အခန်း ၆၄
Vol. 7 Ch. 64
(အခန်း) 64
ရှောင်ကျိုး လူအားလုံးကို ဦးဆောင်ကာ ရွာသို့ ပြန်လာခဲ့၏။
"ယွိဟွာ နင် နင်ဒါ ဘာလုပ်တာလဲ"
ရှောင်ကျိုး အံ့အားသင့်ကာ မှင်သက်သွားရသည်။
ယွိဟွာ၏နောက်တွင် တန်းစီလိုက်ပါလာသော ရာနှင့်ချီသည့် ကြက်အုပ်ကြီးမှာ အဘယ်နည်း။
‘ကွပ်ကွပ် ကွပ်ကွပ်ကွပ်ကွပ်’
(ဒါတွေအားလုံးက ကျွန်မရဲ့ နောက်လိုက်တွေလေ၊ သူတို့ကိုလည်း ကျောင်းခေါ်သွားပြီး စာသင်ခိုင်းမယ်၊ ကိုယ်ခံပညာ သင်ခိုင်းမယ်)
ယွိဟွာ သူမ၏သခင်တွင် နောက်လိုက်အုပ်စုရှိသည်ကို မြင်သောအခါ အလွန်ပင် ခန့်ညားသည်ဟု ခံစားရသဖြင့် သူမကိုယ်တိုင်လည်း နောက်လိုက်အဖွဲ့တစ်ခုအား ချက်ချင်း ဖွဲ့စည်းလိုက်ခြင်း ဖြစ်၏။
ရှောင်ကျိုး : "......"
ရှောင်ကျိုး မြင်ကွင်းတစ်ခုကို စိတ်ကူးကြည့်မိလိုက်၏။ စာသင်ခန်းထဲတွင် ကလေးတစ်စု စာအုပ်ကိုင်ကာ စာဖတ်နေကြပြီး ကြက်အုပ်ကြီးကလည်း အနားတွင် မတ်မတ်ထိုင်ကာ လိုက်လံ အော်မြည်နေကြမည့် မြင်ကွင်းပင်။ အသစ်ရောက်လာမည့် ဆရာ၏ စိတ်ကျန်းမာရေးအတွက် ရှောင်ကျိုး အနည်းငယ် စိုးရိမ်မိသွားသည်။
‘ဒါပေမယ့် ဘာတတ်နိုင်ဦးမှာလဲ’
ရှောင်ကျိုး ကလေးတစ်စုနှင့် ရှေ့မှဦးဆောင်ပြီး ယွိဟွာမှာ ကြက်အုပ်ကြီးကို ဦးဆောင်လျက် ထောင်ယွမ်ရွာထံသို့ ခန့်ခန့်ထည်ထည်ကြီး ချီတက်လာကြသည်။ ရွာသို့ရောက်သောအခါ မိုးပင်ချုပ်နေပြီ ဖြစ်၏။
ကလေးများကို စာသင်ကျောင်းတွင် အခြေချနေထိုင်ရန် စီစဉ်ပေးပြီးနောက် ရှောင်ကျိုး အိမ်သို့ ပြန်လာခဲ့၏။ ညစာစားပြီးသည်နှင့် ရှောင်ကျိုးမှာ အလွန်ပင် ပင်ပန်းနေသဖြင့် ချက်ချင်းပင် အိပ်ပျော်သွားတော့သည်။
များပြားလှသော ကိစ္စရပ်များကို စဉ်းစားနေရသည့် ရွာလူကြီးလေးကို ကြည့်ကာ ရွှီရှောင်ရှောင် အလွန်ပင် စိုးရိမ်နေမိ၏။ ဤအတိုင်းသာ ဆက်သွားပါက ရွာလူကြီးလေး အရပ်ရှည်လာပါဦးမည်လား။
‘မဖြစ်သေးပါဘူး၊ မနက်ဖြန်ကျရင် ရွာလူကြီးလေးအတွက် အားရှိမယ့် အစားအစာတွေ အစုံအလင် ပြင်ဆင်ပေးမှပဲ’
နောက်တစ်နေ့ မနက်တွင် နေရောင်ခြည်မှာ ထွန်းလင်းတောက်ပနေပြီ ဖြစ်၏။
ရှောင်ကျိုး အိမ်ရှေ့ဝင်းထဲသို့ ခြေချလိုက်သည်နှင့် အိမ်ရှေ့တံခါးဝတွင် ရွာသားများ ပြည့်နှက်နေသည်ကို မြင်လိုက်ရ၏။ အချို့မှာ အထုပ်အပိုးများကိုယ်စီနှင့်ဖြစ်ရာ ခရီးဝေးသွားရန် ပြင်ဆင်ထားကြသည်မှာ သိသာလှသည်။
