← Chapters

အခန်း ၆၂

Vol. 7 Ch. 62

အခန်း ၆၂

Vol. 7 Ch. 62

(အခန်း) 62

ယခုရောက်ရှိနေသော တောင်ကုန်းနှင့် အောက်ဘက်ရှိ လူအုပ်စုကြားတွင် အကွာအဝေးတစ်ခု ခြားနေသေးသဖြင့် သူတို့ပြောသမျှကို သဲသဲကွဲကွဲ မကြားရချေ။

​"ယွိဟွာကတော့ ကံကောင်းလိုက်တာ"

ရှန်ကျစ်ယွမ် မနာလိုစွာဖြင့် ရေရွတ်လိုက်သည်။

​အမှန်တကယ်ပင် ယွိဟွာသည် ပါးနပ်စွာဖြင့် အောက်သို့ ပျံဆင်းသွားကာ အခင်းဖြစ်ပွားရာနှင့် မီတာအနည်းငယ်သာ ဝေးသော မြက်တောတစ်ခုထဲတွင် ဝပ်နေလိုက်သည်။ သူမ မျက်လုံးများကို ဝိုင်းစက်နေအောင်ဖွင့်လျက် စပ်စုချင်စိတ်အပြည့်ဖြင့် နားစွင့်နေ၏။

​"ငါသာ ယွိဟွာလို သေးသေးလေး ဖြစ်နေရင် တစ်ခုခုလုပ်တဲ့အခါ ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး"

ဖက်တီးလေး ပွဲကြည့်နေရင်း ပျော်မြူးနေသော ယွိဟွာကို အားကျစွာ ကြည့်နေမိသည်။

​"နင်က ယွိဟွာလောက် မတော်ပါဘူးဟယ်၊ နင်သာ ယွိဟွာဆိုရင် ၁၅ မိနစ်တောင် မပြည့်ခင် ထမင်းစားပွဲပေါ် ရောက်သွားမှာ"

ရှန်ကျစ်ယွမ် လှောင်ပြောင်၍ ပြောလိုက်သည်။

​"မကြားရရင်လည်း ကြည့်ပဲကြည့်နေကြပေါ့၊ ယွိဟွာပြန်လာမှ သူမကြားခဲ့တဲ့ သတင်းတွေကို ငါတို့နဲ့ ပြန်ဝေမျှခိုင်းတာပေါ့"

ရှောင်ကျိုး ဝင်ပြောလိုက်၏။

​သူမ စနစ်ထဲရှိဆိုင်တွင် ကိုယ်ယောင်ဖျောက်နိုင်သော သို့မဟုတ် ခန္ဓာကိုယ်ကို ပြောင်းလဲနိုင်သော မှော်ပစ္စည်းများ ရှိ၊ မရှိ မေးမြန်းကြည့်ခဲ့သော်လည်း စနစ်ထံမှ အေးစက်စက်နှင့် ငြင်းပယ်သောအဖြေကိုသာ ရရှိခဲ့သည်။

​အောက်ဘက်တွင်မူ အဖွဲ့နှစ်ဖွဲ့မှာ တင်းမာစွာ ရင်ဆိုင်နေကြ၏။

​"ဟယ်ချီချွမ်း မင်း အကန့်အသတ်ထက်မကျော်နဲ့၊ ငါ့ဖြေဆေးကို အခုချက်ချင်း ပြန်ပေး”

ဘယ်ဘက်မှ အမျိုးသမီးမှ ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူမ၏လက်ထဲမှ ဓားမှာလည်း တုန်ရီနေပြီး တစ်ဖက်ကအမျိုးသားကို တစ်ချက်တည်းနှင့် အသေသတ်ပစ်ချင်နေသည့်အလားပင်။

​ဟယ်ချီချွမ်းဟုခေါ်သော အမျိုးသားကမူ သူ၏လက်ထဲမှ ပုလင်းငယ်လေးကို အေးအေးလူလူ ကစားရင်း ဆိုသည်။

