အခန်း ၇၄
Vol. 8 Ch. 74
(အခန်း)74
မြို့တော်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားချေပြီ။
"ကြားပြီးပြီလားဟေ့၊ ရှီမိသားစုရဲ့ စတုတ္ထသခင်လေးက မသေသေးဘူးတဲ့ဗျ၊ မနေ့ကမှ အသက်ရှင်လျက်ပြန်ရောက်လာတာ"
"ဒါတင်မကဘူးနော်၊ ရှီမိသားစုရဲ့ ပျောက်ဆုံးနေတဲ့ မြေးမလေးလည်း ပြန်ပါလာတယ်တဲ့"
"နောက်တစ်ခုရှိသေးတယ်၊ မနေ့က မြေးမလေးတစ်ယောက်ကိုပါ တွေ့လိုက်ရတယ်လို့ ကြားတယ်"
"မြေးမလေးဆိုတော့ ရှီမိသားစုမှာသမီးတစ်ယောက်ပဲရှိတာလေ၊ အဲဒါ အရှင်မင်းကြီးရဲ့ မိဖုရားခေါင်ကြီးပဲဆိုတော့ ဒါဆိုရင်....."
"ဒါဆိုရင် အဲဒီကလေးမလေးက မိဖုရားခေါင်ကြီးရဲ့ သမီးတော်၊ ငါတို့ အရှေ့ရှားနိုင်ငံရဲ့ မင်းသမီးလေးပေါ့"
"ဝါး. တကယ့်ကိုကံကောင်းတာပဲ”
"....."
မကြာမီမှာပင် ဘုရင့်အမိန့်တော်ပြန်တမ်းသည် ကျန့်ပေနယ်စားအိမ်တော်သို့ ရောက်ရှိလာ၏။ အဘွားအိုသည် ရှီရှန်း၊ ရှောင်ကျိုးတို့နှင့်အတူ ရထားလုံးစီးကာ နန်းတော်သို့ ထွက်ခွာလာခဲ့ကြသည်။
နန်းတွင်းစာကြည့်ဆောင်အတွင်းသို့ ရောက်ရှိသောအခါ အရှင်မင်းကြီးထံမှ ဒူးထောက်အလေးပြုခြင်း ကင်းလွတ်ခွင့်ရရှိထားသော အဘွားအိုသည် တည်ငြိမ်သောခြေလှမ်းများဖြင့် လျှောက်လှမ်းသွားကာ ကိုယ်ကို အနည်းငယ်ကိုင်းညွှတ်၍ လက်နှစ်ဖက်ကို ဘေးတွင်ယှက်လျက် ရိုသေစွာ ဆို၏။
"ဒီအဘွားအိုက အရှင်မင်းကြီးကိုဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ"
ရှီရှန်းသည်လည်း စာကြည့်ဆောင်အတွင်းသို့ ဝင်ရောက်လာကာ ဒူးတစ်ဖက်ထောက်၍ ခေါင်းငုံ့လျက်ဆိုလေသည်။
"နှိမ့်ကျတဲ့ ဒီစစ်သူကြီးက အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ"
ရှောင်ကျိုးတစ်ဦးတည်းသာလျှင် ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင်ဖြင့် အထက်တွင် စံမြန်းနေသော အရှင်မင်းကြီးကိုစိုက်ကြည့်နေမိ၏။ လမ်းတစ်လျှောက်လုံးတွင် အဘွားဖြစ်သူက နန်းတွင်းစည်းကမ်းများအကြောင်း အတော်များများ မှာကြားခဲ့သော်လည်း သူမမှာ နန်းတွင်းအလှအပများကို ငေးမောနေသဖြင့် မည်သည့်စကားမျှနားထဲမဝင်ခဲ့ချေ။
