← Chapters

အခန်း ၃၄၉

Vol. 35 Ch. 349

အခန်း ၃၄၉

Vol. 35 Ch. 349

(အခန်း )၃၄၉

နန်းပုလ္လင်ထက်မှ သတ်ဖြတ်သူ အသူရာ။

English name – World Destroying Demonic Emperor

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Shue

True Immortal Team

ကျိနင်တစ်ယောက် ကိုယ်ချစ်ရသည့် ယောက်ျားကို သတ်ဖို့ ဖြစ်နိုင်ပါသလော။ သူမ၏ စိတ်ထဲ၌ အပြင်းအထန် ရုန်းကန်နေရ၏။

“ကျိနင်... အမှား မလုပ်မိစေနဲ့”

အတွေးထဲနစ်မျောနေသော ကျိနင်၏ အခြေအနေကိုသတိထားမိလျှင် မြို့စားကြီး ကျိဝေ အသံကျယ်ကျယ်ဖြင့်သတိပေးလိုက်သည်။

“မမေ့နဲ့... သမီးက ယန်အင်ပါယာက မင်းသား ကျိမင်နဲ့ လက်ထပ်ရဦးမှာ... အဲ့ဒီတော့ ဆိုလွန်က သေချာပေါက်ကို သေရမယ်”

ကျိနင်၏ ကိုယ်လုံးလေး တုန်ရီသွားပြီး အတွေးထဲမှ နိုးထလာသည်။

မှန်သည်။ သူမ မင်းသား ကျိမင်နှင့် လက်ထပ်ရမည် ဖြစ်ပြီး ယန်အင်ပါယာက သူမ လုံးဝ မပြစ်မှားရဲသည့် ဧရာမ အင်အားကြီး နိုင်ငံတစ်ခု ဖြစ်၏။

အကယ်၍ ဆိုလွန်နှင့် သူမ၏ ပတ်သက်မှုသာ ပေါက်ကြားသွားပါက ကြီးမားသော ဘေးအန္တရာယ်ကို ကျရောက်စေမည့်အပြင် သူမ၏ အစ်ကို ကျိလီ၏ ကြီးမြတ်သော ရည်မှန်းချက်များကိုပါ ဆိုးရွားစွာ ထိခိုက်သွားစေနိုင်သည်။

ဆိုလွန် သေရမည်။ သူ့ကို သူမ ချစ်နေလျှင်တောင် သေရမည်။

ပို၍ တိတိကျကျ ပြောရလျှင် သူမ သူ့ကို ချစ်နေသောကြောင့် သေရမည်ပင်။

“ဟုတ်တယ်... ဆိုလွန် သေရမယ်”

“ဆိုလွန်ကို ယုံလို့ မရဘူး... သူ သေရမယ်”

ကျိနင် ပြတ်သားစွာ ပြောလိုက်သည်။

ကျိဝေ၏ မျက်မှောင်များ ပြေလျော့သွားပြီး ပြောလိုက်သည်။

“ငါတို့ တပ်ဖွဲ့ဝင် တစ်သိန်းကို ဦးဆောင်ပြီး ထျန်းရွှေမြို့ကို မြေပြင်နဲ့ တစ်ပြေးတည်း ဖြစ်အောင် ဖျက်ဆီးမယ်”

“ဒီအဆိပ်မြွေလေးကို သေချာပေါက် သတ်ပစ်ရမယ်”

ကျိနင် အကြံပြုလိုက်သည်။

“ဆိုလွန်ဆီမှာ ဓားစာခံတွေ အများကြီး ရှိသေးတယ်... ထူလင်းတိနဲ့ ကွေ့ချင်းကျုံးတို့ကို အရင် ကယ်ရမယ်... မဟုတ်ရင် ဆိုလွန် ရူးသွပ်ပြီး သေချာပေါက် အသေအကြေ တိုက်လိမ့်မယ်”

“ငါတို့ တိုက်ရင်း ညှိနှိုင်းလို့ ရပါတယ်”

ကျိဝေ ပြောလိုက်၏။

“မရဘူး”

ကျိနင် ငြင်းဆိုလိုက်သည်။

“ငါတို့တပ် ထျန်းရွှေမြို့ထဲ ဝင်သွားတာနဲ့ ဘာမှ လှည့်စားလို့ မရတော့ဘူး... သူက ငါ့အပေါ် မျှော်လင့်ချက် ထားနေတုန်းပဲ... အဲ့ဒီအခွင့်အရေးကို ယူပြီး ထူလင်းတိနဲ့ ကွေ့ချင်းကျုံးတို့ကို လွှဲပေးအောင် လှည့်စားရမယ်”

“ဒါပေမဲ့...”

