← Chapters

ထာဝရကလန်ကို အပြစ်တင်ခြင်း၊ နေသာသောည

Vol. 95 Ch. 1310

ထာဝရကလန်ကို အပြစ်တင်ခြင်း၊ နေသာသောည

Vol. 95 Ch. 1310

"ငါ ဘာလို့ မရင်ဆိုင်ရဲ ရမှာလဲ..."

ဝမ်လင်း၏မျက်လုံးတို့က ​တောက်ပ​နေ၏။ ရုတ်တရက် ​လောကတွင် ​ရွှေ​​ရောင်အလားများ အစားထိုး ခြုံလွှမ်းလာသည်။ ​ကောင်းကင်ထက်ရှိ မိုးစက်များသည်ပင် ​​ရွှေ​ရောင်​​တောက်လာခဲ့သည်။

ဝမ်လင်း၏ပုံရိပ်မှာ မြင့်တက်လာ​သော​နေမင်းအလား မှတ်ထင်ရသည်။ ​မူလဥပ​ဒေသနှင့် ပြည့်​လေ​သော ရွှေ​ရောင်အလင်းများသည် ဓါးသွားများအလား ထိုးထွက်လာ၏။

အလင်းတန်းနှင့်အတူ ဆံပင်ဖြူများနှင့်အဘိုးအို ​ရောက်ရှိလာခဲ့​ပေပြီ။ သူ့မျက်နှာမှာ အိုမင်းကာ အ​ရေးအ​ကြောင်းများဖြင့် ပြည့်​နေသည်။ ထိုအဘိုးအို၏အကြည့်က​တော့ ​​ကောင်းကင်နှင့်​မြေကြီးကို နားလည်​​နေဟန် ​ပေါ်​လေသည်။ သူ ချဥ်းကပ်လာသည့်အခါ ​ကောင်းကင်နှင့်​မြေကြီးသည် အ​ရောင်​ပြောင်းလဲကုန်၏။ ​​လေများသည် တိမ်ထုတိမ်စိုင်တို့ကို ကွဲထွက်​စေသည်။ ​လောကသည် သူ့ထိန်းချုပ်မှု​အောက်သို့ ​ရောက်လာသလား ထင်မှားရ၏၊

ထိုအဘိုးအို၏အ​ရေပြားပတ်လည်တွင် အနီ​ရောင်​ရောင်လျှံစက်ဝန်းတစ်ခု ​ပေါ်လာသည်။ သူသည် ​ရွှေ့လျားလာ​နေရင်း သူ့ကို ​တွေ့မြင်ရသူတိုင်းမှာ တုန်လှုပ်မိရသည်။

​ကောင်း​ကင်ဘုံဒုက္ခပထမအ​ဆင့်ကို ​ပြီးပြည့်စုံစွာ ဖြတ်​ကျော်ပြီးသူတိုင်းတွင် သူတို့အား ကာကွယ်​ပေး​သော ​ရောင်လျှံစက်ဝန်း ရှိ​လေ၏။ ထို​ရောင်လျှံစက်ဝန်းသည် လူတစ်​ယောက်၏ တုန်လှုပ်ဖွယ်ရာစွမ်းအားကို ကိုယ်စားပြု​​လေသည်။

သူ့ပုံရိပ်မှာ မြန်လွန်းလှကာ ချက်ခြင်းလိုလို ဝမ်လင်းနှင့် ​ပေတစ်​ထောင်အထက်သို့ ​ရောက်ရှိလာ​လေ၏။ သူသည် နတ်တစ်ပါးကဲ့သို့ ဝမ်လင်းကို ​အေးစက်စက် ငုံ့ကြည်လိုက်သည်။

"မင်းက သတ္တိရှိသားပဲ..." အဘိုးအိုသည် သူ့ညာလက်ကို ​​​ဝေ့ယမ်းလျက် ခပ်ကြမ်းကြမ်း ရိုက်ချကာ တည်ငြိမ်စွာ ​ပြောလိုက်သည်။

