ထာဝရကလန်ကို အပြစ်တင်ခြင်း (၈)
Vol. 95 Ch. 1309
"သက်ညှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...ရောင်းရင်းကျင့်ကြံသူလု..."
သူက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ တုလင်း၏မျက်နှာသည် ဖြူရောလျက်ရှိ၏။သူ့ပါးစပ်ထောင့်မှ သွေးများစီးကျလျက်ဖြင့်ပင် သူသည် မိုးရေထဲတွင် မြန်ဆန်စွာ ထွက်ခွာသွားတော့သည်။
ယင်ယွဲ့သည်လည်း ထိုနည်းနှင်နှင်ပင်။ သူမက အောက်နှုတ်ခမ်းကို ကိုက်ထားလျက် ဝမ်လမ်းကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ကာ လှည့်ထွက်သွားလေ၏။
မူပင်းမေက ထိုအခြင်းအရာများကို မင်သက်စွာ ကြည့်နေမိ၏။ သူမသည် အစတုန်းကဆို ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ကို နားလည်ဆုံး ဖြစ်သည်ဟု တွေးထင်ခဲ့ဖူးသည်။ သို့သော် ခုချိန်တွင်မူ သူ့အပေါ် သူမ၏နားလည်မှုသည် သာမန်ကာလျန်ကာမျှသာ ဖြစ်ကြောင်း သိရှိရ၏။
"လွန်ခဲ့တဲ့နှစ်တစ်ရာ... သူ ဒီလောက်ထိ အားကောင်းလာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး..." မူပင်းမေ၏အကြည့်က ဝမ်လင်းပေါ်သို့ ကျရောက်နေ၏။ ဤအခိုက်တွင် သူမသည် သူနှင့် သူစိမ်းဆန်လာသည်ဟု ခံစားမိရသည်။ ဒီဆံပင်ဖြူနှင့်သူက သူမ၏စိတ်နှလုံးကို ပို၍ ခါးသီးစေလေ၏။
သည်နေရာရှိ မည်သူကမျှ အတိတ်တုန်းက ဝမ်လင်းကို သူမကဲ့သို့ သိလိမ့်မည် မဟုတ်ပေ။ သူမသည် ဝမ်လင်း၏ ဘဝတစ်ဝက်ကျော်ကို သိရှိခဲ့သူဟုပင် ဆိုနိုင်လေ၏။ မိသားစုတစ်စုလုံး အသတ်ခံခဲ့ရသော ကျင့်ကြံသူလေး၊ ကျောက်နိုင်ငံကနေ အတင်းထွက်ပြေးခဲ့ရသော ဘာမှဟုတ်သည့် ကျင့်ကြံသူလေး။ ထိုကျင့်ကြံသူက ကျောက်နိုင်ငံကို သွေးဖြင့်ဆေးကြောစေကာ တန်ပြန်လက်စားချေခဲ့ပေသည်။
ထိုကျင့်ကြံသူမှာ ဟင်္သာပြဒါးဂြိုဟ်တွင် ကျော်ကြားလာကာ ဂြိုဟ်၏ နောက်လာမည့် အုပ်စိုးသူပင် ဖြစ်လာခဲ့သူပင်။ ခုချိန်တွင်တော့ သူသည် ဖဝါးတစ်ချက်ပေါက်ရုံဖြင့် ကြယ်များကို တုန်ခါစေနိုင်သူ ဖြစ်လာခဲ့ပေပြီ။