ကျိဝေ မျက်မှောင်ကြုတ်သွား၏။

“ဒါပေမဲ့တွေ မလိုဘူး”

ကျိနင် ဖြတ်ပြောလိုက်သည်။

“အကယ်၍ ထူလင်းတိနဲ့ ကွေ့ချင်းကျုံးတို့သာ အသတ်ခံလိုက်ရရင် နောက်ဆက်တွဲ ဘာဖြစ်လာမလဲ”

“ငါတို့ သတ်တာမှ မဟုတ်တာ... ဆိုလွန် သတ်တာလေ”

ကျိဝေ ပြန်ပြောလိုက်၏။

ကျိနင် ခေါင်းယမ်းကာ အသေးစိတ်ရှင်းပြလာသည်။

“ငါတို့ ကယ်ဖို့ အခွင့်အရေး ရှိရက်နဲ့ မကယ်ခဲ့ဘူးဆိုရင်... ထူလင်းထော်နဲ့ ကွေ့ရှင်းဖူတို့က ငါတို့ကို အငြိုးထားသွားလိမ့်မယ်... “

“သူတို့နှစ်ယောက်က ငါတို့ရဲ့ ညာလက်ရုံးတွေပဲ... တစ်ယောက်က အဆင့်အမြင့်ဆုံး အထက်တန်းလွှာဖြစ်ပြီး နောက်တစ်ယောက်က မြေပိုင်ရှင်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူလေ”

ကျိဝေ ခေါင်းညိတ်လိုက်ပြီး သဘောတူလိုက်သည်။

“ကောင်းပြီ... အဲ့ဒါဆို ဆိုလွန်ဆီ စာပို့ပြီး ထူလင်းတိ၊ ကွေ့ချင်းကျုံးနဲ့ အခြားသူတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်... ပြီးတာနဲ့ ထျန်းရွှေမြို့ကို ချီတက်ပြီး ဆိုမိသားစုကို အမြစ်ပြတ် ချေမှုန်းမယ်”

ခဏအကြာ၌ သတင်းပို့သူ တစ်ဦးက မင်းသမီး ကျိနင်၏ နောက်ဆုံး အမိန့်ကို သယ်ဆောင်ကာ ထျန်းရွှေမြို့ဆီသို့ လျင်မြန်စွာ မြင်းစီး ထွက်ခွာသွားသည်။

ထူလင်းတိ၊ ကွေ့ချင်းကျုံး၊ နူအာတန်နှင့် အခြား အရေးကြီး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ဖြစ်သည်။

……

တော်ဝင်မြို့တော် ကျစ်တူး၊ မြို့စားကြီး ကျိထင်၏ အိမ်တော်တွင်း၌။

ဆိုလွန်ကို လျှို့ဝှက် စာကြည့်ခန်း တစ်ခုဆီ ခေါ်ဆောင်သွားပြီး မြို့စားကြီး ကျိထင်နှင့် တွေ့ဆုံစေခဲ့သည်။

“မင်း တစ်ယောက်ယောက်ကနေ တစ်ဆင့် ပို့လိုက်တဲ့ စကားကို ငါ ရခဲ့တယ်”

ထိုစကားမှာ- ကျိထင်... မင်းက အရူးပဲ ဆိုသည့် စကားပင်။

“မင်း ဒီကိုဘာလာလုပ်တာလဲ”

မြို့စားကြီး ကျိထင် အေးစက်စွာ မေးလိုက်၏။ ထို့နောက် ဆက်၍ပြောလာသည်။

“မိန်းမ တစ်ယောက်အတွက်နဲ့ အခြေအနေ အရပ်ရပ်ကို လျစ်လျူရှုပြီး ငါ့ကို ဆန့်ကျင်ရဲတယ်ပေါ့... ငါတို့က မင်းလို မိုက်မဲတဲ့သူကို မလိုချင်ဘူး”

ဆိုလွန် တိတ်ဆိတ်နေပြီး သူ၏ မျက်လုံးများနှင့် မျက်နှာကိုသာ စူးစိုက်ကြည့်ကာ မျက်နှာပေါ်ရှိ သေးငယ်သော အမူအရာ ပြောင်းလဲမှုများကို သေချာစွာ အကဲခတ်နေသည်။

