← Chapters

အခန်း ၇၁

Vol. 8 Ch. 71

အခန်း ၇၁

Vol. 8 Ch. 71

(အခန်း)71

အနုစိတ်မွမ်းမံထားသော စင်္ကြံလျှောက်လမ်းများ၊ သာယာလှပသော ကျောက်ဆောင်တောင်တုများနှင့် ရေကန်များကို ဖြတ်ကျော်ပြီးနောက် သူတို့သည် အဖွားအို၏ အိမ်ဝင်းအတွင်းသို့ မကြာမီရောက်လာကြ၏။

တံခါးဝတွင် စောင့်ကြပ်နေသော အထိန်းတော်ကြီးသည် အဖွားအိုထံ သတင်းပို့ရန် အလျင်အမြန် ပြင်သော်လည်း အိမ်တော်ထိန်းကမူ သူမကို တားဆီးကာ နားနားကပ်၍ တိုးတိုးသာသာ ပြောလိုက်သည်။ ထိုအခါ အထိန်းတော်ကြီးသည် ရှီရှန်းအားကြည့်ကာ ဝမ်းသာအားရ ဖြစ်လျက် မျက်ရည်များ ဝဲတက်လာလေတော့၏။

ရှီရှန်းသည် ရှေ့သို့တစ်လှမ်းချင်း လှမ်းလာသည်နှင့်အမျှ မိခင်ဖြစ်သူ၏ ကျန်းမာရေးမှာ နှစ်အတော်ကြာပြီးနောက် မည်သို့ရှိနေမည်နည်းဟူသော အတွေးဖြင့် စိတ်မအေးနိုင် ဖြစ်နေရချေ၏။

ရှောင်ကျိုးနှင့် သူမအဖော်များမှာမူ သူနှင့် မတူကြပေ။ သူတို့သည် စစ်သူကြီးအိမ်တော်သို့ စတင်ဝင်ရောက်လာချိန်ကတည်းက စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေကြသည်။

"ရွာသူကြီး ဒါက စစ်သူကြီးအိမ်တော်ဆိုတာလား"

ကျောက်ဟူကမူ ရွာသူကြီး၏နားနားသို့ ကပ်၍ တိုးတိုးလေး မေးမြန်းလိုက်၏။ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် သူတို့သည် စစ်သူကြီးအိမ်တော်အတွင်းသို့ ရောက်လာသည်နှင့် အသံကျယ်ကျယ် မပြောရဲဘဲ ဟိုဟိုဒီဒီ ခုန်ပေါက်နေကြသည်။

ရှီရှန်းသည် မိခင်ဖြစ်သူ၏ အိမ်ဝင်းအတွင်းသို့ ဖြည်းညှင်းစွာ ဝင်ရောက်လာရာ ခုတင်ပေါ်တွင် လဲလျောင်းနေသော မိခင်ဖြစ်သူအား မြင်လိုက်ရ၏။ မိခင်ဖြစ်သူ၏မျက်နှာလေးမှာ နွမ်းလျနေပြီး မျက်လုံးများကိုလည်း မှိတ်ထားသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေသကဲ့သို့ ရှိချေသည်။

ရုတ်တရက် ခြေသံများ နီးကပ်လာသည်နှင့် အဖွားအိုသည် အလိုအလျောက် မျက်လုံးများကို ဖွင့်ကြည့်လိုက်၏။ သူမအကြည့်မှာ တံခါးဝတွင် ရပ်နေသော အလွန်ရင်းနှီးလှသည့် ပုံရိပ်ဆီသို့ ကျရောက်သွားသည့်အခါ သူမ၏ မှုန်ဝါးနေသော မျက်ဝန်းများသည် မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုများဖြင့် ဝိုင်းစက်သွားလေတော့သည်။

ရှီရှန်းသည် သူ့မျက်နှာပေါ်မှ မျက်နှာဖုံးကို အမြန်ခွာလိုက်ပြီး ရှေ့သို့တိုးသွားကာ အဖွားအို၏ ခုတင်ရှေ့တွင် ဒူးထောက်လျက် လှမ်းခေါ်လိုက်၏။

"အမေ"

ထိုအသံကို ကြားသည်နှင့် အဖွားအိုသည် ပိုမိုရှင်းလင်းစွာ မြင်နိုင်ရန်အတွက် သူမခေါင်းကို အားယူကာ မော့ကြည့်လေသည်။ သူမနှုတ်ခမ်းများမှာ တုန်ရီနေသော်လည်း စကားတစ်လုံးမျှ မထွက်နိုင်ဘဲ မျက်ရည်များမှာ ချက်ချင်းပင် ဝဲတက်လာခဲ့သည်။

