← Chapters

အခန်း ၆၆

Vol. 7 Ch. 66

အခန်း ၆၆

Vol. 7 Ch. 66

(အခန်း) 66

ထိုအမျိုးသားသည် ဤကလေးများက ဤမျှအထိ စကားများကြလိမ့်မည်ဟု ထင်မထားခဲ့ချေ။

​"ဦးလေးက မြို့တော်က ရှဲ့မိသားစုက ရှဲ့ယွီပိုင်ပါ၊ ဒါကတော့ ကျွန်တော့်ရဲ့ အစေခံ ရှဲ့ချီ၊ မြို့တော်ကနေ လော့ချွမ်းမြို့ကို အလုပ်ကိစ္စနဲ့ သွားမလို့ပါ"

​"မိတ်ဆွေတို့ကရော ဘယ်သူတွေလဲဆိုတာ သိပါရစေ"

​"ကျွန်တော်တို့က မြို့တော်ကို သွားကြမလို့ မြို့တော်ကို တစ်ခါမှ မရောက်ဖူးသေးဘူးဗျ”

ကလေးများသည် မြို့တော်နှင့် ပတ်သက်၍ သိလိုစိတ်များ ပြင်းပြနေကြသည်။

​သိသာသည်မှာ ဤကလေးများမှာ ရွာလူကြီးနှင့်အတူ မြို့တော်သို့ သွားရမည်ဟူသောအချက်ကိုသာ မှတ်မိကြပြီး မည်သည့်အရေးကြီးကိစ္စအတွက် သွားကြသည်ဆိုသည်ကိုမူ လုံးဝမေ့လျော့နေကြခြင်း ဖြစ်၏။

​"လော့ချွမ်းမြို့ကို ဘာအလုပ်ကိစ္စနဲ့ သွားတာလဲဆိုတာ သိခွင့်ရှိမလား"

ရှီရှန်း ရုတ်တရက် ကြားဖြတ်မေးလိုက်သည်။

​"မြို့တော်မှာ စီးပွားရေးလုပ်ငန်းသေးလေးတွေ လုပ်နေတဲ့သူ တစ်ယောက်ယောက်ကိုများ သိလို့လား"

ထိုအမျိုးသားမှ အချက်အလက်များ ထပ်မံသိရှိရန် စမ်းတဝါးဝါး မေးမြန်းလိုက်၏။

​ထိုစဉ် မည်သည့်အချိန်ကတည်းက အဝေးသို့ ရောက်သွားသည်မသိသော ကျန်းဟယ်နှင့် ရှီထုံတို့၏ အကူအညီတောင်းသံများ ထွက်ပေါ်လာသည်။

​ရှောင်ကျိုးနှင့် အခြားသူများမှာ ထိုနေရာသို့ အပြေးအလွှား သွားကြည့်လိုက်ကြသည်။ ရှီထုံနှင့် ကျန်းဟယ်တို့မှာ တစ်စုံတစ်ဦး တူးထားသော ကျင်းထဲသို့ ပြုတ်ကျကာ ပက်လက်လန်နေကြခြင်း ဖြစ်၏။

​ချင်းရွှီမှာ သူ၏ဂျူနီယာညီလေးကို ကြည့်ကာ ဒေါသကြောင့် နားထင်မှ အကြောများပင် ထောင်ထွက်လာ၏။ ဤကလေးငယ်မှာ ခဏလေး လွှတ်ထားလိုက်သည်နှင့် ပြဿနာရှာတော့သည်ပင်။ ဆေးဘုရင်တောင်ကြားတွင် ရှိစဉ်က ဤကလေးမှာ ဤမျှအထိ ပြဿနာရှာတတ်မှန်း သူ အဘယ်ကြောင့် သတိမထားမိခဲ့သနည်း။ ယခုမူ ကျန်းဟယ်သည် ရှီထုံနှင့်ပေါင်းမိပြီး ပျက်စီးသွားပြီဟု သူ အလေးအနက် သံသယဝင်နေမိသည်။

