ထာဝရကလန်ကို အပြစ်တင်ခြင်း (၇)
Vol. 95 Ch. 1308
ကျင့်ကြံသူတိုင်းက ဝမ်လင်း၏လုပ်ဆောင်မှု ဆိုလိုရင်းကို နားမလည်ကြပေ။ သူတို့သည် ဝမ်လင်း၏လက်က မြေပြင်ထုကို ဆုပ်ကိုင်ကာ တုန်ခါသွားစေသည်ဟုသာ ခံစားလိုက်ရ၏။
သူတို့သည် ထိုတုန်ခါမှုကိုသာ ခံစားမိခြင်း ဖြစ်၏။ သို့သော် အမှန်တော့ မြေပြင်ထုသည် လှုပ်ရှားမသွားပေ။ သူတို့၏စိတ်ကသာ လှုပ်ရှားသွားခြင်း ဖြစ်သည်။
ဤအခိုက်အတန့်အားဖြင့် ဝမ်လင်းက လူတိုင်း၏စိတ်ကို ဆွဲယူကာ မြေပြင်ထုထဲ ဆွဲချ၍ သည့်နောက် ပြန်ဆွဲထုတ်လိုက်သလို ဖြစ်သွားခြင်းတည်း။
သူတို့အမြင်ပါ ဝေဝါးသွားကြ၏။ လောကတွင် ရှေးဟောင်းအော်ရာတစ်ခု ပြည့်နှက်သွားသည့်အလား။ ထိုအော်ရာက သိပ်သည်းလွန်းသည့်အတွက် သိရှိဖို့ရာအတွက် လုံလောက်ပေသည်။
ထိုအခြင်းအရာများသည် တဒင်္ဂသာ ဟု ထင်ရ၏။ သို့သော် လုံလောက်အောင် ကြောက်မက်ဖွယ်ကောင်းသည်။
လူအများစုက ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်းမန္တာန်ကို မသိကြပေ။ သို့သော် သူတို့အားလုံးသည် သူတို့မှာ ဂြိုဟ်နှင့်ပေါင်းစပ်၍ သူတို့၏စိတ်ဝိညာဉ်များသည်လည်း ဝမ်လင်း၏ ဆွဲထုတ်ယူတာ ခံလိုက်ရသည်ဟု ရှင်းပြရန်ခက်ခဲစွာ ခံစားမိလိုက်ရ၏။
“ဒါဟာ ဂြိုဟ်စိတ်ဝိညာဉ်ထုတ်ယူခြင်းပဲ…” အဆင့်ခုနစ်ဒေသ၏ လူအချို့ကသာ သည်မန္တာန်ကို သိကြ၏။ ထိုလူအချို့ထဲ၌ အံ့အားတသင့်ဆိုခဲ့သောသူလည်း ပါဝင်သည်။ ရုတ်တရက် ထိုသူက မတ်တပ်ထရပ်၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်သည်။
သူသာမက ဤမန္တာန်ကို သိရှိကြသော မွန်းစတားအိုကြီးများနှင့်ကျင့်ကြံသူအားလုံးလည်း တုန်လှုပ်မိကြ၏။ သူတို့သည် သူတို့မြင်ခဲ့ရသည့်အရာကို အစစ်အမှန်ဖြစ်သည်အား မယုံကြည်နိုင် ဖြစ်ရသည်။
“ကျင့်ကြံခြင်းဂြိုဟ်တွေမှာ စိတ်ဝိညာဉ်တွေ ရှိတယ်လို့ ပြောကြတယ်။ လူတစ်ယောက်ရဲ့ ကျင့်ကြံမှုက အဆင့်တစ်ခုကို ရောက်လာပြီး ကောင်းကင်နဲ့မြေကြီးအပေါ် နားလည်မှု မြင့်မားလာခဲ့ရင် အဲ့လူဟာ ဂြိုဟ်တစ်ခုရဲ့ စိတ်ဝိညာဉ်ကို ထုတ်ယူပြီး မန္တာန်အဖြစ် အသုံးပြုနိုင်တယ်..”
