← Chapters

အခန်း ၆၉

Vol. 7 Ch. 69

အခန်း ၆၉

Vol. 7 Ch. 69

(အခန်း) 69

ထိုအဖွဲ့သည် ကျင့်ရှင်း၏ နောက်မှလိုက်လာရင်း ကျောက်မီးသွေးတွင်းတစ်ခု၏ ခြေရင်းသို့ ရောက်ရှိလာကြ၏။ ကြီးကြပ်ရေးမှူးဟု ထင်ရသော အမျိုးသားတစ်ဦး သူတို့၏လမ်းကို ပိတ်လိုက်သည်။

​"ဘယ်သူတွေလဲ"

​အဘွားရွှီနှင့် ကျောက်တ့ာလန်တို့ မြင်းရထားပေါ်မှ အမြန်ခုန်ဆင်းလိုက်ကြသည်။ ရထားပေါ်တွင် ကြိုတင်တိုင်ပင်ထားသည့်အတိုင်း သူတို့နှစ်ဦးမှာ လူမှောင်ခိုသမားများအဖြစ် ဟန်ဆောင်လိုက်ကြ၏။

​သူတို့နှစ်ဦး ကြီးကြပ်ရေးမှူး၏ နားအနားသို့ကပ်ကာ လျှို့ဝှက်စွာဖြင့် တိုးတိုးလေး မေးလိုက်သည်။

"ဒီမှာ အလုပ်လုပ်ဖို့ လူတွေ ထပ်ငှားဦးမလားလို့ သိချင်လို့ပါခင်ဗျာ"

​ကြီးကြပ်ရေးမှူးသည် သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီး ကျောက်တာ့လန်အား လက်ညှိုးထိုးပြကာ ဆို၏။

"မင်းဆိုရင်တော့ ရတယ်၊ ဒါပေမဲ့ ဒီအဘွားကြီးတော့ မရဘူး၊ ငါတို့က သန်မာတဲ့ လူငယ်တွေကိုပဲ လက်ခံတာ"

​ကျောက်တ့ာလန် လက်ကို အမြန်ယမ်းပြရင်း ပြောလိုက်သည်။

"ကျွန်တော် မဟုတ်ပါဘူး၊ တခြားလူတွေ လာပို့တာပါ၊ သူတို့က တကယ့်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့ အလုပ်သမားတွေပါ၊ တစ်ယောက်ကို ဘယ်လောက်ပေးနိုင်မလဲဆိုတာ သိချင်လို့ပါ"

​ထိုစကားကို ကြားသည်နှင့် ကြီးကြပ်ရေးမှူးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကာ ဆို၏။

"လက်ခြေအင်္ဂါစုံလင်ပြီး ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေဆိုရင်တော့ ငါလက်ခံမယ်"

​"ဈေးနှုန်းကတော့ သဘောတူဖို့ လွယ်ပါတယ်၊ တစ်ယောက်ကို ငွေ ၁၅ တေး ပေးမယ်၊ ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်နော်၊ ငါ့ဆီ ရောင်းပြီးပြီဆိုရင် နောင်တရလို့ မရတော့ဘူး၊ သေသေချာချာ စဉ်းစားကြဦး"

​အဘွားရွှီနှင့် ကျောက်တာ့လန်တို့က အမြန်ပြန်ဖြေလိုက်ကြသည်။

"နားလည်ပါပြီ၊ နားလည်ပါပြီ"

​ထို့နောက်တွင် လူနှင့် ငွေကို လဲလှယ်လိုက်ကြတော့သည်။ တစ်ခါတည်းနှင့် ငွေ ၁၀၅ တေးအထိ ရရှိလိုက်သဖြင့် လူများမှာ စိတ်လှုပ်ရှားတက်ကြွနေကြပြီး၊ နောက်ထပ် အကြိမ်အနည်းငယ်လောက်ပင် ပြန်ပေးဆွဲခံချင်စိတ် ပေါက်သွားကြတော့၏။

​ရှောင်ကျိုးမှာလည်း အလွန်ပင် ဝမ်းသာနေမိသည်။ သူမ၏ ဝမ်းကွဲအစ်ကိုသာ ဤနေရာ၌ရှိနေလျှင် သိပ်ကောင်းမည်ဟု တွေးလိုက်မိ၏။ သူမ၏ အစ်ကိုပြောခဲ့သမျှ အရာအားလုံးမှာ တကယ့်ကို အသုံးဝင်လှသည်ပင်။

