမြန် လိုက်ပါ ထွက်ခွာသွားကြသည်။
လှပသော ခွေးမလေး နှစ်ကောင်သည်လည်း တကယ့် ခွေးပေါက်လေးများအလား အာရှီလော့၏ အနောက်သို့ အပြေးအလွှားလိုက်ပါသွားတော့သည်။ သူမတို့သည် အစစ်အမှန် ခွေးပေါက်လေးများအလား သခင်ဖြစ်သူ၏ ခြေထောက်ကို ကပ်တွယ်ရသည်ကို နှစ်သက်နေကြ၏။
အာရှီလော့ စိတ်မရှည် ဖြစ်သွားပြီး ရုတ်တရက် ပြင်းထန်စွာ ကန်ထုတ်လိုက်သည်။
လှပသော ခွေးမလေး တစ်ကောင်မှာ မီတာဆယ်ဂဏန်းကျော် လွင့်စဉ်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားကာ သွေးတစ်ပွက် အန်ချလိုက်ရသည်။ သူမသည် အနိုင်နိုင် ပြန်ထလာသော်လည်း ခွေးပေါက်လေး တစ်ကောင်အလား အသံထွက် ညည်းတွားနေဆဲပင်။
အာရှီလော့ သွားနေရာမှရပ်တန့်သွားပြီး ပြန်၍လှည့်လာကာ ထိုခွေးမလေးကို ပွေ့ချီလိုက်သည်။
“တောင်းပန်ပါတယ်... နာသွားလား”
ထိုလှပသော ခွေးမလေးက အမှန်တကယ်ပင် လျှာလေးထုတ်ကာ သူ၏ လက်ဖဝါးကို ဖားယားလျက် ယက်ပေးနေ၏။
သူမ၏ လျှာလေးပေါ်၌ သွေးများ ပြည့်နှက်နေသဖြင့် အာရှီလော့၏ လက်ဖဝါးများပေါ်၌လည်း တောက်ပသော အနီရောင် သွေးများ ပေကျံသွားတော့သည်။
……
အာရှီလော့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ ဓားသခင် ပိုင်ရှောင်း၏ မျက်နှာပေါ်၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်သွားသည်။
“ဆိုလွန်... မင်းက ဒီလို... မိစ္ဆာကြယ်နဲ့ ဘယ်လိုလုပ် ပတ်သက်သွားရတာလဲ”
ဆိုလွန် မျက်နှာသေဖြင့် မေးလိုက်သည်။
“ခမ်းနားကြီးကျယ်တဲ့ ဓားသခင်ကြီးက သူ့ကို တကယ် ကြောက်နေတာလား”
ဓားသခင် ပိုင်ရှောင်း ခေါင်းရမ်းလိုက်၏။
“ဒီလူ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာနဲ့ မိစ္ဆာကျွန်းက ဘိုးဘေး သူ့လူကို ဘယ်လောက် ကာကွယ်ပေးလဲ ဆိုတာကို မင်း မသိပါဘူး...”
“အာရှီလော့က လူသား ဘုရင့်နိုင်ငံ တစ်ခုလုံးမှာ လုံးဝ ထိလို့မရတဲ့သူ ဖြစ်ပြီး ဘယ်သူမှ သွားမစရဲတဲ့သူပဲ”
ဆိုလွန် နားမလည်နိုင်စွာဖြင့်မေးလိုက်သည်။
“ဓားသခင်ဖြစ်တဲ့ ခင်ဗျားတောင် သူ့ကို မလွန်ဆန်ရဲဘူးလား”
ပိုင်ရှောင်း သက်ပြင်းရှည်တစ်ချက်ချလိုက်သည်။
“မင်း ငါ့ကို အရမ်း အထင်ကြီးနေပြီ... ငါ အရင်ကလည်း ပြောဖူးပါတယ်... ဒီလောကမှာ သိုင်းပညာဆိုတာ အရေးအပါဆုံး အရာပဲ...”
