အခန်း ၇၂
Vol. 8 Ch. 72
(အခန်း)72
မိခင်ဖြစ်သူ၏မျက်နှာသွင်ပြင် ပြန်လည်ကောင်းမွန်လာသည်ကို မြင်သောအခါ ရှီရှန်းမှ ချင်းရွှီကိုမေးမြန်းလိုက်၏။
"အမေ အဆိပ်မိနေတာ ဘယ်လောက်ကြာပြီလဲဆိုတာ ခန့်မှန်းလို့ရမလား"
"တစ်နှစ်လောက်တော့ ရှိပြီ၊ ဒါပေမဲ့ ဘယ်လိုအဆိပ်မျိုးလဲဆိုတာတော့ အခုထိ မသိရသေးဘူး"
တကယ်တော့ ချင်းရွှီဆိုလိုသည်မှာ ရှောင်ကျိုး၏ဆေးလုံးက အဆိပ်အား ချက်ချင်းပျက်ပြယ်သွားစေသဖြင့် သူ့ဆေးပညာဖြင့် အသေအချာ စစ်ဆေးရန်ပင် အချိန်မရလိုက်ခြင်းဖြစ်ပေသည်။
"ကလေးတို့ မင်းတို့ထောင်ယွမ်ကျေးရွာရဲ့အံ့ဖွယ်သမားတော်က ဘယ်သူလဲ"
ချင်းရွှီကမူ ကလေးများအားမမေးဘဲ မနေနိုင်တော့ပေ။
ထောင်ယွမ်ကျေးရွာသည် တကယ့်ကို ထူးချွန်သူများပုန်းအောင်းနေသည့် နေရာဖြစ်ပြီး ဤမျှလက်ရာမြောက်သော ဆေးပညာရှင်များရှိနေလိမ့်မည်ဟု ချင်းရွှီခံစားလိုက်ရ၏။
သူ့ဆရာပြောခဲ့သည်မှာ မှန်ပေသည်။ ထူးချွန်သော ဆေးပညာရှင်များသည် သူတို့၏ဆေးနတ်ဘုရားတောင်ကြားထဲမှာတင် ရှိနေသည်မဟုတ်ပေ။
လောကကြီးမှာ ကျယ်ပြောလှသဖြင့် လူတော်ထက် လူတော်ရှိသလို၊ ကောင်းကင်ထက်မှာလည်း ကောင်းကင်များ ရှိနေသေးသည် မဟုတ်ပါလား။
ရှောင်ကျိုးသည် ခဏမျှစဉ်းစားပြီးနောက်
"သမားတော်ဟွမ်က အရမ်းတော်တာ"
သူတို့ထောင်ယွမ်ကျေးရွာတွင် သမားတော်ဟူ၍ သမားတော်ဟွမ်တစ်ဦးတည်းသာ ရှိသည်။ ရွာသားများသည် ဒဏ်ရာကြီးကြီး သေးသေးမှန်သမျှ သူထံသို့သာ သွားကြရ၏။
ရှောင်ကျိုးအမြင်တွင်မူ သမားတော်ဟွမ်သည် အလွန်တော်ပြီး သူတို့ရွာ၏အံ့ဖွယ်သမားတော်ပင် ဖြစ်ချေသည်။
"ဟုတ်တယ်၊ သမားတော်ဟွမ်က ရွာထဲက ဝက်မကြီးတွေ သားဖွားတာကိုတောင် ကူညီပေးနိုင်တာ တကယ့်ကို အံ့ဩဖို့ကောင်းတယ်"
ကျောက်ဟူသည်လည်း သမားတော်ဟွမ်အား သူတွေ့ဖူးသမျှထဲတွင် အတော်ဆုံးဟု ထင်မြင်နေ၏။
သူငယ်စဉ်အခါက ဆော့ကစားရင်း ဟိုနားဒီနား ချော်လဲသည့်အခါတိုင်း သမားတော်ဟွမ်ကသာ အမြဲကုသပေးခဲ့သည်။ ကျောက်ဟူသည် သူကြီးလာလျှင် သမားတော်ဟွမ်အား သူ့ဖခင်ကဲ့သို့ သဘောထားကာ လုပ်ကျွေးပြုစုမည်ဟုပင် ဆုံးဖြတ်ထား၏။