လီချန်မေသည်လည်း နှစ်တစ်ရာကြာလွန်ပြီးနောက် ဝမ်လင်းက သူမကို တုန်လှုပ်စေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ဝမ်ရှန်ရှန်ကတော့ လေအေးတစ်ချက် ရှိုက်သွင်းမိလေ၏။ သူမသည် ဂြိုဟ်စိတ်ဝိညာဥ်ထုတ်ယူခြင်းမန္တာန်ကို ကောင်းစွာ သိ၍ သူမဆရာက ယင်းမန္တာန်ကို အသုံးပြုတာကိုလည်း မြင်ခဲ့ဖူးပေသည်။ သူမဆရာ ပြောခဲ့သည်က တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် ဤမန္တာန်ကို အသုံးပြုနိုင်သည့်သူ သုံးယောက်ထက် ကျော်လိမ့်မည် မဟုတ် ဟူ၍ပင်၊
ဂြိုဟ်စိတ်ဝိညာဥ်၏အထက်တွင် လေဟာနယ်စိတ်ဝိညာဥ် ရှိ၏။ လေဟာနယ် ဟူသည်မှာ ကြယ်အဖွဲ့အစည်းတစ်ခုလုံး၏ စိတ်ဝိညာဥ်ဟု အဓိပ္ပါယ်ရသည်။ ဒုတိယအဆင့်ကျင့်ကြံသူများကြား၌ ရှေးဟောင်းအချိန်များက ဒဏ္ဍာရီတစ်ခု ရှိသည်ဟု သူမဆရာ ပြောခဲ့ဖူးသည်။
ယင်းဒဏ္ဍာရီမှာ ကောင်းကင်နှင့်မြေကြီးထံကနေ ဥာဏ်အလင်းရယူ၍ ဒုတိယအဆင့်ကျင့်ကြံသူတစ်ယောက် သင်ယူနိုင်သော မဟာမန္တာန်လေးခု ရှိသည် ဟူ၏။ ထိုထဲက နှစ်ခုမှာ ဂြိုဟ်စိတ်ဝိညာဥ်ထုတ်ယူခြင်းနှင့် ဟင်းလင်းပြင်ကွေးညွတ်ခြင်း ဖြစ်သည်။
ထိုမန္တာန်များသည် သင်ယူ၍ မရနိုင်၊ ကံကြုံကြိုက်ကာ နားလည်မှုအပေါ် အခြေခံပြီးမှ တတ်မြောက်နိုင်ပေမည်။ သို့ရာတွင် ယင်းမန္တာန်များကို နားလည်နိုင်သောသူများမှာ ရှားပါးလွန်းပေ၏။
တုလင်းနှင့်ယင်ယွဲ့တို့ ထွက်သွားပြီးနောက်တွင်လည်း တိတ်ဆိတ်နေမြဲပင်။
ထာဝရကလန်၏အကြီးအကဲများက ဝမ်လင်းကို လေးစားသမှုနှင့် ကြည့်နေကြသည်။ သူတို့က ဝမ်လင်း၏ကျင့်ကြံမှု ဝါ သူ့မန္တာန်များကို ဖြတ်မြင်နိုင်စွမ်း မရှိကြပေ။ ဝမ်လင်း၏ ကောင်းကင်ဘုံကံကြမ္မာလက်ချောင်း မန္တာန်ဖြစ်စေ၊ ကောင်းကင်ဘုံမီးတောက်ဖြစ်စေ၊ တုန်လှုပ်ဖွယ်အကောင်းဆုံး ဂြိုဟ်စိတ်ဝိညာဥ် ထုတ်ယူခြင်း မန္တာန်ဖြစ်စေ ဤ မန္တာန်တို့က သူတို့ကို ခြောက်ခြားစေခဲ့ပေသည်။
သူတို့သည် ဝမ်လင်းထံ၌ နောက်ထပ် မည်သည့်မန္တာန်များ ထပ်ပိုင်ဆိုင်ထားသလဲကို မသိကြပါ။ သို့သော သူ ထုတ်ပြခဲ့သော မန္တာန်တို့မှာ သူ့အကန့်အသတ် မဟုတ်ကြောင်းကိုတော့ ခံစားမိရ၏။ သူ့ထံ၌ တုန်လှုပ်ဖွယ်ရာ လျှို့ဝှက်ချက်များစွာ ရှိနေဦးပေမည်။
"အဆင့်ခုနစ်ဒေသက ဘယ်ကျင့်ကြံသူကများ ငါနဲ့ လက်ရည်စမ်း ဝံ့ပါသလဲ..."