"ဆုကျင့်ရှီး မင်းအစ်ကိုကို ကယ်ဖို့ ဖြေဆေးလိုချင်တာလား၊ ရပါတယ် ငါပြောတဲ့ တောင်းဆိုချက်ကို မင်းသဘောတူမယ်ဆိုရင် ဖြေဆေးကို ပြန်ပေးမယ်လို့ ပြောပြီးသားပဲလေ"

​"ရှီးအာ မင်း သူ့ကို သဘောမတူလိုက်နဲ့"

အားနည်းလှသော အမျိုးသားအသံတစ်သံသည် မြင်းရထားထဲမှ ထွက်ပေါ်လာပြီးနောက် ဆက်တိုက်ဆိုသလို ချောင်းဆိုးသံများ ကြားလိုက်ရ၏။

​"အစ်ကို”

ဆုကျင့်ရှီး သူမ၏အစ်ကိုဆုကျင့်ချန်ရှိရာသို့ ပြေးသွားကာ မြင်းရထားလိုက်ကာကို လှန်ကြည့်လိုက်၏။ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစအချို့ ရှိနေသေးရာ အဆိပ်ဒဏ်မှာ အတော်ပင် ပြင်းထန်နေကြောင်း သိသာလှသည်။

​"အစ်ကို စိတ်မပူပါနဲ့၊ ဖြေဆေးကို ညီမရအောင်ယူပြီး အစ်ကို့ကို ကယ်မှာပါ"

ဆုကျင့်ရှီး၏မျက်ဝန်းထဲတွင် ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် ပြည့်နှက်သွားကာ ဟယ်ချီချွမ်းဘက်သို့ ပြန်လှည့်၍ စိုက်ကြည့်လိုက်၏။

​ဟယ်ချီချွမ်း၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုပေါ်လာပြီး အခြေအနေကို ထိန်းချုပ်ထားရသည်ကို သဘောကျနေပုံရသည်။

"ဆုကျင့်ရှီး မင်းရဲ့ ရွေးချယ်မှုက မင်းအစ်ကိုရဲ့ အသက်နဲ့ဆိုင်တယ်နော်၊ ငါ့တောင်းဆိုချက်က ရိုးရိုးလေးပါ၊ မင်းသာ ငါ့ရဲ့ စေ့စပ်ထားသူဖြစ်ဖို့ သဘောတူမယ်၊ ပြီးတော့ မင်းတို့ ဆုမိသားစုက ငါတို့ ဟယ်မိသားစုနဲ့ ပူးပေါင်းပြီး ဒုတိယမင်းသားကို ကူညီမယ်ဆိုရင် ဒီဖြေဆေးကို လက်နှစ်ဖက်နဲ့ ဆက်သပေးပါ့မယ်"

​"နင်"

ဆုကျင့်ရှီးမှာ ဒေါသကြောင့် တုန်ရီနေတော့၏။ ဒုတိယမင်းသား၏ မယ်တော်ဘက်မှ အမျိုးများဖြစ်သော ဟယ်မိသားစုသည် ဆုမိသားစုကို ဒုတိယမင်းသားထံအစေခံရန် အကြိမ်ကြိမ် စည်းရုံးခဲ့ဖူးသည်။ ဘုရင့်အပေါ် သစ္စာရှိသော သူမ၏အဘိုးကမူ အမြဲတမ်း ငြင်းပယ်ခဲ့၏။

​မထင်မှတ်ဘဲ ဟယ်ချီချွမ်းသည် ယခုကဲ့သို့ ယုတ်မာစွာဖြင့် သူမအစ်ကို၏ဖြေဆေးကို ကြိုတင်ခိုးယူရန် လူလွှတ်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။

​"နင် တော်တော်လွန်နေပြီ"

