အခန်း ၆၁
Vol. 7 Ch. 61
(အခန်း) 61
ရှောင်ကျိုး ခေါင်းငြိမ့်ပြလိုက်သည်။
"ဒါပေမဲ့ ဒီကိစ္စကို မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ အရင်ဆွေးနွေးဖို့ လိုမယ်"
မည်သို့ပင်ဖြစ်စေ ရွာသားများသည် သူတို့၏ မူလဇစ်မြစ်ကို ယခုတိုင် မသိရှိကြသေးချေ။
"ဦးလေးလည်း လိုက်ခဲ့မယ်"
ရှီရှန်းလည်း မျိုးနွယ်စုခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကျေးဇူးတင်လို၏။
ရှောင်ကျိုး မျိုးနွယ်စုခေါင်းဆောင်ကျိုး၏ အိမ်သို့ အပြေးသွားကာ ခေါင်းဆောင်များနှင့် ဆွေးနွေးစရာရှိကြောင်း ပြောလိုက်၏။ ခေါင်းဆောင်အချို့ သူတို့၏လက်ကိုင်တုတ်များကို အားပြုရင်း ကျိုးခေါင်းဆောင်၏ အိမ်ဝင်းထဲသို့ ချက်ချင်း ရောက်ရှိလာကြတော့သည်။
"ဘာဖြစ်လို့လဲ ရွာလူကြီးလေး ဘာကိစ္စရှိလို့လဲ"
မျိုးနွယ်စုခေါင်းဆောင်များ အလောတကြီး မေးမြန်းကြ၏။
"သမီး မိသားစုကို ပြန်တွေ့ပြီ”
ရှောင်ကျိုး စိတ်လှုပ်ရှားစွာဖြင့် သတင်းကောင်းကို ဝေမျှလိုက်သည်။
သို့သော် မျိုးနွယ်စုခေါင်းဆောင်များအတွက်မူ ဤအရာသည် သတင်းကောင်းတစ်ခု မဟုတ်ချေ။ သူတို့သည် ရွာလူကြီးလေး သူမ၏မိသားစုကို မည်သည့်အချိန်တွင်မှ ပြန်မတွေ့ပါစေနှင့်ဟုပင် အတ္တဆန်စွာ ဆုတောင်းခဲ့မိကြသည်။ ရွာလူကြီးသာ သူတို့ကို ထားခဲ့မည်ဆိုပါက ရွာသားများ မည်မျှအထိ ဝမ်းနည်းကြမည်ကို သူတို့ မတွေးရဲကြချေ။ ရွာသားများကို မဆိုထားနှင့်၊ မျိုးနွယ်စုခေါင်းဆောင်များကိုယ်တိုင်ပင် ရင်ထဲ၌ ကျောက်တုံးကြီးတစ်ခု ပိတ်ဆို့နေသကဲ့သို့ ခံစားရကာ အလွန်ပင် ဝမ်းနည်းသွားကြ၏။
"ဘိုးဘိုးတို့ ဘာဖြစ်ကြတာလဲ"
ရှောင်ကျိုး ကြောင်အမ်းအမ်းဖြင့် မေးလိုက်၏။ ခေါင်းဆောင်များ၏မျက်နှာမှာ ငိုတော့မည့်ရုပ်များ ဖြစ်နေသောကြောင့်ပင်။
ကျိုးခေါင်းဆောင်မှာ ပထမဆုံး စိတ်ဓာတ်ပြိုလဲသွားသူဖြစ်၏။ သူ ရွာလူကြီးလေးကို ဖက်ငိုတော့သည်။
"ရွာလူကြီးလေးရယ် မသွားပါနဲ့၊ အဘိုးတို့ သမီးကို မခွဲနိုင်ဘူး၊ သမီးမရှိရင် ဒီရွာသားတွေ ဘယ်လို အသက်ဆက်ကြမလဲ”
အခြားသောခေါင်းဆောင်များလည်း မျက်ရည်စက်လက်ဖြင့် ရင်ကွဲမတတ် ငိုကြွေးကြ၏။ ရှောင်ကျိုးမှာ အနည်းငယ် အံ့သြသွားရသည်။ သူမ မနက်ဖြန် မြို့တော်ကို သွားမည့်အကြောင်း မပြောရသေးပါဘဲနှင့် သူတို့ မည်သို့သိနေကြသနည်း။
"သမီး မနက်ဖြန်သွားမှာကို ဘိုးဘိုးတို့က ဘယ်လိုသိတာလဲ"
"ဘာ မနက်ဖြန် သွားတော့မှာလား"
