← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

(အခန်း)73

"အမေ ဒါက ဘာလဲဟင်"

ရှီရှန်းက သူ့မိခင်လက်ထဲရှိ အရာဝတ္ထုကိုကြည့်ရှုရင်း နားမလည်နိုင်သော အမူအရာဖြင့် မေးမြန်းလိုက်၏။

"ဒီ ရှီမိသားစုစစ်တပ်ရဲ့တံဆိပ်ပြားကို လွန်ခဲ့တဲ့အချိန်အတော်ကြာကတည်းက မင်းအဖေ အမေ့ကိုပေးခဲ့တာ"

အဖွားအိုသည် လက်ထဲရှိတံဆိပ်ပြားကို ကြည့်ရင်း မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲတက်လာသည်။ သူမသည် အမှတ်တံဆိပ်ပေါ်ရှိ ပန်းလက်ရာများကို လက်ချောင်းများဖြင့် ပွတ်သပ်ရင်း ဖြည်းညှင်းစွာရှင်းပြလေ၏။

"တကယ်တော့ ရှီမိသားစုစစ်တပ်က ကျားတံဆိပ်ကို အသိအမှတ်ပြုတာ မဟုတ်ဘဲ မင်းအဖေနဲ့ ဒီတံဆိပ်ပြားကိုပဲ အသိအမှတ်ပြုကြတာ၊ အဲဒီတုန်းက နန်းတွင်းကလူတွေ ကျားတံဆိပ်ကိုရတာနဲ့ ရှီမိသားစုစစ်တပ်ကို သူတို့အမိန့်အောက် သွတ်သွင်းနိုင်မယ်လို့ ထင်မှတ်ခဲ့ကြတာလေ၊ တကယ့်ကို ရယ်စရာကောင်းလွန်းတယ်”

"ဒါဆို အ‌ဖေမရှိတော့တဲ့နောက် တံဆိပ်ပြားက ပေါ်မလာတော့သလို အရှင်သခင်အသစ်လက်အောက်မှာလည်း အမှုမထမ်းချင်ကြတော့ ရှီမိသားစုစစ်တပ်က လူစုကွဲသွားခဲ့တာပေါ့"

ရှီရှန်းမေးမြန်းလိုက်၏။ အဖွားအိုက ခေါင်းညိတ်ပြလိုက်သည်။ ရှီမိသားစုစစ်တပ်ဆိုသည်မှာ ရှီမိသားစု၏ လက်အောက်ခံ စစ်သည်များသာ မဟုတ်ဘဲ ရှီစစ်သူကြီး လူပျိုဘဝကတည်းက ပေါင်းသင်းခဲ့သည့်သိုင်းလောကမှ မိတ်ဆွေများဖြစ်ကြ၏။ အတိတ်ကာလ၌ အရှေ့ရှားနိုင်ငံကို နိုင်ငံသုံးနိုင်ငံက ဝိုင်းရံတိုက်ခိုက်ချိန်တွင် ရှီစစ်သူကြီး၏ထိုမိတ်ဆွေများက အကူအညီပေးရန်အတွက် ရှီမိသားစုစစ်တပ်အဖြစ် အလိုအလျောက် ဖွဲ့စည်းခဲ့ကြခြင်းဖြစ်ပေသည်။

ထိုတိုက်ပွဲကြောင့် သူတို့သည် ကျော်ကြားလာခဲ့ပြီး ရှီမိသားစုစစ်တပ်ဟူသောအမည်မှာ နိုင်ငံလေးနိုင်ငံလုံးတွင် ဟိန်းထွက်သွားခဲ့၏။ ထို့ကြောင့်ပင် ရှီစစ်သူကြီးကွယ်လွန်ခဲ့သည်မှာ ငါးနှစ်ရှိပြီဖြစ်သော်လည်း ကျန်နိုင်ငံသုံးနိုင်ငံမှာ ပျောက်ကွယ်နေသော ရှီမိသားစုစစ်တပ် ရုတ်တရက်ပြန်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် အရှေ့ရှားနိုင်ငံကို အလွယ်တကူမတိုက်ခိုက်ရဲကြခြင်းဖြစ်သည်။

"အမေ ဒီတံဆိပ်ပြားကို ရှောင်ကျိုးကို ပေးချင်တယ်၊ ဒီကလေးက ရှီမိသားစုစစ်တပ်ကို ပြန်စုစည်းနိုင်လိမ့်မယ်လို့ ငါယုံကြည်တယ်"