ထိုလက်ဝါးရိုက်ချက်သည် ​ကောင်းကင်ကို တုန်ခါသွား​စေဖို့အတွက် လုံ​​လောက်​ပေ၏။ ​ရေခိုး​ရေ​ငွေ့အဖြစ် အ​​ငွေ့ပျံသွား​သော မိုးစက်များသည် ​ပျောက်ကွယ်ကာ အနီ​ရောင်အလင်းထွက်​ပေါ်လာ၍ ဧရာမပိုက်ကွန်တစ်ခု ဖြစ်​ပေါ်သည်။

ထိုပိုက်ကွန်မှာ မူလစိတ်ဝိညာဥ်ကို ကိုင်လှုပ်နိုင်​သော အဆုံးမဲ့ဥပ​ဒေသ ပါဝင်​လေ၏။ ယင်းမှာ ဥပ​ဒေသနှင့် ပြုလုပ်ထား​သော ပိုက်ကွန်မည်​လေ၏။

ထိုအဘိုးအိုသည် ခုချိန်တွင် နတ်တစ်ပါး မဟုတ်​တော့၊ သူသည် ပိုက်ကွန်ကို ဖြန့်ကြဲလိုက်သည့် ငါးဖမ်းသမားတစ်​ကောင်အဖြစ်သို့ ​ပြောင်းလဲသွား​ပေပြီ။

အဘိုးအိုသည် ​ကောင်းကင်ထက်ရှိ ငါးဖမ်းသမား ဖြစ်လာကာ ​ဝမ်လင်းကမူ မြေပြင်ထက်ရှိ ငါး ဖြစ်လာသည်။ ​မြေပြင်သည် ပင်လယ်ကဲ့သို့အလား။ ဧရာမပိုက်ကွန်က​တော့ ငါးကို ဖမ်းလို​သော ဥပ​ဒေသ ​လှောင်ချိုင့် ဖြစ်လာခဲ့သည်။

ထိုမြင်ကွင်းသည် ​ဝမ်လင်း၏စိတ်ကို တုန်လှုပ်​စေ၏။ ယင်းသည် အတိတ်တုန်းက သူ့ကိုယ်ပိုင်တာအိုကို ဆင်ခြင်ခဲ့စဥ်ကနှင့် အလွန်အလားသဏ္ဍန်တူ​လေသည်။ တစ်နည်းအားဖြင့် အတိတ်တုန်းက သူ့တာအိုသစ်သီးကို ခိုင်မာ​​သေချာ​စေခဲ့ခြင်း ဟူ၏။

ဥပ​ဒေသပိုက်ကွန်သည် နီးကပ်လာချိန်တွင် ဝမ်လင်း၏မျက်လုံးက တဖျပ်ဖျပ်လင်းလက်ပြီး သူသည် ​လေထဲသို့ တိုးဝင်လိုက်သည်။ တစ်ဖက်လူ၏အမြင်တွင်မူ ဝမ်လင်းမှာ ပိုက်ကွန်ထဲမှ လွတ်​မြောက်နိုင်စွမ်းမရှိ​သောငါးတစ်​ကောင်ပင်။

သို့ရာတွင် ဝမ်လင်းသည် ​ကောင်းကင်ဘုံကို ဖိဆန်​သော ကျင့်ကြံသူတစ်​ယောက် ဖြစ်​လေ၏။ သူသည် ​ကောင်းကင်ဘုံကိုပင် ဖိဆန်သူ ဖြစ်မှ​တော့ သူ မလုပ်နိုင်တာ ဘာရှိပါ့ဦးမည်နည်း။ သူသည် အတိတ်တုန်းက ဥာဏ်အလင်းရခဲ့ချိန်က​ ပိုက်ကွန်ထဲမှ လွတ်​မြောက်ရန် ရုန်းကန်​နေ​​သောငါးကို ​တွေ့မြင်ခဲ့ဖူး​​ပေသည်။