မျိုးနွယ်စုခေါင်းဆောင်များ၏ငိုသံမှာ ပို၍ပင် ကျယ်လောင်လာ၏။
"ရွာလူကြီးလေး မသွားပါနဲ့၊ သမီးမရှိဘဲ အဘိုးတို့ ဘယ်လိုနေမလဲ”
"ရွာလူကြီးလေး၊ အဘိုးတော့ အသက်မရှင်ချင်တော့ဘူး၊ သမီးက ဘာလို့ ဒီလောက် ရက်စက်ရတာလဲ"
"ရွာလူကြီးလေး ရွာသားတွေကို ပစ်သွားဖို့ သမီးရက်စက်နိုင်လိုက်တာ၊ သူတို့ ဘယ်လိုနေရမှာလဲ”
ရှောင်ကျိုးမှာ မေးခွန်းများစွာ ထွက်ပေါ်လာတော့သည်။
"သမီး အားလုံးကို ပစ်သွားမှာ မဟုတ်ပါဘူး၊ ရက်နည်းနည်းကြာရင် ပြန်လာမှာပါ"
ထိုစကားကို ကြားလိုက်ရသည်နှင့် မျိုးနွယ်စုခေါင်းဆောင်များ ချက်ချင်းပင် မျက်ရည်များကို သုတ်လိုက်ကြပြီး ထိုင်ခုံများပေါ်တွင် အေးအေးလူလူထိုင်ကာ မည်သည်မှမဖြစ်ခဲ့သကဲ့သို့ ဟန်ဆောင်လိုက်ကြ၏။
"ရွာလူကြီးက သူ့မိသားစုကို ဘယ်လိုရှာတွေ့တာလဲ"
ထိုအခါမှသာ အရေးကြီးသောမေးခွန်းကို မေးရန် သတိရကြသည်။
ရှောင်ကျိုး ရှီရှန်းကို ညွှန်ပြကာ မိတ်ဆက်ပေးလိုက်၏။
"ဒါ သမီးရဲ့ ဦးလေးပါ"
ရှီရှန်း မျိုးနွယ်စုခေါင်းဆောင်များကို အမြန်နှုတ်ဆက်ကာ စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စကား ဆိုလိုက်သည်။
မျိုးနွယ်စုခေါင်းဆောင်များကမူ စိတ်ထဲမှ တွေးနေကြ၏။
‘မင်းရဲ့ ကျေးဇူးတင်စကားကို မလိုချင်ပါဘူး၊ ငါတို့ရွာသူကြီးလေးကို ပြန်ပေးမဆွဲသွားရင် ပြီးတာပဲ’
ကျိုးခေါင်းဆောင်လည်း တွေးနေသည်။
‘မင်းသာ ပြန်ပေးဆွဲသွားမယ်ဆိုရင် ငါ့ကိုပါ တစ်ပါတည်း ခေါ်သွား၊ ငါ့ရွာသူကြီးလေးကို ငါ စိတ်မချဘူး’
မျိုးနွယ်စုခေါင်းဆောင်များသည် မျက်နှာသေများဖြင့် စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေကြသည်။ မည်သို့ပင်ဆိုစေ သူတို့ ရွာလူကြီးလေးကို တွေ့ရှိစဉ်က သူမမှာ တောင်ပေါ်မှ ညောင်ပင်အောက်တွင် စွန့်ပစ်ခံထားရသော မွေးကင်းစကလေးငယ်လေးသာ ဖြစ်၏။ အကယ်၍ သူတို့ရွာသူကြီးဟောင်းက အိပ်မက်ထဲ၌ ပေါ်မလာခဲ့လျှင်၊ သို့မဟုတ် သူတို့ ရောက်သွားသည်မှာ အနည်းငယ်နောက်ကျခဲ့လျှင် တောင်ပေါ်တွင် တောရိုင်းတိရစ္ဆာန်များ များစွာရှိသကဲ့သို့ အပြင်၌လည်း အလွန်အေးသည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့လျှင် မျိုးနွယ်စုခေါင်းဆောင်များ ဆက်မတွေးရဲကြတော့ချေ။ တွေးလေလေ ရှီရှန်းကို ကြည့်မရလေလေ ဖြစ်လာ၏။
ရှီရှန်း သူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် ရှောင်ကျိုး၏ နောက်ခံသမိုင်းကြောင်းကို အမြန်ပင် ရှင်းပြလိုက်၏။ ရှောင်ကျိုးကို အဘယ်ကြောင့် တောင်ပေါ်၌ စွန့်ပစ်ခဲ့သည်ကိုတော့ သူလည်း မသိချေ။