ရှောင်ကျိုးသည် မတ်မတ်ရပ်လျက်ပင် မိမိသည် ရွာသူကြီးတစ်ဦးဖြစ်သဖြင့် အရှက်ကွဲ၍မဖြစ်ဟုတွေးကာ ရင်ကိုကော့ လက်ကို နောက်ပစ်လိုက်၏။ ထို့နောက် အထက်မှ အရှင်မင်းကြီးကို အမူအရာကင်းမဲ့သောမျက်နှာဖြင့် ခေါင်းလေးအသာညိတ်ပြကာ နှုတ်ဆက်လိုက်သည်။ အဘွားအိုက အခြေအနေကို အလျင်အမြန် ထိန်းသိမ်းလိုက်၏။
"ရှောင်ကျိုးက တောရွာမှာပဲနေခဲ့ရတာဆိုတော့ နန်းတွင်းစည်းကမ်းတွေကို နားမလည်သေးလို့ပါ၊ အရှင်မင်းကြီးအနေနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"
"ဒါက ဘာမှမဟုတ်ပါဘူး"
အရှင်မင်းကြီးက ရှောင်ကျိုးကို အနားသို့လာရန် လက်ဟန်ပြလိုက်သည်။ ရှောင်ကျိုးသည် လက်ကိုနောက်ပစ်ထားဆဲပင် အရှင်မင်းကြီးအနားသို့ လျှောက်သွားကာ မော့ကြည့်လိုက်၏။
အရှင်မင်းကြီးက အနားသို့ရောက်လာသော ရှောင်ကျိုးကိုကြည့်ရင်း "မင်း ဒီလောက်တောင်ကြီးသွားပြီလို့ ငါမထင်ထားမိဘူး" ဟု ရေရွတ်လိုက်သည်။
ရှောင်ကျိုးစိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွား၏။
‘ဒီလူက ငါ့ကို ကလေးဘဝတုန်းကမြင်ဖူးလို့လား’
အရှင်မင်းကြီးသည် သူ့ကိုမကြောက်မရွံ့ဘဲရဲရဲဝံ့ဝံ့ကြည့်နေသည့် ကလေးမလေးကို မေတ္တာအပြည့်ဖြင့် ငုံ့ကြည့်နေလေသည်။ သူသည် ကိုယ်ကိုနှိမ့်ကာ
"ငါ ဘယ်သူလဲဆိုတာ မင်းသိလား"
ရှောင်ကျိုး ခေါင်းခါပြလိုက်သည်။ အရှင်မင်းကြီးက ရှောင်ကျိုး၏ခေါင်းကို ပုတ်ပေးရင်း ဆိုလေသည်။
"ငါက မင်းရဲ့ခမည်းတော်ပဲ"
ရှောင်ကျိုး ခဏတာစဉ်းစားပြီးမှပြန်မေးလိုက်၏။
"အထောက်အထားရှိလား"
ဇာတ်ကားများထဲတွင် ကလေးရှာပုံတော်ဖွင့်လျှင် သွေးစစ်ရသည်ဟု ရှောင်ကျိုးမှတ်ထားဖူးသော်လည်း ဤနေရာတွင် ထိုသို့လုပ်သလား သူမ မသိပေ။ အရှင်မင်းကြီးမှာ ဆို့နင့်သွားရရှာသည်။
"မရှိဘူး၊ ဒါပေမဲ့ မင်းရဲ့မျက်နှာကိုကြည့်တာနဲ့ မင်းက ငါ့သမီးဆိုတာ ငါပြောနိုင်တယ်၊ မင်းက မိဖုရားခေါင်ကြီး ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းတူတယ်"
အရှင်မင်းကြီးက အသေအချာ ပြောလာ၏။ ရှောင်ကျိုးက သူမသည် မိဖုရားခေါင်ကြီး ငယ်ငယ်တုန်းကနှင့် တူနေခြင်းမှာ မိဖုရားခေါင်ကြီးသည် သူမမိခင်ဖြစ်ကြောင်းသာ သက်သေပြနိုင်ပြီး ဤလူသည် သူမဖခင်ဖြစ်ကြောင်း သက်သေမပြနိုင်ဟု ထပ်ပြောရန် ပြင်လိုက်သည်။