အဖွားအိုသည် တုန်ရီနေသော လက်များဖြင့် ရှီရှန်းမျက်နှာကို ပွတ်သပ်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်။

"ရှန်းအာလား"

ရှီရှန်းကမူ ရှိုက်ကြီးတငင်ဖြင့် ပြောလိုက်၏။

"အမေ သားပါ၊ ရှန်းအာ ပြန်လာပါပြီ"

"ရှန်းအာ တကယ်ပဲ မင်းလား၊ မင်း မင်း အသက်ရှင်နေသေးတာလား၊ မင်း မင်း မသေသေးဘူးပေါ့နော်"

အဖွားအို၏အသံမှာ စိတ်လှုပ်ရှားမှုကြောင့် ပြတ်တောင်းပြတ်တောင်း ဖြစ်နေလေသည်။

"ဟုတ်ကဲ့ အမေ သား မသေပါဘူး၊ သား ပြန်လာပါပြီ"

ရှီရှန်းသည် အမြန်ထလိုက်ပြီး သူ့တူနှင့် တူမလေးတို့၏မျက်နှာပေါ်မှ မျက်နှာဖုံးများကိုပါ ချွတ်ပေးလိုက်၏။ ထို့နောက် ကလေးနှစ်ယောက်အား သူ့မိခင်အနားသို့ ဆွဲခေါ်ကာ ပြောလိုက်သည်။

"အမေ ကြည့်ပါဦး၊ သား ဘယ်သူ့ကို ခေါ်လာခဲ့လဲဆိုတာ"

အဖွားအိုသည် ရှီအန်းကိုမြင်သောအခါ ပထမတွင် အံ့အားသင့်သွားပြီးနောက် အလွန်ဝမ်းသာသွားလေသည်။ ရှောင်ကျိုးအား မြင်လိုက်ရသည့်အခါတွင်မူ ခုတင်ပေါ်မှ ဆင်းရန် အလောတကြီး ကြိုးစားတော့၏။

ရှောင်ကျိုးသည် လိမ္မာပါးနပ်စွာဖြင့် ခုတင်ဘေးသို့သွားကာ အဖွားအိုကို ထူပေးလိုက်သည်။ အဖွားအိုသည် ရှောင်ကျိုးအားကြည့်ရင်း အသက်ရှူများ မြန်လာကာ ရင်ဘတ်မှာလည်း ပြင်းထန်စွာဖြင့် နိမ့်ချည်မြင့်ချည် ဖြစ်နေချေ၏။

သူမသည် သူမမျက်လုံးများကိုပင် မယုံကြည်နိုင်သကဲ့သို့ ရှိပေသည်။ ဤကလေးမလေးမှာ သူမရဲ့ ပဉ္စမမြောက် သမီးငယ်လေး ကလေးဘဝတုန်းကနှင့် တစ်ပုံစံတည်း တူသောကြောင့်ပင်။

"ယန်အာလား"

အဖွားအိုက မဝံ့မရဲခေါ်လိုက်သည်။ ရှီရှန်း၏မျက်ဝန်းများ နီမြန်းလာပြီး ခေါင်းကိုဖြည်းညှင်းစွာ ခါယမ်းကာ ရှိုက်သံဖြင့် ပြောလိုက်၏။

"အမေ ဒါက ပဉ္စမညီမလေး မဟုတ်ပါဘူး၊ ပဉ္စမညီမလေးရဲ့ ကလေး၊ အမေ့ရဲ့ မြေးမလေးပါ၊ ပဉ္စမညီမလေးကတော့ ဒီလောကမှာ မရှိတော့ဘူးထင်ပါတယ်"

အဖွားအိုသည် ရှောင်ကျိုးအား တင်းကျပ်စွာ ပွေ့ဖက်လျက် ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။ မျက်ရည်များမှာလည်း ထိန်းမနိုင်သိမ်းမရ စီးကျလာပြီး ရှောင်ကျိုး၏ ပုခုံးတစ်ဖက်တွင် စိုရွှဲသွား၏။

ရှောင်ကျိုးသည် သူမလက်အား မြှောက်ကာ အဘွားဖြစ်သူ၏ကျောပြင်ကို ဖြည်းညှင်းစွာ ပုတ်ပေးလိုက်သည်။ သူမမျက်ဝန်းများမှာလည်း အနည်းငယ် နီမြန်းနေချေ၏။

