ထာဝရကလန်ကို အပြစ်တင်ခြင်း၊ နေသာသောည
Vol. 95 Ch. 1310
"ငါ ဘာလို့ မရင်ဆိုင်ရဲ ရမှာလဲ..."
ဝမ်လင်း၏မျက်လုံးတို့က တောက်ပနေ၏။ ရုတ်တရက် လောကတွင် ရွှေရောင်အလားများ အစားထိုး ခြုံလွှမ်းလာသည်။ ကောင်းကင်ထက်ရှိ မိုးစက်များသည်ပင် ရွှေရောင်တောက်လာခဲ့သည်။
ဝမ်လင်း၏ပုံရိပ်မှာ မြင့်တက်လာသောနေမင်းအလား မှတ်ထင်ရသည်။ မူလဥပဒေသနှင့် ပြည့်လေသော ရွှေရောင်အလင်းများသည် ဓါးသွားများအလား ထိုးထွက်လာ၏။
အလင်းတန်းနှင့်အတူ ဆံပင်ဖြူများနှင့်အဘိုးအို ရောက်ရှိလာခဲ့ပေပြီ။ သူ့မျက်နှာမှာ အိုမင်းကာ အရေးအကြောင်းများဖြင့် ပြည့်နေသည်။ ထိုအဘိုးအို၏အကြည့်ကတော့ ကောင်းကင်နှင့်မြေကြီးကို နားလည်နေဟန် ပေါ်လေသည်။ သူ ချဥ်းကပ်လာသည့်အခါ ကောင်းကင်နှင့်မြေကြီးသည် အရောင်ပြောင်းလဲကုန်၏။ လေများသည် တိမ်ထုတိမ်စိုင်တို့ကို ကွဲထွက်စေသည်။ လောကသည် သူ့ထိန်းချုပ်မှုအောက်သို့ ရောက်လာသလား ထင်မှားရ၏၊
ထိုအဘိုးအို၏အရေပြားပတ်လည်တွင် အနီရောင်ရောင်လျှံစက်ဝန်းတစ်ခု ပေါ်လာသည်။ သူသည် ရွှေ့လျားလာနေရင်း သူ့ကို တွေ့မြင်ရသူတိုင်းမှာ တုန်လှုပ်မိရသည်။
ကောင်းကင်ဘုံဒုက္ခပထမအဆင့်ကို ပြီးပြည့်စုံစွာ ဖြတ်ကျော်ပြီးသူတိုင်းတွင် သူတို့အား ကာကွယ်ပေးသော ရောင်လျှံစက်ဝန်း ရှိလေ၏။ ထိုရောင်လျှံစက်ဝန်းသည် လူတစ်ယောက်၏ တုန်လှုပ်ဖွယ်ရာစွမ်းအားကို ကိုယ်စားပြုလေသည်။
သူ့ပုံရိပ်မှာ မြန်လွန်းလှကာ ချက်ခြင်းလိုလို ဝမ်လင်းနှင့် ပေတစ်ထောင်အထက်သို့ ရောက်ရှိလာလေ၏။ သူသည် နတ်တစ်ပါးကဲ့သို့ ဝမ်လင်းကို အေးစက်စက် ငုံ့ကြည်လိုက်သည်။
"မင်းက သတ္တိရှိသားပဲ..." အဘိုးအိုသည် သူ့ညာလက်ကို ဝေ့ယမ်းလျက် ခပ်ကြမ်းကြမ်း ရိုက်ချကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုလက်ဝါးရိုက်ချက်သည် ကောင်းကင်ကို တုန်ခါသွားစေဖို့အတွက် လုံလောက်ပေ၏။ ရေခိုးရေငွေ့အဖြစ် အငွေ့ပျံသွားသော မိုးစက်များသည် ပျောက်ကွယ်ကာ အနီရောင်အလင်းထွက်ပေါ်လာ၍ ဧရာမပိုက်ကွန်တစ်ခု ဖြစ်ပေါ်သည်။
ထိုပိုက်ကွန်မှာ မူလစိတ်ဝိညာဥ်ကို ကိုင်လှုပ်နိုင်သော အဆုံးမဲ့ဥပဒေသ ပါဝင်လေ၏။ ယင်းမှာ ဥပဒေသနှင့် ပြုလုပ်ထားသော ပိုက်ကွန်မည်လေ၏။
