အခန်း ၆၃
Vol. 7 Ch. 63
(အခန်း) 63
"နင် ဘယ်တွေသွားနေတာလဲ၊ တစ်ချက်ကလေးတောင် မတွေ့လိုက်ရဘူး"
"ယွိဟွာ မြန်မြန်ပြောပါဦး၊ ခုနက ဘာတွေဖြစ်သွားတာလဲ"
"ဟုတ်တယ်၊ ဟုတ်တယ် ရွာသူကြီးလေးရေ ယွိဟွာကို သူတို့ ဘာတွေပြောကြလဲဆိုတာ မြန်မြန်မေးပေးပါဦး”
ရှောင်ကျိုး ယွိဟွာ၏ခေါင်းကို ပုတ်ကာ လူတိုင်းကို ရင်ခုန်အောင် အချိန်ဆွဲမနေဘဲ အမြန်ပြောပြရန် အချက်ပေးလိုက်၏။ ထိုအခါမှ ယွိဟွာသည် ခုနကဖြစ်ပျက်ခဲ့သမျှကို အသက်ဝင်လှသော အမူအရာများဖြင့် စတင်ပုံဖော် ပြောပြတော့သည်။
တောင်ကုန်းတစ်ခုလုံးတွင် ယွိဟွာ၏ "ကွပ်ကွပ်" မြည်သံများ ဖုံးလွှမ်းသွားတော့၏။ ယွိဟွာမှာ အာပေါင်အာရင်းသန်သန်ဖြင့် ပြောပြပြီး၍ ပါးစပ်ခြောက်သွားသောအခါမှ ရှောင်ကျိုးက ထိုဇာတ်လမ်းကို လူတိုင်းနားလည်အောင် ပြန်လည်ပြောပြလိုက်၏။
ယွိဟွာသည် သူမ၏စွမ်းဆောင်ရည်ကို ကလေးများ မည်သို့အမှတ်ပေးမည်နည်းဆိုသည့်အလား လူတိုင်းကို စိုက်ကြည့်နေသည်။
"ယွိဟွာ နင်ကတော့ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ၊ နင်က အနှိုင်းမဲ့တဲ့ ကြက်နတ်ဘုရားမပဲ၊ တုရှားနိုင်ငံတစ်ခုလုံးမှာ နင့်ထက်တော်တဲ့ ကြက်မရှိတော့ဘူး၊ နင်က တစ်ဦးတည်းသော အစွမ်းအထက်ဆုံးပဲ"
လူတိုင်း သူမကို ချွင်းချက်မရှိ ချီးကျူးလိုက်ကြ၏။
"မိန်းကလေးတစ်ယောက်ကို အတင်းအကြပ် လက်ထပ်ဖို့ကြိုးစားတာ ဟယ်ချီချွမ်းက တကယ့်ကို အရှက်မရှိတဲ့လူပဲ"
ရှန်ကျစ်ယွမ် ဒေါသတကြီး ပြောလိုက်၏။
"အတိအကျပဲ၊ သူက အဲဒီမိန်းကလေးကိုတောင် မနိုင်ဘူးလေ"
ရှောင်ကျိုးလည်း အလွန်ပင် စိတ်ဆိုးနေသည်။
ထိုမိန်းကလေး၏ လေထဲ၌ ဓားခုတ်ချက်မှာ အလွန်ပင် လှပလွန်းသဖြင့် သူမမှာ သွားရည်ပင် ကျမတတ် ဖြစ်ခဲ့ရ၏။
"ဟုတ်တယ်၊ အဲဒါက တကယ်ကို ဆိုးတာပဲ၊ သူတို့က အဆိပ်ဖြေဆေးကိုတောင် အောက်ထဲကို ပစ်ချလိုက်ကြသေးတယ်"
"အဲဒီအမျိုးသမီးငယ်လေးနဲ့ လူငယ်လေး သေသွားကြမှာလား"
အဖွဲ့သားများမှာ အနည်းငယ် စိုးရိမ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ဤမျှအထိ အရည်အချင်းရှိသော အမျိုးသမီးငယ်တစ်ဦးနှင့် တွေ့ဆုံရန် မလွယ်ကူသဖြင့် ကလေးများမှာ သူမကို အလွန်ပင် သဘောကျနေကြသောကြောင့် ဖြစ်သည်။
‘ကွပ်ကွပ် ကွပ်ကွပ်’
"ငါ ရှာတွေ့ပြီ"
"နင် ဘယ်တုန်းက ကောက်လိုက်တာလဲ"
‘ကွပ်ကွပ် ကွပ်ကွပ်’
"ဟို ‘ဟယ်’ ဆိုတဲ့ လူက အောက်ကို ပစ်ချလိုက်တဲ့အချိန်မှာ ငါ ကောက်လိုက်တာလေ၊ သူတို့ အဲဒါကို လုနေကြတာ မြင်တော့ ဘာလဲဆိုတာ သိချင်လို့"
"စောစောက နင့်ကို မတွေ့တာ မဆန်းပါဘူးလေ"
‘ကွပ်ကွပ် ကွပ်ကွပ်’
'သခင်မလေး၊ ဒါက သခင်မလေးအတွက်”
ထိုသို့ပြောဆိုရင်း သူမသည် ပုလင်းငယ်လေးကို ရှောင်ကျိုး၏ ရှေ့တွင် ချပေးလိုက်၏။
ရှောင်ကျိုး : ......