ဒေါသထွက်နေသော မျိုးနွယ်စုခေါင်းဆောင်များသည် ရှီရှန်းမှာ ရှီမိသားစု၏ အမျိုးသားတစ်ဦးဖြစ်ပြီး အသက်ရှင်လျက် ရှိနေသေးသည်ကို သိလိုက်ရသောအခါ အံ့သြသွားကြ၏။ ခေါင်းဆောင်များသည် လက်ကို မည်သည့်နေရာ၌ ထားရမှန်းမသိဘဲ အလောတကြီး ထရပ်လိုက်ကြသည်။
‘ဒါက ရှီမိသားစုပဲ၊ ပြည်သူတွေရဲ့ အစောင့်အရှောက် နတ်ဘုရားတွေ မဟုတ်ပါလား’
ထို့နောက် သူတို့ ခေါ်ယူကျွေးမွေးထားသော ရွာလူကြီးလေးမှာ မင်းသမီးလေးတစ်ပါး ဖြစ်နေသည်ကို သတိပြုမိလိုက်ကြသည်။ မျိုးနွယ်စုခေါင်းဆောင်များမှာ ပို၍ပင် စိတ်မကောင်းဖြစ်သွားရ၏။ မင်းသမီးလေး ဖြစ်ရသည်က ရွာသူကြီးဖြစ်ရသည်ထက် များစွာ သာလွန်၏။
အကယ်၍ ရွာသူကြီးလေးမှာ မြို့တော်မှ အဆောင်အယောင်များကြား မျက်စိလည်ပြီး သူတို့ကို လုံးဝမေ့သွားလျှင် မည်သည့်လုပ်ရမည်နည်း။
မျိုးနွယ်စုခေါင်းဆောင်များသည် ရင်ထဲ၌ ဟာတာတာဖြစ်သွားကာ ရွာလူကြီးလေးကို ဖက်ပြီး နောက်တစ်ကြိမ် ထပ်ငိုချင်လာပြန်၏။ ရှောင်ကျိုးမှာမူ ဤဘိုးဘိုးကြီးကို တစ်လှည့်၊ ဟိုဘိုးဘိုးကြီးကို တစ်လှည့် ချော့မြှူနေရတော့သည်။
သူမ စိုးရိမ်လွန်းသဖြင့် တစ်ပတ်ပြီးတစ်ပတ် ပတ်ချာလည်အောင် ပြေးနေ၏။
"စိတ်မပူပါနဲ့၊ ရှောင်ကျိုးက ထောင်ယွမ်ရွာရဲ့ရွာလူကြီးရှိနေဦးမှာပါ၊ အခုက ကျွန်တော့်အမေဆီကို သွားလည်တာပါ၊ ပြီးရင် မကြာခင် ပြန်လာမှာ"
ရှီရှန်း အမြန်ရှင်းပြလိုက်ရသည်။
မြို့တော်တွင် အခြေအနေများ မည်သို့ရှိနေသည်ကို သူကိုယ်တိုင်ပင် မသိသေးသဖြင့် ရှောင်ကျိုးကို ထိုနေရာတွင် တစ်ယောက်တည်း ထားခဲ့ရန် သူလည်း မဝံ့ရဲချေ။
နောက်ဆုံးတွင် မည်သည်တို့ဖြစ်နေသည်ကို နားလည်သွားသော ရှောင်ကျိုးသည် မျိုးနွယ်စုခေါင်းဆောင်များကို အမြန်ပင် နှစ်သိမ့်လိုက်၏။
“ဘိုးဘိုးတို့၊ သမီး ဘိုးဘိုးတို့ကိုရော၊ ရွာသားတွေကိုရော၊ ထောင်ယွမ်ရွာကိုရော ဘယ်တော့မှ ပစ်မသွားပါဘူး၊ ထောင်ယွမ်ရွာက သမီးရဲ့အိမ်ဖြစ်သလို ဘိုးဘိုးတို့ အားလုံးကလည်း သမီးရဲ့မိသားစုတွေပါ"
မျိုးနွယ်စုခေါင်းဆောင် အတော်များများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားရကာ ပါးပြင်ပေါ်သို့ မျက်ရည်များ အဆက်မပြတ် စီးကျလာကြသည်။
"ရွာလူကြီးလေးက အရွယ်ရောက်လာရင် တစ်နေ့ကျရင်တော့ ထောင်ယွမ်ရွာကနေ ထွက်သွားရမှာပဲလေ၊ ဒီမှာပဲ တစ်သက်လုံး နေလို့မှ မဖြစ်တာ"