ထိုအဘိုးအိုသည် ခုချိန်တွင် နတ်တစ်ပါး မဟုတ်တော့၊ သူသည် ပိုက်ကွန်ကို ဖြန့်ကြဲလိုက်သည့် ငါးဖမ်းသမားတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားပေပြီ။
အဘိုးအိုသည် ကောင်းကင်ထက်ရှိ ငါးဖမ်းသမား ဖြစ်လာကာ ဝမ်လင်းကမူ မြေပြင်ထက်ရှိ ငါး ဖြစ်လာသည်။ မြေပြင်သည် ပင်လယ်ကဲ့သို့အလား။ ဧရာမပိုက်ကွန်ကတော့ ငါးကို ဖမ်းလိုသော ဥပဒေသ လှောင်ချိုင့် ဖြစ်လာခဲ့သည်။
ထိုမြင်ကွင်းသည် ဝမ်လင်း၏စိတ်ကို တုန်လှုပ်စေ၏။ ယင်းသည် အတိတ်တုန်းက သူ့ကိုယ်ပိုင်တာအိုကို ဆင်ခြင်ခဲ့စဥ်ကနှင့် အလွန်အလားသဏ္ဍန်တူလေသည်။ တစ်နည်းအားဖြင့် အတိတ်တုန်းက သူ့တာအိုသစ်သီးကို ခိုင်မာသေချာစေခဲ့ခြင်း ဟူ၏။
ဥပဒေသပိုက်ကွန်သည် နီးကပ်လာချိန်တွင် ဝမ်လင်း၏မျက်လုံးက တဖျပ်ဖျပ်လင်းလက်ပြီး သူသည် လေထဲသို့ တိုးဝင်လိုက်သည်။ တစ်ဖက်လူ၏အမြင်တွင်မူ ဝမ်လင်းမှာ ပိုက်ကွန်ထဲမှ လွတ်မြောက်နိုင်စွမ်းမရှိသောငါးတစ်ကောင်ပင်။
သို့ရာတွင် ဝမ်လင်းသည် ကောင်းကင်ဘုံကို ဖိဆန်သော ကျင့်ကြံသူတစ်ယောက် ဖြစ်လေ၏။ သူသည် ကောင်းကင်ဘုံကိုပင် ဖိဆန်သူ ဖြစ်မှတော့ သူ မလုပ်နိုင်တာ ဘာရှိပါ့ဦးမည်နည်း။ သူသည် အတိတ်တုန်းက ဥာဏ်အလင်းရခဲ့ချိန်က ပိုက်ကွန်ထဲမှ လွတ်မြောက်ရန် ရုန်းကန်နေသောငါးကို တွေ့မြင်ခဲ့ဖူးပေသည်။
ယနေ့တွင်တော့ ဝမ်လင်းသည် ထိုအဘိုးအို၏မန္တာန်အောက်တွင် ငါးတစ်ကောင် ဖြစ်လာခဲ့ပေပြီ။ သူ့အဖို့ ရုန်းကန် ရပေတော့မည်။ ထိုအဘိုးအို၏ ဥပဒေသပိုက်ကွန်အတွင်းမှ လွတ်မြောက်ရန် သူ ရုန်းကန်ရပေမည်။
ဥပဒေသပိုက်ကွန်က မြန်ဆန်စွာ ဆင်းသက်လာပြီး အရာအားလုံးကို လွှမ်းခြုံသည်။ ၎င်းက လူတစ်ယောက်ကို ပုန်းစရာမြေမရှိ ဟူသော ခံစားချက်ကို ပေးစွမ်းလေ၏။
ဝမ်လင်းထံမှ ရွှေရောင်အလင်းသည် တောက်ပသထက် တောက်ပလာ၏။ မြေပြင်သည် ပင်လယ် ဖြစ်လာဟန်ရကာ သူသည် ပင်လယ်ထဲမှ မြင့်တက်လာသော နေမင်းကဲ့သို့ ရှိလေ၏။