“ဒါ့အပြင် နောက်နှစ်အနည်းငယ် ကြာရင် သူ့ရဲ့ သိုင်းပညာက ငါ့ထက် သာလွန်သွားလိမ့်မယ်... ရွယ်တူတွေထဲမှာ ဒီလူရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းလုနီးပါးပဲ... တုန်းလီ ဘုရင့်နိုင်ငံက ကျန်းရွှယ် တစ်ယောက်လောက်ပဲ သူ့ကို အနိုင်ယူနိုင်လိမ့်မယ်”
ဆိုလွန် အံ့ဩတကြီး ရေရွတ်လိုက်သည်။
“သူ့ရဲ့ ပါရမီက အဲ့ဒီလောက်တောင် မြင့်တာလား”
ပိုင်ရှောင်း ရှင်းပြလာလေပြီ။
“သူ့ရဲ့ ပါရမီက မြင့်မားရုံတင် မကဘူး... သူ့ရဲ့ ကျင့်စဉ်ကလည်း အရမ်း ကြောက်စရာကောင်းတယ်... သူက ယင်ယန် မျှခြေ ကျင့်စဉ်ကို အသုံးပြုပြီး သူ သိမ်းပိုက်လိုက်တဲ့ မိန်းမတွေရဲ့ သိုင်းပညာ မြင့်မားလေလေ သူ့ရဲ့ ကျင့်စဉ်က ပိုပြီး အားကောင်းလေလေပဲ... အဆင့်တက်တာလည်းအရမ်းမြန်တယ်”
ဆိုလွန် အံ့ဩစွာ ရေရွတ်လိုက်သည်။
“ဒီလိုမျိုး... ဒီလိုမျိုးကျင့်စဥ်တောင် ရှိတာလား”
ပိုင်ရှောင်း ခေါင်းညိတ်လိုက်၏။
“မိစ္ဆာကျွန်းက လောကရဲ့ အင်အားကြီး လေးခုထဲမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ယုတ်မာ အကောက်ကျစ်ဆုံး နေရာပဲ... အဲ့ဒီတော့ ထူးဆန်းတဲ့ အရာတွေ အကုန်လုံး ရှိနေတာ သဘာဝကျပါတယ်”
ထိုအချိန်၌ မိန်းမစိုး ကောင်းနင်ရှီက ရုတ်တရက် ဝင်ပြောလာသည်။
“မြို့စားမင်း ဆိုလွန်... မင်း အခု သခင်မလေး ဆိုနင်ပင်းကို ပြန်အပ်ရင်တောင် ရသေးတယ်... ငါကိုယ်တိုင် သခင်လေး အာရှီလော့ ဆီ သွားပို့ပေးမယ်... “
“အဲ့လိုမှ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို မင်း ခံနိုင်ရည် ရှိမှာ မဟုတ်ဘူး”
ဆိုလွန် သူ၏ နှာခေါင်းကို တိုက်ရိုက် လက်ညှိုးထိုးကာ အေးစက်စွာ ပြောလိုက်သည်။
“ထွက်သွားစမ်း... မင်းရဲ့ သခင်နားကို ပြန်သွားပြီး ငါ့အတွက် စကားတစ်ခွန်း ပါးလိုက်”
မိန်းမစိုး ကောင်းနင်ရှီ၏ မျက်နှာမှာ ရေခဲတမျှ အေးစက်သွားပြီး စကားလုံး တစ်လုံးချင်းစီကို ပီသစွာ မေးလိုက်သည်။
“မင်း ဘာပြောချင်တာလဲ”
ဆိုလွန် ခက်ထန်သောမျက်နှာဖြင့်အေးစက်စွာ ပြောလိုက်သည်။
“ကျိထင်... မင်းက အရူးပဲ”
ထိုစကားကို ကြားသောအခါ ကောင်းနင်ရှီ ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဆိုလွန်... မင်း သေချင်နေတာပဲ”