ထိုအခါ မြို့စားကြီး ကျိထင်၏ အကြည့်များ၌ သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း ပြည့်နှက်လာပြီး ပြောလိုက်သည်။

“ဒါတင် မကဘူး... မင်းက ကျောက်စရစ်ကျွန်းက ငါ့လူတွေကိုပါ နှင်ထုတ်ခဲ့ပြီး အယုတ်မာဆုံး စကားတွေနဲ့ ငါ့ကို စော်ကားခဲ့သေးတယ်... ဆိုလွန်... ငါ မင်းကို မသတ်ရဲဘူးလို့ တကယ် ထင်နေတာလား”

“ဆိုလွန်... ငါ့ရဲ့ အမိန့် တစ်ခွန်းတည်းနဲ့တင် မင်း အပိုင်းပိုင်းအစစ ဖြစ်သွားလိမ့်မယ်... “

မြို့စားကြီး ကျိထင် အေးစက်စွာ ပြောလိုက်၏။

“ဒါပေမဲ့ ငါ့အတွက် တိုက်ခိုက်ပေးခဲ့တာကို ထောက်ထားပြီး ဒီကနေ ထွက်သွားစမ်း... နောက်တစ်ခါ ငါ မင်းကို ထပ်တွေ့ရင် သေချာပေါက် သတ်ပစ်မယ်”

ထိုအချိန်၌ ဆိုလွန် သက်ပြင်းရှည် တစ်ချက်ချကာ မေးလိုက်သည်။

“ဘုရင်မင်းမြတ် ဘာဖြစ်သွားတာလဲ... ဘာတွေ ဖြစ်ခဲ့တာလဲ”

ထိုစကားကို ကြားသောအခါ မြို့စားကြီး ကျိထင်၏ မျက်နှာထား ပြင်းထန်စွာ ပြောင်းလဲသွား၏။

ထို့နောက် သူက လက်ကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ရာ မိန်းမစိုး လေးဦး အမှောင်ထဲမှ ထွက်ပေါ်လာပြီး ဆိုလွန်ကို ဝိုင်းရံလိုက်သည်။ ထက်မြက်သော ဓားလေးလက်က သူ၏ လည်ပင်းကို တိုက်ရိုက် ရွယ်ထားလေပြီ။

ကျိထင် အမိန့်ပေးလိုက်သည်နှင့် ဆိုလွန် သေချာပေါက် သေရမည်သာ။

ကျိထင် အေးစက်စွာ မေးလိုက်သည်။

“ဆိုလွန်... မင်း ဘာအဓိပ္ပာယ်လဲ... ဘုရင်မင်းမြတ်ကို ကျိန်ဆဲနေတာလား”

လည်ပင်း၌ ဓားများဖြင့် ရွယ်ထားခံရသော်လည်း ဆိုလွန် ကြောက်ရွံ့တုန်လှုပ်သွားခြင်းမရှိဘဲ တည်ငြိမ်စွာ ရှင်းပြလာသည်။

“ကျွန်တော် အမြဲတမ်း စဉ်းစားနေခဲ့တာ... မြို့စားကြီး ခင်ဗျားက အသက်အရွယ်နဲ့မလိုက်အောင် ဉာဏ်ပညာကြီးမားတယ်... လူမသိသူမသိ အာရှီလော့ တစ်ယောက်အတွက်နဲ့ ကျွန်တော့်ကို လမ်းခွဲလောက်တဲ့အထိ မိုက်မဲမှာ မဟုတ်ဘူး”

ကျိထင် ပြန်ချေပလိုက်သည်။

“မမေ့နဲ့... အာရှီလော့ရဲ့ သိုင်းပညာက မင်းထက် အဆတစ်ရာလောက် ပိုကောင်းတယ်... သူ့ရဲ့ ရိုရန်မြို့ကလည်း ထျန်းရွှေမြို့ထက် ဆယ်ဆမက ပိုကောင်းတယ်”

ဆိုလွန် ဆက်ပြော၏။

“လက်ထဲက ငှက်တစ်ကောင်က တောထဲက ငှက်နှစ်ကောင်ထက် ပိုတန်ဖိုးရှိတယ်လေ... ပြီးတော့ အာရှီလော့က ခန့်မှန်းရခက်တဲ့လူ ဖြစ်ပြီး ယုံကြည်လို့ မရဘူး... “