ဝမ်လင်း ပထမဆုံး ဖန်တီးခဲ့သောမန္တာန်မှာ နေသာသောည ဖြစ်လေ၏။ သူ နိဗ္ဗာနသန့်စင်ခြင်းအဆင့်တွင် ရှိစဥ်က နေထွက်တာကို စောင့်ကြည့်ရင်း ယင်းမန္တာန်ကို နားလည်မှုဥာဏ်အလင်း ရရှိခဲ့တာ ဖြစ်သည်။ သို့ရာတွင် နေသာသောညမန္တာန်က အလွန်အစွမ်းထက်၏။ ၎င်းကို အသုံးပြုနိုင်ရန် လိုအပ်သော မူလစွမ်းအင်မှာ ဝမ်လင်းစိတ်ကူးနိုင်သည်ထက် ပိုများသည်။
သူက မူလစွမ်းအင် အသုံးပြုစရာ မလိုသော အထူးအချိန်အခါတွင်သာ ယင်းမန္တာန်ကို အသုံးပြုနိုင်ခဲ့သည်။
သို့ရာတွင် ခုချိန်၌ ဝမ်လင်း၏နယ်ပယ်သည် အမှန်နှင့်အမှားအဖြစ် ဆင့်ကဲပြောင်းလဲခဲ့ပြီး သူက တာအိုသစ်သီးကို ဝါးမြိုခဲ့ပြီး ဥပဒေသကြယ်ကို ဖန်တီးခဲ့ပြီး ဖြစ်ချေသည်။ ပို၍ အရေးကြီးသည်က သူ့ဒုတိယမြောက်မန္တာန်ကို နားလည်ခဲ့ခြင်းတို့သည် သူ့ကို နေသာသောညမန္တာန်အား အထူးအချိန်အခါကို စောင့်စရာမလိုဘဲ အသုံးပြုလာနိုင်စွမ်း ရှိစေခဲ့ပေသည်။
၎င်း၏စွမ်းအားက အမြင့်မားဆုံး အခြေအနေတွင် မဟုတ်သော်လည်း၊အချိန်အကြာကြီး ထုတ်ဖော်နိုင်စွမ်း မရှိသော်လည်း အထူးအချိန်တွင်မှ အသုံးပြုလို့ ရတာထက်တော့ များစွာ ပိုသာပေသည်။
ပို၍ အရေးကြီးသည်က ဝမ်လင်း သည်နေသာသောည မန္တာန်ကို အသုံးပြုရသည့် အကြောင်းရင်းမှာ သူ့မူလစွမ်းအင်အားလုံးကို မချွင်းမချန် သုံး၍ရသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ အသုံးပြုနိုင်ခြင်းမှာလည်း သူ့အသက်နှင့် ပတ်သတ်ပြီး ပူပန်စရာ မလိုခြင်းကြောင့်ပင်။
သူ့တွင် ခြင်သားရဲအုပ် ပိုင်ဆိုင်ထားသည် မဟုတ်လား။
ဤက သူ့ဝှက်ဖဲ ဖြစ်၏။ သူ့အသက်ကယ်မန္တာန်လည်း ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း သူသည် ထာဝရကလန်တွင် မူလကလန်ကို မြှင့်တင်ပေးရန် တွေဝေမနေဘဲ ကူညီခဲ့တာ ဖြစ်ပေသည်။
သည်အခိုက်အတန့်မှာပင် ဥပဒေသပိုက်ကွန်က နီးကပ်လာသည်။ ဝမ်လင်းက ရယ်မော၍ သူ့လက်နှစ်ဖက်ကို လှုပ်ရှားလိုက်ရာ မြေပြင်ထု တုန်ဟီးသွားသည်။ ပုံရိပ်ယောင်ဧရိယာတစ်ခု ပေါ်လာ၏။ ၎င်းမှာ အစစ်အမှန် မဟုတ်သော်လည်း လှိုင်းလုံးများ ခက်ထန်နေဆဲသာ။
အနီရောင် ဥပဒေသပိုက်ကွန် ဖြည်းဖြည်းချင်း သက်ဆင်းလာခြင်းနှင့်အတူ လောကသည် အမှောင်ထု ခြုံလွှမ်းလာသည်။
ထိုဆန်းကြယ်သောမြင်ကွင်းသည် အဘိုးအို၏အမူအရာကို ပြောင်းလဲသွားစေပြီး သူသည် မျက်မှောင်ကြုတ်လိုက်သည်။ သူ့အထင်သေးဟန် အကြည့်ကို ပြန်ရုတ်သိမ်းကာ သူ အလေးအနက် ဖြစ်သွားသည်။