ရှောင်ကျိုး သူမ၏ခြေထောက်လေးများကို ဆန့်ထုတ်ကာ ရှေ့သို့ စမ်းတဝါးဝါး လျှောက်ကြည့်လိုက်၏။ တော်သေးသည်မှာ ရွာသားများက မျိုးနွယ်စုခေါင်းဆောင်များကဲ့သို့ သူမကို ဖက်၍ အော်ဟစ်ငိုယိုခြင်း မပြုကြချေ။ သို့မဟုတ်ပါက လူအများကြီးကို သူမ မည်သို့ ချော့မြှူရမည်ကို သိမည်မဟုတ်ပေ။
စိတ်အလှုပ်ရှားဆုံးသူများမှာမူ အဘွားရွှီနှင့် ကျောက်တာလန်တို့ ဖြစ်ကြသည်။ တစ်ညလုံး အပြင်းအထန် ငြင်းခုံခဲ့ကြပြီးနောက် ယနေ့တွင် ရွာလူကြီးနှင့်အတူ မြို့တော်သို့ လိုက်ပါခွင့်ကို သူတို့နှစ်ဦး ရရှိခဲ့ခြင်း ဖြစ်၏။
ကျောက်တာ့လန် သူ၏ သန်မာလှသောခန္ဓာကိုယ်နှင့် ကိုယ်ခံပညာကို အားကိုးကာ လိုက်ခွင့်ရခဲ့ခြင်းဖြစ်ပြီး၊ အဘွားရွှီကမူ သူမ၏ ထက်မြက်လှသောနှုတ်စွမ်းရည်နှင့် လျင်မြန်သောဆဲဆိုနိုင်စွမ်းကို အားကိုးကာ လိုက်ခွင့်ရခဲ့ခြင်း ဖြစ်သည်။
မျိုးနွယ်စုခေါင်းဆောင်၏ အဆိုအရ အပြင်ရောက်သည့်အခါ ရွာလူကြီးလေးကိုတစ်ဦးဦးက လာရောက်အနိုင်ကျင့်ပါက အဘွားရွှီမှ ထိုလူကို ပါးစပ်ဖြင့်ပင် သေအောင် ဆဲဆိုနိုင်သည်ဟု ဆို၏။
ကလေးများအကြောင်းမှာမူ ပြောနေစရာပင် မလိုချေ။ ရွာလူကြီးလေးနောက်သို့ နေ့တိုင်း တကောက်ကောက် လိုက်နေသော ထိုကလေးအုပ်စုကို မခေါ်သွားပါက ထိုမျောက်လောင်းလေးများသည် မနက်ဖြန်တွင် အထုပ်ကိုယ်စီဖြင့် တိတ်တဆိတ် ခိုးထွက်လာကြမည်မှာ အမှန်ပင်။ ရွှီရှောင်ရှောင်ကိုမူ ရွာလူကြီးလေး၏ အစားအသောက်နှင့် အိပ်စက်မှုအတွက် စိုးရိမ်သဖြင့် မဖြစ်မနေ ခေါ်သွားရတော့သည်။
ဤသို့ဖြင့် ရှောင်ကျိုးသည် သူမ၏အထုပ်လေးကို လွယ်ကာ ရွာသားများ၏ မျက်ရည်စက်လက်နှင့် နှမြောတသဖြစ်နေသော အကြည့်များကြားမှ မြို့တော်သို့ ခရီးစတင်ခဲ့တော့၏။
မြင်းရထားသည် ထောင်ယွမ်ရွာမှ ဖြည်းဖြည်းချင်း ဝေးကွာသွား၏။ လမ်းတစ်လျှောက်လုံးတွင် ကလေးများအားလုံး အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။
ကျောက်ဟူ ရှီရှန်းကို မေးလိုက်၏။
"မြို့တော်ကလူတွေကရော ကျွန်တော်တို့နဲ့ ရုပ်တူကြလားဟင်"
ရှီရှန်း : "......"