သို့သော် သူမစကားမဆုံးမီမှာပင် ရှီရှန်းက သူမပါးစပ်ကို အမြန်ပိတ်လိုက်လေ၏။ သူ့တူမလေးသာ ဆက်ပြောနေလျှင် သူ့အစ်မဖြစ်သူမှာ အရှင်မင်းကြီးကို ဖောက်ပြန်နေသူအဖြစ် စွပ်စွဲခံရတော့မည်မဟုတ်ပါလား။
အရှင်မင်းကြီးက သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ ရှီရှန်းသည် အမြန်ဒူးထောက်ကာ ခွင့်လွှတ်ရန်တောင်းပန်လိုက်သည်။
"ကျန်းရဲ့စစ်သူကြီး မင်းသေမင်းလက်ကနေ ပြန်ရှင်လာတယ်လို့ ကြားတယ်၊ ဒါက တကယ့်ကို ကောင်းကင်ဘုံက ပေးတဲ့ကောင်းချီးဖြစ်သလို ငါတို့တိုင်းပြည်အတွက်လည်း ကံကောင်းခြင်းတစ်ခုပဲ"
အရှင်မင်းကြီးက ရှီရှန်းကိုကြည့်ကာ ဖြည်းဖြည်းချင်းဆို၏။ ရှီရှန်းက ဒူးတစ်ဖက်ထောက်လျက် လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီးရဲ့ ဂရုဏာကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုး အသက်ရှင်ခဲ့တာက ကံကောင်းလို့ပါပဲ၊ စစ်မြေပြင်မှာတော့ သေရတော့မယ်လို့ထင်ခဲ့ပေမဲ့ ကျွန်တော်မျိုးအသက်က မကုန်သေးဘူးလို့ ဘယ်သူထင်မှာလဲ၊ ကျွန်တော်မျိုး အရှင်မင်းကြီးဆီ ပြန်လာနိုင်ပြီး အမှုထမ်းခွင့်ရတာ ကောင်းကင်ဘုံရဲ့ကောင်းချီးကြောင့်ပါပဲ"
ရှီရှန်းတွင် ခိုင်မာသောအစီအစဉ်ရှိနေပေသည်။ နန်းတော်သို့ဝင်လာရခြင်းမှာ အရှင်မင်းကြီး၏အာဏာကို ပြန်လည် တည်ဆောက်ပေးရန်နှင့် စစ်တပ်ကို ပြန်လည်ထိန်းချုပ်နိုင်မည့် နည်းလမ်းကို ရှာဖွေရန်ဖြစ်၏။ အရှင်မင်းကြီးက ရှီရှန်းကိုကြည့်ကာ စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်သည်။
"မင်း ပြန်ရောက်လာပြီဆိုတော့ ငါမေးပါရစေဦး၊ ရှီမိသားစုစစ်တပ်က အခု ဘယ်မှာလဲ"
"အရှင်မင်းကြီး ကျွန်တော်မျိုးက ဆေးနတ်ဘုရားတောင်ကြားမှာ ငါးနှစ်တိုင်တိုင်သတိမေ့မြောနေခဲ့ပြီး မကြာသေးခင်ကမှ ပြန်နိုးလာတာပါ၊ ဒါကြောင့် ရှီမိသားစုစစ်တပ်ရဲ့ တည်နေရာကို မသိရှိခဲ့ရပါဘူး၊ နောက်ပြီး ရှီမိသားစုစစ်တပ်ဆိုတာ သိုင်းလောကသူရဲကောင်းတွေ စုဝေးထားတာမလို့ ကျွန်တော်မျိုးတို့ ရှီမိသားစုရဲ့လက်အောက်ခံစစ်သည်တွေ မဟုတ်ကြပါဘူး၊ လွန်ခဲ့တဲ့ငါးနှစ် နယ်စပ်ဒေသ မငြိမ်မသက်ဖြစ်ပြီးတဲ့နောက်မှာ သူတို့က နေရာအသီးသီးကို လူစုကွဲသွားကြပြီလို့ ထင်ပါတယ်၊ သူတို့ဘယ်မှာလဲဆိုတာကို ကျွန်တော်မျိုး တိတိကျကျမသိပါဘူး"