​"ဘယ်သူက မင်းတို့ကို ဒီလို လျှောက်ပြေးခိုင်းလို့လဲ"

ချင်းရွှီ သူတို့နှစ်ဦးကို ကျင်းထဲမှ ဆွဲတင်လိုက်၏။

​ချင်းရွှီ လက်ရွယ်လိုက်သည်ကို မြင်သည်နှင့် ထိုကလေးနှစ်ယောက်မှာ သူတို့၏တင်ပါးများကို ချက်ချင်းကာလျက် ထွက်ပြေးကြတော့သည်။

​ချင်းရွှီ : ‘ငါက သူတို့ကိုယ်ပေါ်က ရွှံ့တွေကို ခါပေးမလို့ပဲဟာ၊ ဘာလို့ ထွက်ပြေးကုန်ကြတာလဲ’

​ကလေးနှစ်ယောက်ကြောင့် စကားဝိုင်းမှာ ပြတ်တောက်သွားသဖြင့် မည်သူမှ ထိုအကြောင်းအရာကို ဆက်မပြောဖြစ်ကြတော့ချေ။

​စားသောက်ပြီးနောက် ရှောင်ကျိုးနှင့် အဖွဲ့သားများ ရှဲ့ယွီပိုင်နှင့် အစေခံတို့ကို နှုတ်ဆက်ကာ မြို့တော်သို့ ခရီးဆက်ခဲ့ကြ၏။

​မြင်းရထားအတွင်းတွင် ချင်းရွှီ ရှီရှန်းကို မေးလိုက်သည်။

"ခုနကလူကို ခင်ဗျား သိသလား"

​ကလေးအချို့လည်း သူ့ကို ဝိုင်းကြည့်နေကြသည်။

​"မြို့တော်က ရှဲ့မိသားစုဆိုတာ တတိယမင်းသားရဲ့ မယ်တော်ဘက်က မိသားစုပဲ၊ ပြီးတော့ သူတို့က အရှေ့ရှားနိုင်ငံရဲ့ နန်းတွင်းကုန်သည်ကြီးတွေဆိုတော့ သိနေတာ မဆန်းပါဘူး"

ရှီရှန်း ဖြေလိုက်၏။

​"နန်းတွင်းကုန်သည်ဆိုတာ အရမ်းချမ်းသာတာလား၊ သူတို့က အရှေ့ရှားနိုင်ငံမှာ အချမ်းသာဆုံးလားဟင်"

ဖက်တီးလေး မေးလိုက်သည်။

​"နန်းတွင်းကုန်သည်တွေက အရမ်းချမ်းသာတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အချမ်းသာဆုံးလားဆိုတာတော့ ငါလည်း မသိဘူး"

ရှီရှန်း ပြန်ဖြေ၏။

​"အဲ့ဒီလူကတော့ မင်းထက် သေချာပေါက် ပိုချမ်းသာမှာပဲ၊ သူ့ရဲ့ ဝတ်စုံတွေ၊ ဆွဲထားတဲ့ ကျောက်စိမ်းဆွဲပြားတွေကို ကြည့်လေ၊ သူ့ကိုယ်ပေါ်က အရာအားလုံးက မင်းထက် ပိုတန်ဖိုးကြီးတယ်"

ရှန်ကျစ်ယွမ် သူမ၏မိခင် ပြောလေ့ရှိသော အကြောင်းအရာများကို ကြားဖူးနားဝရှိသဖြင့် အဝတ်အထည်နှင့် ကျောက်စိမ်းရတနာများအကြောင်းကို အတော်အတန် သိရှိနားလည်ထားသည်။

​ဖက်တီးလေးသည် သူ၏လည်ပင်းမှ ရွှေသေတ္တာ၊ လက်ကောက်ဝတ်မှ ရွှေလက်ကောက်နှင့် အင်္ကျီပေါ်မှ ရွှေချည်ထိုးအဆင်များကို ငုံ့ကြည့်ရင်း မကျေမနပ် ဖြစ်သွား၏။

​’ဟွန်း ငါ့ကိုယ်ပေါ်မှာလည်း ပိုက်ဆံတွေ အပြည့်ပဲဟာကို’