ဒါ..ငါ့ရဲ့အမေဘက်က အဘွားပေါ့လေ။

အဖွားအိုသည် စိတ်တည်ငြိမ်လာသည့်အခါ ရှောင်ကျိုးအား အမြန်ဆွဲမကာ အပေါ်အောက်ကြည့်ရှုရင်း အက်ကွဲသောအသံဖြင့် စိတ်လှုပ်ရှားစွာ ရေရွတ်လေသည်။

"လိမ္မာတဲ့မြေးလေး၊ လိမ္မာတဲ့မြေးလေး"

ရှောင်ကျိုးကလည်း သူမသည် တကယ်ပင် လိမ္မာသောကလေး ဖြစ်ကြောင်း ခေါင်းညိတ်ပြ၏။

အဖွားအိုသည် ရှောင်ကျိုးလက်ကိုဆွဲကာ သူမမြေးမလေးသည် ဤနှစ်များအတွင်း မည်သို့ နေထိုင်ခဲ့ရသနည်းဟူ၍ စတင်မေးမြန်းလေတော့သည်။

ဤမျှ ငယ်ရွယ်သော ကလေးတစ်ယောက်သည် ဒုက္ခများစွာ ခံစားခဲ့ရမည်ဟု သူမ တွေးမိသောကြောင့် ဖြစ်ပေသည်။

ရှောင်ကျိုးသည် သူမ၏ ထူးခြားလှသော ၅ နှစ်တာ ဘဝအကြောင်းကို စိတ်လှုပ်ရှားစွာဖြင့် စတင်ပြောပြလေ၏။ သူမမောင်လေးများကလည်း ဘေးမှနေ၍ သူမကို အားတက်သရော ထောက်ခံချီးကျူးကြပေသည်။

အဖွားအိုသည် နားထောင်လေလေ၊ ဘဝ၏အဓိပ္ပာယ်ကို ပိုမို သံသယဝင်လာလေလေ ဖြစ်ရ၏။

ဟင်

ငါ့မြေးမလေးက ရွာသူကြီးတဲ့လား။

မွေးကတည်းက ရွာသူကြီး ဖြစ်ခဲ့တာလား။

ငါ့မြေးမလေးက နွားတစ်ကောင်လို သန်မာတယ်တဲ့လား။

လက်သီးတစ်ချက်တည်းနဲ့ တောဝက်ကို သတ်နိုင်တယ်လား။

ငါ့မြေးမလေးက ပျံသန်းနိုင်တယ်တဲ့လား။

ငါ့မြေးမလေးက ရွာသားတွေကို ဦးဆောင်ပြီး ချမ်းသာအောင် လုပ်ပေးနိုင်တယ်လား?

......

အဖွားအိုတစ်ယောက် ပိုမို စိတ်လှုပ်ရှားလာသည်ကို မြင်သောကြောင့် ရှီရှန်းသည် မိခင်ဖြစ်သူ၏ကျန်းမာရေးကို စစ်ဆေးပေးရန်အတွက် ချင်းရွှီကို အမြန် တောင်းဆိုလိုက်လေတော့သည်။

ချင်းရွှီသည် ရှေ့သို့တိုးကာ အဖွားအို၏ ခြောက်သွေ့နွမ်းလျနေသော လက်ကောက်ဝတ်ပေါ်သို့ သူ၏လက်ချောင်းများကို အသာအယာလေး တင်လိုက်၏။ သူသည် မျက်လုံးများကိုမှိတ်လျက် သွေးခုန်နှုန်းကို အာရုံစိုက်ကာ စမ်းသပ်နေလေသည်။

ခဏအကြာတွင် ချင်းရွှီသည် မျက်မှောင်ကြုတ်သွားပြီး သူ၏အမူအရာမှာ တစ်စထက်တစ်စ ပိုမိုလေးနက်လာချေ၏။ သူ့မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သက်ပြင်းအရှည်ကြီး ချကာ စိတ်မကောင်းဖြစ်နေသောအသံဖြင့် ဆိုလေသည်။