ဤတံဆိပ်ပြားသည် ရှောင်ကျိုးလက်ထဲတွင်ရှိမှသာ အရေးပါသော အခန်းကဏ္ဍမှပါဝင်နိုင်မည်ဟု အဖွားအိုက အမြဲတမ်း ခံစားနေရ၏။ ရှီရှန်း ခေါင်းညိတ်လိုက်ပြီး လေးနက်စွာကတိပေးလိုက်လေသည်။

"အမေ စိတ်မပူပါနဲ့၊ ရှီမိသားစုစစ်တပ် ဘယ်ရောက်နေသလဲဆိုတာကို ရှောင်ကျိုးရှာဖွေနိုင်ဖို့ သားသေချာပေါက် ကူညီပေးပါ့မယ်"

အခြားတစ်ဖက်တွင်မူ ပထမသခင်မမှာ အားသို့ကို ချီပိုးထားပြီး ဒုတိယသခင်မမှာတော့ ကျန်းဟယ်ကိုလည်းကောင်း တတိယသခင်မမှ ရှောင်ကျိုးကိုလည်းကောင်း အသီးသီးချီပိုးထားကြ၏။ သခင်မသုံးဦးသည် ထောင်ယွမ်ကျေးရွာမှလူစုကို ဦးဆောင်ကာ သူတို့ခဲအိုဖြစ်သူ ယခင်ကနေထိုင်ခဲ့သည့် အိမ်ဝင်းဆီသို့ လျှောက်လာကြသည်။

တတိယသခင်မမှာ တူမလေး၏ပါးကို နမ်းရှိုက်ရင်း

"ဒါက သမီးရဲ့မေမေ အရင်ကနေခဲ့တဲ့နေရာပဲ၊ ဒီနေ့ကစပြီး သမီး ဒီမှာပဲနေရမယ်၊ ဘာလိုအပ်တာပဲရှိရှိ ဒေါ်ဒေါ်တို့ဆီ လာခဲ့နော် ဟုတ်ပြီလား"

ရှောင်ကျိုးက သူမမျက်နှာကို လက်ဖြင့်ကာရင်း ခေါင်းညိတ်ပြရှာသည်။ လမ်းတစ်လျှောက်လုံးတွင် သူမမျက်နှာလေးမှာ အဒေါ်များနှင့် ဦးလေးများ၏အနမ်းများကြောင့်နီမြန်းနေချေပြီ။

ငါ့အဒေါ်တွေက အရမ်းကိုတက်ကြွလွန်းနေကြတာပဲ။ ငါဘာလုပ်ရမလဲ။ အကူအညီ အရေးတကြီးလိုအပ်နေပါပြီ။

ကျန်းဟယ်နှင့် အားသို့တို့သည် ရှောင်ကျိုးမိခင်၏အိမ်ဝင်းအတွင်းသို့ ရောက်ရှိသည်နှင့် မြေပြင်ပေါ်သို့ ဆင်းရန် ရုန်းကန်ကြတော့သည်။ ရှောင်ကျိုး၏အဒေါ်များမှာ အလွန်ကြောက်စရာကောင်းလှ၏။ သူတို့ပါးများကို အလွန်အကျွံနမ်းရှိုက်လွန်းသဖြင့် အသားများပင် စုတ်ပြတ်သတ်တော့မတတ် ခံစားရသောကြောင့်ပင်။

ရှောင်ကျိုးကလည်း မြေပြင်ပေါ်သို့ဆင်းကာ လမ်းလျှောက်လိုကြောင်း အလျင်အမြန် ပြောလိုက်သည်။ ကလေးများမှာ မြေကြီးပေါ်သို့ရောက်သည်နှင့် ပျော်ရွှင်စွာပြေးလွှားကုန်ကြ၏။

"ဝါး ရွာသူကြီးအမေရဲ့ အိမ်ဝင်းကတကယ့်ကို ကြီးပြီးလှတာပဲ"