ဆုကျင့်ရှီး အလွန်အမင်း ဒေါသထွက်သွားကာ သူမ၏ဓားဖျားမှာလည်း တုန်ရီနေတော့၏။ ဤအခြေအနေကို သဘောတူလိုက်ခြင်းမှာ ဆုမိသားစုကို နန်းလုပွဲဝဲဂယက်ထဲသို့ တွန်းပို့လိုက်ခြင်းသာမက သူမ၏ ကိုယ်ပိုင်ပျော်ရွှင်မှုကိုပါ အာဏာဝဲဂယက်ထဲတွင် မြှုပ်နှံလိုက်ခြင်းဖြစ်မည်ကို သူမသိနေသည်။

​"ဟယ်ချီချွမ်း ငါ ဆုကျင့်ရှီး သေရင်သေပါစေ၊ နင့်အကြံ အောင်မြင်စေရမှာမဟုတ်ဘူး"

ဆုကျင့်ရှီး သွားကြိတ်ရင်း ပြောလိုက်ကာ သူမ၏ မျက်ဝန်းထဲတွင် သေရဲသတ်ရဲသည့်စိတ်ဓာတ်များ ပေါ်လာ၏။

​ဟယ်ချီချွမ်းသည် ဆုမိသားစု၏ အစောင့်အရှောက်များနှင့် ဆုကျင့်ရှီး၏ အရည်အချင်းကို အထင်သေးခဲ့မိ၏။ ယနေ့တွင် သူမသည် သူမအစ်ကိုအတွက် အသက်ကိုရင်း၍ ဖြေဆေးကို ပြန်လုယူမည်ဖြစ်သည်။

​ထိုမြင်ကွင်းကိုကြည့်ကာ ဟယ်ချီချွမ်း၏အပြုံးမှာ ပို၍နက်ရှိုင်းလာသည်။ သူ ရှေ့သို့ ဖြည်းဖြည်းချင်း တိုးလာပြီး တိုးတိုးလေး ပြောလိုက်၏။

"ဟမ့် ဆုကျင့်ရှီး၊ သေသေချာချာ စဉ်းစားနော်၊ မင်းအစ်ကိုရဲ့ အသက်က ပိုအရေးကြီးသလား၊ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ ခေါင်းမာမှုက ပိုအရေးကြီးသလားဆိုတာ၊ အချိန်က ဘယ်သူ့ကိုမှ မစောင့်ဘူး၊ မင်း အချိန်ဆွဲလေလေ မင်းအစ်ကိုက"

​သူ စကားမဆုံးခင်မှာပင် ဆုကျင့်ရှီး ဓားကိုဝှေ့ယမ်းကာ လေထဲသို့ ခုန်တက်လိုက်ပြီး အော်ဟစ်လိုက်သည်။

"ငါတို့ ဆုမိသားစုရဲ့ သားသမီးတွေ သေရင်သေပါစေ၊ ဘယ်သူ့ရဲ့ ခြိမ်းခြောက်မှုကိုမှ အလျှော့ပေးမှာ မဟုတ်ဘူး”

​"ဆုမိသားစု အစောင့်အရှောက်တွေ ငါ့အမိန့်ကို နာခံကြ"

"ဟယ်ချီချွမ်းကို ဖမ်းပြီး ဖြေဆေးကို လုယူကြ”

​ထိုသို့ပြောပြီးနောက် ဆုကျင့်ရှီး ဓားရိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ပျံလွှားငှက်တစ်ကောင်ကဲ့သို့ လျင်မြန်လှသော ကိုယ်ဟန်ဖြင့် လေထဲသို့ ခုန်တက်သွား၏။

သူမ၏လက်ထဲမှ ဓားသည် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ကခုန်နေပြီး အေးစက်လှသော ဓားရောင်များမှာ ဝင်းခနဲလက်လာလျက် ဟယ်ချီချွမ်း၏ အသက်အန္တရာယ်ရှိသော နေရာများထံသို့ တည့်တည့်မတ်မတ် ဦးတည်နေတော့သည်။