ဝမ်လင်းသည် သူ့ညာလက်ကို ဝေ့ယမ်း၏၊ ရှေးဟောင်းအော်ရာတစ်ခုသည် ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။ ဂြိုဟ်၏စိတ်ဝိညာဥ်က ကျင့်ကြံခြင်းဂြိုဟ်ထဲ ပြန်ဝင်ရောက်သွားသည့်အလားပင်။
မြေပြင်ထုသည် အနည်းငယ်မျှ တုန်ခါ၍ တဖြည်းဖြည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေ၏။ စောနက ဖြစ်ပျက်ခဲ့သမျှသည် ပုံရိပ်ယောင်တစ်ခုအလား။
သို့သော်လည်း မိုးနှင့်မိုးကြိုးတို့က ကျန်ရှိနေသေးသည့်အတွက် လူတိုင်းသည် ဤအဖြစ်သနစ်မှာ အစ်အမှန်ဟုတ်ကြောင်း၊ ကြောက်မက်ဖွယ်ကောင်းလှကြောင်းကို သိလေ၏။
ဝမ်လင်း၏စကားသံက တိတ်ဆိတ်မှုကို ဖျက်စီးမသွား၊အကြောင်းမှာ သူ့အသံက ဤသို့တိတ်ဆိတ်နေမှု၏ ရင်းမြစ်ဖြစ်နေသည် မဟုတ်လား။ အဖြူရောင်ဝတ်စုံနှင့် ဝမ်လင်းသည် မိုးရေထဲတွင် မားမားမတ်မတ် ရှိနေ၏။ သူ့ထံမှ ပိုအားကောင်သော ဖိအားကိုလည်း ပေးစွမ်းလေသည်။
မည်သူမျှ ရှေ့ထွက်မလာဝံ့ကြတော့ပေ။ သူတို့အားလုံးသည် ပြိုင်ပွဲစင်မြင့်ထက်ရှိ ဝမ်လင်း၏ပုံရိပ်ကိုသာ အထင်ကြီးလှစွာ ကြည့်နေမိကြ၏။ ထိုပုံရိပ်က သူတို့စိတ်ထဲတွင် ဘယ်တော့မှ မမေ့ပစ်နိုင်အောင် စွဲထင်ကျန်ပေတော့မည်။
ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေစဥ် ထာဝရကလန်၏ ကလန်ခေါင်းဆောင်က ဝမ်လင်းကို စူးစိုက်ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
"ရောင်းရင်းကျင့်ကြံသူလုဟာ အဆင့်ရှစ်ကလန်တွေကြား ပြိုင်ပွဲအတွက် လျာထားတဲ့သုံးယောက်ကို ဒဏ်ရာ အပြင်းအထန် ရစေခဲ့တယ်။ ဒီအတွက် သင်က ဒီအဘိုးအိုကို ရှင်းပြချက်တစ်ခုခု ပေးနိုင်မလား..."
