အခန်း ၆၅
Vol. 7 Ch. 65
(အခန်း) 65
ဖတ်တီးလေး အထုပ်ကို ဆက်လက်ဖွင့်ကာ သူငယ်ချင်းများအတွက် ပါလာသော လက်ဆောင်များကို တစ်ခုပြီးတစ်ခု ထုတ်ပေးနေတော့သည်။ လက်ဆောင်ရရှိကြသော ကလေးအားလုံးမှာ အလွန်ဝမ်းသာနေကြ၏။ ၎င်းမှာ သူငယ်ချင်းကောင်းများထံမှ ပထမဆုံးအကြိမ် လက်ဆောင်ရရှိဖူးခြင်း ဖြစ်သည်မဟုတ်ပါလား။
"နောက်တစ်ခါ နင်တို့အိမ်လည်ရင် ငါလည်း နင့်အဘွားအတွက် လက်ဆောင်ယူခဲ့မယ်"
ရှောင်ကျိုး သူမလည်ပင်းမှ ရွှေသော့ခလောက်လေးကို ကိုင်ရင်း ပျော်ရွှင်စွာ ပြောလိုက်သည်။
‘ကွပ်ကွပ်၊ ကွပ်ကွပ်’
(ငါလည်း နင့်အဘွားအတွက် လက်ဆောင်ယူခဲ့မှာပါ)
မြင်းရထားကြီးသည် ကလေးများ၏ ရယ်မောသံများနှင့်အတူ ခရီးကို ဆက်လက်နှင်နေသည်။ မကြာခင်မှာပင် ကလေးအုပ်စုမှာ မြင်းရထားပေါ်တွင် ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ဘဲ တောအုပ်ကို ဖြတ်သန်းစဉ် လမ်းဘေးရှိ ယုန်များကို လိုက်လံဖမ်းဆီးကာ ခုန်ပေါက်နေကြတော့၏။
"တောယုန်ကင် တောယုန်ကင် စားရတော့မယ်"
"ရွာသူကြီးလေး ဟိုမှာ မြစ်တစ်စင်းရှိတယ်၊ ငါတို့ ငါးကင်စားကြမယ်လေ၊ ငါးကင်စားကြမယ်"
ထို့နောက် လူစုသည် ငါးဖမ်းရန် မြစ်ထံသို့ သွားကြပြန်သည်။ အားလုံးမှာ အလွန်အလုပ်ရှုပ်နေကြ၏။ ခြေတိုလေးများဖြစ်သော ကလေးနှစ်ယောက်သာလျှင် အခြားသူများကို မမှီသဖြင့် စိုးရိမ်တကြီးနှင့် ပတ်ချာလည် ပြေးလွှားနေကြရသည်။
ဖမ်းမိသမျှ ယုန်များနှင့် ငါးများကို အဘွားရွှီနှင့် ရွှီရှောင်ရှောင်တို့ထံ ပစ်ပေးခဲ့ပြီးနောက် ကလေးများသည် တောအုပ်ထဲသို့ သစ်သီးခူးရန် တစ်ဖန် ပြန်လည်ခုန်ပေါက် ထွက်ခွာသွားကြပြန်၏။
’ကွပ်ကွပ် ကွပ်ကွပ်’
(သတ်တော့မယ် ကြက်ကို သတ်တော့မယ် သတ်တော့မယ်)
"ယွိဟွာ ဘာဖြစ်နေတာလဲ၊ သူ တစ်ယောက်ယောက်ကို ဆဲနေပြန်ပြီလား"
ယွိဟွာ၏စကားကို တစ်ဦးတည်း နားလည်သော ရွာသူကြီးလေးကို ကျောက်ဟူ မေးလိုက်သည်။