ရှီရှန်းက ပြန်လည်လျှောက်တင်လိုက်၏။ အရှင်မင်းကြီးမှာ သက်ပြင်းချလိုက်ပြီး ရှီရှန်းကို ထရန် လက်ဟန်ပြလိုက်သည်။
"အခု နယ်စပ်မှာ မငြိမ်မသက်ဖြစ်နေပြီး စစ်ပွဲကလည်း မလွဲမသွေဖြစ်လာတော့မယ်၊ မင်း ပြန်ရောက်လာတာ တော်သေးတာပေါ့၊ ငါကတော့ မင်းရဲ့ရာထူးကို ပြန်လည်အပ်နှင်းပြီး ကျန့်ပေအိမ်တော်ကိုလည်း ပြန်လည်နိုးထစေမယ်၊ ဒါမှ မင်းအနေနဲ့ တိုင်းပြည်ရဲ့နယ်နိမိတ်ကိုကာကွယ်ပြီး နယ်မြေချဲ့ထွင်နိုင်မှာပဲ"
"ကျွန်တော်မျိုး အစွမ်းကုန်ကြိုးစားပြီး အရှင်မင်းကြီးနဲ့ တိုင်းပြည်အတွက် သစ္စာရှိရှိအမှုထမ်းပါ့မယ်"
အရှင်မင်းကြီးသည် ညွှန်ကြားချက်များ ပေးပြီးနောက် ရှီရှန်းနှင့် အဘွားအိုတို့ကို ထွက်သွားရန် လက်ဟန်ပြလိုက်ပြီး ရှောင်ကျိုးကိုမူ သမီးဖြစ်သူနှင့် သီးသန့်စကားပြောလိုသဖြင့် စာကြည့်ဆောင်အတွင်း၌ ချန်ထားရစ်ခဲ့၏။
အဘွားအိုနှင့် ရှီရှန်းတို့သည် ခန်းမအပြင်ဘက်သို့ ဆုတ်ခွာလာကြသော်လည်း စိုးရိမ်စိတ်ဖြင့် ခြေလှမ်းအနည်းငယ်လှမ်းတိုင်း နောက်သို့ လှည့်ကြည့်နေမိကြသည်။ ရှီရှန်းသည် ကြိုတင်ပြင်ဆင်လာသမျှ စကားများပင် အသုံးမဝင်တော့ဘဲ ဤမျှမြန်ဆန်စွာ စစ်အာဏာနှင့် ရာထူးကိုပြန်ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။
"အမေ ရှောင်ကျိုးရှိနေတာကို အရှင်မင်းကြီးက ဘာမှအံ့ဩမနေဘူးလို့ အမေမထင်ဘူးလား"
ရှီရှန်းသည် နန်းတော်တွင်းမှ အခြေအနေကို ပြန်တွေးမိသည်။ အရှင်မင်းကြီးသည် ရှောင်ကျိုးအကြောင်းကို ကြိုတင်သိရှိထားသည့်အလားရှိနေပြီး သူတို့ထက်ပင် ရှောင်ကျိုးမှာ သူ့သမီးဖြစ်ကြောင်း ပိုယုံကြည်နေပုံရ၏။ အဘွားအိုသည်လည်း ရှီရှန်း၏ဆိုလိုရင်းကို နားမလည်နိုင်ဘဲ မှင်တက်နေမိသည်။
"အရှင်မင်းကြီးရဲ့လူတွေ ထောင်ယွမ်ရွာအထိ ရောက်သွားခဲ့တာလား"
အဘွားအိုက ရှီရှန်းကိုမေးမြန်း၏။ ရှီရှန်း ခေါင်းခါပြကာ