ယ​နေ့တွင်​တော့ ဝမ်လင်းသည် ထိုအဘိုးအို၏မန္တာန်​အောက်တွင် ငါးတစ်​ကောင် ဖြစ်လာခဲ့​ပေပြီ။ သူ့အဖို့ ရုန်းကန် ရ​ပေ​တော့မည်။ ထိုအဘိုးအို၏ ဥပ​ဒေသပိုက်ကွန်အတွင်းမှ လွတ်​မြောက်ရန် သူ ရုန်းကန်ရ​ပေမည်။

ဥပ​ဒေသပိုက်ကွန်က မြန်ဆန်စွာ ဆင်းသက်လာပြီး အရာအားလုံးကို လွှမ်းခြုံသည်။ ၎င်းက လူတစ်​ယောက်ကို ပုန်းစရာ​မြေမရှိ ဟူ​သော ခံစားချက်ကို ​ပေးစွမ်း​လေ၏။

ဝမ်လင်းထံမှ ​​ရွှေ​ရောင်အလင်းသည် ​တောက်ပသထက် ​တောက်ပလာ၏။ ​မြေပြင်သည် ပင်လယ် ဖြစ်လာဟန်ရကာ သူသည် ပင်လယ်ထဲမှ မြင့်တက်လာ​​သော ​နေမင်းကဲ့သို့ ရှိ​လေ၏။

ဝမ်လင်း ပထမဆုံး ဖန်တီးခဲ့​သောမန္တာန်မှာ ​နေသာ​သောည ဖြစ်​လေ၏။ သူ နိဗ္ဗာနသန့်စင်ခြင်းအ​ဆင့်တွင် ရှိစဥ်က ​နေထွက်တာကို ​​စောင့်ကြည့်ရင်း ယင်းမန္တာန်ကို နားလည်မှုဥာဏ်အလင်း ရရှိခဲ့တာ ဖြစ်သည်။ သို့ရာတွင် ​နေသာ​သောညမန္တာန်က အလွန်အစွမ်းထက်၏။ ၎င်းကို အသုံးပြုနိုင်ရန် လိုအပ်​သော မူလစွမ်းအင်မှာ ဝမ်လင်းစိတ်ကူးနိုင်သည်ထက် ပိုများသည်။

သူက မူလစွမ်းအင် အသုံးပြုစရာ မလို​သော အထူးအချိန်အခါတွင်သာ ယင်းမန္တာန်ကို အသုံးပြုနိုင်ခဲ့သည်။

သို့ရာတွင် ခုချိန်၌ ဝမ်လင်း၏နယ်ပယ်သည် အမှန်နှင့်အမှားအဖြစ် ဆင့်ကဲ​ပြောင်းလဲခဲ့ပြီး သူက တာအိုသစ်သီးကို ဝါးမြိုခဲ့ပြီး ဥပ​ဒေသကြယ်ကို ဖန်တီးခဲ့ပြီး ဖြစ်​ချေသည်။ ပို၍ အ​ရေးကြီးသည်က သူ့ဒုတိယ​မြောက်မန္တာန်ကို နားလည်ခဲ့ခြင်းတို့သည် သူ့ကို ​နေသာ​သောညမန္တာန်အား အထူးအချိန်အခါကို ​စောင့်စရာမလိုဘဲ အသုံးပြုလာနိုင်စွမ်း ရှိ​စေခဲ့​ပေသည်။

၎င်း၏စွမ်းအားက အမြင့်မားဆုံး ​အ​ခြေအ​နေတွင် မဟုတ်​သော်လည်း၊အချိန်အကြာကြီး ထုတ်​​ဖော်နိုင်စွမ်း မရှိ​သော်လည်း အထူးအချိန်တွင်မှ အသုံးပြုလို့ ရတာထက်​တော့ များစွာ ပိုသာ​ပေသည်။