"ငတုံး"
ရှီအန်း ကျောက်ဟူကို တိုးတိုးလေး ဆဲလိုက်သည်။
ကျောက်ဟူ - "ဒီနေ့တော့ ငါ မင်းကို အပြတ်ရှင်းရတော့မယ်"
သူတို့နှစ်ဦး မြင်းရထားပေါ်တွင် ဆော့ကစားရင်း လုံးထွေးသတ်ပုတ်နေကြရာ မြင်းရထားပင် မှောက်တော့မတတ် ဖြစ်နေ၏။
"မင်းတို့နှစ်ယောက် အပြင်ထွက်ပြီး မြင်းရထားနောက်ကနေ ပြေးလိုက်ခဲ့ကြမလား"
ရှောင်ကျိုး ဒေါသတကြီးအော်လိုက်သဖြင့် သူမ၏ ဆံပင်ကျစ်ဆံမြီးလေးများပင် လွင့်ထွက်တော့မတတ် ဖြစ်သွားသည်။
ရှီအန်းနှင့် ကျောက်ဟူတို့သည် ချက်ချင်းပင် မတ်မတ်ပြန်ထိုင်လိုက်ကြသည်။ အားသို့နှင့် ယွိဟွာတို့ကမူ ဘေးမှ ခိုးရယ်နေကြ၏။ ရှောင်ကျိုး စိုက်ကြည့်လိုက်သောအခါမှ သူတို့ ချက်ချင်း ပါးစပ်ပိတ်သွားကြသော်လည်း တခစ်ခစ် ရယ်သံများကမူ ကြားနေရဆဲပင် ။
ကလေးများ ထိတ်လန့်သွားကာ မျက်လုံးပြူးများဖြင့် ကြည့်လိုက်ကြ၏။
‘မြင်းရထားထဲမှာ သရဲရှိနေတာလား’
လူအားလုံး ထိုအသံထွက်ပေါ်ရာကို အမြန်ရှာဖွေလိုက်ကြရာ နောက်ဆုံးတွင် ယွိဟွာ သူတို့ထိုင်နေသော ခုံအောက်ရှိ လျှို့ဝှက်အကန့်တစ်ခုကို ရှာတွေ့သွားသည်။
လူအုပ်ကြီး ထိုအကန့်ကို အမြန်ဖွင့်ကြည့်လိုက်၏။
‘ဘုရားရေ’
ရှီထုံ နှင့်ကျန်းဟယ်တို့သည် မည်သည့်အချိန်ကတည်းက ဝင်ပုန်းနေကြသည် မသိချေ။ သူတို့နှစ်ဦးမှာ ပါးစပ်ကိုပိတ်ကာ ခိုး၍ တဟားဟား ရယ်နေကြခြင်း ဖြစ်သည်။
တခစ်ခစ်ရယ်နေသော ထိုပုပုတုတ်တုတ် ကောင်လေးနှစ်ယောက်မှာ ရုတ်တရက် ရယ်သံများ တိတ်သွားတော့၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ခေါင်းပေါ်တွင် ရုတ်တရက် လင်းထိန်သွားသည်ကို သတိပြုမိလိုက်သောကြောင့်ပင်။
သူတို့နှစ်ဦး အပေါ်သို့ မော့ကြည့်လိုက်သောအခါ မြင်းရထားပေါ်ရှိ လူအားလုံး သူတို့ကိုဝိုင်း၍ စိုက်ကြည့်နေကြသည်အား မြင်လိုက်ရ၏။
ရှီထုံ သူ၏လက်ချောင်းလေးများကို ကုတ်ခြစ်နေရင်း လက်ညှိုးလေးကို ကျန်းဟယ်ထံသို့ တိတ်တဆိတ် ထိုးပြလိုက်၏။ ၎င်းမှာ သူကြံစည်ခြင်းမဟုတ်ဘဲ ကျန်းဟယ်ကသာ သူ့ကို ဤနေရာတွင် ပုန်းရန် ခေါ်လာခြင်းဖြစ်သည်ဟု ဆိုလိုခြင်းပင်။
ကျန်းဟယ်သည် ရှီထုံ၏ လက်ညှိုးလေးက သူ့ထံသို့ ဦးတည်နေသည်ကို မြင်သောအခါ ရှီထုံ၏လက်ကို ချက်ချင်းပြန်လှည့်ကာ လက်ညှိုးထိပ်လေးကို ရှီထုံဆီသို့ ပြန်၍ ထိုးခိုင်းလိုက်ပြန်သည်။