စကားအဆုံး၌ သူ၏ ဗုဒ္ဓပန်းပွား လက်နက်ဖြင့် အပြင်းအထန် ရိုက်ချရန် ပြင်လိုက်၏။
ပိုင်ရှောင်းက ဓားအိမ်ဖြင့် ကာကွယ်လိုက်ရာ ကောင်းနင်ရှီ၏ ဗုဒ္ဓပန်းပွားမှာ ချက်ချင်း ရပ်တန့်သွားပြီး လှုပ်ရှား၍ မရတော့ချေ။
“အဘိုးကြီးကောင်း... ငါ မရှိဘူးလို့ ထင်နေတာလား”
ပိုင်ရှောင်း အေးစက်စွာ ပြောလိုက်သည်။
ကောင်းနင်ရှီက ဓားသခင်ကို အေးစက်စွာ တစ်ချက်စိုက်ကြည့်ပြီးနောက် ဆိုလွန်ဘက် လှည့်ကာ ပြောလာ၏။
“မြို့စားမင်း ဆိုလွန်... မင်းက နောက်ဆုံး အသက်ရှင်မယ့် လမ်းကြောင်းကို ဖြတ်တောက်ပစ်လိုက်ပြီ... မကြာခင် မင်း အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်... “
“ဒီ ကျောက်စရစ်ကျွန်း၊ ထျန်းရွှေမြို့ တစ်ခုလုံးနဲ့ မင်းရဲ့ အသက်အပါအဝင် အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်... ပြီးတော့ အဆိုးရွားဆုံးက မင်းအသက်ကို ပေးဆပ်ရရင်တောင် မင်းအစ်မ ဆိုနင်ပင်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူး... ဒါတွေ အားလုံးက ဘာအဓိပ္ပာယ် ရှိလို့လဲ”
“သွားမယ်...”
ကောင်းနင်ရှီ အမိန့်ပေးလိုက်ပြီးနောက် မိန်းမစိုး လေးဦးနှင့်အတူ ထွက်ခွာသွားတော့သည်။
……
နာရီဝက်ခန့် ကြာပြီးနောက် အာရှီလော့၏ ရေတပ်ကြီး အပြည့်အဝ ဆုတ်ခွာသွားသလို ကောင်းနင်ရှီနှင့် မိန်းမစိုး လေးဦးလည်း ထွက်ခွာသွားကြလေပြီ။
ကျောက်စရစ်ကျွန်း တစ်ခုလုံး တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားပြီး သေမင်းတမန် တိတ်ဆိတ်မှုမျိုး ဖြစ်နေ၏။
ဆိုလွန် ဆိုနင်ပင်းကို ပြုံးပြကာ ပြောလိုက်သည်။
“ထျန်းရွှေမြို့ကို ပြန်ကြမယ်... အိမ်ပြန်ကြစို့နော်”
ဆိုနင်ပင်းက ဝမ်းနည်းကြေကွဲဖွယ် အမူအရာဖြင့် မေးလိုက်၏။
“မောင်လေး... ငါက ဒဏ္ဍာရီလာ ပြဿနာရှာတဲ့ မိန်းမလှလေး တစ်ယောက်နဲ့ တူနေပြီလား”
ဆိုလွန် နှစ်သိမ့်လိုက်သည်။
“အများကြီး မတွေးပါနဲ့... ကျွန်တော်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ...ကျွန်တော် အမကို ကာကွယ်ပေးနိုင်တယ်လို့ ပြောရင် သေချာပေါက် ကာကွယ်ပေးမှာပါ”
ဆိုနင်ပင်း ငြင်းဆန်လိုက်၏။
“ဒါပေမဲ့... အဲ့ဒီ မိစ္ဆာကောင် အာရှီလော့ ကရော... သူနဲ့ လိုက်သွားတာက မင်းကို ကာကွယ်ပေးနိုင်မယ်ဆိုရင် ငါ ဆန္ဒရှိပါတယ်...”