ပို၍ အ​ရေးကြီးသည်က ဝမ်လင်း သည်​နေသာ​သောည မန္တာန်ကို အသုံးပြုရ​သည့် အ​ကြောင်းရင်းမှာ သူ့မူလစွမ်းအင်အားလုံးကို မချွင်းမချန် သုံး၍ရ​သော​ကြောင့် ဖြစ်သည်။ ထိုကဲ့သို့ အသုံးပြုနိုင်ခြင်းမှာလည်း သူ့အသက်နှင့် ပတ်သတ်ပြီး ပူပန်စရာ မလိုခြင်း​ကြောင့်ပင်။

သူ့တွင် ခြင်သားရဲအုပ် ပိုင်ဆိုင်ထားသည် မဟုတ်လား။

ဤက သူ့ဝှက်ဖဲ ဖြစ်၏။ သူ့အသက်ကယ်မန္တာန်လည်း ဖြစ်သည်။ ထို့အတွက်​ကြောင့်လည်း သူသည် ထာဝရကလန်တွင် မူလကလန်ကို မြှင့်တင်​ပေးရန် ​တွေ​ဝေမ​နေဘဲ ကူညီခဲ့တာ ဖြစ်​ပေသည်။

သည်အခိုက်အတန့်မှာပင် ဥပ​ဒေသပိုက်ကွန်က နီးကပ်လာသည်။ ဝမ်လင်းက ရယ်​မော၍ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ ​မြေပြင်ထု တုန်ဟီးသွားသည်။ ပုံရိပ်​ယောင်ဧရိယာတစ်ခု ​ပေါ်လာ​၏။ ၎င်းမှာ အစစ်အမှန် မဟုတ်​သော်လည်း လှိုင်းလုံးများ ခက်ထန်​နေဆဲသာ။

အနီ​ရောင် ဥပ​ဒေသပိုက်ကွန် ဖြည်းဖြည်းချင်း သက်ဆင်းလာခြင်းနှင့်အတူ ​​လောကသည် အ​မှောင်ထု ခြုံလွှမ်းလာသည်။

ထိုဆန်းကြယ်​သောမြင်ကွင်းသည် အဘိုးအို၏အမူအရာကို ​ပြောင်းလဲသွား​စေပြီး သူသည် မျက်​မှောင်ကြုတ်လိုက်သည်။ သူ့အထင်​သေးဟန် အကြည့်ကို ပြန်ရုတ်သိမ်းကာ သူ အ​လေးအနက် ဖြစ်သွားသည်။

သူသည် တိုက်ခိုက်လာချိန်၌ ဝမ်လင်းကို အ​သေသတ်ရန် မရည်ရွယ်ခဲ့​ပေ။ စမ်းသပ်ရန်နှင့်ခြိမ်း​ခြောက်ဖို့သာ သူ တိုက်ခိုက်ခြင်း ဖြစ်သည်။ သူက ဝမ်လင်း၏သန်မာမှုကို ​တွေ့မြင်ပြီး ဖြစ်သလို သည်လိုလူစားမျိုးက ထာဝရကလန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရ​ပေမည်။ သည့်အတွက်​ကြောင့် ဝမ်လင်း ခုလို​မောက်မာတာကို ထိုအဘိုးအိုက ခွင့်မပြုနိုင်ခြင်းတည်း။ သူက ဝမ်လင်းကို သင်ခန်းစာ​ပေးရန်၊​လောကသည် ကျယ်ပြန့်​ကြောင်း သိ​စေရန်၊ ထာဝရကလန်ကို ​စော်ကားခွင့်မရှိ​ကြောင်း သင်​ပေးရန် တိုက်ခိုက်လာတာ ဖြစ်၏။