အခြားကလေးများသည်လည်း သမားတော်ဟွမ်မှာ သူတို့ရွာတွင် အတော်ဆုံးဖြစ်ကြောင်း ဝိုင်းဝန်းပြောဆိုကြလေသည်။
"တစ်နေ့ကျရင် သမားတော်ဟွမ်ဆီကို ဂါရဝသွားပြုချင်ပါသေးတယ်"
ချင်းရွှီကမူ မျှော်လင့်ချက်အပြည့်ဖြင့် ဆို၏။
ထောင်ယွမ်ကျေးရွာရှိ သမားတော်ဟွမ်မှာ ဤမျှထိ အစွမ်းထက်ပြီး လူမသိအောင် နေထိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
ထိုနေရာတွင် ရက်အတော်ကြာနေခဲ့သည်ကိုပင် သူ့အကြောင်း တစ်ခါမှမကြားခဲ့ရချေ။ နောက်တစ်ကြိမ်တွင်မူ သမားတော်ဟွမ်နှင့် ဆေးပညာအကြောင်း အသေအချာဆွေးနွေးပေရမည်။
အိမ်တွင် အေးအေးဆေးဆေးအိပ်နေသော်လည်း ကျော်ကြားမှုက နေရာအနှံ့ ပျံ့နှံ့နေသော သမားတော်ဟွမ်မှာမူ ရုတ်တရက် နှာချေလိုက်လေတော့သည်။
ရှီရှန်းသည် အိမ်တော်ထိန်းအားခေါ်ကာ မိခင်ဖြစ်သူကို ပြုစုစောင့်ရှောက်သည့် အစေခံများနှင့် အလုပ်သမားများကို အသေအချာ မေးမြန်းစစ်ဆေးရန် ညွှန်ကြားလိုက်၏။
လွန်ခဲ့သော တစ်နှစ်အတွင်း သူ့မိခင်လုပ်သမျှ အသေးစိတ်မှစ၍ နေ့စဉ်ဘဝ၊ သောက်ခဲ့သောဆေးဝါးများ၊ အစားအသောက်နှင့် နေထိုင်မှုပုံစံ အားလုံးကို တစ်ခုမကျန် စုံစမ်းစစ်ဆေးရန် လိုအပ်ပေသည်။
အိမ်တော်ထိန်းသည် အမိန့်ကို အလျင်အမြန် နာခံလျက် ဆောင်ရွက်ရန်ထွက်ခွာသွား၏။
သတင်းကြားသည်နှင့် ရှီမိသားစုမှ ချွေးမသုံးဦးသည်လည်း စိုးရိမ်တကြီးဖြင့် အဖွားအို၏အိမ်ဝင်းသို့ အပြေးအလွှား ရောက်လာကြသည်။ သူတို့သည် အိမ်ဝင်းအတွင်းမှထွက်လာသော အိမ်တော်ထိန်းနှင့် လမ်းတွင်ဆုံမိကြ၏။
အကြီးဆုံးချွေးမကမူ စိုးရိမ်စိတ်အပြည့်ဖြင့် အရင်ဆုံး မေးမြန်းလိုက်သည်။
"အမေ့ အခြေအနေဘယ်လိုနေသေးလဲ သက်သာရဲ့လား"
အိမ်တော်ထိန်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန် ပြန်ပြော၏။
"သခင်မကြီးက ကံကောင်းလို့အဆိပ်တွေ ပြယ်သွားပါပြီ၊ သခင်မတို့ စိတ်မပူကြပါနဲ့တော့"
ထိုစကားကို ကြားရလျှင် ချွေးမများသည် ဝမ်းသာအားရဖြင့် ရေရွတ်ကြလေသည်။
"ကောင်းတာပေါ့၊ တကယ်ကို ကောင်းတာပဲ၊ အမေက ကံကောင်းတဲ့သူမလို့ ဘုရားက စောင့်ရှောက်တာပဲ"