ရှောင်ကျိုး အသံကြားရာသို့ အပြေးအလွှား သွားကြည့်လိုက်သောအခါ ယွိဟွာမှာ တစ်စုံတစ်ဦး၏ လိုက်လံဖမ်းဆီးခြင်းကို ခံနေရသဖြင့် အသည်းအသန် ခုန်ပေါက်ပြေးလွှားနေရပြီး ကြက်မွေးအချို့ပင် ကျွတ်ထွက်နေသည်ကို မြင်လိုက်ရ၏။
ရှောင်ကျိုး ချက်ချင်းပင် ပျံသန်းသွားကာ ယွိဟွာကို သူမ၏ရင်ခွင်ထဲသို့ ပွေ့ပိုက်လိုက်ပြီး ယွိဟွာကို ဖမ်းရန် ကြိုးစားနေသော အမျိုးသားကို စိုက်ကြည့်လိုက်သည်။
"ဒါ သမီးရဲ့ အိမ်မွေးတိရစ္ဆာန်လေ"
ရှောင်ကျိုး ယွိဟွာကို တင်းကျပ်စွာ ပွေ့ဖက်ထားရင်း စိတ်အေးသွားစေရန် ခေါင်းလေးကို ပုတ်ပေးလိုက်၏။
‘ကွပ်ကွပ် ကွပ်ကွပ် ကွပ်ကွပ်’
(ကျွန်မ ကြောက်လိုက်တာ သခင်မလေးရယ်၊ သခင်လေးသာ နောက်ကျရင် ကျွန်မတော့ ဟင်းအိုးထဲ ရောက်တော့မှာ)
ထိုအမျိုးသားမှာ သူ၏နှာခေါင်းကို အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် ပွတ်ရင်း ဆိုသည်။
"အော် တကယ် တောင်းပန်ပါတယ်၊ ဦးလေးက တောင်ပေါ်က တောကြက်ထင်လို့ပါ၊ ကြည့်ရတာ အသားလည်း တော်တော်ရှိပုံရတာနဲ့ ဖမ်းပြီး ကင်စားမလို့ စိတ်ကူးလိုက်မိတာ"
‘ကွပ်ကွပ် ကွပ်ကွပ်’
(နင်ကမှ ဝတာ၊ နင့်မိသားစုတစ်ခုလုံး ဝတာ)
’ကွပ်ကွပ် ကွပ်ကွပ်’
(ဒါတွေက ငါ ကြိုးကြိုးစားစား လေ့ကျင့်ထားလို့ တက်နေတဲ့ ကြွက်သားတွေဟဲ့)
ရှောင်ကျိုး ဟိုဘက်ကို လှမ်းကြည့်လိုက်သောအခါ ထိုနေရာတွင် လူအချို့ စခန်းချနေကြသည်ကို တွေ့လိုက်ရသည်။ ထိုအမျိုးသား၏ တောင်းပန်မှုမှာ စိတ်ရင်းမှန်ပုံရသဖြင့် ရှောင်ကျိုးလည်း ဒေါသသိပ်မထွက်တော့ချေ။
သူမ ယွိဟွာကို ချော့မြူလိုက်၏။
"နင့်ကို ကိုယ်ခံပညာ သေသေချာချာ လေ့ကျင့်ပါလို့ ငါပြောသားပဲ၊ ကြည့်စမ်း အခုတော့ သူများလက်ထဲပါတော့မလို့"
‘ကွပ်ကွပ် ကွပ်ကွပ်’
(ကြောက်လိုက်တာ တကယ် ကြောက်တာ)
"နောက်ဆို ကိုယ်ခံပညာ လေ့ကျင့်တဲ့အခါ ပျင်းဦးမလား"
’ကွပ်ကွပ် ကွပ်ကွပ်’
(မပျင်းတော့ပါဘူး၊ မပျင်းတော့ပါဘူး)
ယွိဟွာ သူမ၏ ကြက်လည်ပင်းလေးကို ရူးမတတ် ခါယမ်းပြနေတော့သည်။
ထိုစဉ် အမျိုးသား၏ စခန်းချရာနေရာမှ မွှေးကြိုင်လှသော အနံ့တစ်ခု လွင့်ပျံ့လာရာ ရှောင်ကျိုး၏ ဗိုက်ထဲမှ "ဂူး" ခနဲ အသံမြည်သွား၏။