"ယွိဟွာ ဒါက တစ်စုံတစ်ဦးရဲ့ အသက်ကယ်ဆေးဆိုတာ နင် သိရဲ့လား၊ နင် ငါ့ကို ပေးရင်တောင် ငါက အသုံးမပြုနိုင်ပါဘူး"
‘ကွပ်ကွပ် ကွပ်ကွပ်’
'အခုတော့ ဘာလုပ်နိုင်မှာလဲ၊ ငါတို့ ကောက်ယူပြီးသား ဖြစ်နေပြီကိုး’
ရှောင်ကျိုး ပူစပ်ပူလောင်ဖြစ်နေသော ထိုပုလင်းလေးကို ကိုင်ထားရင်း "ငါတို့ ဘာလုပ်ကြမလဲ" ဟု မေးသည့်အလား လူတိုင်းကို လိုက်ကြည့်လိုက်၏။ ကလေးများမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်နေကြပြီး နောက်ဆုံးတွင် အကြည့်အားလုံးမှာ ရှီရှန်းထံသို့ စုပြုံရောက်ရှိသွားတော့သည်။
"ရော့ ဦးလေး ဦးလေးက မမဆုကို သိတာပဲ၊ သွားပေးလိုက်တော့"
ရှောင်ကျိုး ထိုအာလူးပူကြီးကို ရှီရှန်းထံသို့ အမြန် လွှဲပေးလိုက်၏။
ဖြေဆေးကို အတင်းအကျပ် လက်ခံလိုက်ရသော ရှီရှန်း: "ဦးလေးက သူမကို မသိပါဘူး သူမရဲ့ ဓားသိုင်းက ရင်းနှီးနေလို့သာ ဆုမိသားစုရဲ့ ဓားသိုင်းမှန်းသိတာပါ"
"တူတူပါပဲ ဦးလေးရယ်၊ မြန်မြန်သွားပေးလိုက်ပါ"
"သွားပါ ဦးလေး၊ သွားပါ"
"ဦးလေးရှီ သွားပေးလိုက်ပါနော်"
ကလေးငယ်များက မျှော်လင့်ချက်အပြည့်ဖြင့် ဝိုင်းကြည့်နေကြရာ သူသာ မသွားပေးပါက ကမ္ဘာ့အဆိုးဆုံး ရာဇဝတ်သားကြီး ဖြစ်သွားတော့မည့်အလား။
ရှီရှန်း : ‘ငါ စောစောက ပါးစပ်ပိတ်နေခဲ့သင့်တာ’
ရှီရှန်း ဖြေဆေးပုလင်းကိုယူကာ ယခင်က ထွက်ခွာသွားသော ဆုမိသားစုဝင်များကို မှီရန် ပျံထွက်သွားတော့၏။ ပွဲကြည့်ပြီးသွားသော အဖွဲ့သားများ ဂူရှိရာသို့ ဆက်လက်ထွက်ခွာလာကြသည်။
ရင်းနှီးနေသောဂူကြီးကို မြင်လိုက်ရသောအခါ နေရာဟောင်းသို့ ပြန်ရောက်သကဲ့သို့ ခံစားရသော်လည်း အရင်အကြိမ်ကမူ ကျောက်ဟူတို့အဖွဲ့မှာ အနှောင်အဖွဲ့များဖြင့် ပါလာခဲ့ခြင်း ဖြစ်၏။
ကလေးအချို့ ထောင်ချောက်များကို သေချာစွာ ရှောင်ကွင်းရင်း ဂူထဲသို့ ဝင်လာခဲ့ကြသည်။ ယခုတစ်ခေါက်တွင်မူ ဝတ်စုံနက်ဝတ်လူများ၏ ကြိမ်လုံးသံများကို မကြားရတော့ဘဲ ပျော်ရွှင်ရယ်မောသံများကိုသာ ကြားနေရ၏။ အဝေးကပင် ကလေးများ၏ ရယ်သံများကို ရှောင်ကျိုး ကြားနေရပြီဖြစ်သည်။
ကလေးများသည် ရှောင်ကျိုး ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ ပြေးလာကြ၏။