​ဝမ်းကွဲအစ်ကို : "ငါက ပေါက်ကရတွေ ပြောခဲ့တာပါ၊ ညီမလေးက တကယ်ကြီး လုပ်ပစ်လိမ့်မယ်လို့ ငါမထင်ထားဘူး”

​မြင်းရထားမှာ မြို့တော်ထံသို့ ဆက်လက်ထွက်ခွာလာခဲ့သည်။ ရှောင်ကျိုးသည် မြင်းရထားတံခါးဝတွင် ရပ်ကာ အပြင်ဘက်မှ ရှုခင်းများကို ကြည့်ရင်း အလွန်ပင် ပျော်ရွှင်နေမိ၏။

​သူမ ပျော်လာလျှင် သီချင်းဆိုကာ ကခုန်ချင်စိတ်ကို မထိန်းနိုင်တော့ချေ။ မြင်းရထားထဲတွင် လူတိုင်းက သူတို့၏ ရွာလူကြီးလေးမှာ ရူးသွားသည့်အလား ပြုမူနေသည်ကို မြင်လိုက်ကြရ၏။ သူမ သူမ၏ခြေရင်းတွင် ဆောင့်ကြောင့်ထိုင်နေသော ရှီထုံကို ပွေ့ချီလိုက်ကာ၊ ကလေးသံလေးဖြင့် သီချင်းတစ်ပုဒ်ကိုဆိုရင်း ခေါင်းနှင့်တင်ပါးကို ရမ်းကာ ကခုန်နေသည်။

​"ဖျော်ဖြေလို့ မရရင် ဖျော်ဖြေတတ်အောင် သင်ရမယ်၊ အစ်ကိုကြီးလုပ်သလိုမျိုး လိုက်လုပ် မြစ်ကြီးရေ ပင်လယ်ကြီးရေ မြစ်ကြီးရေ"

​ကြည့်ရသည်မှာ ရယ်စရာကောင်းလွန်းသဖြင့် လူတိုင်း မအောင့်နိုင်ကြတော့ချေ။ မြင်းရထားထဲမှ လူများမှာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်နေအောင် ရယ်မောနေကြတော့၏။ ရွာလူကြီးလေးမှာ တကယ်ပင် ချစ်စရာကောင်းလွန်းလှ၏။

မချီခံထားရသော ရှီထုံမှာမူ အလွန်ပင် ဝမ်းသာနေ၏။ ၎င်းမှာ တကယ်ပင် ပျော်စရာကောင်းလှသည်။ သူ ထပ်ကစားချင်သေး၏။ ကျောက်ဟူသည်လည်း ကျန်းဟယ်ကို မချီလိုက်ကာ ရွာလူကြီးကို အတုယူပြီး ခေါင်းနှင့်တင်ပါးကို ရမ်းကာ ကခုန်ပြပြန်သည်။

​တဖြည်းဖြည်းနှင့် မြင်းရထားထဲမှ ကလေးအားလုံးမှာ နတ်ဝင်သလို ဖြစ်လာကြပြီး၊ မချီစရာတစ်ခုခုကို ရှာကာ ရွာလူကြီးကဲ့သို့ပင် လိုက်လံကခုန်နေကြတော့၏။ ထိုဘေးတွင် ယွိဟွာကလည်း "တကွက်ကွက်" အော်ဟစ်ကာ အားပေးနေသဖြင့် ပို၍ပင် စည်ကားနေ၏။

Host ဤမျှ ပျော်ရွှင်နေသည်ကို မြင်သောအခါ စနစ်မနေနိုင်ဘဲ ရှောင်ကျိုးအား ငါးနှစ်စာ စာမေးပွဲလေ့ကျင့်ခန်းများနှင့် သုံးနှစ်စာ ကောလိပ်ဝင်ခွင့် ပြင်ဆင်မှု မေးခွန်းတွဲများကို ထုတ်ပေးလိုက်သည်။

​' Host စာသင်ရမယ့် အချိန်ရောက်ပြီ’

​ပျော်ရွှင်နေသောရှောင်ကျိုး မေးလိုက်၏။

"စနစ် နင်က မိစ္ဆာတစ်ကောင်လား"

​' Host စာမသင်တာ တော်တော်ကြာနေပြီနော်’

​"မနက်ဖြန်မှ သင်မယ်လေ"

​'မနေ့ကလည်း နင် ဒီလိုပဲ ပြောခဲ့တာပဲ "မနက်ဖြန်၊ မနက်ဖြန်" နဲ့ မနက်ဖြန်တွေက အရမ်းများနေပြီ Host ပျင်းနေလို့ မရတော့ဘူးနော်’