"ကျွန်တော် ထောင်ယွမ်ရွာက လူကြီးတွေကို မေးကြည့်ပြီးပါပြီ၊ ရှောင်ကျိုး အဲဒီမှာ ငါးနှစ်လုံးနေခဲ့တာ ဘယ်သူမှ လာမရှာသလို သူစိမ်းတွေလည်း ရွာထဲကို မဝင်ခဲ့ဘူးလို့ပြောတယ်"
"ထူးဆန်းတာပဲ"
အဘွားအိုသည် စိုးရိမ်တကြီးဖြင့် စာကြည့်ဆောင်အတွင်းသို့ လှမ်းကြည့်နေမိသည်။ အချိန်များမှာ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးသွား၏။
နောက်ဆုံးတွင် ရှောင်ကျိုးသည် စာကြည့်ဆောင်အတွင်းမှ ခုန်ပေါက်ကာထွက်လာလေသည်။ သူမနောက်တွင်မူ တောက်ပသောအဝါရောင်အမိန့်တော်ပြန်တမ်းကို ကိုင်ဆောင်ထားသည့် မိန်းမစိုးတစ်ဦး ပါလာ၏။
"ကောင်းကင်ဘုံ၏ မေတ္တာတော်အရ အရှင်မင်းကြီး မိန့်တော်မူသည်မှာ ပြန်လည်တွေ့ရှိသော သမီးတော်သည် နူးညံ့သိမ်မွေ့ပြီး ချစ်စဖွယ်ကောင်းလှသဖြင့် ငါကိုယ်တော် အလွန်ပင် နှစ်သက်လှပေသည်၊ ဒါကြောင့် သမီးတော်အား ချန်လဲ့မင်းသမီးဘွဲ့ကို အပ်နှင်းကာ မင်းသမီးအိမ်တော်ကိုလည်း ပေးသနားတော်မူသည်၊ ထို့အပြင် သူမအား ဒူးထောက်အလေးပြုခြင်း စည်းကမ်းများမှလည်း ကင်းလွတ်ခွင့်ပေးလိုက်သည်၊ သူမသည် သက်တမ်းရှည်ကြာစွာစိုးရိမ်ကြောင့်ကြကင်းလျက် ထာဝရ ဘုန်းကျက်သရေနှင့် ပြည့်စုံပါစေသတည်း"
အမိန့်တော်ဖတ်သံသည် စာကြည့်ဆောင်အပြင်ဘက်တွင် ဟိန်းထွက်သွား၏။ အမိန့်တော်ကို ပေးအပ်သော မိန်းမစိုးသည် ၎င်းကိုချန်လဲ့မင်းသမီးလေးရှောင်ကျိုးထံသို့ ပေးအပ်လိုက်လေသည်။
ရထားလုံးသည် ကျန့်ပေနယ်စားအိမ်တော်အတွင်းသို့ ဝင်ရောက်လာသည်အထိ အဘွားအိုနှင့် ရှီရှန်းတို့မှာ အံ့ဩတုန်လှုပ်နေကြဆဲပင်။ ရှောင်ကျိုးမှာမူ အမိန့်တော်ပြန်တမ်းကိုကိုင်လျက် ရထားလုံးပေါ်မှ ခုန်ဆင်းကာ သူမသူငယ်ချင်းများထံသို့ သွားရောက်မျှဝေလေတော့သည်။
"ရွာသူကြီး ရွာသူကြီးရဲ့အဖေနဲ့ တွေ့ခဲ့လား"
ကျောက်ဟူသည် ရွာသူကြီးကို မြင်သည်နှင့် အပြေးအလွှား လာမေးတော့၏။
"ရွာသူကြီးလက်ထဲမှာ ကိုင်ထားတာ ဘာကြီးလဲ"
"ရွာသူကြီးရဲ့အဖေက ဘယ်လိုပုံစံလဲဟင်"
"ကွပ် ကွပ် ကွပ်ကွပ်"
ရှောင်ကျိုးသည် သူမကြက်လေးယွိဟွာကို မချီကာနမ်းလိုက်ပြီး ပြောလိုက်၏။
"ယွိဟွာရေ တို့တွေနောက်ဆိုရင် အိမ်ကြီးအိမ်ကောင်းကြီးမှာ နေရတော့မယ်"