"ရွာသူကြီးလေး ရွာသူကြီးလေး ရောက်လာပြီ"
ထိုကလေးများက ရှောင်ကျိုးကို "ရွာသူကြီးလေး" ဟု ခေါ်နေကြခြင်းမှာ လင်းချီတို့အဖွဲ့မှ ခေါ်ဝေါ်သည်ကို နမူနာယူထားကြခြင်းကြောင့် ဖြစ်၏။ ရှောင်ကျိုး အိတ်ကပ်ထဲမှ သကြားလုံးများစွာကို ထုတ်ပေးရင်း ယနေ့ စွမ်းဆောင်ချက်များအတွက် ကျေးဇူးတင်စကား ပြောလိုက်သည်။
"မင်းတို့ စာသင်ချင်ကြလား"
ရှောင်ကျိုး ကလေးအုပ်စုကို မေးလိုက်၏။
လင်းချီသည် ထိုကလေးများကို အမြဲတမ်း ပြုစုစောင့်ရှောက်ပေးခဲ့သူ ဖြစ်၏။ ဤကလေးများမှာ ကျန်းမာသန်စွမ်းကြပြီး လင်းချီနှင့်အတူ ရွာထဲသို့ မကြာခဏ လာကစားလေ့ရှိသဖြင့် ထောင်ယွမ်ရွာသားများကလည်း သူတို့ကို အလွန်ခင်မင်ကြသည်။ လင်းချီ ထိုကလေးများကို နေ့တိုင်း တွန်းအားပေးကာ ကိုယ်ခံပညာများ သင်ပေးနေခဲ့၏။
ထို့ကြောင့်လည်း အရင်ရက်အနည်းငယ်က ရှောင်ကျိုး ရွာသို့ ပြန်ရောက်လာစဉ် ရွာသားများ၏ ပြင်းထန်လှသော တိုက်ခိုက်ရေးစွမ်းရည်များကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ကိုယ်ခံပညာကို အတန်ကြာ လေ့ကျင့်ထားသော ရွာသားများသည် သူတို့၏အစွမ်းအစကို ထုတ်ပြရန် အခွင့်အရေးကို မစောင့်နိုင်ဘဲ ဖြစ်နေကြခြင်းပင်။
ကလေးအချို့ ခေါင်းခါကြသော်လည်း အချို့ကမူ ခေါင်းငြိမ့်ကြ၏။ သူတို့ မည်သို့ပင်တွေးနေစေကာမူ စာသင်ကျောင်းကြီးမှာ တည်ဆောက်ပြီးစီးနေပြီဖြစ်သကဲ့သို့ ကျောင်းအိပ်ကျောင်းစားဆောင်များမှာလည်း အကုန်အသင့်ဖြစ်နေပြီဖြစ်ရာ ကလေးများ ချက်ချင်းပြောင်းရွှေ့နေထိုင်နိုင်သည်။
ယခုဆိုလျှင် ဤဂူအမှောင်ကြီးထဲ၌ နေ့တိုင်းနေစရာ မလိုတော့ချေ။ နောင်တွင်မူ ဤဂူကို လျှို့ဝှက်စခန်းတစ်ခုအဖြစ် အသုံးပြုနိုင်၏။
ရှောင်ကျိုး ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။
"အားလုံးပဲ ထောင်ယွမ်ရွာမှာ လာနေကြရင် ဘယ်လိုလဲ"
ကလေးအုပ်စုမှာ မည်သည်ကိုမှမစဉ်းစားတော့ဘဲ ဝမ်းသာအားရ ခေါင်းငြိမ့်လိုက်ကြ၏။
"ငါကတော့ မနက်ဖြန် ရွာမှာမရှိဘူး၊ ခဏလောက် ခရီးသွားစရာရှိတယ်၊ မင်းတို့ကတော့ ကျောင်းမှာပဲ စာသင်ရင်း နေကြရမယ်၊ အဲ့ဒီမှာ အဆောင်တွေလည်း ရှိတယ်"