သို့ရာတွင် သူသည် ဝမ်လင်း​ နေသာ​သောညမန္တာန်ကို အသုံးပြုလာတာကို ​တွေ့မြင်သည့်အခါ ဝမ်လင်းကို သင်ခန်းစာ​ပေးရန်စိတ်ကူးမှာ ​ပ​ပျောက်သွားပြီး တိုက်ပွဲဆန္ဒ အရိပ်အမြွက် ဖြစ်​ပေါ်လာ​သည်။

"ထူးဆန်းလိုက်တဲ့ ဥပ​ဒေသ၊ ဒီ​ကောင်​လေးရဲ့ မန္တာန်​တွေက တကယ် အံအားသင့်ဖို့ ​ကောင်းတယ်..."

စင်မြင့်ပတ်လည်ရှိ ကျင့်ကြံသူများသည် ခုချိန်တွင် အ​မှောင်ထု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ သူတို့နားမလည်​သောအားတစ်ခု ​ထွေးခြုံလာကာ သူတို့၏စိတ်ကို တုန်ယင်​စေ​လေ၏။

ထာဝရကလန်၏အကြီးအကဲများသည်လည်း ထို့နည်းတူသာ ဖြစ်၏။

သူတို့သည် အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဥ်ကုန်း​မြေ၌ ဝမ်လင်း ​နေသာ​သောညမန္တာန်ကို သုံး၍ အရှင်​လေဟာနယ်ကို သတ်ခဲ့ခြင်း၊ မီးခိုး​ရောင်​ရှေ့ဖြစ်​ဟောသူကို ​နောက်ဆုတ်​စေခဲ့ခြင်းတို့ကို မသိရှိကြ​ပေ။ ထိုမန္တာန်ဖြင့်ပင် ​ရှေ့ဖြစ်​ဟောသူ၏ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကိုယ်ပွားနှစ်​ယောက်လည်း ​သေဆုံးခဲ့ရဖူး၏။

ညအ​မှောင်ထု​အောက်တွင် လှိုင်းများ မြင့်တက်လာ၏။ အရာအားလုံးသည် ​မှောင်၏။ ဥပ​ဒေသပိုက်ကွန်ကပါ အ​​မှောင်ထုနှင့် တသားတည်း ဖြစ်လာသလား မှတ်ထင်ရသည်။ ပိုက်ကွန်က ပုံရိပ်​ယောင်ပင်လယ်ပြင်ထက် ကျဆင်းလာ၏။ ထိုအခါ ပင်လယ်မှာ ရုန်းကန်သည့်အလား လှိုင်းများ ထန်လာသည်။

ဥပ​ဒေသပိုက်ကွန်က ပင်လယ်ကို ထွင်း​ဖောက်ကာ ဝမ်လင်းထံ အလျင်အမြန် ဆင်းသက်လာ​လေ၏။ သို့ရာတွင် ပိုက်ကွန် ဝမ်လင်းအနား ​ရောက်လာချိန်တွင်​​တော့ ပုံရိပ်​ယောင်ပင်လယ်ပြင်မှ လှိုင်းများ ရုန်းကြွ ခက်ထန်လာသည်။ ပင်လယ်ပြင်မှ ​ရွှေ​ရောင်အလင်းတစ်ခု မြင့်တက်လာပြီး ညအ​မှောင်ထုကို ဖြည်းဖြည်းချင်း တွန်းထုတ်သည်။

​ရွှေ​​ရောင်အလင်းသည် ပို​အား​ကောင်းလာကာ ပင်လယ်ပြင်ကို ထွင်း​ဖောက်သည်။ သိပ်မကြာခင်တွင် ပင်လယ်ပြင်ထက်၌ ​နေတစ်စင်း ​ပေါ်လာသည်။

​နေမင်း​ပေါ်လာသည်နှင့် ​လောကသည် ​ရွှေ​ရောင်အလင်းတို့ဖြင့် ခြုံလွှမ်းလာ၏။ ညအ​မှောင်သည် မူလဥပ​ဒေသ၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသည့်အလားပင်။

ပင်လယ်ပြင်ထက်၌ ​နေမင်း တစ်ဝက်​ကျော်​ကျော် မြင့်တက်၍ ​ကောင်းကင်ထက်တွင် ​ပေါ်လာသည့်အခါ ခပ်နိပ်နိပ်အသံတစ်ခု ပဲ့တင်ထပ်သည်။

​"နေသာ​သောည..."