"သခင်မ သခင်မရဲ့ သွေးခုန်နှုန်းအရဆိုရင်တော့ အဆိပ်မိနေတာလို့ ကျွန်တော် ထင်ပါတယ်၊ အဲဒီအဆိပ်က သခင်မရဲ့ အဆုတ်နဲ့ ကိုယ်တွင်းအင်္ဂါတွေထဲအထိ နက်နက်ရှိုင်းရှိုင်း ပြန့်နှံ့နေပါပြီ၊ အချိန်မှီ ဖြေဆေးမတွေ့ဘူးဆိုရင်တော့ သခင်မအတွက်နေရဖို့ ရက်သိပ်မကျန်တော့ဘူးမှာ ကျွန်တော် စိုးရိမ်မိပါတယ်"

ထိုစကားကို ကြားသည်နှင့် အဖွားအိုသည် အနည်းငယ် တုန်ရီသွား၏။

သူမမျက်လုံးထဲတွင် မယုံကြည်နိုင်သည့် အမူအရာတစ်ခု ဖြတ်ပြေးသွားသော်လည်း ဤရလဒ်ကို ကြိုတင်သိရှိထားသည့်အလား ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွားလေသည်။ ရှီရှန်းကမူ စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။

"ဒီအဆိပ်ကို ကုလို့ရမလား၊ ဘယ်လိုဆေးဘက်ဝင်အပင်တွေ လိုလဲ၊ အခုချက်ချင်း သွားရှာပေးပါ့မယ်"

ချင်းရွှီသည် ခေါင်းခါယမ်းကာ ပြန်ပြောလေသည်။

"ဒါက ဘယ်လိုအဆိပ်မျိုးလဲဆိုတာကို ကျွန်တော် မသိရသေးဘူး၊ ဖြေဆေးရှာဖို့ကလည်း အချိန်အတော်ယူရဦးမယ်၊ သခင်မရဲ့ ခန္ဓာကိုယ်က အဲဒီလောက်အထိ စောင့်နိုင်မယ်မထင်ဘူး"

ရှီရှန်းသည် မူးဝေသွားကာ လဲကျလုနီးပါး ဖြစ်သွားရ၏။ ရှောင်ကျိုးသည်တော့ သူမအိတ်ကပ်ထဲရှိ ဆေးလုံးပုံကြီးကို စမ်းသပ်ကြည့်လိုက်သည်။ မနေ့ကမှ သူမ ဖြေဆေးလုံးတစ်လုံး ရထားသည်ကို သတိရသွားသောကြောင့် ဖြစ်ပေသည်။

[စနစ် ဒီဖြေဆေးလုံးက ကျွန်မအဘွားရဲ့ကိုယ်ထဲက အဆိပ်ကို ကုနိုင်လား]

[ကုနိုင်တယ်]

စနစ်၏ အတည်ပြုချက်ကို ကြားသည်နှင့် ရှောင်ကျိုးသည် သူမအိတ်ကပ်ထဲတွင် မွှေနှောက်ရှာဖွေတော့၏။

‘တွေ့ပြီ’

ဆေးလုံးထည့်ထားသော ပုလင်းငယ်လေးကို အဖွားအိုထံသို့ အမြန်ကမ်းပေးလိုက်သည်။

"အဘွား ဒါလေး စားလိုက်နော်"

နောက်ဆုံးတွင် သူမမြေးမလေးက သူမအား "အဘွား" ဟု ခေါ်သည်ကို ကြားလိုက်ရသဖြင့် အဖွားအိုသည် သူမ၏သေခါနီးအရေးကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သူမမြေးမလေးက ဓားတစ်ချောင်း ကမ်းပေးလျှင်ပင် အဖွားအိုသည် အလွန်ဝမ်းသာပီတိဖြစ်ကာ ချက်ချင်းပင် မျိုချမိမည်ဖြစ်၏။

ထို့အပြင် လိမ္မာပါးနပ်သော မြေးမလေးက သူမအား နှစ်သိမ့်ရန်အတွက် ချိုချဉ် ပေးနေခြင်းဟု ထင်မှတ်နေခဲ့သည်။

အဖွားအိုသည် ထိုဆေးလုံးကို ပါးစပ်ထဲသို့ အမြန်ထည့်လိုက်ရာ ချက်ချင်းပင် အရည်ပျော်သွားပြီး အရသာဟူ၍ မရှိသလောက်ပင် ဖြစ်ချေ၏။

သို့သော် ခဏအကြာတွင် အဖွားအိုသည် သူမရင်ဘတ်အတွင်းမှ တစ်ခုခု ထိုးဆောင့်တက်လာသလို ခံစားရပြီး "ဝေါ့" ကနဲ အသံနှင့်အတူ ခရမ်းပုပ်ရောင် သွေးမည်းများကို အန်ထုတ်လိုက်လေတော့သည်။