ထို့နောက် သူတို့သည် အထဲသို့ဝင်ရန် မအောင့်နိုင်အောင် ဖြစ်နေကြ၏။
သို့သော်လည်း အဖွားအို၏ ခုတင်ရှေ့တွင်ရပ်နေသော ရှီရှန်းအား မြင်လိုက်ရသည့်အခါ ရှေ့ဆုံးမှ လျှောက်လာသော အကြီးဆုံးချွေးမနှင့် ဒုတိယချွေးမတို့မှာ မှင်တက်သွားကာ မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။
ခဲအိုလား
အသက်ရှင်နေသေးတာလား
ရှီမိသားစုရဲ့မျိုးဆက်က ပြတ်မသွားခဲ့ဘူးပေါ့
"ကျွန်တော်ပါ၊ ဒီနှစ်တွေအတွင်းမှာ အမေ့ကို ပြုစုစောင့်ရှောက်ပေးခဲ့ကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်"
ရှီရှန်းသည် သူ့မရီးများ၏အံ့အားသင့်နေသော မျက်နှာများကိုကြည့်ကာ အမြန်ပင် စကားဆိုလိုက်၏။
ခြေတစ်လှမ်းနောက်ကျပြီးမှ ဝင်လာသော တတိယချွေးမသည် ဘာတွေဖြစ်နေသလဲဟုမေးရန် ပြင်သော်လည်း သူမအကြည့်မှာမူ အဖွားအိုခုတင်ရှေ့ရှိ ရင်းနှီးလှသော ပုံရိပ်လေးဆီသို့ အမှတ်မထင်ကျရောက်သွားသည်။
ထိုခဏချင်းမှာပင် သူမ၏အသက်ရှူသံများ ရပ်တန့်သွားသလို ခံစားရကာ နှလုံးခုန်သံပင် ရပ်သွားမတတ်ဖြစ်ရ၏။ နောက်တစ်ကြိမ် အသက်ထပ်ရှူလိုက်လျှင် ဤပုံရိပ်မှာ ပျောက်ကွယ်သွားမည့်နှယ် ထင်ယောင်ထင်မှားတစ်ခုဖြစ်နေမည်ကို သူမ အလွန် ကြောက်ရွံ့နေမိသည်။
သူမမျက်လုံးများသည် နေ့ညမပြတ် လွမ်းဆွတ်တမ်းတနေခဲ့ရသော ရှီအန်းရပ်နေသည့်နေရာဆီသို့သာ စူးစိုက်ကြည့်နေမိလေတော့သည်။
"အန်းအာလား”
"အမေ”
ရှီအန်းကလည်း ပြန်ထူးလိုက်၏။ တတိယချွေးမသည် အိပ်မက်မှနိုးထလာသကဲ့သို့ အပြေးအလွှားရောက်လာပြီး ဝမ်းသာမျက်ရည်များကြောင့် မြင်ကွင်းများပင် မှုန်ဝါးနေချေပြီ။
သူမသည် သားဖြစ်သူအား လက်လွှတ်ပေးလိုက်လျှင် နောက်တစ်ကြိမ် ထပ်မံပျောက်ကွယ်သွားမည်ကို စိုးရိမ်သည့်နှယ် တင်းကျပ်စွာပွေ့ဖက်ထားတော့သည်။
သူမအသံမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေပြီး ရှိုက်ကြီးတငင်ဖြင့်
"အန်းအာ၊ အမေ သားကို အသည်းအသန်ရှာခဲ့ရတာ ကောင်းကင်ကြီးမှာ မျက်စိရှိလို့သာ သားလေး အမေ့ဆီကို နောက်ဆုံးတော့ပြန်ရောက်လာတာပဲ"