“ဒီစကားများဟာ လေကောင်းကင်ဘုံနယ်မြေ မပျက်စီးခင်က ပေါ်ထွက်လာခဲ့ခြင်း ဖြစ်တယ်။ ဒါပေမဲ့လည်း ဒီမန္တာန်ရဲ့ တည်ရှိမှုကို သက်သေပြနိုင်တဲ့ နည်းလမ်း မရှိခဲ့ဘူး။ ဒီလုဇီဟောင်က အမှန်တကယ် ဒီမန္တာန်ကို အသုံးပြုနိုင်နေတာပဲ။ ဒီလိုမူလစွမ်းအင်မျိုးနဲ့ရှေးဟောင်းအော်ရာဟာ ရှေးမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ကိုက်ညီနေတယ်။ ဒါဟာ မှားစရာ မရှိဘူး။ဒါဟာ ဂြိုဟ်စိတ်ဝိညာဉ် ထုတ်ယူခြင်းပဲ…”
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်လျက်ပင်။ လူနှစ်ယောက်သည် ဝမ်လင်း၏ညာလက်က ကျင့်ကြံခြင်းဂြိုဟ်တစ်ခုကို ဆုပ်ကိုင်ကာ ရုတ်တရက် ပင့်မြှောက်လိုက်သလို ပြုမူသည့်အခါတွင် ပျံသန်းလာကြသည်။
ချက်ခြင်းပင် မြေပြင်ထုသည် တိတ်တဆိတ်တုန်ဟည်းသံကို ထုတ်လွှတ်၏။ ထိုကဲ့သို့ တိတ်ဆိတ်သည်ဟု ဆိုရခြင်းမှာ ယင်းအသံကို မကြားရဘဲ ခံစား၍သာ ရနိုင်ခြင်းကြောင့် ဖြစ်သည်။ မြေပြင်ထု၊ သည်ကျင့်ကြံခြင်းဂြိုဟ်မှာ တုန်ခါနေ၏။
ရှေးဟောင်းအော်ရာတစ်ခုသည် အရူးအမူး ပိုသိပ်သည်းလာ၏။ မရေမတွက်နိုင်သောနှစ်များစွာ အိပ်ပျော်နေသော ဂြိုဟ်က ပထမဆုံးအကြိမ် ကိုင်လှုပ်နိုးခြင်း ခံရသည့်အလားပင်။ ထိုအရာက ညင်သာစွာ နိုးထစေခြင်းမဟုတ်၊ အားဖြင့် ကိုင်လှုပ်ခြင်း မည်၏။
လောကရှိ အရာအားလုံးတွင် စိတ်ဝိညာဉ်တစ်ခုစီ ရှိကြ၏။ အပင်များ၊မြက်ပင်များတွင်ပင် ရှိ၏။ ထို့ကြောင့် ဂြိုဟ်တစ်ခုတွင်လည်း စိတ်ဝိညာဉ်ရှိသည်မှာ သဘာဝပင်။ သို့ရာတွင် ကျင့်ကြံခြင်းဂြိုဟ်၏စိတ်ဝိညာဉ်သည် နှစ်ပေါင်းများစွာ အချိန်ယူပြီးမှ ဖြစ်တည်သဖြင့် အလွန်တရာအစွမ်းထက်သည်။ ၎င်းသည် လောက၏ရှေးကျမှုကို ဆောင်ယူ၍ ကောင်းကင်ဘုံ၏ဥပဒေသ အရိပ်အမြွက်လည်း ပါရှိလေသည်။
ဂြိုဟ်၏စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းဟူသော စကားရပ်က ရိုးရှင်းသော်လည်း အလွန်နည်းပါးသောလူအချို့သာ ယင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပေသည်။