ရှောင်ကျိုး ဆက်ပြောပြလိုက်သည်။
"ရွာသူကြီးလေး ဘယ်ကိုသွားမှာလဲဟင်၊ ကျွန်တော်လည်း လိုက်ခဲ့ပါရစေ၊ ရွာသူကြီးကို ကာကွယ်ပေးမယ့် ကိုယ်ရံတော်အဖြစ် လိုက်ပါ့မယ်"
ကျောက်ဟူနှင့် အသက်မရှေးမနှောင်းရှိသော ကောင်လေးတစ်ယောက်မှ အလောတကြီး ပြောလိုက်၏။
"ဒါပေမဲ့ ငါက ကိုယ့်ဘာကိုယ် ကာကွယ်နိုင်တယ်လေ၊ ဘယ်သူ့အစောင့်အရှောက်မှ မလိုပါဘူး"
ရှောင်ကျိုး သူမ၏စွမ်းဆောင်ရည်အပေါ် အပြည့်အဝ ယုံကြည်မှုရှိနေသည်။
ကျောက်ဟူမှာမူ ပျာယာခတ်သွားတော့၏။ သူ၏ "နံပါတ်တစ် နောက်လိုက်" နေရာကို လုမည့်သူ နောက်တစ်ယောက် ပေါ်လာပြန်ပြီ မဟုတ်ပါလား။
"ငါတို့ ရွာသူကြီးက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ၊ မင်းရဲ့ အကာအကွယ်ကို ဘာလို့ လိုမှာလဲ"
ထိုကောင်လေး ကျောက်ဟူကို စိုက်ကြည့်လိုက်ရာ ကျောက်ဟူမှာလည်း အရှုံးမပေးဘဲ ပြန်လည်စိုက်ကြည့်နေတော့၏။
"နေပါဦး ရွာသူကြီးလေး မနက်ဖြန် ရွာမှာမရှိဘူးဆိုတာ ဘယ်သွားမှာလဲ"
ကျောက်ဟူ ထိုကောင်လေးနှင့် အကြည့်ချင်းပြိုင်နေသည်ကို ရပ်တန့်ကာ စိတ်မကောင်းဖြစ်နေသော မျက်ဝန်းများဖြင့် ရွာသူကြီးကို ကြည့်လိုက်၏။ သူ တွေးနေမိသည်။
‘ရွာသူကြီးက ငါ့ကိုတောင် ဘယ်သွားမလဲဆိုတာ မပြောတော့ဘူး၊ ငါ့ကို အပြင်ခေါ်မသွားတော့ဘူးလား မသိဘူး’
"ဟုတ်သားပဲ ရွာသူကြီးလေး မနက်ဖြန် ဘယ်သွားမှာလဲ"
ဖက်တီးလေးနှင့် အခြားသူများလည်း စိုးရိမ်တကြီး မေးမြန်းကြ၏။
"မြို့တော်ကို သွားကြမလို့"
ရှောင်ကျိုး မြို့တော်သို့ တစ်ခါမှ မရောက်ဖူးသေးသဖြင့် ထိုနေရာတွင် ပျော်ပျော်ပါးပါး သွားလည်ချင်နေခြင်း ဖြစ်သည်။
"ကျွန်တော်လည်း လိုက်ချင်တယ်"
ကလေးများသည် စိတ်လှုပ်ရှားလွန်းသဖြင့် ငိုမတတ်ပင် ဖြစ်နေကြ၏။
ရှောင်ကျိုး ဖက်တီးလေးနှင့် ရှန်ကျစ်ယွမ်တို့ကို ကြည့်ကာ မေးလိုက်သည်။
"နင်တို့က ခရီးဝေးသွားမှာကို မိဘတွေကို အရင်မပြောရဘူးလား"
သူတို့နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ခေါင်းခါလိုက်ကြ၏။ သူတို့အတွက် မိဘဆိုသည်မှာ အဘယ်နည်း။ မိဘဆိုသည်မှာ ရွာသူကြီးလေးနှင့်အတူ ကမ္ဘာပတ်ရခြင်းနှင့် နှိုင်းယှဉ်လျှင် မည်သည်မှမဟုတ်တော့ချေ။