​ဗိုက်ဝပြီး သောက်ထားသမျှ အရှိန်တက်နေသော လူစုမှာ မြင်းရထား၏ လှုပ်ခါမှုကြောင့် ငိုက်မြည်းလာကြတော့၏။ ကျန်းဟယ်နှင့် ရှီထုံတို့မှာ အဘွားရွှီနှင့် ရှောင်ရှောင်တို့၏ ရင်ခွင်ထဲတွင် အိပ်ပျော်နေကြပြီ ဖြစ်သည်။

​ရှောင်ကျိုးသည်လည်း နေရာလေးတစ်ခုရှာကာ ယွိဟွာကို ပွေ့ပိုက်လျက် အိပ်ပျော်သွားသည်။ သူတို့ နိုးလာသောအခါ မိုးပင်ချုပ်လုနီးပြီဖြစ်သဖြင့် တည်းခိုခန်းတစ်ခု ရှာကာ အနားယူကြ၏။

​ဖက်တီးလေး သူ၏ငိုက်မြည်းနေသော မျက်လုံးများကို ပွတ်ရင်း မကျေမနပ် ညည်းတွားလိုက်သည်။

“ဒီမြင်းရထားကလည်း တုန်ခါလွန်းလို့ ငါ့အရိုးတွေတောင် ပြုတ်ထွက်တော့မလို့၊ ကံကောင်းလို့ ဒီရွှေရတနာတွေ ဆွဲထားလို့ပေါ့၊ မဟုတ်ရင် ငါ တော်တော် ဒဏ်ရာရမှာ"

ပြောရင်းနှင့် သူ ဆွဲထားသော တောက်ပသည့် ရွှေလက်ဝတ်ရတနာများကို ပွတ်သပ်နေ၏။

​သိသာသည်မှာ သူ မအိပ်ခင်က ရှဲ့ယွီပိုင်သည် သူ့ထက် ပိုပြီး ဝတ်ကောင်းစားလှ ဝတ်သည်ဟု ရှန်ကျစ်ယွမ် ပြောခဲ့သည်ကို စိတ်ထဲ တေးထားခြင်း ဖြစ်၏။ မြင်းရထားပေါ်မှ မဆင်းမီ သူသည် တောက်ပသော ရွှေထည်များကို တမင်တကာ ထပ်တိုးဝတ်ဆင်ခဲ့သည်။ သူသည် ရှဲ့ယွီပိုင်ထက် ပိုချမ်းသာကြောင်း လူတိုင်းကို သက်သေပြရန် ဆုံးဖြတ်ထားပုံရသည်။

​သို့သော်လည်း ထိုသက်သေပြမှုမှာ လမ်းသွားလမ်းလာများ၏ မျက်လုံးထဲတွင် လမ်းလျှောက်နေသည့် ရွှေတုံးကြီးကဲ့သို့ ထင်မှတ်စေကာ အရောင်တောက်သွားစေ၏။

​ရှောင်ကျိုးနှင့် အဖွဲ့သားများ တည်းခိုခန်းထဲသို့ ဝင်လိုက်သည်နှင့် စားသောက်ဖွယ်ရာ အနံ့အသက်များက သူတို့ကို ဆီးကြိုလိုက်သဖြင့် သူတို့၏ ဗိုက်များမှာ ဆာလောင်စွာဖြင့် တုံ့ပြန်လိုက်ကြသည်။

ရွှေရောင်တောက်ပနေသော ဆံပင်အလှဆင်များဖြင့် ဖက်တီးလေးကို မြင်လိုက်ရသည်နှင့် တည်းခိုခန်းပိုင်ရှင်သည် သူဌေးတစ်ဦးဖြစ်မှန်း ချက်ချင်းရိပ်မိသွားကာ ပြုံးရွှင်စွာဖြင့် ခရီးဦးကြိုပြုပြီး ဒုတိယထပ်ရှိ သီးသန့်ခန်းသို့ လမ်းပြခေါ်ဆောင်သွား၏။