ဤအခိုက်အတန့်တွင် သည်ကျင့်ကြံခြင်းဂြိုဟ်မှာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုအဖြစ် ဆက်မရှိတော့ပေ။ သို့သော် စိတ်ဝိညာဉ်တော့ ဖြစ်၏။ ဝမ်လင်းက ထိုစိတ်ဝိညာဉ်၏ ဝိညာဉ်ကို ထုတ်ယူလိုက်ခြင်းတည်း။ ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ရာ ဂြိုဟ်၏အရပ်မျက်နှာအနှံ့ကနေ ဖြူနှစ်နှစ်အခိုးအငွေ့များ ထွက်ပေါ်လာကြသည်။ ယင်းတို့က စင်မြင့်ထက်သို့ အရူးအမူး တိုးဝင်လာကြကာ ဝမ်လင်းထံ ဦးတည်၍ သူ့ညာလက်ထံ ဝင်ရောက်သည်။
ချက်ခြင်းပင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူအားလုံးမှာ ဂြိုဟ်ပေါ်ရှိ မြက်ပင်များ ခြောက်သွေ့ကာ အဝါရောင်ဖြစ်လာပြီး ပြာမှုန့်အဖြစ် ပျောက်ကွယ်သွားကြသော ပုံရိပ်ယောင်တစ်ခုကို တွေ့မြင်ရသည်။
ဤကျင့်ကြံခြင်းဂြိုဟ်ပေါ်ရှိ တောင်များအားလုံးသည် မီးခိုးရောင်ဖြစ်လာကာ စုပ်ယူခံရသဖြင့် စိတ်ဝိညာဉ်စွမ်းအင်များ ကျန်ရှိမနေတော့ပေ။ မြစ်များထဲရှိ ရေများသည်ပင် ခြောက်သွေ့ကုန်ခမ်းကာ မြစ်ကြမ်းပြင်များပင် လှစ်ပေါ်လာသည်။
သည်ကျင့်ကြံခြင်းဂြိုဟ်၏နှစ်ဆယ်ရာခိုင်နှုန်းလောက် သိမ်းပိုက်ထားသော ပင်လယ်ရေပြင်သည်ပင် ဆူပွက်ကာ လှိုင်းထန်လာသလား မှတ်ထင်ရသည်။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်က ထိုရှေးဟောင်းအော်ရာသည် အချိန်ကို ကိုယ်စားပြုခြင်းပင်။ ၎င်း စုဝေးလာသည်နှင့် ဂြိုဟ်၏စိတ်ဝိညာဉ်မှာ တဝီဝီလှည့်လည်၍ အဖြူရောင်မြူများအဖြစ် ပြောင်းကာ မြေကြီးထုထံမှ ထွက်ပေါ်လာသည်။
ထိုအဖြူရောင်အခိုးအငွေ့များသည် ဝမ်လင်းအောက်ရှိ ပြိုင်ပွဲစင်မြင့်ထံကနေ ထိုးထွက်လာကြကာ သူ့ညာလက်တွင် စုဝေးသည်။ သည်အဖြူရောင်ဝတ်စုံနှင့်လူငယ်က ဂြိုဟ်၏စိတ်ဝိညာဉ်ကို ထုတ်ယူသည်ဟု ခံစားရချိန်တွင် ပတ်ဝန်းကျင်ရှိကျင့်ကြံသူများသည် မင်သက်ကုန်ကြသည်။
သူသာ ဆန္ဒရှိပါက သူသည် ဂြိုဟ်၏စိတ်ဝိညာဉ်ကို လုံးဝ ဆွဲထုတ်ပစ်နိုင်သည်ဟုပါ ထင်ရ၏။ သည်အခိုက်အတန့်တွင် မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ မကျန်တော့ပေ။ ထိုဂြိုဟ်သည် အပျက်အစီးပုံ ဖြစ်လာပေတော့မည်။