ထိုစကားနှစ်ခွန်း ထွက်ပေါ်လာသည်နှင့် ​နေမင်းအတွင်း၌ ခပ်ဝါးဝါးပုံရိပ်တစ်ခု ​ပေါ်လာသည်။ ထိုပုံရိပ်မှာ ဝမ်လင်း ဖြစ်၏။

သူတို့၏စိတ်မှာ အ​မှောင်ထုနှင့် တစ်သားတည်း ဖြစ်သွား​သော ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဥ်သည် နာကျင်စွာ ခံစားရ​လေ၏။

အ​မှောင်ထုတွင် နစ်မြုပ်သွား​​သော အဘိုးအို၏အမူအရာသည် အကြီးအကျယ် ​ပြောင်းလဲသွားကာ သူသည် ​နောက်သို့ အလျင်အမြန် ဆုတ်သည်။ တစ်ချိန်တည်းမှာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်​စေသည်။ သူ့ပတ်လည်ရှိ အနီ​ရောင်​ရောင်လျှံစက်ဝန်းမှာ တဖျပ်ဖျပ်လင်းလက်ပြီး ​နေသာ​သောညမန္တာန်၏စွမ်းအားကို ခုခံသည်။

အဘိုးအိုသည် ​နောက်ဆုတ်၏။ တုန်ဟည်းသံများ မြည်ဟိန်း​လေသည်။

​ရွှေ​ရောင်အလင်းက ချက်ခြင်းလိုလို စူးရှပြင်းထန်​သောအလင်းကို ထုတ်လွှတ်သည်။ ထိုအခါ ​လောကရှိ အ​မှောင်ထုအားလုံး ပျက်စီး၍ မြန်ဆန်စွာ လွင့်ပါး ​ပျောက်ကွယ်သွား​တော့သည်။

ချက်ခြင်းလိုလို ဥပ​ဒေသပိုက်ကွန်က ဝမ်လင်းရှိ​နေ​သော​နေရာသို့ ကျ​ရောက်လာ၏။ ပိုက်ကွန်၏ ပိတ်​လှောင်ခံရလုနီးနီးတွင် သူက လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်းတွန်းထုတ်၏။ သူ့ပတ်လည်ရှိ ​ရွှေ​ရောင်အလင်းမှာ မြင့်တက်လာပြီး မူလဥပ​ဒေသ ပါဝင်​သောဓါးသွားကဲ့သို့ ထိုးထွက်​လာသည်။

ပင်လယ်ပြင်မှ ​မွေးဖွားလာ​သော ​နေသာ​သောညမန္တာန်တွင် မူလဥပ​ဒေသ ပါဝင်၏။ ​နေမင်း မြင့်တက်လာခြင်းကို ဟန့်တားနိုင်​သောအားဟူ၍ မရှိ​ပေ။ ဥပ​ဒေသပိုက်ကွန်သည်ပင် ဟန့်တားနိုင်စွမ်း မရှိပါ။

ဝမ်လင်းသည် ​ရှေ့သို့ တွန်းထုတ်​​နေရင်း သူသည် ​နေသာ​သောည၏စွမ်းအားအပြည့်နှင့်အတူ ​ပေါက်ကွဲထွက်သည်။ ​ရွှေ​ရောင်အလင်း ​ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ​ကောင်းကင်နှင့်​မြေကြီး၏ အတားအဆီးများအားလုံးကို စုတ်ဖြဲပစ်နိုင်​ပေသည်။ အဘိုးအို ဝါ ငါးဖမ်းသမား၏ ဥပ​ဒေသပိုက်ကွန် အပါအဝင်ပင်။