သူသည် တိုက်ခိုက်လာချိန်၌ ဝမ်လင်းကို အသေသတ်ရန် မရည်ရွယ်ခဲ့ပေ။ စမ်းသပ်ရန်နှင့်ခြိမ်းခြောက်ဖို့သာ သူ တိုက်ခိုက်ခြင်း ဖြစ်သည်။ သူက ဝမ်လင်း၏သန်မာမှုကို တွေ့မြင်ပြီး ဖြစ်သလို သည်လိုလူစားမျိုးက ထာဝရကလန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရပေမည်။ သည့်အတွက်ကြောင့် ဝမ်လင်း ခုလိုမောက်မာတာကို ထိုအဘိုးအိုက ခွင့်မပြုနိုင်ခြင်းတည်း။ သူက ဝမ်လင်းကို သင်ခန်းစာပေးရန်၊လောကသည် ကျယ်ပြန့်ကြောင်း သိစေရန်၊ ထာဝရကလန်ကို စော်ကားခွင့်မရှိကြောင်း သင်ပေးရန် တိုက်ခိုက်လာတာ ဖြစ်၏။
သို့ရာတွင် သူသည် ဝမ်လင်း နေသာသောညမန္တာန်ကို အသုံးပြုလာတာကို တွေ့မြင်သည့်အခါ ဝမ်လင်းကို သင်ခန်းစာပေးရန်စိတ်ကူးမှာ ပပျောက်သွားပြီး တိုက်ပွဲဆန္ဒ အရိပ်အမြွက် ဖြစ်ပေါ်လာသည်။
"ထူးဆန်းလိုက်တဲ့ ဥပဒေသ၊ ဒီကောင်လေးရဲ့ မန္တာန်တွေက တကယ် အံအားသင့်ဖို့ ကောင်းတယ်..."
စင်မြင့်ပတ်လည်ရှိ ကျင့်ကြံသူများသည် ခုချိန်တွင် အမှောင်ထု၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသည်။ သူတို့နားမလည်သောအားတစ်ခု ထွေးခြုံလာကာ သူတို့၏စိတ်ကို တုန်ယင်စေလေ၏။
ထာဝရကလန်၏အကြီးအကဲများသည်လည်း ထို့နည်းတူသာ ဖြစ်၏။
သူတို့သည် အတိတ်တုန်းက နတ်ဆိုးစိတ်ဝိညာဥ်ကုန်းမြေ၌ ဝမ်လင်း နေသာသောညမန္တာန်ကို သုံး၍ အရှင်လေဟာနယ်ကို သတ်ခဲ့ခြင်း၊ မီးခိုးရောင်ရှေ့ဖြစ်ဟောသူကို နောက်ဆုတ်စေခဲ့ခြင်းတို့ကို မသိရှိကြပေ။ ထိုမန္တာန်ဖြင့်ပင် ရှေ့ဖြစ်ဟောသူ၏ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ကိုယ်ပွားနှစ်ယောက်လည်း သေဆုံးခဲ့ရဖူး၏။
ညအမှောင်ထုအောက်တွင် လှိုင်းများ မြင့်တက်လာ၏။ အရာအားလုံးသည် မှောင်၏။ ဥပဒေသပိုက်ကွန်ကပါ အမှောင်ထုနှင့် တသားတည်း ဖြစ်လာသလား မှတ်ထင်ရသည်။ ပိုက်ကွန်က ပုံရိပ်ယောင်ပင်လယ်ပြင်ထက် ကျဆင်းလာ၏။ ထိုအခါ ပင်လယ်မှာ ရုန်းကန်သည့်အလား လှိုင်းများ ထန်လာသည်။