ဂြိုဟ်သည် ပြိုပျက်စီးတော့မည်နှင့် အလားသဏ္ဌာန်တူပေ၏။
သူတို့၏စိတ်သည် တုန်ယင်ကာ ဗလာကျင်းရ၏။ ထာဝရကလန်မှ လူများပင် မတ်တပ်ထရပ်လာကာ သူတို့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်သည်။
ဖန်ဟိုင်က အလိုလို ပင့်သက်ရှိုက်မိလေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်မိသည်။ သို့ရာတွင် သိပ်မကြာခင် သူက နှာခေါင်းရှုံ့၏။ ဝမ်လင်းသည် ကျောက်လုံကို လူမြင်ကွင်းတွင် သတ်ပစ်ခဲ့ကာ တောင်ရှာဖွေခြင်းကလန်ကို အရှက်ခွဲခဲ့သည်။ ထို့ကြောင့် သူသည် တန်ကြေးတစ်ခု ပြန်ယူရပေမည်။ ဖန်ဟိုင်တစ်ယောက်တည်း တောင်ရှာဖွေခြင်းကလန်ကနေ ထွက်လာခဲ့သူ မဟုတ်ပါ။ သူ့အပြင် အခြားတစ်ယောက်လည်း ရှိသေး၏။ ထိုသူက အလွန်အစွမ်းထက်သည်။ သို့သော် မသတီစရာအကျင့်စရိုက် ရှိပေ၏။ သူသည် ကိစ္စတော်တော်များများတွင် ပါဝင်ခြင်း မရှိသလို တောင်ရှာဖွေခြင်းကလန်ကိုလည်း လျှို့ဝှက်၍ အကူအညီ မပေးပေ။ သို့ရာတွင် သူကား တောင်ရှာဖွေခြင်းကလန်၏ ပထမဆုံးကလန်ခေါင်းဆောင်၏ မျိုးဆက်မှ ဖြစ်သလို ခုချိန်၌ ထာဝရကလန်၏ အဆင့်အတန်းမြင့်အကြီးအကဲတစ်ယောက်အဖြစ် ရှိနေပေသည်။
ဝမ်လင်းသာ ကျောက်လုံကို ထာဝရကလန်တွင် မသတ်ခဲ့ပါက အဆင်ပြေဦးမည်။ သို့သော် ဝမ်လင်း ကျောက်လုံကို ဤနေရာတွင်ပင် သတ်ခဲ့ကာ တောင်ရှာဖွေခြင်းကလန်ကို အတင်းအကြပ် နောက်ဆုတ်စေခဲ့သည်။ ထိုအဖြစ်က ဤအဆင့်အတန်းမြင့်အကြီးအကဲ၏ ဒေါသကို ရန်စသည်နှင့် တူပေ၏။
ထာဝရကလန်၏ ကလန်ခေါင်းဆောင်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူသည် ဝမ်လင်းကို စူးစိုက်ကြည့်နေလျက် သူ့မျက်လုံးတို့မှာ တောက်ပနေသည်။
သူတို့ပင် ထိုကဲ့သို့ဖြစ်နေပါက ဝမ်လင်းနှင့် တိုက်ခိုက်ရန် ဝင်လာကြသော တုလင်နှင့်ယင်ယွှဲ့တို့ဆို ပြောနေဖို့ပင် လိုမည် မဟုတ်ပါ။ သူတို့နှစ်ယောက်လုံးသည် ရပ်၍ မျက်ဝန်းထဲတွင် တုန်လှုပ်မှုအပြည့် ဖြစ်ပေါ်ကာ သူတို့၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲကုန်သည်။