​ဟယ်ချီချွမ်းမှာလည်း အရှုံးမပေးဘဲ သူ၏ အစွမ်းမှန်သမျှကို အသုံးပြုကာ ဆုကျင့်ရှီးအား ပြင်းထန်စွာ တုံ့ပြန်တိုက်ခိုက်နေသည်။ ၎င်းတို့နှစ်ဦး၏ ဓားချင်းထိခတ်သံများနှင့်အတူ အတွင်းအားလှိုင်းများမှာလည်း ဟုန်းဟုန်းတောက် လွင့်စင်နေကြ၏။

​"ဆုမိသားစုရဲ့ ဓားသိုင်းပဲ"

ရှီရှန်း ရုတ်တရက် အံ့သြတကြီး ရေရွတ်လိုက်သည်။

​ကလေးအုပ်စုမှာလည်း တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြ၏။

"ဦးလေးက သူမကို သိလို့လား"

​ရှီရှန်း ခေါင်းခါပြလိုက်သည်။

"ဒီလူကိုတော့ ငါမသိဘူး၊ ဒါပေမဲ့ သူအခုသုံးနေတာ ဆုမိသားစုရဲ့ ဓားသိုင်းပဲ၊ အရင်က ဆုမိသားစုရဲ့ သခင်ကြီး လေ့ကျင့်နေတာကို ငါမြင်ဖူးတယ်"

​"အဲ့ဒီဓားသိုင်းက အရမ်းတော်တာလား"

ကလေးများမှာ အလွန်ပင် စပ်စုချင်နေကြ၏။

​"တကယ့်ကို အထင်ကြီးဖို့ကောင်းတာ တုရှားနိုင်ငံမှာဆိုရင် ဆုမိသားစုရဲ့ဓားသိုင်းက ထိပ်တန်းစာရင်းဝင်ပဲ"

​"စစ်သူကြီးရှီထက်တောင် ပိုတော်တာလား"

ကျောက်ဟူ မေးလိုက်၏။

‘​သူတို့အတွက်တော့ စစ်သူကြီးရှီက အတော်ဆုံး မဟုတ်ပါလား’

​"ငါတို့ ရှီမိသားစုက လှံရှည်အတတ်မှာ အထူးပြုတာလေ"

ရှီရှန်း ရှင်းပြလိုက်သည်။

​ကောင်းပြီ၊ မိသားစုနှစ်ခုမှာ ပညာချင်း မတူညီသည့်အတွက် ကလေးများသည် နောက်ထပ် စပ်စုချင်စိတ် ပျောက်သွားကြပြီး အောက်ဘက်မှ တိုက်ပွဲထံသို့သာ အာရုံစိုက်လိုက်ကြ၏။

​အမျိုးသမီး၏ ဓားသိုင်းပညာမှာ အမျိုးသားထက် သိသိသာသာ ပိုမိုသာလွန်နေသည်မှာ ထင်ရှားလှသည်။ ဆုကျင့်ရှီး၏ ဓားကွက်များမှာ ပြိုင်စံရှားလှပြီး ပြင်းထန်လွန်းလှရာ တစ်ချက်တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း စစ်သည်တော်တစ်ထောင်၏ အားမာန်များ ပါဝင်နေသကဲ့သို့ပင်။

​သူမ၏ အကြည့်များမှာ ခိုင်မာပြတ်သားနေပြီး ကြောက်ရွံ့မှုအလျဉ်းမရှိဘဲ တိုက်ပွဲကြာလေလေ ဓားကွက်များမှာ ပို၍ ကြောက်မက်ဖွယ်ကောင်းလာလေလေ ဖြစ်၏။ နောက်ဆုံးတွင် ပြင်းထန်လှသော အားပြိုင်မှုအပြီး၌ ဆုကျင့်ရှီး အခွင့်အရေးကိုအရယူကာ လျှပ်စီးပမာအရှိန်ဖြင့် ဟယ်ချီချွမ်း၏ အသက်အန္တရာယ်ရှိသောနေရာသို့ ဓားဖြင့် ထိုးစိုက်လိုက်သည်။