ကလေးတစ်စုမှာ အံ့ဩတကြီးရေရွတ်လိုက်ကြသည်။ ဤနေရာလေးမှာ အပန်းဖြေစရာ နိဗ္ဗာန်ဘုံလေးတစ်ခုနှင့် တူလှ၏။ အနီရောင်တံခါးမကြီးမှာ လက်ရာမြောက်ပြီး ခန့်ညားလှပေသည်။ အတွင်းသို့ခြေလှမ်းလိုက်သည်နှင့် ကျောက်ပြားခင်းထားသော လမ်းလေးမှာ ကွေ့ကောက်သွားကာ လမ်းဘေးဝဲယာတွင် ပန်းများက အပြိုင်အဆိုင် ဖူးပွင့်နေကြ၏။

မိုးမခပင်များစွာက လေထဲတွင်လွင့်မြောလျက်ရှိပြီး သူတို့၏နုပျိုသော အစိမ်းရောင်အခက်အလက်များမှာ လေအဝေ့တွင် သိမ်မွေ့စွာကခုန်နေကြ၏။ အိမ်ဝင်း၏အလယ်ဗဟိုတွင် ကြည်လင်သောရေများရှိသည့် ရေကန်ငယ်တစ်ခုရှိပြီး ငါးလေးများမှာ ကူးခတ်ပျော်မြူးနေကြသည်။

လှပသော ကျောက်စားပွဲနှင့် ကျောက်ထိုင်ခုံများကို ပတ်ပတ်လည်တွင်ထားရှိသဖြင့် အေးချမ်းဆိတ်ငြိမ်သော အငွေ့အသက်ကို ပေးစွမ်းနေ၏။ ကလေးများသည် ရေကန်နားတွင် စုရုံးကာ ငါးဖမ်းရန်ကြိုးစားကြသူက ကြိုးစား၊ ပန်းပင်များကြားတွင် ပန်းရနံ့ရှူရင်း စကားတပြောပြောနှင့် ဆူညံပွက်လောရိုက်နေကြသည်။

ငယ်စဉ်ကတည်းက စကားပြောနည်းပြီး မိမိကမ္ဘာနှင့်မိမိနေတတ်သော ရှီအန်းပင်လျှင် ယခုအခါ ပုံမှန်ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေချေပြီ။ သူ့မျက်နှာတွင် ပျော်ရွှင်သောအပြုံးများဖြင့် ကျောက်ဟူနှင့်အတူ ဆော့ကစားနေလေသည်။

မိမိသားဖြစ်သူ၏ တက်ကြွလန်းဆန်းသော ပုံစံကိုကြည့်ရင်း တတိယသခင်မမှာ မျက်ရည်များကိုမထိန်းနိုင်ဘဲ စီးကျလာရ၏။ အဘွားအိုရွှီနှင့် ရွှီရှောင်ရှောင်တို့သည် ရွာသူကြီးအခန်းသို့ရောက်သည်နှင့် အစေခံများထံမှ အဝတ်စုတ်များကို လုယူလိုက်ကြသည်။ ထိုအခန်းကို သူတို့ကိုယ်တိုင်သာ သန့်ရှင်းရေးလုပ်ပေးမည်ဟု ပြောဆိုနေကြလေတော့၏။

သူတို့နှစ်ဦးသည် ရွာသူကြီး၏အခန်းကို ယခင်ပုံစံများအတိုင်း လျင်မြန်စွာ ပြင်ဆင်ကြပြီး ရွာသူကြီးမကြာခဏ အသုံးပြုလေ့ရှိသည့် အသုံးအဆောင် ပစ္စည်းလေးများကိုလည်း နေရာချထားပေးလိုက်ကြသည်။

"ရွာသူကြီး ရွာသူကြီး၊ ကျွန်မ ဒီအခန်းမှာ နေချင်တယ်၊ ရွာသူကြီးရဲ့ဘေးခန်းမှာပဲနေမှာ”

ရှန်ကျစ်ယွမ်သည် ရှောင်ကျိုး၏

အခန်းဘေးရှိ အခန်းကို စိတ်လှုပ်ရှားစွာ ညွှန်ပြလျက် သူမဦးအောင်နေရာဦးထားကြောင်းနှင့် မည်သူမျှလုမယူရန် ကြေညာလေတော့သည်။ ထိုစကားကို ကြားသည်နှင့် ကျန်သူများသည်လည်း ရွာသူကြီးနှင့် တတ်နိုင်သမျှ အနီးဆုံးအခန်းကိုရရှိရန်အတွက် အလုအယက် ပြေးလွှားကြကုန်သည်။