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ တည်ငြိမ်စွာသာ ရှိသည်။ အဖြူရောင်မြူများသည် အမျှင်အတန်းများကဲ့သို့ ဆွဲထုတ်ခြင်း ခံရပြီးနောက် သူ့ညာလက်တွင် ဝန်းရံကာ လက်သီးစုပ်ခန့်အဖြူရောင်အလင်းလုံးတစ်လုံး ဖြစ်ပေါ်သည်။
ထိုအလင်းလုံးထဲရှိ ရှေးဟောင်းအော်ရာသည် လောကကို ဆွေးမြေ့စေနိုင်သည်ဟု ထင်ရ၏။ သို့ရာတွင် ခုချိန်တွင် ထိုကြောက်မက်ဖွယ်အလင်းလုံးက ဝမ်လင်း၏ညာလက်ထဲ၌ လွင့်ဝဲလျက် ရှိသည်။ သူက ၎င်းကို ကိုင်ထားကာ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ပင့်သက်ရှိုက်စေသည်။
ဤက ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်း ဂြိုဟ်တစ်လုံး၏စိတ်ဝိညာဉ်ကို ထုတ်ယူခြင်းပင်။ သို့သော် ပို၍ တိတိပပဆိုပါက ဒုတိယအကြိမ်ဟုလည်း ပြောနိုင်ပေသည်။
ပထမတစ်ကြိမ်တုန်းက အလုံးစုံကောင်းကင်ကြယ်အဖွဲ့အစည်းအတွင်း ပြန့်ကြဲနတ်ဆိုးက သူ့ခန္ဓာကိုယ်ကို သိမ်းယူကာ တိုက်ခိုက်ခဲ့ချိန်က ဖြစ်၏။ ဒုတိယအကြိမ်ကတော့ ဟင်္သာပြဒါးဂြိုဟ်ကို ဆင့်ကဲပြောင်းလဲနိုင်ဖို့အတွက် ကူညီပေးရန် ဂြိုဟ်တစ်ခု၏ စိတ်ဝိညာဉ်ကို ထုတ်ယူခဲ့ခြင်း ဖြစ်၏။ သို့သော် ထိုစဉ်က သူသည် ယင်းမန္တာန်ကို မကျွမ်းကျင်ခဲ့ပေ။ အပေါ်ယံသာ အသုံးပြုနိုင်ခဲ့သည်။
သို့သော်ငြားလည်း အခု တတိယမြောက်အကြိမ်ကိုလည်း ဒုတိယအကြိမ်အဖြစ်သာ ယူဆနိုင်၏။ အကြောင်းကား ဝမ်လင်း၏နယ်ပယ်က ဖွံ့ဖြိုးလာခြင်း၊ သူ့ကျင့်ကြံမှုအဆင့်တိုးတက်လာခြင်း၊ ဥပဒေသကြယ် ဖြစ်ပေါ်လာခြင်း တို့က သူ့ကို တိုက်ပွဲအတွင်း ဂြိုဟ်၏စိတ်ဝိညာဉ်အား ပြီးပြည့်စုံလုနီးပါး ထုတ်ယူ အသုံးချစေနိုင်သောကြောင့် ဖြစ်လေ၏။
ဂြိုဟ်၏စိတ်ဝိညာဉ်ကို လူတစ်ယောက်တည်းအား တိုက်ခိုက်ဖို့အတွက် အသုံးပြုသည်မှာ သိပ်မသင့်တော်လှပေ။ ထို့ကြောင့်လည်း ဝမ်လင်းသည် တုလင်းနှင့်ယင်ယွဲ့တို့ကို အတူတူ တိုက်ခိုက်ဖို့အတွက် ပြောခဲ့ခြင်းပင်။
သူ့ညာလက်က ကျင့်ကြံခြင်းဂြိုဟ်၏စိတ်ဝိညာဉ်ကို ကိုင်ဆောင်ထား၏။ ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်းသည်။ အလင်းလုံးက တုလင်းနှင့်ယင်ယွဲ့တို့ထံ တရကြမ်း ဝင်ရောက်လာတော့သည်။