မျိုးနွယ်စုခေါင်းဆောင်များသည် သူတို့၏ အတ္တတစ်ခုတည်းအတွက်နှင့် ရွာလူကြီးလေးကို တစ်သက်လုံး ထောင်ယွမ်ရွာ၌ပင် ချုပ်နှောင်မထားလိုကြချေ။
"ဒါဆိုရင် သမီး ရွာသားတွေအားလုံးကိုပါ တစ်ပါတည်း ခေါ်သွားမှာပေါ့၊ သမီးတို့ရှိတဲ့နေရာက ထောင်ယွမ်ရွာပဲပေါ့”
ရှောင်ကျိုး မျိုးနွယ်စုခေါင်းဆောင်များကို အလေးအနက် ကတိပေးလိုက်၏။
ထိုစကားကို ကြားလိုက်ရသည်နှင့် မျိုးနွယ်စုခေါင်းဆောင်များမှာ ချက်ချင်းပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။
‘ဟုတ်သားပဲ’
‘ရွာသူကြီးလေးရှိတဲ့နေရာက ထောင်ယွမ်ရွာပဲပေါ့၊ နောင်ကျရင် ရွာလူကြီးလေးဘယ်သွားသွား သူတို့က နောက်ကနေ လိုက်သွားရုံပဲ မဟုတ်လား’
"မနက်ဖြန် ရွာလူကြီးနဲ့အတူ မြို့တော်ကို ငါပါ လိုက်ခဲ့မယ်၊ မြို့တော်မှာက ဘယ်လို မိစ္ဆာတွေ ရှိနေမလဲ မသိဘူး၊ ငါ့ရွာလူကြီးလေးကို အနိုင်ကျင့်ခံရအောင် အဖြစ်မခံနိုင်ဘူး"
ထိုသို့ ပြောပြီးနောက် ကျိုးခေါင်းဆောင် အထုပ်အပိုးပြင်ရန် ထွက်သွားတော့၏။
အခြားသောခေါင်းဆောင်များကလည်း လိုက်ချင်ကြသော်ငြား ရှောင်ကျိုး ငြင်းပယ်လိုက်၏။ မျိုးနွယ်စုခေါင်းဆောင်များမှာ အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်ရာ ခရီးဝေးကြီးကို သူမနှင့်အတူ ပင်ပင်ပန်းပန်း မလိုက်စေချင်သောကြောင့် ဖြစ်သည်။
သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်များမှာ မြို့တော်သည် အန္တရာယ်များလှသည်ဟု ခံစားနေရသဖြင့် ရွာလူကြီးလေးအတွက် စိုးရိမ်မကင်း ဖြစ်နေကြဆဲပင်။
အပြန်အလှန် ညှိနှိုင်းကြပြီးနောက် မျိုးနွယ်စုခေါင်းဆောင်များသည် ရွာထဲမှ အားကိုးထိုက်သော လူအချို့ကို ရွေးချယ်ကာ ရွာလူကြီးနှင့်အတူ ထည့်ပေးလိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ ၎င်းမှာ တစ်ဖက်က ရွာသူကြီးကို ပြုစုစောင့်ရှောက်ရန်ဖြစ်ပြီး အခြားတစ်ဖက်ကမူ သူတစ်ပါး၏ အနိုင်ကျင့်မှုကို မခံရစေရန် ဖြစ်၏။
ဆွေးနွေးမှုများ ပြီးဆုံးသွားသောအခါ ရှောင်ကျိုး လက်နှစ်ဖက်အား နောက်ပစ်ကာ လမ်းကို ယိမ်းထိုးယိုင်ထိုးဖြင့် လျှောက်ရင်း အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ရှေ့သို့ ရောက်ခါနီးတွင် ဂူထဲမှ ကလေးအုပ်စုကို သူမ သတိရသွားသည်။ ထိုကလေးများသည် ယနေ့ သူမကိုများစွာ ကူညီပေးခဲ့ကြသဖြင့် သူတို့အား သွားကြည့်ရန် လိုအပ်သည်ဟု ရှောင်ကျိုး ခံစားလိုက်ရ၏။