“ကျွန်တော်က ကျိနင်ရဲ့ သောင်းချီတဲ့ မဟာမိတ်တပ်ကို အနိုင်ယူပြီး ထျန်းရွှေမြို့ကို ပြန်သိမ်းပိုက်နိုင်ခဲ့တာ... အခု ကျွန်တော်က မြစ်ကို အောင်မြင်စွာ ဖြတ်ကူးနိုင်ခဲ့ပြီး ရထားရုပ် အဖြစ် ပြောင်းလဲသွားပြီ... “

“ဒီနေ့ဒီအချိန်ရောက်ဖို့ ကျွန်တော်တို့ ဘယ်လောက်တောင် ပေးဆပ်ခဲ့ရလဲ... အခုမှ လမ်းခွဲမယ် ဟုတ်လား... ခင်ဗျား အဲ့ဒီလောက် မိုက်မဲရင်တောင် မင်းသမီး ကျိယန်က မိုက်မဲမှာ မဟုတ်ဘူး”

မြို့စားကြီး ကျိထင်၏ ဝဖြိုးသော မျက်နှာ အနည်းငယ် တွန့်လိမ်သွားသည်။

ဆိုလွန် ထပ်ပြောလာသည်။

“ကျွန်တော် ဝင်လာကတည်းက ခင်ဗျားကို အကဲခတ်နေခဲ့တာ... ခင်ဗျား အရမ်း ပင်ပန်းနေတယ်... မျက်လုံးတွေလည်း နီရဲနေပြီး တော်တော်လေး ပိန်သွားတယ်”

မြို့စားကြီး ကျိထင် သူ့မျက်နှာကို မထိဘဲ မနေနိုင်တော့ချေ။ သူ အမှန်တကယ်ပင် ပိန်သွားခဲ့၏။

ဆိုလွန် ဆက်ပြောလာသည်။

“အာရှီလော့က မင်းသမီး ကျိယန်ကို သစ္စာခံတယ် ဆိုတာ လျှို့ဝှက်ကြံစည်မှု သက်သက်ပဲ...ကျွန်တော်နဲ့ ခင်ဗျားတို့ကြားမှာ သွေးခွဲဖို့ လုပ်ထားတဲ့ ယုတ်မာတဲ့ အကြံအစည်ပဲ...”

“သူက ကျိလီနဲ့ ပူးပေါင်းထားတာ ကြာလောက်ပြီ... ဒါက နည်းလမ်းပေါင်းစုံ သုံးထားတဲ့ အစီအစဉ်ပဲ... အကယ်၍ ထျန်းရွှေမြို့ စစ်ပွဲမှာ ကျွန်တော် ရှုံးနိမ့်ပြီး သေသွားရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး... ဒါပေမဲ့ ကျွန်တော် နိုင်သွားရင် အာရှီလော့ရဲ့ သွေးခွဲမယ့် အစီအစဉ်က အကောင်အထည် ပေါ်လာလိမ့်မယ်... “

“ကျွန်တော်ရဲ့တွက်ချက်မှုမှန်ရင် ဒါကသေချာပေါက် မင်းသား ကျိလီရဲ့ လက်ချက် ဖြစ်ရမယ်... ဒီလူက ကျွန်တော် ထင်ထားတာထက် အများကြီး ပိုပြီး ကောက်ကျစ် ယုတ်မာတယ်”

မြို့စားကြီး ကျိထင်၏ ခက်ထန်သော အမူအရာ တဖြည်းဖြည်း ပြေလျော့သွားလေပြီ။

ဆိုလွန် တည်ငြိမ်သောမျက်နှာထားဖြင့် ဆက်၍ ရှင်းပြလာသည်။

“ဒီကြံစည်မှုက ခင်ဗျားအပေါ် အောင်မြင်သွားနိုင်ပေမဲ့ မင်းသမီး ကျိယန်ရဲ့ မျက်လုံးတွေကနေတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... “

“ကျွန်တော် အဲ့ဒီမျက်လုံးတွေကို မြင်ဖူးတယ်... သူတို့က ထူးခြားပြီး အလွန် ကြည်လင်တယ်... ထင်ယောင်ထင်မှား ဖြစ်စရာတွေနဲ့ လူ့သဘာဝ အားလုံးကို ထိုးထွင်း သိမြင်နိုင်တယ်... ဘယ်အရာကများ ခင်ဗျားတို့ကို ထောင်ချောက်မှန်း သိရက်နဲ့ တမင် ဝင်သွားစေပြီး ကျွန်တော်နဲ့ လမ်းခွဲလောက်တဲ့အထိ ဖြစ်စေရတာလဲ”