မြင်းရထားပေါ်မှ လူအားလုံးသည် ထိုလူမမည်ကလေးနှစ်ယောက် တစ်ဦးကိုတစ်ဦး အပြစ်ပုံချနေကြသည်ကို ကြည့်ရင်း စကားပင် မဆိုနိုင်တော့ချေ။ ရှောင်ကျိုးမှာမူ တစ်ဖက်တစ်ချက်စီမှ ဆွဲကိုင်ကာ သူတို့နှစ်ဦးကို အပြင်သို့ ဆွဲထုတ်လိုက်၏။
ပုပုတုတ်တုတ် ကိုယ်လုံးလေးနှစ်ခုမှာ မြင်းရထားအလယ်တွင် ထိုင်လျက် လူတိုင်း၏ စူးစိုက်ကြည့်ခြင်းကို ခံနေရတော့၏။ ရှီထုံ သူ၏ခြေချောင်းလေးများကို အလုပ်ရှုပ်နေဟန်ဖြင့် ကုတ်နေပြီး ကျန်းဟယ်ကမူ ဒေါ်လေးလျိုမှ သူ၏အင်္ကျီပေါ်တွင် ထိုးပေးထားသော ကျားရုပ်ကလေးကို ငေးကြည့်နေတော့သည်။
ချင်းရွှီမှာ သူ၏ဂျူနီယာညီလေးကို ကြည့်ကာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်လာတော့၏။
မြို့တော်သို့သွားရမည့်ခရီးမှာ ရှည်လျားလှသဖြင့် ချင်းရွှီသည် သူ၏ညီလေးကို ပင်ပင်ပန်းပန်း မလိုက်စေချင်ခဲ့ချေ။ ညီလေးဖြစ်သူမှာ အားထုံတို့အိမ်တွင် ပျော်ရွှင်နေသည်ကို မြင်ရသဖြင့် ထောင်ယွမ်ရွာတွင် စိတ်ချလက်ချ ထားခဲ့ခြင်း ဖြစ်သည်။ ဤမျောက်လောင်းလေးက ယခုကဲ့သို့ ရည်မှန်းချက်ကြီးလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
ဆေးဘုရင်ချိုင့်ဝှမ်းမှ သူခေါ်ထုတ်လာသော လိမ္မာရေးခြားရှိသည့် ညီလေးမှာ ပြန်ခေါ်သွားချိန်တွင် လူဆိုးလေးတစ်ယောက် ဖြစ်သွားမည်ကို ချင်းရွှီ အလွန်စိုးရိမ်မိ၏။ သူ ဒေါသတကြီးဖြင့် ကျန်းဟယ်ကို မတင်လိုက်ကာ တင်ပါးကို ဖြန်းခနဲ ဖြန်းခနဲ အချက်အနည်းငယ် ရိုက်လိုက်တော့သည်။
"အဲ့ဒီလျှို့ဝှက်အကန့်ထဲမှာ အသက်ရှူကျပ်ပြီး ဘယ်သူမှ မတွေ့လိုက်ရင် ဘာဖြစ်သွားမလဲ မင်းသိလား”
အရိုက်ခံရသဖြင့် ကျန်းဟယ်မှာ နာကျင်လွန်း၍ အော်ဟစ်ငိုယိုတော့သည်။ ချင်းရွှီ ဆုံးမပြီးနောက် သူ့ကို မူလနေရာတွင် ပြန်ချပေးလိုက်၏။
ရှီထုံသည်လည်း သူ၏တင်ပါးလေးကို အမြန်ကာလိုက်ကာ ထောင့်တစ်နေရာသို့ ကုတ်ကုတ်လေး သွားထိုင်နေတော့၏။ ထို့နောက် သနားစဖွယ် အသံလေးဖြင့် ဆိုသည်။
"သူ့ကို ရိုက်ပြီးပြီဆိုရင် သားကိုတော့ မရိုက်ရဘူးနော်"
‘ဝါး၊ ကျန်းဟယ်ရဲ့ အစ်ကိုကြီးက တကယ့်ကို ကြောက်ဖို့ကောင်းတာပဲ’
ကျန်းဟယ်သည်လည်း နာကျင်နေသောတင်ပါးကို ပွတ်ရင်း ရှီထုံ၏ဘေးတွင် ဝမ်းနည်းပက်လက် ကပ်ထိုင်နေတော့၏။ လူတိုင်းသည် မျက်ရည်စက်လက်ဖြင့် ထောင့်တွင် ကပ်ထိုင်နေသော ထိုကလေးနှစ်ယောက်ကို ကြည့်ကာ ခေါင်းခဲနေကြရသည်။ ဤတွယ်ကပ်လာသူနှစ်ဦးကိုလည်း ခေါ်သွားရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့ချေ။