​စားသောက်ဖွယ်ရာများကို မှာယူပြီးနောက် လူစုသည် ပြတင်းပေါက်မှတစ်ဆင့် အဝေးမှ ရှုခင်းများကို လှမ်းကြည့်နေကြ၏။ အားသို့ကမူ လောက်လေးခွကိုကိုင်ကာ ဝေးလံသော သစ်ပင်ပေါ်မှ ငှက်တစ်ကောင်ကို ချိန်ရွယ်နေသည်။

​"မင်း ဘာလုပ်နေတာလဲ"

ကျောက်ဟူ သူ့ကို မေးလိုက်၏။

​"လောက်လေးခွ လေ့ကျင့်နေတာလေ၊ ဟိုးအဝေးက သစ်ပင်ပေါ်က ငှက်ကို ငါမှန်အောင် ပစ်နိုင်မလား ခန့်မှန်းကြည့်စမ်း"

​"အိမ်မက်မက်မနေနဲ့၊ မင်းသာ မှန်အောင်ပစ်နိုင်ရင် ငါ အခုပဲ ခေါင်းနဲ့ခြေထောက် ပြောင်းပြန်ထားပြီး ထမင်းစားပြမယ်"

ကျောက်ဟူ မယုံကြည်သလို ပြောလိုက်သည်။ လောက်လေးခွ၏ အင်အားမှာ သူ၏ လေးနှင့်မြှားလောက် မပြင်းထန်နိုင်ဟု သူ ယူဆထားသောကြောင့်ပင်။

​အားသို့ အားတက်သွားကာ မိမိကိုယ်ကို သက်သေပြရန် လောက်လေးခွကို မြှောက်လိုက်သည်။ ယနေ့ ကျောက်ဟူကို ပြောင်းပြန်အနေအထားဖြင့် ထမင်းစားခိုင်းစေရမည်။ အားသို့ မျက်လုံးတစ်ဖက်ကို မှေးကာ၊ လောက်လေးခွကို တင်းတင်းဆွဲလျက် သစ်ပင်ပေါ်မှငှက်အား အာရုံစိုက်ချိန်ရွယ်ပြီး ပစ်လွှတ်လိုက်သည်။

​ထိုစဉ်မှာပင် ခိုတစ်ကောင်သည် ကြားဖြတ်ပျံသန်းလာရာ သစ်ပင်ပေါ်မှငှက်ကို မထိဘဲ ထိုခိုကိုသာ ထိမှန်သွား၏။

​"ဟားဟားဟား မင်းရှုံးပြီ ငါပြောသားပဲ မင်းမမှန်နိုင်ပါဘူးဆိုတာ"

​"ဟွန်း အဲ့ဒီ အနံ့အသက်မကောင်းတဲ့ ခိုကသာ လမ်းမှာ လာမပိတ်ရင် ငါသေချာပေါက် မှန်မှာ၊ အခု အဲ့ဒီခိုကို သွားကောက်ပြီး ကင်စားပစ်မယ်"

​ပြောပြောဆိုဆိုဖြင့် အားသို့သည် စိတ်ဆိုးမာန်ဆိုးဖြင့် အောက်ထပ်သို့ ဆင်းသွားကာ ခိုကိုကောက်ယူပြီး စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။

​"ခဏနေရင် ငါ ဒါကို ကင်ပစ်မယ်”

​ရှီရှန်း ထိုခိုကို သေချာကြည့်လိုက်ပြီးနောက် ဆို၏။

"ဒါ သံချောင်းပို့တဲ့ စာပို့ခိုပဲ"

​ထို့နောက် သူ ခို၏ခြေထောက်တွင် ချည်ထားသော ဝါးလုံးလေးကို ဖြုတ်ယူကာ အတွင်းမှ စာတိုလေးကို ဆွဲထုတ်လိုက်သည်။

​"အရှင်မင်းကြီး နန်းတွင်းအရာရှိယန် သဲလွန်စတစ်ခုကို ရှာတွေ့သွားပါပြီ၊ သူ့ကို နှုတ်ပိတ်ပစ်ရမလားခင်ဗျာ"