ဥပဒေသပိုက်ကွန်က ပင်လယ်ကို ထွင်းဖောက်ကာ ဝမ်လင်းထံ အလျင်အမြန် ဆင်းသက်လာလေ၏။ သို့ရာတွင် ပိုက်ကွန် ဝမ်လင်းအနား ရောက်လာချိန်တွင်တော့ ပုံရိပ်ယောင်ပင်လယ်ပြင်မှ လှိုင်းများ ရုန်းကြွ ခက်ထန်လာသည်။ ပင်လယ်ပြင်မှ ရွှေရောင်အလင်းတစ်ခု မြင့်တက်လာပြီး ညအမှောင်ထုကို ဖြည်းဖြည်းချင်း တွန်းထုတ်သည်။
ရွှေရောင်အလင်းသည် ပိုအားကောင်းလာကာ ပင်လယ်ပြင်ကို ထွင်းဖောက်သည်။ သိပ်မကြာခင်တွင် ပင်လယ်ပြင်ထက်၌ နေတစ်စင်း ပေါ်လာသည်။
နေမင်းပေါ်လာသည်နှင့် လောကသည် ရွှေရောင်အလင်းတို့ဖြင့် ခြုံလွှမ်းလာ၏။ ညအမှောင်သည် မူလဥပဒေသ၏ စုတ်ဖြဲခြင်းကို ခံလိုက်ရသည့်အလားပင်။
ပင်လယ်ပြင်ထက်၌ နေမင်း တစ်ဝက်ကျော်ကျော် မြင့်တက်၍ ကောင်းကင်ထက်တွင် ပေါ်လာသည့်အခါ ခပ်နိပ်နိပ်အသံတစ်ခု ပဲ့တင်ထပ်သည်။
"နေသာသောည..."
ထိုစကားနှစ်ခွန်း ထွက်ပေါ်လာသည်နှင့် နေမင်းအတွင်း၌ ခပ်ဝါးဝါးပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်မှာ ဝမ်လင်း ဖြစ်၏။
သူတို့၏စိတ်မှာ အမှောင်ထုနှင့် တစ်သားတည်း ဖြစ်သွားသော ကျင့်ကြံသူများ၏ မူလစိတ်ဝိညာဥ်သည် နာကျင်စွာ ခံစားရလေ၏။
အမှောင်ထုတွင် နစ်မြုပ်သွားသော အဘိုးအို၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားကာ သူသည် နောက်သို့ အလျင်အမြန် ဆုတ်သည်။ တစ်ချိန်တည်းမှာ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များ ဖြစ်စေသည်။ သူ့ပတ်လည်ရှိ အနီရောင်ရောင်လျှံစက်ဝန်းမှာ တဖျပ်ဖျပ်လင်းလက်ပြီး နေသာသောညမန္တာန်၏စွမ်းအားကို ခုခံသည်။
အဘိုးအိုသည် နောက်ဆုတ်၏။ တုန်ဟည်းသံများ မြည်ဟိန်းလေသည်။
ရွှေရောင်အလင်းက ချက်ခြင်းလိုလို စူးရှပြင်းထန်သောအလင်းကို ထုတ်လွှတ်သည်။ ထိုအခါ လောကရှိ အမှောင်ထုအားလုံး ပျက်စီး၍ မြန်ဆန်စွာ လွင့်ပါး ပျောက်ကွယ်သွားတော့သည်။
ချက်ခြင်းလိုလို ဥပဒေသပိုက်ကွန်က ဝမ်လင်းရှိနေသောနေရာသို့ ကျရောက်လာ၏။ ပိုက်ကွန်၏ ပိတ်လှောင်ခံရလုနီးနီးတွင် သူက လက်နှစ်ဖက်ကို ခပ်ကြမ်းကြမ်းတွန်းထုတ်၏။ သူ့ပတ်လည်ရှိ ရွှေရောင်အလင်းမှာ မြင့်တက်လာပြီး မူလဥပဒေသ ပါဝင်သောဓါးသွားကဲ့သို့ ထိုးထွက်လာသည်။
ပင်လယ်ပြင်မှ မွေးဖွားလာသော နေသာသောညမန္တာန်တွင် မူလဥပဒေသ ပါဝင်၏။ နေမင်း မြင့်တက်လာခြင်းကို ဟန့်တားနိုင်သောအားဟူ၍ မရှိပေ။ ဥပဒေသပိုက်ကွန်သည်ပင် ဟန့်တားနိုင်စွမ်း မရှိပါ။