သူမ စကားပင် ဆုံးအောင် မပြောရသေးခင် ဆိုလွန်က သူမ၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။
“အစ်မ... ကျွန်တော့်ကို ယုံပါ... ဒီကိစ္စက အရမ်းကို ရှုပ်ထွေးတယ်... အစ်မ စိတ်ကူးထားတာထက် အများကြီး ပိုရှုပ်ထွေးတယ်”
“ကျွန်တော် အဆင်ပြေတယ်လို့ ပြောရင် အဆင်ပြေတယ်... ကျွန်တော် အစ်မကို ကာကွယ်ပေးနိုင်တယ်လို့ ပြောရင် သေချာပေါက် ကာကွယ်ပေးနိုင်တယ်”
ဆိုလွန် စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ပြောလိုက်၏။
“အင်း...”
ဆိုနင်ပင်း နူးညံ့စွာ ပြန်ဖြေလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက် ဆိုလွန်၊ ဆိုနင်ပင်းနှင့် ရဲ့ကျင်းယွီတို့ သင်္ဘောပေါ်တက်ကာ ထျန်းရွှေမြို့ဆီသို့ ဦးတည် ချီတက်သွားကြ၏။
သင်္ဘောပေါ်၌ ရဲ့ကျင်းယွီနှင့် ဆိုလွန်တို့က သင်္ဘောဦးပိုင်းတွင် ရပ်ကာ လှိုင်းထန်နေသော မြစ်ပြင်ကို ငေးကြည့်နေသည်။
“သခင်... ကျွန်မတို့ ဘာလုပ်ကြမလဲ... ဘယ်ကို သွားကြမလဲ... “
“ထျန်းရွှေမြို့ စစ်ပွဲ အပြီးမှာ လမ်းကြောင်းက ချောမွေ့သွားပြီလို့ ထင်ထားခဲ့တာ... ဒါပေမဲ့ အဲ့ဒါက တွင်းနက်ကြီး ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
သူမ၏ စကားများက မျှော်လင့်ချက်မဲ့မှုများ ဖြင့်ပြည့်နှက်နေ၏။ ယခုလေးတင် ဖြစ်ပျက်သွားသည့် ကိစ္စများအတွက် သူမ လုံးဝ ပြင်ဆင်ထားခြင်း မရှိခဲ့ချေ။
ဆိုလွန်က အရှေ့ဘက်ရှိ မြူခိုးများ ဖုံးလွှမ်းနေသော ပင်လယ်ပြင်ကို ငေးကြည့်ကာ မေးလိုက်သည်။
“အဲ့ဒီ အပေါ်မှာ ဘာရှိလဲဆိုတာ မင်း မြင်ရလား”
ရဲ့ကျင်းယွီ ခေါင်းရမ်းလိုက်သည်။
“မြူခိုးတွေ ဖုံးလွှမ်းနေလို့ ဘာမှ မမြင်ရဘူး”
“ဒါပေမဲ့ ငါ မြင်ရတယ်”
ဆိုလွန် ပြောလိုက်သည်။
“အရင်က အကြိမ်တိုင်း ငါ မင်းတို့ကို အကျပ်အတည်းတွေထဲကနေ ကယ်တင်နိုင်ခဲ့သလိုပဲ... ဒီတစ်ခေါက်လည်း ချွင်းချက် မဟုတ်ပါဘူး”
စကားပြောရင်း ဆိုလွန် အဝေးသို့ ငေးကြည့်နေကာ အရှေ့ဘက်ရှိ မြူခိုးများကို ဖောက်ထွင်း၍ အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေသည့်အလားပင်။
……
နောက်နေ့ နံနက် အရုဏ်တက်ချိန်၌ ဆိုလွန် ထျန်းရွှေ မြို့တော်သို့ ပြန်လည် ရောက်ရှိလာသည်။ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကြေကွဲဖွယ် သတင်းတစ်ခုကို ရရှိလိုက်၏။