"သမီးလေး ဦးလေးတို့ဆီမှာ တစ်ခုခု လာစားပါလား"
ထိုအမျိုးသား ဖော်ဖော်ရွေရွေ ဖိတ်ခေါ်လိုက်သည်။
ရှောင်ကျိုး ယွိဟွာကို ပွေ့ချီလျက် ထိုအမျိုးသားနောက်သို့ လိုက်သွားမိသည်။ သို့သော် ယွိဟွာသည် သူမ၏ အမျိုးအနွယ် ကြက်များ မီးဖိုပေါ်တွင် ကင်ခံထားရသည်ကို မြင်လိုက်ရသောအခါ သူမ၏ ကြက်မွေးများမှာ ထောင်ထွက်လာ၏။
‘ကွပ်ကွပ် ကွပ်ကွပ် ကွပ်ကွပ်’
ယွိဟွာထံမှ အလွန်ရိုင်းစိုင်းသော ဆဲဆိုသံများ ထွက်ပေါ်လာတော့၏။ ကြက်ကင်စားနေသော အခြားအမျိုးသားတစ်ဦးမှာမူ "ကွပ်ကွပ်”ဟု ဆဲနေသော ယွိဟွာကို ကြည့်ရင်း ပါးစပ်ထဲမှ ကြက်သားကို မျိုချရမလို၊ ထွေးထုတ်ရမလို ဖြစ်နေတော့သည်။
ရှောင်ကျိုးလည်း ဆက်၍ မစားနိုင်တော့သဖြင့် ဆဲဆိုနေသော ယွိဟွာကို အမြန်ဆွဲကာ ထွက်ပြေးလာခဲ့ရသည်။ ယွိဟွာ ဒေါသကြောင့် မေ့လဲသွားမည်ကိုပင် စိုးရိမ်မိ၏။
"ဘာဖြစ်လို့လဲ ရွာသူကြီးလေး"
"ကံကောင်းလို့ပေါ့၊ ယွိဟွာ ဟင်းပွဲဖြစ်တော့မလို့"
"ဟား ဟား ဟား”
ကျောက်ဟူနှင့် အဖွဲ့သားများမှာ တဟားဟား ရယ်မောကြသည်။
"နင် တောင်ပေါ်က တောကြက်တွေနဲ့ သွားပြီး ရောသမမွှေနေပြန်ပြီလား၊ ကြည့်စမ်း အဲ့ဒီလို လျှောက်မသွားပါနဲ့လို့ ငါပြောသားပဲ၊ အခုတော့ အဖမ်းခံရတော့မလို့"
လူတိုင်း၏လှောင်ပြောင်မှုကို ခံလိုက်ရသော ယွိဟွာသည် သူတို့ကို အဖက်မလုပ်ချင်တော့သဖြင့် ခေါင်းကို လွှဲလိုက်သည်။ ကြက်မလေးသည် မြင်းရထားထဲသို့ တိတ်တဆိတ် ပျံဝင်သွားကာ ထောင့်တစ်နေရာတွင် ကုတ်ကုတ်လေး အိပ်နေတော့၏။
ရှောင်ကျိုး စနစ်ဆိုင်ထဲမှ ကြက်စာအချို့ကို ဝယ်ယူကာ ယွိဟွာ၏ အိတ်ကပ်လေးထဲသို့ ထည့်ပေးလိုက်ပြီး သူမဘာသာ သူမ အေးအေးဆေးဆေး နေပါစေဟု လွှတ်ထားလိုက်၏။ မကြာခင်မှာပင် ရွှီရှောင်ရှောင် ပြင်ဆင်ထားသော အကင်များမှာလည်း အသင့်ဖြစ်လာတော့သည်။
အဘွားရွှီ ကလေးများကို လက်ဆေးပြီး စားကြရန် အမြန်ပြောလိုက်သည်။ ထို့နောက် စိုစွတ်သော လက်သုတ်ပဝါတစ်ခုကို ယူကာ ရွာသူကြီးလေး၏ လက်ကလေးများကို စင်ကြယ်အောင် ဂရုတစိုက် သုတ်ပေးနေ၏။