အဘွားအိုရွှီနှင့် ကျောက်တာ့လန်တို့သည် ရွာသူကြီးပြန်ရောက်လာသည်ကိုမြင်မှပင် ရင်ထဲရှိအလုံးကြီးကျသွားတော့သည်။ သူတို့သည် အိမ်တော်ရှိ အစေခံများကို မေးမြန်းကြည့်ရာတွင် နန်းတော်ဆိုသည်မှာ လူကိုအရိုးမကျန်အောင် ဝါးစားနိုင်သည့်နေရာဖြစ်ကြောင်းသိရသဖြင့် အိမ်ဝင်းအတွင်း၌ စိုးရိမ်တကြီး လမ်းလျှောက်နေခဲ့ကြခြင်းဖြစ်သည်။ ရှောင်ကျိုးသည် အမိန့်တော်ပြန်တမ်းကို ကျောက်စားပွဲပေါ်တွင် ဖြန့်ပြလိုက်၏။
"ကြည့်ကြဦး ဒါကငါ့ကိုအိမ်အကြီးကြီး ပေးမယ်လို့ ရေးထားတာ၊ နောက်ဆိုရင် ရွာသားတွေအားလုံးကို ဒီမှာ ခေါ်ထားလို့ရပြီ"
အားသို့က အမိန့်တော်ပြန်တမ်းကို ကြည့်ကာဆိုလေသည်၊
"ရွာသူကြီး အခုဆိုရင် ရွာလူကြီးက ချန်လဲ့မင်းသမီးလေးဖြစ်သွားပြီပေါ့၊ ဒါ အရှင်မင်းကြီးက ပေးသနားလိုက်တဲ့ မင်းသမီးအိမ်တော်ပဲ၊ ဒါဆိုရင် ရွာသူကြီးက ဒီမှာပဲမင်းသမီးလုပ်တော့မှာလား၊ ကျွန်တော်တို့တွေရဲ့ ထောင်ယွမ်ရွာကိုပြန်ပြီး ရွာသူကြီးမလုပ်တော့ဘူးပေါ့"
ကျောက်ဟူမှာ ငိုချင်သလို မျက်နှာလေးဖြင့် မေးရှာသည်။
"ဘယ်သူပြောလို့လဲ နောက်ရက်အနည်းငယ်ကြာရင် ငါတို့တွေပြန်ကြမှာပေါ့"
"ရွာလူကြီးရဲ့ခမည်းတော်ကရော သဘောတူပါ့မလား"
အားသို့ မေးလိုက်၏။ ရှောင်ကျိုးက နားမလည်နိုင်ဟန်ဖြင့် မော့ကြည့်ကာပြန်မေးလေသည်။
"ဘာလို့ သူ့သဘောတူညီချက်ကို လိုတာလဲ"
သူမတွင် ကိုယ်ပိုင်ခြေထောက်ရှိသည်ဖြစ်ရာ သူမသွားချင်သည့်နေရာကို သူမ သွားနိုင်သည်မဟုတ်ပါလား။
"အင်း ဒါလည်း ဟုတ်တာပဲ"
ရှောင်ကျိုးသည် သူတို့၏ရွာသူကြီးအဖြစ် ဆက်ရှိနေသေးသည်ကို သိလိုက်ရသဖြင့် ကလေးတစ်စုမှာ အမိန့်တော်ပြန်တမ်းကို စိတ်မဝင်စားတော့ဘဲ ပစ်ထားလိုက်ကြကုန်၏။
ရွာသူကြီးက အမိန့်တော်ပြန်တမ်းကို ကျောက်စားပွဲပေါ်တွင် ပစ်တင်ထားခဲ့ကာ ထွက်ပြေးသွားသည်ကိုမြင်သောအခါ ကျောက်တာ့လန်သည် ၎င်းကို အလျင်အမြန်ပင် ဂရုတစိုက်လိပ်ယူလိုက်ပြီး ရွာသူကြီး၏အခန်းထဲသို့ သိမ်းဆည်းရန် ယူဆောင်သွားလေသည်။ နောင်တစ်ချိန်တွင် ရွာသားများအနေဖြင့် အရှင်မင်းကြီးကိုယ်တိုင်ရေးသားထားသော အမိန့်တော်ပြန်တမ်းမှာ မည်သို့ပုံစံရှိသည်ကိုမြင်တွေ့နိုင်ရန်အတွက် ပြန်လည်ယူဆောင်သွားရန် သူရည်ရွယ်ထားသည်။