​ဟယ်ချီချွမ်း အချိန်မီ မရှောင်တိမ်းနိုင်တော့ဘဲ ရှုံးနိမ့်သွားရ၏။

​ဆုကျင့်ရှီး ဟယ်ချီချွမ်းထံမှ ဖြေဆေးပုလင်းကို လုယူရန် ပြင်လိုက်စဉ်မှာပင် ဟယ်ချီချွမ်း ယုတ်မာသောအပြုံးတစ်ခုကို ပြုံးလိုက်ပြီး ဖြေဆေးပုလင်းကို ချောက်ကမ်းပါးထဲသို့ အားကုန်လွှဲပစ်လိုက်သည်။

​ဆုကျင့်ရှီး စိတ်လွတ်သွားသော အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ သူမ၏ဓားဖျားမှ ချက်ချင်းပင် ရုန်းထွက်ကာ လွတ်မြောက်သွားတော့၏။

​"ဆုကျင့်ရှီး ငါပြောပြီးသားပဲ၊ မင်းဘက်က သဘောမတူဘူးဆိုရင် မင်းအစ်ကိုကို ကယ်ဖို့လည်း စိတ်မကူးနဲ့တော့"

ထိုသို့ပြောပြီးနောက် သူ သူ၏အစောင့်အရှောက်များနှင့်အတူ ထွက်ခွာသွားသည်။

​ချောက်ကမ်းပါးဘေးတွင်မူ အရောင်အသွေး စုံလင်လှသော ကြက်မလေးတစ်ကောင်သည် ထိုပုလင်းငယ်လေးနှင့်အတူ ချောက်ထဲသို့ ပျံဆင်းသွားသည်ကို မည်သူမှ မမြင်လိုက်ကြချေ။

​ဘေးတွင်ရပ်နေသော ဆုကျင့်ရှီးမှာမူ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်နေတော့သည်။ အစောင့်အရှောက်များကသာ တားမထားပါက သူမသည် ထိုပုလင်းနောက်သို့ ချောက်ထဲအထိ လိုက်ဆင်းသွားမိမည်မှာ အမှန်ပင်။

​"ရှီးအာ ပြန်လာခဲ့ပါ"

မြင်းရထားထဲမှ ပြင်းထန်သောချောင်းဆိုးသံကြီး ထပ်မံထွက်ပေါ်လာပြန်၏။

​"အစ်ကို”

ဆုကျင့်ရှီးမှာ မည်သည်အားလုပ်ရမှန်း မသိတော့ချေ။ ဖြေဆေးမှာ ပျောက်ဆုံးသွားပြီဖြစ်ရာ သူမအစ်ကိုအတွက် မညါသည်ကို ဆက်လုပ်ရမည်နည်း။

​"မြို့တော်ကို အရင်ပြန်ကြ၊ အိမ်မှာ နန်းတွင်းသမားတော်တွေ ရှိနေသေးတာပဲ၊ သူတို့ကို အဆိပ်ဒဏ် သက်သာအောင် နည်းလမ်းရှာခိုင်းတာပေါ့၊ စိတ်မပူပါနဲ့၊ ငါ အလွယ်တကူ မသေပါဘူး"

ဆုကျင့်ချန် ညီမဖြစ်သူ၏သောကကို လျှော့ပါးစေရန် လေသံခပ်အေးအေးဖြင့် ပြောလိုက်သည်။

​"ဟုတ်တယ်၊ မြို့တော်ကိုပြန်ပြီး နန်းတွင်းသမားတော်ကို ရှာရမယ်၊ အစ်ကို စိတ်မပူနဲ့၊ ညီမ ဖြေဆေးကို နောက်တစ်ခါ ရအောင် ထပ်ရှာမယ်၊ ဒီဖြေဆေး တစ်ပုလင်းတည်းပဲ ရှိတယ်လို့ ညီမမယုံဘူး"

ဆုကျင့်ရှီး လူအားလုံးကို မြို့တော်သို့ အရှိန်အဟုန်ဖြင့် ပြန်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။