သူက ဝမ်လင်းကို ကြည့်၏၊ သူ့အကြည့်က ဓါးစွမ်းအင်တန်းနှစ်ခု အလား ဝမ်လင်းထံ ရောက်ရှိလာသည်။ ထိုကဲ့သို့ အကြည့်က ကောင်းကင်ထက်ရှိ မိုးကြိုးများ စင်မြင့်ထက် ချဥ်းကပ်မလာဝံ့အောင် ဟန့်တားသလို လေထဲရှိ မိုးစက်များကိုလည်း ရပ်တန့်စေဟန် ထင်ရလေ၏။
ယင်းကဲ့သို့အကြည့်မှာ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကျင့်ကြံသူတို့ တတ်နိုင်သောအရာ မဟုတ်ပေ။ ကောင်းကင်ဘုံဒုက္ခကို တွေ့ကြုံပြီးသောသူများသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။
ဝမ်လင်းသည် ထိုအကြည့်၏ပိတ်ဆို့ခြင်ကို ခံစားမိ၏။ တစ်ဖက်လူက လောကရှိအရာအားလုံးကို ပိုင်ဆိုင်နေသကဲ့သို့ သူ ခံစားလိုက်ရသည်။ ထိုအကြည့်က ကောင်းကင်ဘုံ၏ခွန်အား ရောက်ရှိလာသည့်အလားပင်။
ကောင်းကင်ဘုံခွန်အားရှေ့တွင် မိုးကြိုးသည် ရှောင်ကွင်းရသလို မိုးသည် ရပ်တန့်ပေးရ၏။ ဝမ်လင်း၏စိတ်သည်ပင် တုန်လှုပ်ရချေသည်။
သူ ဖိနှိပ်ထားသောဒဏ်ရာများပါ ပေါက်ကွဲထွက်လာတော့မည့် အရိပ်အယောင် ပြလာ၏။ သို့သော်ငြားလည်း ဝမ်လင်း၏အမူအရာကတော့ ပုံမှန်အတိုင်းသာ ဖြစ်သည်။ သူ့မျက်လုံးက လက်ခနဲ ဖြစ်ပေါ်ကာ အဘိုးအို၏အကြည့်နှင့် သူ့အကြည့် ထိပ်တိုက်တွေ့ဆုံလေသည်။
ဤတွင် လောက၌ တုန်ဟည်းသံတို့ ပဲ့တင်ထပ်ကုန်သည်။ သူတို့ အကြည့်ချင်ယဆုံသည့်အခါ ပြင်းထန်သောဖိအားတစ်ခု ရူးသွယ်စွာ ပျံ့လွင့်လာလေ၏။
စင်မြင့်ပတ်လည်ရှိ လူတိုင်းသည် လေပွေလေပြင်းတစ်ခုကို ခံစားလိုက်ရသည်။ သူတို့က ပင်လယ်လှိုင်းများကြားက လှေငယ်တစ်စင်းကဲ့သို့ ခံစားမိလေ၏။ သူတို့အားလုံးသည် မူလစွမ်းအင်ကို အလျင်အမြန် အသက်သွင်းလိုက်ရ၏။
လီချန်မေ၏မျက်လုံးက အေးစက်လာကာ သူမ၏ခန္ဓာကိုယ်မှ သတ်ဖြတ်လိုစိတ်တို့ ပေါက်ကွဲထွက်လာ၏။ သူမက ဝမ်လင်းကို ကူညီပေးရန် ထိုဖိအားထဲ ဝင်ရောက်ရန် ပြင်သည်။ သို့ရာတွင် သူမ၏အော်ရာ ပေါ်လာသည့် အခိုက်အတန့်၌ အဘိုးအိုက သူ့လက်ကိုဝေ့ယမ်းလိုက်၏။ ပြင်းထန်သောဖိအားက သတ်ဖြတ်လိုစိတ်ကို နောက်ပြန်ကန်စေကာ လီချန်မေ၏ခန္ဓာကိုယ်ဖြင့် ခုနစ်လက်မအတွင်း ဖိနှိပ်ထားလေသည်။
မူပင်းမေ၏မျက်လုံးမှာလည်း အေးစက်လာသည်။ သူမ၏ခန္ဓာကိုယ်ထဲမှ မူလစွမ်းအင်ကို လှုပ်ရှားစေပြီး နိဗ္ဗာနဖြိုခွဲခြင်းကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်သည်။ သူမသည် လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ တိုက်ခိုက်ရန် ဟန်ပြင်သည်။ သို့သော် မလှန်နိုင်သောအားတစ်ခုက သူမကို ဖိနှိပ်လာရာ သူမအဖို့ သူမ၏ကျင့်ကြံမှုကို အသုံးပြုရန် မဖြစ်နိုင်တော့ပေ။