​"အရာရှိယန်ဆိုတာ ဘယ်သူလဲ"

ရှောင်ကျိုး စပ်စုစွာ မေးလိုက်၏။

​"သူက နန်းတွင်းက တတိယအဆင့် အရာရှိကြီးတစ်ယောက်ပါ၊ ငါသိသလောက်တော့ သူက ဖြောင့်မတ်တယ်၊ လာဘ်မစားဘူး၊ ပြီးတော့ စကားကို ပြတ်ပြတ်သားသား ပြောရဲဆိုရဲရှိတယ် အာဏာရှိသူတွေကိုလည်း သူ မကြောက်ဘူး၊ အကယ်၍ မယ်တော်ကြီးသာ သူ့ကို မကာကွယ်ပေးထားရင် သူ အကြိမ်ကြိမ် သေပြီးလောက်ပြီ"

ရှီရှန်း ထိုလူအပေါ် အထင်ကြီးလေးစားမှု ရှိနေသည်။

‘​ငါ့အဖေ ပြောဖူးတာကတော့ ဒီလူဟာ ပြည်သူတွေရဲ့ အကျိုးကို တကယ်လိုလားတဲ့ နန်းတွင်းက ရှားရှားပါးပါး အရာရှိကောင်းတစ်ယောက်ပဲ’

​"ဒီတစ်ခါ အရာရှိယန် ဘယ်အမှုကို သွားစုံစမ်းနေတာလဲ မသိဘူး၊ ဒီစာရဲ့ အကြောင်းအရာအရဆိုရင်တော့ သူ့ကိုသတ်ပြီး နှုတ်ပိတ်ဖို့နဲ့ သူတို့အတွက် မကောင်းတဲ့ သက်သေတွေကို ဖျောက်ဖျက်ဖို့ ကြံစည်နေကြတာပဲ"

​"ဒါဆို ငါတို့ ဘာလုပ်ကြမလဲ"

​"အခု အရာရှိယန် စုံစမ်းနေတဲ့အမှုကို အရင်သိအောင် လုပ်ရမယ်၊ မြို့တော်ကို အမြန်ပြန်ပြီး ယန်မိသားစုကို သတင်းပို့ဖို့ ကြိုးစားရမှာပဲ၊ ဒါပေမဲ့ အချိန်မီပါ့မလားတော့ မသိဘူး"

ရှီရှန်း အနည်းငယ် စိုးရိမ်နေမိ၏။

​"အရင်တစ်ခါက လီအိမ်တော်မှာ တွေ့ခဲ့တဲ့ အဘိုးကြီးလား၊ နင့်အဖေက သူ့ကို အရာရှိယန်လို့ ခေါ်တာ ငါကြားလိုက်သလိုပဲ"

ရှောင်ကျိုး မသေချာသလို ပြောလိုက်သည်။

​"အမှန်ဖြစ်ဖြစ် မဖြစ်ဖြစ်၊ ငါ့အဖေဆီကို လူလွှတ်ပြီး သတင်းပို့ရမယ်၊ ဒါမှ သူက အရာရှိယန်ကို ကာကွယ်ဖို့ လူလွှတ်ပေးနိုင်မှာ"

​ရှန်ကျစ်ယွမ် သူမ၏ အစောင့်ကို ခေါ်လိုက်၏။

"ရှန်ချီ ဒီစာကို ယူပြီး ငါ့အဖေဆီ သွားပါ၊ ဒီအကြောင်းတွေကို ပြောပြလိုက်၊ အမြန်ဆုံး သွားရမယ်နော် သိလား"

​"ဒါပေမဲ့ သခင်မလေး သခင်ကြီးနဲ့ သခင်မကြီးတို့က သခင်မလေးကို ကာကွယ်ဖို့ ကျွန်တော့်ကို အမိန့်ပေးထားတာပါ"