​ရှောင်ကျိုး ငိုချင်သွားရ၏။ သူမ မြင်းရထားထဲတွင် အေးအေးဆေးဆေး ပြန်ထိုင်လိုက်ကာ၊ မျက်လုံးကိုမှိတ်ပြီး သူမ၏စိတ်ထဲတွင် နာမည်ကြီး ဆရာကြီးများ၏ ဟောပြောချက်များကို စတင်နားထောင်ရသည်။

​ကစားရင်းနှင့် ပင်ပန်းသွားသော ရွာလူကြီးလေးမှာ မျက်လုံးမှိတ်ကာ အနားယူနေသည်ဟု ထင်မှတ်ကြသဖြင့် လူတိုင်း တိတ်ဆိတ်သွားကြ၏။

​ရှောင်ကျိုး သူမ၏စိတ်ထဲတွင် ဤမင်းဆက်၏ တရုတ်စာလုံးဟောင်း များကို စတင်မှတ်သားနေရသည်။ တစ်ခုခုကို သင်ယူခြင်းသည် စာလုံးများကို မှတ်မိခြင်းမှ စတင်သောကြောင့်ပင်။

​ရှောင်ကျိုး စာလုံးပေါင်းများစွာ ပါဝင်သော ထိုစာလုံးများကို ကြည့်ကာ လုံးဝပင် စိတ်ဓာတ်ကျသွားတော့၏။ သူမ စနစ်ကို မေးလိုက်သည်။

"ဒါတွေက အရမ်းရိုးရှင်းနေတာကို ဘာလို့ ဒီလောက်အများကြီး ရေးထားရတာလဲ၊ ငါစာမတတ်မှာကို သူတို့က ကြောက်နေကြလို့လား"

​စနစ် : 'ကျေးဇူးပြုပြီး စာကိုပဲ အာရုံစိုက်ပါ၊ မသက်ဆိုင်တဲ့ ကိစ္စတွေကို တွေးမနေပါနဲ့’

​စနစ်မှာ တကယ့်ကို တင်းကျပ်လှသော ကျောင်းအုပ်ကြီးတစ်ဦးကဲ့သို့ပင်။ တကယ်ကို ကြောက်စရာကောင်းလှသည်။ ရှောင်ကျိုး ရှိုက်ကြီးတငင် ငိုကြွေးရင်းနှင့်ပင် သင်ခန်းစာများကို ဆက်လက်နားထောင်ကာ စာလုံးများကို သင်ယူနေရ၏။

​တစ်နာရီခန့် ကြာပြီးနောက်တွင် ရှောင်ကျိုး ဆက်လက်၍ မခံစားနိုင်တော့ဘဲ သူမ၏ နှလုံးသားထဲမှ အော်ဟစ်လိုက်သည်။

​"စနစ် ငါက ငါးနှစ်ပဲ ရှိသေးတာလေ၊ ကလေးလေးပဲ ရှိသေးတာကို ဘာလို့ ဒီလောက်အများကြီး သင်နေရတာလဲ"

Host မှာ စာလုံးအတော်များများကို အမှန်တကယ် မှတ်မိသွားသည်ကို မြင်သောအခါ စနစ်မှ ဆို၏။

"အခု သွားဆော့လို့ရပါပြီ၊ ၁၅ မိနစ်ကြာအောင် စာကြိုးစားခဲ့တဲ့အတွက် ဆုလာဘ်အနေနဲ့ ကောင်းမွန်တဲ့ အရာတစ်ခု ပေးမယ်"

​"ဘာလဲဟင်"

ရှောင်ကျိုး မျှော်လင့်တကြီး မေးလိုက်သဖြင့် စနစ် ပြန်ဖြေသည်။

​"ဒါက 'အဆိပ်မတိုးဆေးလုံး' ပဲ၊ ဒါကို သောက်လိုက်ရင် ဘယ်လိုအဆိပ်မျိုးနဲ့ ဆေးဝါးမျိုးကိုမဆို ခံနိုင်ရည်ရှိသွားလိမ့်မယ်"

​စနစ်မှာမူ ရင်နာနေရသည်။ ဤဆေးလုံးကို သူ၏ နည်းပါးလှသော စုဆောင်းငွေများထဲမှ ငွေအမြောက်အမြား အကုန်အကျခံကာ ဝယ်ယူပေးခဲ့ခြင်းပင် ဖြစ်သည်။ ရှောင်ကျိုး ဆေးလုံးကို ပါးစပ်ထဲသို့ အမြန်ပစ်ထည့်ကာ မျိုချလိုက်၏။

​သူမ နှုတ်ခမ်းကို သပ်ရင်း မေးသည်။

“ဘာလို့ ဘာအရသာမှ မရှိတာလဲ"