ထိုသွေးမည်းများသည် ပျစ်ချွဲကာ အလွန်ညှီစော်နံလှ၏။ သူမကိုယ်တွင်း၌ အချိန်အတော်ကြာ စုပုံနေသော အဆိပ်အတောက်များနှင့် အညစ်အကြေးများကို သယ်ဆောင်လာသည့်အလား မြင်ရသူအပေါင်း ထိတ်လန့်ဖွယ် ကောင်းလှပေသည်။

သွေးများ အန်ထုတ်ပြီးနောက် အဖွားအိုသည် သူမခန္ဓာကိုယ်အတွင်း၌ နွေးထွေးသော စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားလိုက်ရ၏။

ထို့နောက် ထူးဆန်းသောစွမ်းအားတစ်ခု သူမကိုယ်ထဲတွင် ပျံ့နှံ့သွားကာ သူမအား အချိန်အတော်ကြာ နှိပ်စက်ခဲ့သော အအေးအဆိပ်များကို မောင်းထုတ်ပေးလိုက်လေတော့သည်။

အဖွားအိုသည် အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်၏။ သူမ၏ အကြည့်မှာ ပိုမိုကြည်လင်လာပြီး မူလက ဖြူဖျော့နေသော မျက်နှာလေးမှာလည်း တဖြည်းဖြည်း သွေးရောင်လွှမ်းလာချေပြီ။

"ငါ တော်တော်လေး နေလို့ကောင်းသွားပြီ"

အဖွားအိုကမူ ဝမ်းသာအားရ ပြောလိုက်၏။

ရှီရှန်းနှင့် ချင်းရွှီတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏မျက်ဝန်းများမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေသည်။

ချင်းရွှီသည် အဖွားအို၏သွေးခုန်နှုန်းကို စမ်းသပ်ရန် အမြန်တိုးသွား၏။ သူ့မျက်မှောင်များသည် တဖြည်းဖြည်း ပြေလျော့သွားကာ မယုံကြည်နိုင်သော အပြုံးတစ်ခု ပေါ်လာလေသည်။

"အံ့ဖွယ်ပဲ တကယ့်ကို အံ့ဖွယ်ပါပဲ၊ အဖွားအိုရဲ့ ကိုယ်ထဲက အဆိပ်အတောက်တွေဟာ လျင်မြန်စွာ ပျောက်ကွယ်သွားပါပြီ”

အဖွားအိုသည်လည်း သူမခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို ခံစားသိရှိနေ၏။ သူမသည် ရှောင်ကျိုးအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ပြီး သူမမျက်ဝန်းများ၌လည်း ချစ်ခြင်းမေတ္တာနှင့် ဂုဏ်ယူမှုတို့ဖြင့် ပြည့်လျှံနေလေသည်။

"လိမ္မာတဲ့မြေးလေး သမီးက အဘွားရဲ့အသက်ကို ကယ်လိုက်တာပဲ"

ရှီရှန်းသည် ဆေးနတ်မင်းတောင်ကြားအကြောင်းနှင့် ကူလောင်က ရှောင်ကျိုးထံမှ တျန်းရှန်းနှင်းကြာပန်းကို မည်သို့ရခဲ့ကြောင်းနှင့် ရှောင်ကျိုးက ရှီအန်းအား မည်သို့ကယ်တင်ခဲ့ကြောင်းတို့ကို သူ့မိခင်အား အလျင်အမြန် ပြောပြလိုက်၏။

ယခုအခါ သူတို့အားလုံးသည် ရှောင်ကျိုးကို ရှီမိသားစုကို ကယ်တင်ရန်အတွက် ဘုရားသခင်က စေလွှတ်လိုက်သော ကံကောင်းစေသည့် ကြယ်ပွင့်ကလေးအဖြစ် ခံစားနေကြရပေသည်။

ရှောင်ကျိုးသည် ပထမဦးစွာ ရှီအန်းကို ကယ်တင်ခဲ့၏၊ ထို့နောက် သူ(ရှီရှန်း)ကို ကယ်တင်ပေးခဲ့ပြီး ယခုအခါ သူ့မိခင်ကိုလည်း ရှောင်ကျိုးက ထပ်မံကယ်တင်ပေးလိုက်ပြန်လေသည်။

All Chapters