ရှောင်ကျိုး အားသို့၊ ကျောက်ဟူတို့အဖွဲ့နှင့်အတူ ဂူရှိရာဘက်သို့ အမြန်ပင် သွားလိုက်သည်။
ရွာသူကြီးလေးအိမ်ရှေ့တွင် ထိုင်စောင့်နေသော ရှီထုံသည် ရွာသူကြီးလေးကို မြင်လိုက်ရသဖြင့် ထပြေးရန် ပြင်လိုက်စဉ်မှာပင် လူအုပ်ကြီးက သူ၏မျက်စိရှေ့မှ ပျံထွက်သွားသည်ကို မြင်လိုက်ရသည်။ ထို့နောက် အခြားလူများလည်း တစ်ဦးပြီးတစ်ဦး ပျံထွက်သွားကြပြန်၏။
မကြာမီမှာပင် ရှီထုံ၏ အာခေါင်ခြစ်အော်ငိုသံကြီးမှာ ရွာတစ်ခုလုံးကို ဟိန်းထွက်သွားတော့သည်။
ယခုတစ်ခေါက် ဂူသို့အသွားတွင် ရှီရှန်းနှင့် ချင်းရွှီတို့လည်း လိုက်ပါလာကြသည်။ သူတို့သည်လည်း ဝတ်စုံနက်ဝတ်လူများ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသော ကလေးများ မည်သို့ရှိနေမည်ကို သွားရောက်ကြည့်ရှုလိုကြခြင်း ဖြစ်၏။
ဝိုင်ခွက်လေးများ အေးအေးလူလူပင် လွင့်မြောလာစဉ် ခပ်ဝေးဝေးမှ တိုက်ခိုက်နေသံများကို သဲ့သဲ့ကြားလိုက်ရသည်။ ရှောင်ကျိုး သူမ၏စိတ်စွမ်းအားကို အသုံးပြု၍ စူးစမ်းကြည့်လိုက်သည်။
’တကယ်ပဲ’
"ဟိုဘက်မှာ တိုက်ပွဲဖြစ်နေတယ်"
ရှောင်ကျိုး အဖွဲ့သားများကို ပြောလိုက်၏။
ကျောက်ဟူ လက်ယားခြေယားဖြစ်ကာ ဆိုသည်။
"ရွာသူကြီးလေး သွားကြည့်ကြမလား၊ ပွဲက ကြည့်ကောင်းမှာ"
အားသို့: "ကျွန်တော်လည်း သွားချင်တယ်"
ဖက်တီးလေး : "သွားမယ်၊ သွားမယ်၊ ကျွန်တော်လည်း သွားမယ်"
အခြားသော ကလေးများ၏ "ပွဲကြည့်စင်" ရေဒါများမှာလည်း တဒိတ်ဒိတ်နှင့် အချက်ပြနေကြသဖြင့် မသွားဘဲ မနေနိုင်ကြတော့ချေ။ အဖွဲ့သားအားလုံးသည် ချက်ချင်းပင် လမ်းကြောင်းပြောင်းကာ ညာဘက်သို့ ပျံသန်းသွားကြတော့၏။
နောက်မှလိုက်လာကြသော ရှီရှန်းနှင့် ချင်းရွှီတို့မှာမူ သက်ပြင်းချရင်း ရေရွတ်နေကြ၏။
"ပွဲရှိတိုင်း လိုက်ကြည့်နေတာက ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးသလို ဖြစ်လိမ့်မယ်"
အဖွဲ့သားများသည် အခင်းဖြစ်ပွားရာနေရာသို့ အမြန်ရောက်ရှိသွားပြီး ပွဲကြည့်ရန် အကောင်းဆုံးဖြစ်သော တောင်ကုန်းလေးတစ်ခုပေါ်တွင် ဝပ်နေလိုက်ကြသည်။
"ဘာလို့ အုပ်စုနှစ်စုလုံး တိုက်ပွဲရပ်သွားတာလဲ"
ကျောက်ဟူ အရေးကောင်းတုန်း အမြုတေပျောက်သကဲ့သို့ နှမြောတသဖြစ်နေ၏။
"ခဏ နားနေကြတာ ဖြစ်မှာပေါ့၊ သူတို့ ဘာတွေပြောနေလဲဆိုတာ အရင်နားထောင်ကြည့်ရအောင်"
ကလေးများ အောက်ဘက်ရှိ အုပ်စုနှစ်စု၏စကားဝိုင်းကို နားထောင်ရန် နားများကို စွင့်လိုက်ကြသည်။