ရှန်ချီ ဝေခွဲမရဖြစ်နေသည်။

​"ငါ့ကိုယ်ငါ ကာကွယ်နိုင်ပါတယ်၊ နင် ကာကွယ်ပေးဖို့ မလိုဘူး၊ ပြီးတော့ ငါက ရွာလူကြီးလေးနဲ့အတူ ရှိနေတာပဲ၊ သူ ငါ့ကို ကာကွယ်ပေးမှာပေါ့ မြန်မြန်သွားပါ၊ အခြေအနေက အရေးကြီးနေပြီ"

ရှန်ကျစ်ယွမ် တိုက်တွန်းလိုက်၏။

​ရှန်ချီလည်း နာခံရုံမှတစ်ပါး အခြားနည်းလမ်းမရှိတော့သဖြင့် စာကိုယူကာ ချင်းရှန်းမြို့နယ်သို့ အမြန်ဆုံး ထွက်ခွာသွားသည်။

​"မင်းအဖေ သတင်းကို အမြန်ဆုံးရပါစေလို့ မျှော်လင့်ရတာပဲ၊ အကယ်၍ အဲ့ဒီအဘိုးကြီးက အရာရှိယန်သာ တကယ်ဆိုရင် လွန်ခဲ့တဲ့တစ်ခါ ဂူထဲက ဝတ်ရုံနက်ဝတ်အဖွဲ့နဲ့ ပတ်သက်တဲ့ သဲလွန်စကို သူ ရှာတွေ့သွားတာများလား"

အားသို့ ဆို၏။

​"ဒီစာပို့ခို မြို့တော်ကို ပြန်ရောက်ဖို့က အချိန်တစ်ခုတော့ ယူရဦးမှာပဲ၊ ပြီးတော့ အခုလည်း အားတုံက လောက်လေးခွနဲ့ ပစ်ချလိုက်ပြီဆိုတော့ ထိုလူတွေက သတင်းစကားကို ရမှာမဟုတ်တော့ဘူး၊ ဒါကြောင့်လည်း သူတို့ ဇွတ်တရွတ် လုပ်ရဲမှာမဟုတ်ဘူး၊ ဘာပဲဖြစ်ဖြစ် သူက မြို့တော်က တတိယအဆင့် အရာရှိကြီးတစ်ယောက်ပဲလေ၊ လုံးဝ မလွှဲမရှောင်သာတဲ့ အခြေအနေမျိုး မဟုတ်ရင် သူတို့ စွန့်စားရဲမှာ မဟုတ်ပါဘူး"

ရှီရှန်း အားသို့ကို ပြုံးရင်း ကြည့်လိုက်၏။

ဤကလေး ထိုလောက် ကံကောင်းလိမ့်မည်ဟု သူ တကယ်မထင်ထား‌ပေ။ ပထမဆုံးအကြိမ်မှာတင် စာပို့ခိုကို ပစ်ချနိုင်ခဲ့ပြီး၊ ထိုခိုမှာလည်း ဤမျှ အရေးကြီးသည့် သတင်းစကား ပါလာသော ခိုဖြစ်နေရသေးသည်။

​မကြာခင်မှာပင် မှာယူထားသော အစားအသောက်များ ရောက်ရှိလာသဖြင့် လူစုသည် ခုနကဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆက်လက်ဆွေးနွေးရန် စိတ်မပါတော့ချေ။

​အားလုံး အစားအစာများကို အငမ်းမရ စတင်စားသောက်ကြတသည်။ တစ်နေ့တာလုံး ခရီးနှင်လာရသဖြင့် ပင်ပန်းနေကြသော လူစုသည် ဗိုက်ဝသွားကြသောအခါ တည်းခိုခန်းပိုင်ရှင်ထံတွင် အနားယူရန်အတွက် အိပ်ဆောင်များစွာကို တောင်းဆိုလိုက်ကြ၏။

​တိတ်ဆိတ်ခြောက်ကပ်လှသော ညဉ့်နက်သန်းခေါင်ယံ အချိန်ကာလသည် မကောင်းမှုပြုလုပ်ရန်အတွက် အကောင်းဆုံးသော အချိန်ပင် ဖြစ်နေတော့သည်။

All Chapters