အလင်းလုံးသည် ကြီးမားလှခြင်း မရှိပေ။ လက်သီးစုပ်ခန့်သာ ရှိသည်။ တုလင်းနှင့်ယင်ယွဲ့တို့၏ ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းကို အကြိမ်များစွာ ရှောင်နိုင်သည်။ သို့ရာတွင် ခုချိန်၌ သူတို့သည် ရှောင်ဖို့နေရာမရှိသကဲ့သို့ ခံစားရသည်။
ထိုခံစားချက်သည် တိကျ၏။ ထိုအလင်းလုံးသည် သေးငယ်သော်လည်း ဂြိုဟ်၏စိတ်ဝိညာဉ်နှင့် ပြုလုပ်ထားခြင်း ဖြစ်ရာ ဂြိုဟ်တစ်ခုလုံးကို ကိုယ်စားပြုနိုင်၏။သူတို့သည် သူတို့ပေါ်သို့ ပုံရိပ်ယောင်ဂြိုဟ်တစ်လုံးက တိုက်ခိုက်လာသကဲ့သို့ ခံစားနေရ၏။
ယင်းက စကားဖြင့် ပြောနေလျှင်ပင် ကြာပေဦးမည်။ အမှန်တော့ အလွန်မြန်ဆန်၏။ အလင်းလုံး နီးကပ်လာချိန်တွင် ၎င်းက တုလင်းနှင့်ယင်ယွဲ့တို့နှင့် ပေရာချီအကွာတွင် ပေါက်ကွဲသွား၏။ ထိုအခါ မြေပြင်ထုသည် အမှန်တကယ် တုန်ခါကာ ပြင်းထန်သောအားတစ်ခု သူတို့နှစ်ယောက်ထံ တရှိန်ထိုး တိုးဝင်လာတော့သည်။
ထိုအခါတွင် ဂြိုဟ်၏အနောက်ဘက်ခြမ်းရှိ ပင်လယ်ပြင်သည် စတင်ဆူပွက်ကာ မြန်ဆန်စွာ အငွေ့ပြန်၏။ ရေငွေ့တို့မှာ အရူးအမူး ပြန့်ကြဲသည်။ ကောင်းကင်ထက်၌လည်း အနက်ရောင်တိမ်ထုများစွာ ပေါ်လာကာ မိုးများ ရွာသွန်းကျလာသည်။ မိုးက ကွက်၍ ရွာခြင်းမဟုတ်၊ ဂြိုဟ်တစ်ခုလုံးပေါ်သို့ ရွာသွန်းခြင်းပင်။
မိုးကြိုးနှင့်လျှပ်စီးတို့က တဝီဝီမြည်ဟည်း၏။ ကောင်းကင်သည် တုန်ခါသည်။ တုလင်း၏ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်သွားကာ သွေးအန်လိုက်ရ၏။ ဂြိုဟ်တစ်ခုလုံး၏ တိုက်ခိုက်မှုကို တောင့်ခံပြီးနောက် သူ့ခန္ဓာကိုယ်သည် ပြိုလဲပျက်စီးလုနီးပါး ဖြစ်သွားရလေပြီ။ ဝမ်လင်းသာ သေစေလိုသောဆန္ဒရှိခဲ့ပါက သူသည် သံသယမရှိ သေရမည် ဖြစ်၏။
ယင်ယွဲ့၏ခန္ဓာကိုယ်လည်း တုန်ခါနေ၏။ သူမသညည် သွေးအန်၏။ ထိုသွေးတို့က သွေးမြူအဖြစ်ပြောင်းလဲ၍ မိုးနှင့်အတူ ပါသွားသည်။ သူမ၏ခန္ဓာကိုယ်မှာ ပြင်းထန်သောဖိသိပ်အား၏ ရိုက်နှက်ခြင်း ခံရသည့်အတွက် လွင့်စင်သွား၏။ သူမ၏မျက်နှာသည် ဖြူရောနေကာ ဆံပင်များ ပွလန်ကုန်၏။ သူမသည် မိုးရေတို့ဖြင့် ရွဲနစ်နေချေ၏။