"မျိုးနွယ်စုခေါင်းဆောင်တွေကို သတင်းပို့သင့်လား"
အားသို့ မေးလိုက်၏။
မျိုးနွယ်စုခေါင်းဆောင်ကျိုးသည် သူ၏မြေးနှင့် ကျန်းဟယ်တို့ ပျောက်ဆုံးသွားသည်ကို သိလျှင် ရွာသားများအားလုံး ထိတ်လန့်ကုန်ကြပေလိမ့်မည်။
"ဘယ်သူ သတင်းသွားပို့မှာလဲ"
ရှောင်ကျိုး မေးလိုက်သည်။
လူတိုင်း၏ အကြည့်မှာ ယွိဟွာထံသို့ ရောက်သွားကြ၏။ ယွိဟွာကမူ မမြင်ချင်ယောင်ဆောင်ကာ လည်ပင်းကိုဆန့်လျက် မြင်းရထားအမိုးပေါ်သို့ ပျံတက်သွားတော့သည်။ သူမကို ခိုင်းရန် မည်သူမှ စိတ်ကူးမရှိပေ။
"ရှေ့မှာ မြို့နယ်အဆင့် မြို့လေးရှိတယ်မဟုတ်လား၊ ဖက်တီးလေး၊ မင်းအိမ်ရောက်ရင် မင်းအဖေကို သတင်းပို့ခိုင်းလိုက်လေ"
ကျင့်ရှင်း ဖက်တီးလေးကို လက်တို့ကာ အကြံပေးလိုက်၏။
"အကြံကောင်းပဲ"
မြင်းရထားမှာ မြို့ထဲသို့ ဆိုက်ရောက်သောအခါ ဖက်တီးလေးသည် ချက်ချင်းပင် ခုန်ဆင်းကာ အိမ်သို့ အပြေးအလွှား ပြန်သွားတော့၏။ ခဏအကြာတွင်မူ ဖက်တီးလေးသည် အထုပ်အပိုး အကြီးအငယ်များကို သယ်လျက် ပြန်ထွက်လာသည်။
‘ဘုရားရေ ဒါ အိမ်ကို ဓားပြတိုက်လာတာလား’
ဖက်တီးလေး မြင်းရထားပေါ်သို့ ခုန်တက်၍ အထုပ်ကို ဖွင့်ပြလိုက်ရာ ကစားစရာမျိုးစုံနှင့် ငွေသားများစွာကို မြင်လိုက်ရ၏။
"နင် အိမ်မှာ ဓားပြသွားတိုက်လာတာလား"
ရှန်ကျစ်ယွမ် မမေးဘဲ မနေနိုင်တော့ချေ။
"မဟုတ်ပါဘူး၊ ငါ မြို့တော်ကို သွားမယ်လို့လည်း ကြားရော အမေက ငွေပြားရာနဲ့ချီ ပေးလိုက်တယ်၊ ပြီးတော့ အဖေဆီက သွားတောင်းတော့လည်း ရာနဲ့ချီ ပေးတယ် အဘွားဆီကလည်း အဲ့ဒီလောက်ပဲ ထပ်ရခဲ့တာ"
မြို့နယ်ထဲတွင် အချမ်းသာဆုံး ဖြစ်နေသည်မှာ မဆန်းတော့ချေ။ ဖက်တီးလေးသည် အထုပ်ထဲမှ ကြက်ရုပ်သဏ္ဌာန် ရွှေသော့ခလောက်လေးတစ်ခုကို ထုတ်လိုက်သည်။
သူ ထိုရွှေသော့ခလောက်လေးကို ယွိဟွာ၏ လည်ပင်းတွင် ဆွဲပေးလိုက်၏။
"ယွိဟွာ ဒါက ငါ့အဘွားက နင့်ကို ပေးလိုက်တာ ငါ့ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးတင်တယ်တဲ့"
‘ကွပ်ကွပ် ကွပ်ကွပ်’
(ကျေးဇူးပဲ နင့်အဘွားက တကယ့်ကို အလိုက်သိတာပဲ)
ယွိဟွာ သူမ၏လည်ပင်းမှ ရွှေသော့ခလောက်လေးကို လှုပ်ခါရင်း စိတ်လှုပ်ရှားစွာဖြင့် "ကွပ်ကွပ်" မြည်ကာ ရယ်မောနေတော့၏။ ထို့နောက် ဖက်တီးလေး ရွှေသော့ခလောက်အကြီးစားတစ်ခုကို ထပ်ထုတ်ကာ ရှောင်ကျိုးကို ပေးလိုက်ပြန်သည်။
"ရွာလူကြီးလေး၊ ဒါကတော့ ကျွန်တော့်ကို ကိုယ်ခံပညာနဲ့ စာသင်ပေးလို့ အဘွားက ပေးလိုက်တာပါ"