ထာဝရကလန်၏ ကလန်ခေါင်းဆောင်၏ကျင့်ကြံမှုမှာ လောကကို လှစ်ဟ၏။ အဆင့်ရှစ်ကလန်တစ်ခု၏ ကလန်ခေါင်းဆောင် ဖြစ်လာသော သူ့ကျင့်ကြံမှုအဆင့်မှာ သာမန်မဟုတ်တာ သိသာသည်။
မူပင်းမေ၏မျက်နှာမှာ ဖြူရောသွားသည်။ သူမသည် ကလန်ခေါင်းဆောင်၏ဖိအားအတွင်းမှ သတ်ဖြတ်လိုစိတ်ကို ခံစားမိသည်။ ယင်းက အတုအယောင် ဖြစ်သော်လည်း သူမ၏စိတ်ကို ကယောက်ကယက် ဖြစ်စေသည်။ သူမအဖို့ တွေးနေရန် အချိန်မရှိပေ။ ထို့အတွက်ကြောင့် သူမသည် ထူးဆန်းသောလက်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ၎င်းက တောက်ပသောလေဟာနယ်သူတော်စင်မများ မျိုးဆက်အလိုက် လက်ဆင့်ကမ်း ဆက်ခံရသော မန္တာန် ဖြစ်သည်။
ထိုမန္တာန်ပေါ်လာသည်နှင့် သူမခန္ဓာကိုယ်ပတ်လည်တွင် ပုံရိပ်ယောင်ဖန်ပုလင်းတစ်ခု ပေါ်လာကာ သူမအား ဖိနှိပ်ထားသောအားကို ကန်ထွက်သွားစေသည်။ သူမက အတင်းထိုးထွက်လာ၏။ သို့သော် သူမမျက်နှာမှာ ပိုဖြူရောသွားသည်။
သူမ ဒဏ်ရာရထားခြင်းကြောင့်သာ မဟုတ်ပါက ထိုအမွေအနှစ်မန္တာန်ကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်ပေသည်။ သို့ရာတွင် သူမ၏ခန္ဓာကိုယ် ဖျက်စီးခံရပြီး မူလစိတ်ဝိညာဥ်မှာလည်း ဒဏ်ရာ ရခဲ့သည့်အတွက်ကြောင့် ဤမန္တာန်ကို အသုံးပြုသည့်အခါ သူမ၏ဒဏ်ရာများသည် ပိုဆိုးသွားတော့သည်။
ထိုမြင်ကွင်းသည် ကလန်ခေါင်းဆောင်ဆံဖြူအဘိုးအိုကို တုန်လှုပ်သွားစေ၏။ ဤအခိုက်မှာပင် လီချန်မေက တုန်လှုပ်ဖွယ်အော်ရာတစ်ခုကို ထုတ်လွှတ်လာသည်။ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်တစ်ခု လွတ်ထွက်လာချေ၏။ လီချန်မေသည် ဆံဖြူအဘိုးအို၏ဖိအားကို ချိုးဖျက်ကာ ထိုးထွက်လာလေ၏။
သူမရှေ့တွင် ကျောက်စိမ်းပြားတစ်ခု ရှိနေ၏။ ယင်းကျောက်စိမ်းပြားမှာ နတ်ဆိုးကလန်ရှိ ဆန်းကြယ်သောလူက သူမကို ပေးခဲ့ခြင်း ဖြစ်သည်။
အဖြစ်အပျက်မှာ မြန်လှ၏။ လီချန်မေနှင့်မူပင်းမေတို့ ထိုးထွက်လာသည့်အခါ ဝမ်လင်းသည် သူ့ညာခြေထောင်ကို ပင့်မြှောက်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ထိုစဥ် သူသည် လောကနှင့်တစ်သားတည်း ဖြစ်သွားပြီး သူဟာ ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ဖြစ်လာသည်ဟု ထင်မှတ်ရလေသည်။
"သင်တို့နှစ်ယောက် ဝင်ပါဖို့ မလိုပါဘူး..." သူသည် ရှေ့လှမ်းလာလျက် သူ့လက်ကို ဝေ့ယမ်းရာ ညင်သာသောစွမ်းအင်တစ်ခုက လီချန်မေနှင့်မူပင်းမေတို့ကို ဝန်းရံသွား၍ သူမတို့နှစ်ယောက်ကို ရပ်တန့်စေသည်။
"ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူလား...ငါ အရင်က ဒီအဆင့်ကျင့်ကြံသူတစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်..."