ယင်းအားမြင်၍ ထျဲနျို သူ၏လက်ဝါးကြီးကို လှမ်းပေးလိုက်သော်လည်း အဘွားရွှီကမူ သူ့ကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ထွက်သွားတော့၏။ ထျဲနျိုမှာ နှလုံးသားကွဲကြေသွားသကဲ့သို့ဖြစ်သွားကာ သူ၏အဘွားမှ သူ့အား မချစ်တော့ဘူးဟု ထင်မှတ်နေသည်။ လူတိုင်း ဆာဆာလောင်လောင်နှင့် အားရပါးရ စားသောက်ကြတော့သည်။
"အရသာရှိလိုက်တာ၊ နောက်ဆို အပြင်သွားရင် မမရှောင်ရှောင်ကို မဖြစ်မနေ ခေါ်သွားမှဖြစ်မယ်"
"မမရှောင်ရှောင် ကျွန်တော် တကယ်ပဲ မမရဲ့သား လုပ်လို့မရဘူးလားဟင်"
ဖက်တီးလေးမှာ ယခုအထိ လက်မလျှော့သေးချေ။
ရွှီရှောင်ရှောင် သူ့ခေါင်းကို ရယ်မောရင်း ပုတ်လိုက်၏။
"ဘာတွေ လျှောက်ပြောနေတာလဲ၊ အမေဆိုတာ အလွယ်တကူ လျှောက်သတ်မှတ်လို့ ရတာမျိုး မဟုတ်ဘူးလေ"
"အော်”
ဖက်တီးလေး အလွန်ပင် စိတ်ပျက်သွားတော့သည်။
"ဆရာ ပြောတာ တကယ့်ကို မှန်တာပဲ”
ကျင့်ရှင်း အရသာရှိလှသော အသားကင်ကို စားရင်း ရေရွတ်လိုက်၏။
"ဟို မင်းတို့ရဲ့ အသားကင်ကို ရောင်းမလားလို့ သိချင်လို့ပါ၊ ကျွန်တော်တို့ ပိုက်ဆံပေးပြီး ဝယ်ပါ့မယ်"
စောနက အမျိုးသားသည် ရှက်ကိုးရှက်ကန်းဖြင့် လာမေးပြန်သည်။
ယွိဟွာ၏ ဆဲဆိုသံကြီးကို ကြားပြီးနောက် သူတို့ ခုနက ကင်ထားသောတောကြက်ကို မည်သို့မှ ဆက်မစားရဲကြတော့ချေ။ ထို့နောက် ဤဘက်မှ မွှေးကြိုင်လှသော အနံ့ကို ရနေသဖြင့် ထိုအမျိုးသားမှာ အရှက်ကို ဘေးဖယ်ကာ လာရောက်ဝယ်ယူရန် မေးမြန်းရခြင်း ဖြစ်၏။
စားသောက်နေကြသော ကလေးအုပ်စုမှာ ထိုစကားကို ကြားသည်နှင့် ရွာသူကြီးလေးကို လှည့်ကြည့်လိုက်ကြသည်။
ရှောင်ကျိုး ခဏစဉ်းစားပြီး မေးလိုက်၏။
"ဘယ်လောက် ပေးမှာလဲ"
"၁၀ တေးလား"
ထိုအမျိုးသား မသေချာသလို မေးလိုက်၏။
‘၁၀တေး ဟုတ်လား’
ကျောက်ဟူနှင့် အခြားသူများမှာ ပြိုင်တူ အသက်ရှူမှားသွားကြသည်။ ၎င်းမှာ အတော်လေး များပြားလှသော ပမာဏ ဖြစ်သည်မဟုတ်ပါလား။ ထိုလူ၏ တန်ဖိုးကြီးဝတ်စုံကို ကြည့်ခြင်းအားဖြင့် သူသည် ငွေကြေးချမ်းသာသူ ဖြစ်မှန်း သိသာလှသည်။