“အကြောင်းပြချက် တစ်ခုတည်းပဲ ရှိတယ်... ဘုရင်မင်းမြတ် ဒုက္ခရောက်နေပြီ”

ဆိုလွန်က မြို့စားကြီး ကျိထင်ဆီ ချဉ်းကပ်သွားပြီး စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ပြောလိုက်၏။

“ခင်ဗျားတို့ ကျွန်တော့်ကို မကာကွယ်နိုင်တော့ဘူး... ပြီးတော့ အရေးအကြီးဆုံးက ဘုရင်မင်းမြတ် ဒုက္ခရောက်နေတယ် ဆိုတဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့ ဒီအရာကို အသုံးချရတာပဲ”

ထိုအချိန်က အာရှီလော့နှင့် ဆိုလွန် ထိပ်တိုက်တွေ့နေပြီး ကျိထင်က မည်သူ့ကို ထားခဲ့ပြီး မည်သူ့ကို စွန့်လွှတ်ရမည်ကို ရွေးချယ်ခဲ့ရသည်။

အကယ်၍ သူက ဆိုလွန်ကို ထားခဲ့ရန် ရွေးချယ်ပါက မြို့စားကြီး ကျိဝေ၏ တပ်ဖွဲ့ဝင် တစ်သိန်း ထျန်းရွှေမြို့ဆီ ချဉ်းကပ်လာချိန်၌ ဘုရင်မင်းမြတ်က ကြားဝင်စွက်ဖက်ကာ ကျိဝေကို တားဆီးရန် အမိန့်ပေးရမည် ဖြစ်၏။

သို့သော် ဘုရင်မင်းမြတ်က လူမြင်ကွင်းသို့ ထွက်မလာနိုင်တော့ချေ။ ထိုအချိန်ရောက်လျှင် ဘုရင်မင်းမြတ် ဒုက္ခရောက်နေသည့် လျှို့ဝှက်ချက်ကို ဆက်လက် ဖုံးကွယ်ထားနိုင်မည် မဟုတ်တော့ပေ။

ထိုသို့ ဖြစ်လာပါက နောက်ဆက်တွဲ ဆိုးကျိုးက တွေးကြည့်၍ပင် ရမည်မဟုတ်ချေ။ ဘုရင်မင်းမြတ် ဒုက္ခရောက်နေကြောင်း အတည်ပြုလိုက်သည်နှင့် အထက်တန်းလွှာများနှင့် မြေပိုင်ရှင်များက အတိုတောင်းဆုံး အချိန်အတွင်း ကျိလီ ထီးနန်းတက်ရန် သေချာပေါက် ထောက်ခံကြ‌ပေလိမ့်မည်။

မြို့စားကြီး ကျိဝေက တပ်ဖွဲ့ဝင် တစ်သိန်းကို ဦးဆောင်ကာ ထျန်းရွှေမြို့ဆီ ချဉ်းကပ်လာရန် ရဲတင်းနေခြင်းမှာ ဆိုမိသားစုကို ဖျက်ဆီးပစ်ရန် သက်သက် မဟုတ်ဘဲ ဘုရင်မင်းမြတ်ကို နောက်ဆုံးအကြိမ် စမ်းသပ်ရန်အတွက်လည်း ဖြစ်၏။

ဘုရင်မင်းမြတ် လူမြင်ကွင်းသို့ ထွက်မလာသည်မှာ အချိန်အတော်ကြာနေပြီဖြစ်ရာ ဝန်ကြီးအဖွဲ့နှင့် တပ်မှူးကြီးများက တစ်ခုခုကို ခန့်မှန်းမိနေကြပြီ ဖြစ်သည်။

ထို့ကြောင့် ဘုရင်မင်းမြတ်၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ရန်အတွက် မြို့စားကြီး ကျိထင်က ထောင်ချောက်ထဲ ဝင်သွားသယောင် ဟန်ဆောင်ကာ ဆိုလွန်နှင့် လမ်းခွဲခဲ့ရခြင်းပင်။

ကျိထင် ဆိုလွန်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်ရာ ဘေးနားရှိ မိန်းမစိုးများ ချက်ချင်း ထွက်ခွာသွားကြသည်။