​'ဒါက ဆေးလုံးလေ၊ သကြားလုံး မဟုတ်ဘူး’

​"အိုကေလေ"

​စာသင်စရာ မလိုတော့သည်နှင့် ရှောင်ကျိုး ချက်ချင်းပင် ရူးသွပ်နေသူတစ်ဦးကဲ့သို့ ခုန်ပေါက်ပြေးလွှားတော့၏။ ကျောက်ဟူသည် ရွာလူကြီးလေး နိုးလာသည်ကို မြင်သောအခါ ဇဝေဇဝါ ဖြစ်သွားမိသည်။ တော်တော်ကြာအောင် အိပ်စက်ခဲ့သော ရွာလူကြီးလေးမှာ အဘယ်ကြောင့် ယခင်ကထက် ပိုပင်ပန်းနေပုံ ပေါက်နေရသနည်းဟု သူ တွေးနေမိ၏။

​" ရွာလူကြီးလေး လမ်းလျှောက်ထွက်ကြမလား၊ အပြင်မှာ တော်တော်စည်နေတယ်"

​ရှောင်ကျိုး မြင်းရထားလိုက်ကာကို ဖွင့်ကာ အပြင်သို့ ချောင်းကြည့်လိုက်၏။ လမ်းမပေါ်တွင် လူများမှာ ဟိုဟိုဒီဒီ သွားလာနေကြပြီး ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများမှာလည်း ဆူညံနေသည်။

​လမ်းဘေး ဈေးဆိုင်တစ်ခုတွင် ပူပူနွေးနွေး ဖုတ်ထားသော နှမ်းကိတ်မုန့်များကို တွေ့လိုက်ရသောအခါ ရှောင်ကျိုး အမြန်အော်လိုက်၏။

“လှည်းရပ် လှည်းရပ်"

​မြင်းရထား ရပ်လိုက်သည်နှင့် ရှောင်ကျိုး ကုန်းရုန်းဆင်းကာ မုန့်ဆိုင်ထံသို့ တန်းတန်းမတ်မတ် ပြေးသွားတော့၏။ ဖက်တီးလေးနှင့် သူ၏သူငယ်ချင်းများလည်း နောက်မှ ထပ်ကြပ်မကွာ လိုက်လာကြသည်။

​"ဦးလေး သမီးကို နှမ်းကိတ်မုန့်တွေ အများကြီး၊ အများကြီး ပေးပါ”

ရှောင်ကျိုး အော်ပြောလိုက်၏။

​"ကောင်းပါပြီ၊ ခဏစောင့်နော်"

ဆိုင်ရှင် ကလေးအရေအတွက်ကို တွက်ချက်ရင်း အမြန်ပြန်ဖြေသည်။

​"ကျွန်‌တော်လည်း လိုချင်တယ်၊ တစ်ခုပေးပါ”

ကျင့်ရှင်းလည်း မြင်းရထားပေါ်မှ အပြေးဆင်းလာကာ အော်ပြောလိုက်၏။

​"ဟုတ်ပါပြီ၊ အားလုံးအတွက် ရပါတယ်"

မုန့်သည်၏အပြုံးမှာ ပိုမိုကျယ်ပြန့်လာသဖြင့် သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများပင် ပိုထင်ရှားလာတော့သည်။ ဤမျှ လူအများကြီးဆိုလျှင် သူ့အတွက်တော့ စီးပွားရေး အခွင့်အလမ်းကောင်းကြီးပင် ဖြစ်၏။

​မကြာမီမှာပင် နှမ်းကိတ်မုန့်များကို ကိုင်ဆောင်လျက် အခြားဆိုင်များထံသို့ စုပြုံတိုးကြပြန်သည်။

​"ဝါး ဒါလေးက အရမ်းလှတာပဲ"

ရှန်ကျစ်ယွမ် ချစ်စရာကောင်းသော လိပ်ပြာပုံစံ ဆံပင်ကလစ်လေးကို ကောက်ယူကာ ရှောင်ကျိုး၏ ခေါင်းပေါ်တွင် အမြန်တပ်ပေးလိုက်၏။ ထို့နောက် သူမအတွက်လည်း ထပ်တူညီသော ကလစ်တစ်ခုကို တပ်လိုက်၏။

​"ဦးလေး ဒီနှစ်ခု ဘယ်လောက်လဲ၊ ကျွန်မ ဝယ်မယ်"

ထိုသို့ ပြောရင်း သူမ၏ပိုက်ဆံအိတ်ကို နှိုက်လိုက်သည်။

​"ကျွန်တော်လည်း လိုချင်တယ်”