ဤသည်မှာ တကယ့်ကို အလိုလိုက်ထားသော သားမိုက်များနှင့် လူကြီးစကားနားမထောင်သော သားရတနာများပင် ဖြစ်တော့၏။ ဘေးမှ ကြည့်နေသော ချင်းရွှီမှာမူ ရယ်ချင်စိတ်ကို အောင့်ထားရ၏။
သို့သော် သူသည် ယခုလာရသော ရည်ရွယ်ချက်ကို မေ့မထားချေ။
"မင်းတို့ရဲ့ခန္ဓာကိုယ်ကို ငါ့ကို စစ်ဆေးခွင့်ပေးမလား၊ ငါက ဆေးနတ်ဘုရားတောင်ကြားက သမားတော်တစ်ယောက်ပါ"
ချင်းရွှီ သူ၏ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည်။
ကလေးအုပ်စုမှာ ရှောင်ကျိုးကို ကြည့်လိုက်ကြရာ ရှောင်ကျိုးမှလည်း ချက်ချင်းပင် စစ်ဆေးပေးရန် ချင်းရွှီကို တောင်းဆိုလိုက်၏။ ဝတ်စုံနက်ဝတ်လူများမှာ လူမဆန်သူများဖြစ်ရာ ကလေးများအား ဆေးတစ်ခုခု တိုက်ထားသလားဆိုသည်ကို သူမ စိုးရိမ်သွားမိသောကြောင့် ဖြစ်၏။
ချင်းရွှီ ကလေးအားလုံးကို အသေးစိတ် စစ်ဆေးပြီးနောက် မျက်မှောင်ကြုတ်သွားတော့သည်။
"ဒီကလေးတွေက သာမန်ကလေးတွေထက် ပိုပြီး ကျန်းမာသန်စွမ်းနေကြတယ်၊ ဆေးစိမ်ထားတဲ့ ရေနဲ့ ချိုးပေးတာတွေ၊ ကိုယ်ခံပညာ လေ့ကျင့်ပေးထားတာတွေကြောင့် ဖြစ်နိုင်တယ်"
"ဒါဆို သူတို့မှာ ဘာလို့ အတိတ်အမှတ်ရစရာတွေ မရှိကြတာလဲ သူတို့ ဘယ်သူလဲ၊ သူတို့မိသားစုက ဘယ်မှာလဲဆိုတာ ဘာလို့ မမှတ်မိကြတာလဲ"
ရှောင်ကျိုး နားမလည်နိုင်စွာ မေးလိုက်၏။
"ဒီကလေးတွေကို 'မေ့လျော့ခြင်း' လို့ခေါ်တဲ့ ဆေးတစ်မျိုး တိုက်ထားပုံရတယ်"
"အဲ့ဒါက ဘာလဲဟင်"
ကလေးများ ချင်းရွှီကို ပြိုင်တူ မေးလိုက်ကြသည်။
"အပင်တွေနဲ့ အဆိပ်တွေကို ရောစပ်ပြီး ဖော်စပ်ထားတဲ့ ထူးဆန်းတဲ့ အဆိပ်တစ်မျိုးပဲ၊ အဲ့ဒါက လူတွေကို သူတို့ရဲ့အတိတ်တွေကို မေ့သွားစေတယ်"
"အဲ့ဒါကို ကုလို့ရလား"
ရှောင်ကျိုး ချင်းရွှီကို မေးလိုက်၏။
ချင်းရွှီ ခေါင်းခါပြသည်။
"ငါက အဆိပ်တွေအကြောင်း သိပ်မသိဘူး၊ ဒါပေမဲ့ ငါ့ရဲ့ဦးလေးဆီကို သတင်းပို့ပြီး မေးပေးမယ်၊ သူကတော့ ဒီလိုအဆိပ်တွေအကြောင်း ကျွမ်းကျင်တယ်"
"ကောင်းပါပြီ"
ရှောင်ကျိုး အနည်းငယ် စိတ်ပျက်သွားသလို ပြောလိုက်၏။
ယခုလောလောဆယ်တွင်မူ ချင်းရွှီ၏ဦးလေးထံမှ သတင်းကောင်းကိုသာ စောင့်မျှော်ရတော့မည် ဖြစ်သည်။