ဤအခိုက်အတန့်တွင် ဝမ်လင်းထံမှ ရွှေရောင်အလင်းတစ်ခု ပေါက်ကွဲထွက်လာ၏။ ယင်းအလင်းက ညင်သာသောနေမင်းအလင်း ဖြစ်သော်လည်း ညအမှောင်ကို စုတ်ဖြဲပစ်နိုင်စွမ်း ရှိလေသည်။ ယင်းအလင်း ပြန့်ကြဲလာသည့်အခါ ဤဧရိယာကို ရှောင်ဖယ်သွားသော မိုးကြိုးများ နောက်တဖန် စုဝေးလာပြီး မိုးစက်များလည်း ရပ်တန့်နေရာကနေ ပြန်ကျဆင်းလာလေ၏၊
ဆံဖြူအဘိုးအိုထံမှ တုန်လှုပ်သံ ထွက်ပေါ်၏။ သူ မတ်တပ်ထရပ်လာသည့်အခိုက်မှာ မိုးစက်များသည် အဖြူရောင်အခိုးငွေ့များ အဖြစ် ပျက်စီး၍ လေထုထဲသို့ တိုးဝင်လေသည်။
"အဆင့်ရှစ်ကလန်တွေကြားက ပြိုင်ပွဲမှာ ငါ ပါဝင်ပေးနိုင်တယ်။ ဒါပေမဲ့ သင်ဟာ မူလကလန်အတွက် ငါ့ကို ဖြေရှင်းချက်တစ်ခု ပေးရလိမ့်မယ်..."
ဝမ်လင်းသည် ထိုအဘိုးအို ဖြစ်လိုသည့်ဆန္ဒကို ချက်ခြင်း မြင်နိုင်ပေ၏။ သတ်ဖြတ်လိုစိတ်မှာ အတုအယောင်မျှသာ ဖြစ်လေသည်၊
ဆံဖြူအဘိုးအို၏မျက်လုံးများသည် တောက်ပလာကာ သူ ပြုံး၏။ သူက စကားပြောရန် ပြင်လိုက်စဥ်မှာပင် သူ့အမူအရာသည် ပြောင်းလဲသွားပြီး အကွာအဝေးတစ်ခုထံသို့ ကြည့်သည်။
အကွာအဝေးတစ်ခုမှ မိုးကြိုးပစ်သံကဲ့သို့ ကျယ်လောင်စွာ မြည်ဟည်း၍ အလင်းတန်းတစ်ခု လှမ်းလာလေသည်။ ကောင်းကင်ထက်မှ ခပ်နိပ်နိပ်အသံတစ်ခုလည်း ထွက်ပေါ်လာ၏။
"မင်း ငါရဲ့မန္တာန်တွေထဲက တစ်ခုကို ရင်ဆိုင်ဝံ့လား..."
"မြင့်မြတ်သောအကြီးအကဲ..." ထာဝရကလန်၏လူတိုင်းသည် မတ်တပ်ထရပ်ကာ သူတို့၏လက်နှစ်ဖက်ကို ဆုပ်၍ ပြောသည်။ သူတို့၏အမူအရာတွင်လည်း အလွန်လေးစားဟန်များ ဖြစ်ပေါ်ကုန်သည်။
ဝမ်လင်းက ခေါင်းမော့ကြည့်သည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းသည် ပင်လယ်မှမြင့်တက်လာသော နေမင်းနှင့် အလားသဏ္ဍာန်တူ၏။ သူသည် ချဥ်းကပ်လာသော အလင်းကို ကြည့်သည့်အခါတွင် သူ့မျက်လုံးများမှာ ရွှေရောင်တောက်ပလေ၏။
***