"မင်းက စစ်သူကြီးအိမ်တော်က သခင်လေး မဟုတ်ဘူးလား၊ မင်းမှာကိုယ်ပိုင်အိမ်ဝင်းရှိတာပဲ၊ မင်းအိမ်ဝင်းမှာ မင်းသွားနေလေ၊ ဒီအခန်းကို ငါအရင်မြင်တာ"

ကျောက်ဟူသည် တံခါးဝတွင်အမြန် ပိတ်ရပ်လိုက်ပြီး ရှီအန်းအတွင်းသို့မဝင်နိုင်ရန် တားဆီးလိုက်၏။ ရှီအန်းမှာ အလွန်တရာဒေါသထွက်သွားသဖြင့် မျက်နှာလေး ရှုံ့မဲ့သွားရသည်။ သူသည် မိခင်ဖြစ်သူကိုမြင်သည်နှင့် မျက်ရည်ဝဲလျက် ရင်ခွင်ထဲသို့ပြေးဝင်ကာ ကျောက်ဟူကို လက်ညှိုးထိုး၍ တိုင်တန်းလေ၏။ တတိယသခင်မမှာမူ သူမသားဖြစ်သူ သူငယ်ချင်းများနှင့် ပျော်ပျော်ပါးပါးကစားရင်းစနောက်နေသည်ကိုမြင်ရသဖြင့် အတိုင်းမသိ ဝမ်းသာနေမိသည်။ ရှီအန်းမှာမူ မိခင်ဖြစ်သူက သူ့ဘက်မှ မရပ်တည်ပေးသည့်အပြင် ရယ်မောနေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားရ၏။

ထို့နောက် ရှီအန်းမှာ ဒေါသတကြီးဖြင့် ငိုယိုလေတော့သည်။ တစ်နေ့လုံးငိုခြင်းမရှိသည့် အားသို့သည် ရှီအန်း ရှိုက်ကြီးတငင်ငိုနေသည်ကို ကြည့်ကာ အံ့ဩနေမိ၏။ ဖက်တီးလေးက ရှီအန်းကို လက်ညှိုးထိုးလျက် ဘေးနားရှိ ကျန်းဟယ်ကို ပြောဆိုလိုက်သည်။

"သူက တကယ့်ကို ရှက်ဖို့ကောင်းတာပဲ၊ ငါတို့က သူ့ထက်ငယ်ပေမယ့် ငါတို့တောင် မငိုဘူး"

တတိယသခင်မမှာ သူမသားဖြစ်သူ မျက်ရည်များကို အမြန်သုတ်ပေးရင်း ချော့မော့လိုက်၏။

"ကဲပါ ကဲပါ မငိုပါနဲ့တော့၊ ဟိုးမှာကြည့်ဦး၊ ညီလေးအားသို့နဲ့ ညီလေးကျန်းဟယ်တို့က မင်းကိုရယ်နေကြပြီ"

'အမေရယ် အမေ ဒီလိုပဲချော့နေမယ်ဆိုရင်တော့ သားကို လုံးဝမချော့တာကမှ တော်ပါဦးမယ်'

ရှီအန်းသည် နှာခေါင်းရှုံ့လိုက်ပြီး ပန်းခြံဘောင်နားတွင်ထိုင်ကာ စိတ်ကောက်နေလေ၏။ ကလေးလေးတစ်ယောက် ဒေါသထွက်ကာ ထိုင်နေသည့်ပုံစံမှာ အလွန်ချစ်စရာကောင်းလှသဖြင့် သခင်မသုံးယောက်မှာ မျက်ရည်ထွက်အောင်အထိရယ်မောမိကြသည်။

ရှောင်ကျိုးသည် သူမ၏ကြက်လေး ယွိဟွာအတွက် လှပသောမြင်ကွင်းရှိသည့် နေရာတစ်ခုကို ရှာဖွေပေးလိုက်၏။ သူမသည် ယွိဟွာကို ရင်ခွင်ထဲမှချပေးကာ ခေါင်းလေးကို ပုတ်ပေးရင်းပြောလိုက်သည်။

"နောက်ကျရင် ကျောက်တာ့လန်ဦးလေးကို ဒီမှာ နင့်အတွက် ဗီလာအသေးလေး တစ်ခု ဆောက်ခိုင်းပေးမယ် ဟုတ်ပြီလား ကြည့်စမ်း၊ ဒီနေရာကနေ ရေကန်ရယ် ကျောက်ဆောင်တုနဲ့ ပန်းမျိုးစုံကို မြင်ရတယ်လေ"

ယွိဟွာသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် သူမလည်ပင်းကို ဆန့်ထုတ်လိုက်၏။

"ကွပ် ကွပ် ကွပ်ကွပ်”

(သခင်၊ အခုပဲ ဆောက်ခိုင်းလိုက်ရအောင်)

ထိုသို့ဆိုပြီးနောက် ယွိဟွာသည် ကျောက်တာ့လန်ကိုရှာရန် အပြေးအလွှား ထွက်သွားလေသည်။ သူမသည် ကျောက်တာ့လန်ရှိရာသို့ ပျံသန်းသွားပြီး သူမ၏လိုအင်ဆန္ဒကို တကွပ်ကွပ်နှင့် ပြောဆိုတော့၏။ သို့သော် သူမစကားကို သခင်ရှောင်ကျိုးတစ်ဦးတည်းသာ နားလည်နိုင်သည်ကို မေ့လျော့နေခဲ့ချေသည်။

ကျောက်တာ့လန်သည် သူ့ခြေထောက်နားတွင် တကွပ်ကွပ်နှင့်အော်နေသော ယွိဟွာကိုကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။ သူသည် ဤကြက်လေးကို မည်သည့်နေရာတွင်ပြစ်မှားမိသလဲဟူ၍ စဉ်းစားမရနိုင်အောင်ဖြစ်နေ၏။

ယွိဟွာသည် ဆဲဆိုနေခြင်း သို့မဟုတ် ဆဲဆိုရန်ပြင်နေတတ်သူသာဖြစ်သည်ဟု ကျေးရွာရှိ လူတိုင်းကသိကြသည်။ ပုံမှန်အားဖြင့် ယွိဟွာ ဤသို့အော်ဟစ်နေလျှင် သူမဆဲဆိုနေခြင်းပင် ဖြစ်ချေ၏။ အားကိုးရမည့်သူက ထုံအအဖြစ်နေသည်ကိုကြည့်ရင်း ယွိဟွာမှာ ဒေါသထွက်ကာ သူမသခင်ထံသို့ ပြန်သွားလေတော့သည်။ ဤကမ္ဘာပေါ်တွင် သူမသခင်မှလွဲ၍ ကျန်သူများအားလုံးမှာ လူအ များသာဖြစ်သည်ဟု သူမ နားလည်သွားခဲ့သည်။ အခြားတစ်ဖက်တွင်မူ ကျင့်ရှင်းသည် တံခါးဝတွင် အားသို့ကိုအသည်းအသန် ဆွဲထား၏။

"မင်း အပြင်ထွက်ခဲ့စမ်း၊ ဒါ ငါအရင်မျက်စိကျထားတဲ့ အခန်းကွ"

"ဘယ်သူအရင်ဝင်ဝင် အဲဒီလူပိုင်တာပဲ၊ ငါ အရင်ဝင်တာဆိုတော့ ဒါငါ့အခန်းပဲ၊ မင်း တခြားအခန်းသွားရှာတော့"

အားသို့က ပြန်ပြော၏။ ကျင့်ရှင်းက သူ့လက်ကို မြဲမြဲဆုပ်ကိုင်ထားပြီး မလွှတ်ပေးသဖြင့် အားသို့သည် ကျင့်ရှင်း၏လက်ကောက်ဝတ်ကို လှမ်းကိုက်လိုက်လေသည်။ ကျင့်ရှင်းမှာ လန့်သွားပြီး လက်ကိုအမြန်လွှတ်လိုက်ရာ အားသို့က ထိုအခွင့်အရေးကို အသုံးချ၍ တံခါးကို အမြန်ပိတ်လိုက်တော့သည်။

ကျင့်ရှင်းမှာ အလွန်ဒေါသထွက်သွားပြီး တံခါးအပြင်ဘက်မှနေ၍ တတွတ်တွတ် ဆဲဆိုနေလေ၏။ သူသည် ဤအခန်း၏ အနေအထားအရ နေရာကောင်းဖြစ်ကြောင်းကို အချိန်အတော်ကြာ တွက်ချက်ခဲ့ရခြင်းဖြစ်သည်။ ဤကလေးက သူ့နောက်ကွယ်တွင် တိတ်တဆိတ် စောင့်ကြည့်နေကာ တွက်ချက်ပြီးသည်နှင့် အခန်းကို အရင်လုယူသွားလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

All Chapters