​အသံတိတ်ရုပ်ရှင်တစ်ကားကို ကြည့်လိုက်ရသကဲ့သို့ ခံစားနေရသောကလေးအုပ်စုမှာ ယွိဟွာပြန်လာပြီး သတင်းဝေမျှမည်ကို စောင့်နေကြသော်လည်း ယွိဟွာမှာ အရိပ်အယောင်ပင် မတွေ့ရဘဲ ပျောက်ကွယ်နေသည်။

‘ယွိဟွာ ဘယ်ရောက်သွားတာလဲ’

​"ဟော ခုနလေးတင် ရှိနေသေးတာကို"

"သူလည်း ဒီပွဲကြီးကို ဆက်ကြည့်ချင်လို့ ဟိုလူတွေနောက် လိုက်သွားတာနေမှာပေါ့"

​ရှောင်ကျိုး သူမ၏ခေါင်းပေါ်မှ ဆံပင်စလေးကို ကုတ်ရင်း ယွိဟွာဆိုလျှင် ဤသို့လုပ်နိုင်သည်ဟု တွေးနေမိ၏။

​"ငါတော့ ဘာမှမကြားလိုက်ရဘူး မင်းတို့ကော ဘာကြားလိုက်လဲ"

ကျောက်ဟူမှာ အသည်းယားနေတော့၏။ ပွဲသာကြည့်လိုက်ရပြီး အကြောင်းစုံကို မသိရခြင်းမှာ တကယ့်ကို စိတ်ပျက်စရာပင်။

​ရှောင်ကျိုးလည်း ထိုနည်းတူပင် ခံစားနေရသည်။

​ထိုစဉ်စနစ်မှ မနေနိုင်ဘဲ သတိပေးလိုက်၏။

‘Host၊ Hostမှာ စိတ်စွမ်းအား ရှိနေတာပဲ မဟုတ်လား၊ ခုနက ဘာလို့ အဲ့ဒါကိုသုံးပြီး မစူးစမ်းခဲ့တာလဲ’

​ရှောင်ကျိုး ဘီလီယံနှင့်ချီတန်သော ရတနာသိုက်ကြီးကို ဆုံးရှုံးလိုက်ရသကဲ့သို့ ခံစားလိုက်ရသဖြင့် ချက်ချင်းပင် ဒေါသထွက်သွားကာ သွားကြိတ်ရင်း တစ်လုံးချင်း ပြောလိုက်သည်။

"နင်ဘာလို့ စောစောက မပြောခဲ့တာလဲ”

​စနစ်မှာမူ အပြစ်ကင်းစင်သော လေသံဖြင့် ဆို၏။

'Host မှ မမေးတာ, ပြီးတော့ Host သိတယ်လို့ ထင်နေတာလေ'

​ရှောင်ကျိုးမှာ အလွန်အမင်း စိတ်ပျက်သွားရသည်။ သူမ ပွဲကြည့်တာ ဝါသနာပါလွန်းသဖြင့် အားလုံးကို မေ့သွားခဲ့သည် မဟုတ်ပါလား။

‘​အားးး’

‘‌နောက်ပြန်ရစ်ပြီးကြည့်လို့ မရတော့ဘူးလား’

‘ပိုက်ဆံပေးပြီး ပြန်ကြည့်မယ်ဆိုရင်ကော’

​စနစ် - 'ငါက စနစ်တစ်ခုသက်သက်ပါ၊ အဲ့ဒီလောက်အထိ စွမ်းအားမရှိပါဘူး’

​ရှောင်ကျိုး - "နင့်ကို ငါ ဘာအတွက် သုံးရမှာလဲ”

ထိုကလေးမလေး ဒေါသထွက်နေပုံမှာ စနစ် တစ်ခုလုံးပင် လန့်ဖျပ်ပြီး ကမောက်ကမ ဖြစ်သွားတော့မတတ်ပင်။

​"​ကွပ်ကွပ် ​ကွပ်ကွပ် ​ကွပ်ကွပ်"

​ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လူစုမှာ လှည့်ကြည့်လိုက်ကြရာ ယွိဟွာ သည် စိတ်လှုပ်ရှားစွာဖြင့် သူတို့ထံသို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

All Chapters