မှောင်မိုက်ငြိမ်သက်နေခဲ့သော ကျန့်ပေနယ်စားအိမ်တော်ကြီးသည် နှစ်ခြိုက်စွာ အိပ်ပျော်နေရာမှ နိုးထလာသကဲ့သို့ပင် ရှိတော့၏။
ချွေးမများသည် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မီးဖိုချောင်သို့ အပြေးအလွှားသွားကာ မျက်နှာပေါ်တွင် အပြုံးများဖြင့် ကြိုဆိုပွဲစားသောက်ဖွယ်ရာများကို ကိုယ်တိုင်ကိုယ်ကျ ပြင်ဆင်ကြလေသည်။
အိမ်တော်ထိန်းကြီးသည်လည်း စိတ်လှုပ်ရှားလွန်းသဖြင့် လက်များပင်တုန်ရီနေပြီး မျက်ရည်များဝဲလျက် တတွတ်တွတ် ရေရွတ်နေ၏။
"ကောင်းကင်ကြီးမှာ မျက်စိရှိပါပေတယ်၊ စစ်သူကြီးရဲ့ မျိုးဆက်ပြတ်မသွားတော့ဘူး"
မီးဖိုချောင်အတွင်း၌ မီးဖိုများကို ပြန်လည်မွှေးလိုက်ရာ မီးလျှံများမှာ ဟုန်းဟုန်းတောက်သွားသလို အပြင်ဘက်တွင်လည်း အိမ်တော်ထိန်းကလည်း အစေခံများကို အိမ်တော်ကြီးအား သန့်ရှင်းရေးလုပ်ရန် အလျင်အမြန် ညွှန်ကြားနေတော့သည်။
၎င်းမှာ စစ်သူကြီး၏ဘဝသစ်အတွက် ပြင်ဆင်ခြင်းပင် ဖြစ်၏။ အိမ်တော်၏ ထောင့်တိုင်းတွင် မျှော်လင့်ချက်နှင့် သက်ဝင်လှုပ်ရှားမှုများ ပြည့်နှက်သွားကာ အချိန်အတော်ကြာ လွှမ်းမိုးထားသော အမှောင်ထုမှာလည်း လွင့်စင်တော့မည့်နှယ်ပင်။
အားလုံး ထွက်သွားပြီးနောက် ရှီရှန်းသည် သူ့မိခင်အား မြို့တော်၏အခြေအနေကို မေးမြန်းလေသည်။
"အမေ အခု နန်းတော်ကလူတွေ အားလုံးက ရှီမိသားစုရဲ့အမျိုးသားတွေ စစ်ပွဲမှာ သေကုန်ပြီလို့ သိထားကြတာလေ၊ ဒီအချိန်မှာ အခုလိုလူသိရှင်ကြား ကြေညာလိုက်တာက သင့်တော်ပါ့မလားဟင်"
အဖွားအိုကမူ အေးစက်စွာပင်နှာခေါင်းရှုံ့လိုက်လျက်ဆို၏။
"မင်းအသက်ရှင်နေသေးတဲ့သတင်းကို အခုချက်ချင်း အမြန်မဖြန့်လိုက်ရင် ဒီအိမ်တော်ရဲ့စစ်သူကြီးဘွဲ့က တခြားလူလက်ထဲကို ရောက်သွားတော့မှာ"
"မျိုးနွယ်စု ခေါင်းဆောင်တွေဘက်ကလား"
ရှီရှန်း မေးလိုက်သည်။
"အဲ့ဒီအဖိုးကြီးတွေက စစ်သူကြီးအိမ်တော်မှာ အမျိုးသားအမွေခံမရှိတော့ဘူးလို့ကြားတာနဲ့ အိမ်တော်ကို ဆက်ထိန်းသိမ်းထားဖို့ဆိုပြီး တခြားမျိုးနွယ်စုက ကလေးတစ်ယောက်ကို အမြန် မွေးစားခိုင်းချင်နေကြတာလေ"