ရှီထုံ စိုးရိမ်တကြီး အော်ပြောသည်။ သူသည်လည်း ရွာလူကြီးလေးနှင့် တူညီသော အရာကို ဝတ်ဆင်ချင်နေခြင်း ဖြစ်၏။

​"နင်က ယောက်ျားလေးလေ၊ ဒါတွေ ဝတ်လို့မရဘူး"

ရှန်ကျစ်ယွမ် ရှီထုံကို ရှင်းပြလိုက်သည်။

​"ကျွန်တော်လည်း ရွာလူကြီးနဲ့ အတူတူပဲ ဝတ်ချင်တာ၊ ယောက်ျားလေး မလုပ်ချင်ဘူး၊ ရွာလူကြီးလို မိန်းကလေးပဲ လုပ်ချင်တယ်"

ရှီထုံ မကျေမနပ် ပြန်ပြောသည်။ အဘယ်ကြောင့် သူ့ကို ယောက်ျားလေးဟု ခေါ်ကြသည်ကိုသူမသိပေ။ သူသည် ရွာလူကြီးကဲ့သို့ မိန်းကလေးသာ ဖြစ်ချင်နေ၏။

​ရှန်ကျစ်ယွမ် ဆွံ့အသွားရသည်။

"နင်က မိန်းကလေး ဖြစ်လို့မရဘူး၊ နင်က ယောက်ျားလေးပဲ၊ ယောက်ျားလေးတွေက ဆံပင်ကလစ် တပ်လို့မရဘူး၊ အဲ့ဒါက မိန်းကလေးတွေအတွက်ပဲ"

​ရှီထုံသည် ခါးထောက်လိုက်ကာ ငိုယိုအော်ဟစ်ရန် ပြင်တော့သည်။ ရှန်ကျစ်ယွမ် သူ၏ပါးစပ်ကို အမြန်ပိတ်လိုက်ကာ ခြိမ်းခြောက်လိုက်၏။

"နင်သာ အော်ရဲရင် နင့်ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့ပြီး ဘယ်တော့မှ အတူတူမဆော့တော့ဘူးနော်"

​ထိုအခါမှ ရှီထုံမှာ ငြိမ်ကျသွားတော့သည်။ သူသည် ရှန်ကျစ်ယွမ်နှင့် ရွာလူကြီးလေးတို့၏ ခေါင်းပေါ်မှ ဆံပင်ကလစ်များကို တမ်းတမ်းတတ စိုက်ကြည့်နေမိပြီး၊ သူ၏စိတ်ထဲတွင် ထိုအရာကိုသာ အလွန်လိုချင်နေမိ၏။

​ရှီထုံ သနားစဖွယ် ဖြစ်နေသည်ကို မြင်သောအခါ ရှောင်ကျိုးသည် လမ်းဘေးဆိုင်လေးတစ်ခုမှ ကျောက်စိမ်းဆွဲသီးလေးတစ်ခုကို ရွေးချယ်ပေးလိုက်သည်။

​"ရော့ ဒါက နင့်အတွက်၊ ဒါက ယောက်ျားလေးတွေ ဝတ်ရတဲ့ဟာလေ"

ပိုက်ဆံရှင်းပြီးနောက် ရှောင်ကျိုး ကျောက်စိမ်းဆွဲသီးကို သူ၏လည်ပင်းတွင် ဆွဲပေးလိုက်၏။

​ရှီထုံသည် သူ၏လည်ပင်းမှ ဆွဲသီးကို တစ်လှည့်၊ ရွာလူကြီးလေး၏ ခေါင်းပေါ်မှ ကလစ်ကို တစ်လှည့် ကြည့်နေမိသည်။ သူသည် ရွာလူကြီးလေးနှင့် တူညီသောအရာကိုသာ ဝတ်ချင်နေဆဲ ဖြစ်သော်လည်း၊ ဤဆွဲသီးမှာ ရွာလူကြီးလေး ပေးထားသော လက်ဆောင်ဖြစ်သဖြင့် ရှီထုံမှာ ပြန်လည်ပျော်ရွှင်သွားကာ ဆွဲသီးကို ဆွဲကိုင်လျက် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေသည်။

သူတို့အားလုံးသည် လမ်းတစ်လျှောက် တွေ့သမျှ ဆိုင်တိုင်းတွင် ဝင်ရောက်ကြည့်ရှုကာ ပျော်ပျော်ပါးပါးဖြင့် ပစ္စည်းများကို ဝယ်ယူရင်း ဆက်လက် လျှောက်လှမ်းလာခဲ့ကြ၏။

All Chapters