ထိုပိုက်ကွန်သည် တုန်ဟီး​လေ၏။ အက်ကွဲသံများ ပဲ့တင်ထပ်ကာ ထို့​နောက်တွင် ၎င်းပိုက်ကွန် ပျက်စီးသွားသည်။ ယင်းဥပ​ဒေသပိုက်ကွန်သည် အ​မှောင်ထုနှင့်အတူ ​လေဟာနယ်အတွင်းသို့ ​ပျောက်ကွယ်သွား​တော့၏။

ငါးဖမ်းသမားသည် ပိုက်ကွန်ဖြင့် ငါးဖမ်းလိုခဲ့၏။ သို့​သော် ငါးက ရုန်းကန်၍ ပိုက်ကွန်ကို ချိုးဖျက်ပစ်လိုက်သည်။

သို့ရာတွင် ဝမ်လင်းမှာ ငါးတစ်​ကောင် ဖြစ်သည်ဟု ဆို၍ ရသလို မဟုတ်ဟုလည်း ​ပြောနိုင်သည်။ သူသာ ငါးတစ်​ကောင်ဆိုပါက ပိုက်ကွန်ကို ချိုးဖျက်ပြီးလျှင် ပင်လယ်ထဲသို့ ပြန်​ရောက်ရမည် မဟုတ်လား။ သူက ​ကောင်းကင်ဘုံကို ဖိဆန်​သောကျင့်ကြံသူသာ ဖြစ်၏။ ထို့​ကြောင့် သူသည် ဤအတိုင်း ပြီး​စေမည် မဟုတ်၊ ထိုအစား တုန့်ပြန်မှုတစ်ခု ပြုလုပ်​ပေမည်။

​ရွှေ​ရောင်အလင်း ဝန်းရံထားလျက် ဥပ​ဒေသပိုက်ကွန်ကို ဖျက်စီးကာ လှမ်းထွက်လာ၏။ သူသည် ​နေသာ​သောည၏စွမ်းအားကို ခုခံရင်း ​နောက်ဆုတ်သွား​သော အဘိုးအိုကို ​အေးစက်စွာ ကြည့်သည်။

"သင်​ရော ငါ့မန္တာန်ကို လက်ခံဝံ့ရဲ့လား..." ဝမ်လင်း၏အသံတွင် ခွန်အားအပြည့် ပါသည်။

သူက အဘိုးအို သူ့အား ​ပြောခဲ့​သော စကားများကို ပြန်​ပြောလိုက်ခြင်း ဖြစ်၏။ အရင်ကဆိုပါက ဝမ်လင်းသာ ထိုကဲ့သို့ ​ပြောပါက လူအများသည် သူ့ကို ​မောက်မာလွန်းလှသူဟု ​တွေးထင်ကြ​ပေလိမ့်မည်။ သို့ရာတွင် သူက ​နေသာ​သောညမန္တာန်ကို အသုံးပြုပြပြီးသည့်​နောက်တွင်မူ လူတိုင်းသည် အ​မှောင်ထုအတွင်း ပိတ်​လှောင်ခြင်း ခံခဲ့ရ၏။ ထာဝရကလန်၏အကြီးအကဲများသည်ပင် ညအ​မှောင်နှင့်အတူ စုတ်ဖြဲခံရမည့်အလား ခံစားခဲ့ရသည်။

ဤအခိုက်အတန့်တွင်​တော့ ထိုတူညီ​သောစကားလုံးများတွင် တုန်လှုပ်ဖွယ်​အော်ရာတစ်ခု ပါဝင်​နေ​လေပြီ။ လူတိုင်းသည် အသက်ရှု ရပ်တန့်သွားသလား ထင်မှတ်ရ​လေ၏။

***

All Chapters