အဖွားအိုက စားပွဲကို လက်နှင့်ရိုက်လိုက်ပြီး ဒေါသတကြီးဖြင့်ဆိုလေသည်။
"ဟမ့် ငါ့ရဲ့စစ်သူကြီးအိမ်တော်က သွေးသားကို ပြင်ပလူတွေလာနှောင့်ယှက်တာမျိုး လုံးဝခွင့်မပြုနိုင်ဘူး၊ ဘယ်သူမှ မရစေရဘူး"
ထို့နောက် သူမသည် ရှီရှန်းအား သနားကရုဏာအပြည့်ဖြင့် ကြည့်လိုက်၏။ ဤစတုတ္ထမြောက်ကလေးသည် ငယ်စဉ်ကတည်းက အစ်ကိုများ၏ကာကွယ်စောင့်ရှောက်မှုအောက်တွင်နေခဲ့ရသဖြင့် မည်သည့်ဒုက္ခမျှမကြုံခဲ့ရဖူးပေ။
ယခုအခါ အစ်ကိုများ အားလုံးမရှိတော့သဖြင့် စစ်သူကြီးအိမ်တော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည့် တာဝန်ကြီးမှာ သူ့ပုခုံးပေါ်သို့ ရုတ်တရက်ကျရောက်လာခဲ့ချေပြီ။
ရှီရှန်းသည် မိခင်ဖြစ်သူ၏စိုးရိမ်မှုကို မြင်လိုက်ရသဖြင့် သူမလက်အား တင်းကျပ်စွာဆုပ်ကိုင်လျက် ခိုင်မာသော အကြည့်၊ ပြတ်သားသော အသံဖြင့် ဆိုလိုက်၏။
"အမေ စိတ်မပူပါနဲ့၊ ဒီသားငယ်ငယ်ကတည်းက အစ်ကိုတွေရဲ့ကာကွယ်မှုအောက်မှာနေခဲ့ရလို့ ဒုက္ခတွေသိပ်မကြုံခဲ့ရပေမယ့် အခု အစ်ကိုတွေမရှိတော့တဲ့နောက်မှာတော့ သားအတတ်နိုင်ဆုံး ကြိုးစားပြီး အမေ့ရဲ့မျှော်လင့်ချက်တွေအတိုင်း ရပ်တည်သွားပါ့မယ်၊ စစ်သူကြီးအိမ်တော်ရဲ့ ဂုဏ်သိက္ခာကို သား သေချာပေါက် ထိန်းသိမ်းသွားမှာ ဖြစ်သလို အဲဒီတုန်းကဖြစ်ခဲ့တဲ့ အမှန်တရားကိုလည်း ရှာဖွေပြီး အဖေနဲ့ အစ်ကိုတွေအတွက် တရားမျှတမှု ပြန်ယူပေးပါ့မယ်"
အဖွားအိုကမူ ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး ရှီရှန်းလက်ကိုကိုင်ကာ မှာလေသည်။
"ကောင်းတယ် ကောင်းတယ်၊ အမေ သားကို ယုံကြည်တယ်၊ သားမှာ ဒီလိုစိတ်ထားရှိတာကိုသိတယ်၊ သွားပြီး လုပ်တော့၊ ဒါပေမဲ့ သတိထားဖို့နဲ့ အဆင်ခြင်မဲ့မလုပ်ဖို့တော့ မှတ်ထားပါ၊ ကိစ္စတိုင်းကို သေချာစဉ်းစားပြီးမှလုပ်"
ရှီရှန်းသည် သူ့မိခင်အားကြည့်လိုက်ပြီး သူအမြဲတမ်း မေးချင်နေခဲ့သော မေးခွန်းကို ခက်ခဲစွာမေးလိုက်၏။
"အမေ အဲဒီတုန်းကဖြစ်ခဲ့တဲ့ကိစ္စမှာ အရှင်မင်းကြီးက...."