“သခင်... အရှေ့တောင်ပိုင်းပြည်နယ် ဘုရင်ခံ မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ဝင် တစ်သိန်းက ပိုင်ယွင်ကောင်တီထဲကို ဝင်ရောက်လာပြီး ထျန်းရွှေမြို့ နယ်မြေနဲ့ မိုင်နှစ်ရာတောင် မဝေးတော့ဘူး”
“မြို့စားကြီး ကျိဝေရဲ့ သား ကျိယိုး ကလည်း မြို့စားအိမ်တော်မှာ စောင့်နေတာ ကြာပါပြီ... ရန်လိုတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေပြီး ရည်ရွယ်ချက် ကောင်းနဲ့ လာတာတော့ မဟုတ်ဘူး”
ဆိုတန်ချန် ရှေ့သို့တိုးလာပြီး လျှောက်တင်လိုက်ခြင်းပင်။
ဆိုလွန် ခေါင်းငြိမ့်ကာဆက်၍ မေးလိုက်၏။
“တပ်မှူးကြီး ယန်ရွှမ်း ဘယ်မှာလဲ”
ဆိုတန်ချန် ပြန်ဖြေသည်။
“တပ်မှူးကြီး ယန်ရွှမ်းက မြို့စားကြီး ကျိဝေရဲ့ တပ်ဖွဲ့ကို တားဆီးဖို့ လေမိုးကြိုး ခံတပ်ဆီကို တပ်တွေ ဦးဆောင်ပြီး သွားနေပါပြီ”
လေမိုးကြိုး ခံတပ်သည် ထျန်းရွှေမြို့ နယ်မြေ၏ အနောက်ဘက် အစွန်ဆုံး ခံတပ်ဖြစ်ပြီး ပိုင်ယွင်ကောင်တီနှင့် နယ်နိမိတ်ချင်း ဆက်စပ်နေကာ အနောက်ဘက်မှ ထျန်းရွှေမြို့ထဲသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်သည်
ဆိုလွန် ခေတ္တမျှစဉ်းစားပြီးနောက် မေးလိုက်ပြန်သည်။
“သူ တပ်ဖွဲ့ဝင် ဘယ်လောက် ခေါ်သွားလဲ”
“လေးထောင်ပါ”
နိုင်အာက တပ်ဖွဲ့ဝင် လေးထောင်သာ ခေါ်ဆောင်သွားသော်လည်း မြို့စားကြီး ကျိဝေ၌ တပ်ဖွဲ့ဝင် တစ်သိန်း ရှိနေသည်။ သူ့ကို တားဆီးရန် ကြိုးစားခြင်းက ပုရစ်က ရထားကို တားဆီးရန် ကြိုးစားသကဲ့သို့ ဖြစ်နေ၏။
“ကျင်းယွီ... အစ်မကို စံအိမ်ထဲမှာ နေရာ သေချာချပေးလိုက်”
ဆိုလွန် ရဲ့ကျင်းယွီကို အမိန့်ပေးလိုက်သည်။
“ငါ ကျိယိုး ကို သွားတွေ့လိုက်ဦးမယ်”
ရထားလုံးထဲမှ တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေသော ဆိုနင်ပင်း၏ မျက်နှာကို မြင်လိုက်ရသောအခါ ဆိုတန်ချန် ချက်ချင်းပင် အလွန် ဝမ်းသာသွားကာ ဒူးထောက်အရိုအသေပြုလိုက်သည်။
“ဆိုမျိုးနွယ်စုရဲ့... လက်အောက်ခံ ဆိုတန်ချန်... သခင်မလေးကို ဂါရဝပြုပါတယ်”
ဆိုနင်ပင်း ရထားလုံးပေါ်မှ ဆင်းလာပြီး အချိန်ကြာမြင့်စွာ လွမ်းဆွတ်နေခဲ့ရသော အိမ်ကို ငေးကြည့်လိုက်ရာ သူမ၏ ရင်တွင်း၌ လှုပ်ရှားမှုများ ပြည့်နှက်လာလေပြီ။
ဤသည်မှာ ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် ပျော်ရွှင်ရမည့် အချိန်အခါ ဖြစ်၏။
သို့သော်လည်း ကံတရားက ကောင်းမွန်သောအခြေအနေတွင် ရှိမနေချေ။
……
အပိုင်း ၃၄၂ ပြီး။