ပတ်ဝန်းကျင်တစ်ခုလုံး ထူးဆန်းစွာ တိတ်ဆိတ်နေ၏။ မိုးသံနှင့် မိုးကြိုးဟိန်းသံတို့ကလွဲ၍ အခြားတစ်ပါးအသံတို့ ရှိမနေပေ။
ဤအခိုက်အတန့်၌ လူတိုင်း၏အကြည့်က မိုးရေထဲရှိ အဖြူရောင်ဝတ်စုံနှင့်ပုံရိပ်ထံသို့ စုဝေးလေ၏။ မိုးစက်များသည် ထိုသူ၏ ခန္ဓာကိုယ်နှင့် ငါးပေအကွာတွင် ရပ်တန့်နေကာ သူ့ထံသို့ တစ်စက်လေးပင် လာစိုခြင်း မရှိပေ။
“ဒါ…ဒါက ဂြိုဟ်စိတ်ဝိညာဉ်ထုတ်ယူခြင်းမန္တာန်လား…” မွန်းစတားအိုကြီးတိုင်းက ထိုမန္တာန် မည်မျှ တုန်လှုပ်ဖွယ်ကောင်းသည်ကို သိ၏။ အခုမြင်ကွင်းမှာ သူတို့၏စိတ်ထဲတွင် ထာဝရ စွဲထင်ပေတော့မည်။
ကြမ်းကြုတ်သောသားရဲများနှင့် ဆေးလုံးများကြောင့် တိမ်ပင်လယ်ရှိ ကျင့်ကြံသူများက အခြားကြယ်အဖွဲ့အစည်းသုံးခုမှ ကျင့်ကြံသူများထက် ပိုအစွမ်းထက်ကြပေ၏။ သို့သော်လည်း ဆေးလုံးများနှင့်လေကောင်းကင်ဘုံနယ်မြေ ပိတ်ဆို့ခံထားရခြင်းကြောင့် သူတို့သည် ကောင်းကင်ဘုံသားများ ချန်ထားခဲ့သောမန္တာန်များကိုမူ လက်ခံရရှိခဲ့ကြခြင်း မရှိပေ။ မန္တာန်နားလည်မှုခြင်း ယှဉ်ပါက တိမ်ပင်လယ်မှ ကျင့်ကြံသူများသည် အခြားကြယ်အဖွဲ့အစည်းသုံးခုက ကျင့်ကြံသူများ၏နောက်တွင် အတော်လေး ပြတ်ကျန်ခဲ့ပေ၏။
ဂြိုဟ်စိတ်ဝိညာဉ်ထုတ်ယူခြင်းမန္တာန်က အစွမ်းထက်မန္တာန်တစ်ခု ဖြစ်၏။ သို့သော် တိမ်ပင်လယ်တွင်မူ ဤမန္တာန်ကား ဒဏ္ဌာရီတွင်၏။ မည်သူကမျှ ယင်းမန္တာန်ကို မကျွမ်းကျင်ကြပေ။
ဒုတိယအဆင့်ကျင့်ကြံခြင်းသို့ ရောက်ရှိလာပြီးနောက် လူတစ်ယောက်၏ မန္တာန်များက သူတို့၏နယ်ပယ်နှင့် ကောင်းကင်နှင့်မြေကြီးအပေါ် နားလည်မှုတို့ဖြင့် ဆက်နွှယ်လာပေ၏။ တိမ်ပင်လယ်မှကျင့်ကြံသူများက ဆေးလုံးများကိုသာ မှီခိုခဲ့တာ များ၏။ ထို့ကြောင့် အခြားကြယ်အဖွဲ့အစည်းသုံးခုမှ လောကကို ဆန့်ကျင်ရုန်းကန်ကာ နယ်ပယ်များကို နားလည်အောင် လုပ်သော ကျင့်ကြံသူများနှင့် ယှဉ်လျှင် သူတို့သည် အားနည်းကြပေသည်။
***