ရှီရှန်းသည် သူနှင့်အတူကြီးပြင်းလာပြီး အတူတူဆော့ကစားခဲ့သည့် နဝမမြောက်မင်းသားသည် စစ်သူကြီး၏တစ်မိသားစုလုံးကို သုတ်သင်လိုသည့် လူသတ်သမားဖြစ်လိမ့်မည်ဟု လုံးဝမယုံကြည်နိုင်ပေ။
"ဒီကိစ္စက အခုထိမရှင်းလင်းသေးဘူး၊ ငါကိုယ်တိုင် သူကြီးပြင်းလာတာကို ကြည့်ခဲ့ရတဲ့ကလေးက ဒီလိုလူမျိုးဖြစ်မယ်လို့ မယုံချင်ဘူး၊ မယ်တော်ကြီးလည်း နန်းတော်ကို မကြာခင်ပြန်လာတော့မှာဆိုတော့ သူမဘာတွေလုပ်မလဲဆိုတာကို စောင့်ကြည့်ပြီးမှ ဆုံးဖြတ်ချက်ချကြတာပေါ့"
အဖွားအိုသည် မယုံကြည်လိုသော်လည်း အထောက်အထားနှင့် အရိပ်အယောင်အားလုံးမှာ အရှင်မင်းကြီးထံသို့သာ ညွှန်ပြနေပြီး သူတို့အား လမ်းကြောင်းတစ်ခုဆီသို့ တွန်းပို့နေသည့် မမြင်ရသောလက်တစ်စုံရှိနေသကဲ့သို့ ခံစားနေရ၏။
"ရှောင်ကျိုးရဲ့ နောက်ကြောင်းကရော အမေ"
ရှီရှန်းကမူ သူ့မိခင်အားကြည့်လိုက်သည်။
"မြို့တော်က အရမ်းအန္တရာယ်များတယ်၊ ရှောင်ကျိုးကို လူသိရှင်ကြား ထုတ်မပြချင်သေးဘူး၊ ဒါပေမဲ့ အမေတို့မြင်တဲ့အတိုင်းပဲ ရှောင်ကျိုးက အသက်ငယ်ငယ်လေးနဲ့ ဒီလောက်စွမ်းရည်တွေရှိနေတာလေ၊ တစ်နေ့မဟုတ် တစ်နေ့တော့ လူတိုင်းသိသွားကြမှာပဲ၊ အဲဒီအချိန်ကျမှ ဒီကလေးကို အခက်တွေ့စေမယ့်အစား အခုကတည်းက သူ့ရဲ့အစွမ်းအစတွေကို စောစောစီးစီး အသုံးချနိုင်အောင် လုပ်ပေးထားတာက ပိုကောင်းလိမ့်မယ်၊ ရှောင်ကျိုးက အသက်ငယ်ငယ်လေးနဲ့ ရွာတစ်ရွာလုံးက ရွာသားတွေ သူမနောက်ကနေလိုက်အောင်လုပ်နိုင်တာကိုကြည့်ရင် သူမက သာမန်မိန်းကလေးတစ်ယောက်မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ၊ ရှောင်ကျိုးက ထူးခြားတဲ့ကံကြမ္မာနဲ့ မွေးဖွားလာသူဖြစ်ရမယ်၊ သူမကို ဒီပြန်ခေါ်လာနိုင်တာကြောင့် ငါတို့အနေနဲ့ သူမကို တချို့အရာတွေပေးအပ်ဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်ရှိသွားပြီ၊ ဒီအရာတွေဟာ စစ်သူကြီးအိမ်တော်ရဲ့လက်ထဲမှာ ရှိနေတာထက် ရှောင်ကျိုးရဲ့လက်ထဲမှာရှိနေတာက ပိုပြီး အသုံးဝင်လိမ့်မယ်"
ထိုသို့ပြောပြီးနောက် အဖွားအိုသည် ခုတင်ဘေးရှိ ဝှက်ထားသော အကန့်ငယ်လေးတစ်ခုအတွင်းမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်လေသည်။