“ယန်အာ... ထွက်လာခဲ့ပါ”

မြို့စားကြီး ကျိထင် ခေါ်လိုက်၏။

ထိုအါ အလွန် လှပသော ပုံရိပ်‌လေးတစ်ခု အမှောင်ထဲမှ ထွက်ပေါ်လာသည်။ နတ်သမီးလေး တစ်ပါးနှင့် တူသော မင်းသမီး ကျိယန်ပင်။

သို့သော် ယခုအချိန်၌ မင်းသမီး ကျိယန်၏ မျက်နှာပေါ်တွင် ရှားပါးလှသော သာမန်လူသား တစ်ယောက်ကဲ့သို့ ခံစားချက်အချို့ ပေါ်လွင်နေကာ သူမ၏ ကြည်လင်နေသော မျက်လုံးများမှာလည်း အနည်းငယ် နီရဲနေသည်။

“လွန်ခဲ့တဲ့ လဝက်လောက်က ခမည်းတော် ရုတ်တရက် လေဖြတ်ပြီး လဲကျသွားတယ်... အခုထိ သတိမလည်လာသေးဘူး”

“ငါတို့ နည်းလမ်းပေါင်းစုံ သုံးပြီးပြီ... ဒါပေမဲ့ သူ့ကို မနှိုးနိုင်သေးသလို... နေ့ရက်တွေ ကုန်လွန်လာတာနဲ့အမျှ ငါတို့ရဲ့ မျှော်လင့်ချက်တွေလည်း နည်းပါးလာပြီ”

မင်းသမီး ကျိယန် စိုးရိမ်ပူပန်နေသောအသံကို ထိန်းချုပ်ကာ နူးညံံ့သောလေသံဖြင့်ဆက်ပြောလိုက်သည်။

“ဒါ့အပြင် ဘုရင်မင်းမြတ် မကြာခင် ထွက်မလာဘူးဆိုရင် ကျိလီအဖွဲ့က စတင် လှုပ်ရှားတော့မယ်”

မြို့စားကြီး ကျိထင် ဝင်ပြောလိုက်ခြင်းပင်။

“ဘုရင်မင်းမြတ်မှာ ကိုယ်ပွား မရှိဘူးလား”

ဆိုလွန် မေးလိုက်သည်။

ကျိယန် ခေါင်းရမ်းလိုက်၏။

“ကိုယ်ပွားက အသုံးမဝင်ဘူး... ယန်ဝူကျီပဲဖြစ်ဖြစ်၊ ထူလင်းထော်ပဲဖြစ်ဖြစ် ကိုယ်ပွားဆိုရင် တစ်ချက် ကြည့်လိုက်တာနဲ့ရိပ်မိသွားလိမ့်မယ်”

“ကျိလီ ဘယ်မှာလဲ”

ဆိုလွန် ဆက်မေးလိုက်သည်။

“ယန်အင်ပါယာကို အလည်အပတ် သွားတယ်”

ကျိယန် ဖြေလိုက်၏။

ဆိုလွန်၏ တစ်ကိုယ်လုံး စိမ့်တက်သွားလေပြီ။

သူ၏ အရှေ့၌ အဆုံးမဲ့ အမှောင်ထုကြီး တစ်ခု ရှိနေသည်ကို ခံစားလိုက်ရသည်။ ကျိလီက ဆိုလွန်ကြောင့် ယခုအချိန်၌ နုလန်ဘုရင့်နိုင်ငံမှ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်ဟု အစပိုင်းက ထင်မှတ်ထားခဲ့သော်လည်း ကျိလီက သူ၏ အရေးပါမှုကို အလွန်အမင်း အထင်ကြီးနေခဲ့ခြင်း ဖြစ်မည်ဟု မတွေးမိခဲ့ချေ။

ကျိလီ ထွက်ခွာသွားခြင်းက သံသယ ကင်းရှင်းစေရန် ဖြစ်သည်။ ဤကာလအတွင်း ဘုရင်မင်းမြတ် လေဖြတ်ပြီး လဲကျသွားမည်ကို ကြိုတင် သိမြင်နေသည့် နတ်ဘုရား တစ်ပါးအလားပင်။

ထိုလူက သူ ထင်ထားသည်ထက် အများကြီး ပိုပြီး ကြောက်စရာကောင်းကာ ရက်စက်လွန်းလှ၏။

အပိုင်း ၃၄၉ ပြီး။

All Chapters