ရှောင်ကျိုး ခေါင်းငြိမ့်ပြလိုက်ပြီး သူ့စိတ်ကြိုက် ရွေးခိုင်းလိုက်၏။ ထိုလူက အသားကင်နှစ်ခုကို ယူကာ ရှောင်ကျိုးကို တေး၂၀ ပေးလိုက်တော့သည်။ ထို့နောက် သူနှင့် အခြားအမျိုးသားတစ်ဦးသည် ရှောင်ကျိုးတို့အဖွဲ့၏ ဘေးတွင် မြေကြီးပေါ်၌ ထိုင်ကာ စားသောက်ကြတော့၏။
အမျိုးသားနှစ်ဦး အသားကင်စားရင်း စကားစမြည် ပြောလာကြ၏။ သူ တစ်ဖက်မှ ရှီရှန်းနှင့် ချင်းရွှီကို လှမ်းမေးလိုက်သည်။
"မိတ်ဆွေတို့ရဲ့ အမည်ကို သိခွင့်ရှိမလား"
မေးခွန်းမေးလိုက်သော အမျိုးသားသည် မျက်နှာဖုံးစွပ်ထားသူကို ကြည့်ရင်း ထူးဆန်းသော ရင်းနှီးမှုတစ်ခုကို ခံစားနေရသည်။ ၎င်းမှာ ရှီရိုတိုကီးအဲနှင့် အလွန်တူနေသည်။ ထိုလူက ခေါင်းခါလိုက်ရင်း သူ အတွေးလွန်နေခြင်းသာ ဖြစ်မည်ဟု တွေးမိ၏။ အဘယ်ကြောင့်ဆိုသော် ရှီရိုတိုကီးအဲသေဆုံးသွားသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့်ပင်။
"လျိုတာ့ကျူးပါ"
ရှီရှန်း ဖြေလိုက်သည်။
ကလေးအချို့မှာ လှည့်ကြည့်လိုက်ကြကာ ရွာသူကြီးလေး၏ဦးလေးမှ လျိုတာ့ကျူးဆိုသည့်နာမည်ကို သဘောကျသည်ဟု ထင်မှတ်လိုက်ကြ၏။
"ဦးလေးတာ့ကျူးက ရွာသူကြီးလေးရဲ့ဦးလေးနဲ့ နာမည်လဲဖို့ သဘောတူမလား မသိဘူး"
အမျိုးသား : "......"
ကြည့်ရသည်မှာ ခန့်ညားထည်ဝါလှသော ဤလူတွင် ဤမျှသာမန်ဆန်လှသော နာမည်ရှိနေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ချေ။
"မြို့တော်ကို သွားကြမလို့လား"
ထိုလူ ဆက်မေးသည်။
‘ဟင် ဒီလူက မြို့တော်အကြောင်း သိတာလား’
ကလေးများမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကြပြီး ဝိုင်း၍ မေးခွန်းထုတ်ကြ၏။
"ဦးလေးရဲ့ နာမည်က ဘယ်သူလဲ"
"မြို့တော်ကို ရောက်ဖူးလို့လား"
"မြို့တော်က ပျော်ဖို့ကောင်းလား"
"မြို့တော်ကလူတွေကရော ကျွန်တော်တို့နဲ့ ရုပ်တူကြလား"
"......"
ထိုအမျိုးသားမှာ သူ၏နားထဲတွင် ပျားကောင်ပေါင်း တစ်သောင်းလောက် တဝီဝီ မြည်နေသကဲ့သို့ ခံစားလိုက်ရတော့သည်။