ဝမ်လင်းသည် ရှေ့သို့ တွန်းထုတ်နေရင်း သူသည် နေသာသောည၏စွမ်းအားအပြည့်နှင့်အတူ ပေါက်ကွဲထွက်သည်။ ရွှေရောင်အလင်း ပေါက်ကွဲထွက်လာသည်။ ၎င်းသည် ကောင်းကင်နှင့်မြေကြီး၏ အတားအဆီးများအားလုံးကို စုတ်ဖြဲပစ်နိုင်ပေသည်။ အဘိုးအို ဝါ ငါးဖမ်းသမား၏ ဥပဒေသပိုက်ကွန် အပါအဝင်ပင်။
ထိုပိုက်ကွန်သည် တုန်ဟီးလေ၏။ အက်ကွဲသံများ ပဲ့တင်ထပ်ကာ ထို့နောက်တွင် ၎င်းပိုက်ကွန် ပျက်စီးသွားသည်။ ယင်းဥပဒေသပိုက်ကွန်သည် အမှောင်ထုနှင့်အတူ လေဟာနယ်အတွင်းသို့ ပျောက်ကွယ်သွားတော့၏။
ငါးဖမ်းသမားသည် ပိုက်ကွန်ဖြင့် ငါးဖမ်းလိုခဲ့၏။ သို့သော် ငါးက ရုန်းကန်၍ ပိုက်ကွန်ကို ချိုးဖျက်ပစ်လိုက်သည်။
သို့ရာတွင် ဝမ်လင်းမှာ ငါးတစ်ကောင် ဖြစ်သည်ဟု ဆို၍ ရသလို မဟုတ်ဟုလည်း ပြောနိုင်သည်။ သူသာ ငါးတစ်ကောင်ဆိုပါက ပိုက်ကွန်ကို ချိုးဖျက်ပြီးလျှင် ပင်လယ်ထဲသို့ ပြန်ရောက်ရမည် မဟုတ်လား။ သူက ကောင်းကင်ဘုံကို ဖိဆန်သောကျင့်ကြံသူသာ ဖြစ်၏။ ထို့ကြောင့် သူသည် ဤအတိုင်း ပြီးစေမည် မဟုတ်၊ ထိုအစား တုန့်ပြန်မှုတစ်ခု ပြုလုပ်ပေမည်။
ရွှေရောင်အလင်း ဝန်းရံထားလျက် ဥပဒေသပိုက်ကွန်ကို ဖျက်စီးကာ လှမ်းထွက်လာ၏။ သူသည် နေသာသောည၏စွမ်းအားကို ခုခံရင်း နောက်ဆုတ်သွားသော အဘိုးအိုကို အေးစက်စွာ ကြည့်သည်။
"သင်ရော ငါ့မန္တာန်ကို လက်ခံဝံ့ရဲ့လား..." ဝမ်လင်း၏အသံတွင် ခွန်အားအပြည့် ပါသည်။
သူက အဘိုးအို သူ့အား ပြောခဲ့သော စကားများကို ပြန်ပြောလိုက်ခြင်း ဖြစ်၏။ အရင်ကဆိုပါက ဝမ်လင်းသာ ထိုကဲ့သို့ ပြောပါက လူအများသည် သူ့ကို မောက်မာလွန်းလှသူဟု တွေးထင်ကြပေလိမ့်မည်။ သို့ရာတွင် သူက နေသာသောညမန္တာန်ကို အသုံးပြုပြပြီးသည့်နောက်တွင်မူ လူတိုင်းသည် အမှောင်ထုအတွင်း ပိတ်လှောင်ခြင်း ခံခဲ့ရ၏။ ထာဝရကလန်၏အကြီးအကဲများသည်ပင် ညအမှောင်နှင့်အတူ စုတ်ဖြဲခံရမည့်အလား ခံစားခဲ့ရသည်။
ဤအခိုက်အတန့်တွင်တော့ ထိုတူညီသောစကားလုံးများတွင် တုန်လှုပ်ဖွယ်အော်ရာတစ်ခု ပါဝင်နေလေပြီ။ လူတိုင်းသည် အသက်ရှု ရပ်တန့်သွားသလား ထင်မှတ်ရလေ၏။
***