အခန်း ၇၅
Vol. 8 Ch. 75
(အခန်း)75
နန်းတော်အတွင်း၌ တော်ဝင်ကိုယ်လုပ်တော်သည် စာကြည့်ဆောင်ဆီသို့ အပြေးအလွှား ဦးတည်လာ၏။ အရှင်မင်းကြီးသည် ကိုယ်လုပ်တော် ဝင်လာသည်ကိုမြင်သည်နှင့် နန်းတွင်းအစေခံများကို အပြင်သို့ထွက်သွားရန် လက်ဟန်ပြလိုက်သည်။
"ဒီနေ့ အရှင်မင်းကြီးက ရှီမိသားစုရဲ့ စတုတ္ထသခင်လေးကို ရာထူးပြန်အပ်ပြီး ကျန့်ပေမြို့စားအိမ်တော်ကို စစ်အာဏာတွေ ပြန်ပေးလိုက်တယ်လို့ ကြားပါတယ်၊ အရှင်မင်းကြီး အဲ့ဒါအမှန်ပဲလား"
ကိုယ်လုပ်တော်သည် ဝင်လာသည်နှင့် တပြိုင်နက် အလျင်စလိုမေးခွန်းထုတ်လေတော့သည်။ သူမလေသံမှာ အရေးတကြီးဖြစ်နေသလို မကျေနပ်မှုများလည်း ပြည့်နှက်နေ၏။
"အခု တခြားနိုင်ငံသုံးနိုင်ငံက အရှေ့ရှားနိုင်ငံကို လောဘတကြီးနဲ့ စောင့်ကြည့်နေကြတာ၊ မကြာခင်မှာ စစ်ပွဲကလည်း မလွဲမသွေဖြစ်လာတော့မှာ၊ အခု နန်းတွင်းကို ကြည့်လိုက်ဦး၊ အရည်အချင်းမရှိတဲ့လူတွေနဲ့ပဲ ပြည့်နေတာလေ၊ ဘယ်သူကများ ပြည်ပရန်သူတွေကို ခုခံဖို့ တာဝန်ကြီးကို ပုခုံးထမ်းနိုင်မှာလဲ၊ ဘာလဲ မယ်မင်းက အရှေ့ရှားနိုင်ငံကို တခြားနိုင်ငံတွေ ခွဲဝေယူတာကိုခံချင်တာလား ဒါမှမဟုတ် အဲဒီတုန်းကဖြစ်ခဲ့တဲ့ကိစ္စတွေ ပေါ်ပေါက်လာမှာကို ကြောက်နေတာလား"
အရှင်မင်းကြီးသည် ခေါင်းပင်မဖော်ဘဲ ရှောင်ကျိုးပေးခဲ့သည့် ချိုချဉ်ကိုကြည့်ရင်း ဆိုလိုက်၏။
"ပြီးတော့ ချန်လဲ့မင်းသမီးကိစ္စကရော၊ အရှင်မင်းကြီးမှာ ရုတ်တရက်ကြီး သမီးတစ်ယောက် ရှိလာတယ်ပေါ့လေ၊ ပြီးတော့ အဲဒီကလေးကို မင်းသမီးအိမ်တော်နဲ့ ဘွဲ့ထူးတွေပေးဖို့တောင် မစောင့်နိုင်အောင် ဖြစ်နေရလား"
တော်ဝင်ကိုယ်လုပ်တော်က သံသယနှင့် မကျေနပ်မှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ဆက်လက်ဖိအားပေးလေသည်။
"ငါ့အနေနဲ့ မိန်းမငယ်လေးတစ်ယောက်ကို ဘာတွေပေးသနားသလဲဆိုတာက မင်းရဲ့ကြီးကျယ်တဲ့ အစီအစဉ်တွေကို ထိခိုက်မှာမဟုတ်ပါဘူး၊ နောက်ပြီး မင်းကို ဒီမှာလာကူဖို့ လွှတ်လိုက်တာ၊ ငါ့ရဲ့ ခြေလှမ်းတိုင်းကို စောင့်ကြည့်ဖို့ လွှတ်လိုက်တာမဟုတ်ဘူး၊ ကိုယ့်နေရာကိုယ် သိပါ၊ အခု မင်းက ငါ့ရဲ့တော်ဝင်ကိုယ်လုပ်တော်ပဲ"
အရှင်မင်းကြီးက အေးစက်စက်ဖြင့်ဆိုလိုက်၏။ သူ့မျက်ဝန်းများသည် မှောင်မိုက်နေပြီး ကိုယ်လုပ်တော်ကို စူးစိုက်ကြည့်နေလေသည်။
"ရှင်က တကယ်ပဲ ရှင့်ကိုယ်ရှင် ဧကရာဇ်လို့ထင်နေတာလား၊ ဒီရာဇပလ္လင်ပေါ်ကိုရောက်အောင် ဘယ်သူက တင်ပေးခဲ့တာလဲဆိုတာ မမေ့နဲ့ဦး"
တော်ဝင်ကိုယ်လုပ်တော်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူမ၏အထင်အမြင်သေးမှုကို အထင်အရှား ပြသလိုက်၏။ ထို့နောက် သူမသည် စာကြည့်ဆောင်အတွင်းမှ လေပြင်းမုန်တိုင်းသဖွယ် ထွက်ခွာသွားလေတော့သည်။ သူမ၏ခိုင်မာလှသော ကျောပြင်မှာ အတိုင်းအထက်အလွန် မကျေနပ်မှုများကို ဖော်ပြနေသည့်အလားရှိချေ၏။
အရှင်မင်းကြီးသည် ထွက်ခွာသွားသော ကိုယ်လုပ်တော်၏ပုံရိပ်ကိုကြည့်ရင်း သူ့မျက်ဝန်းထဲတွင် ဒေါသနှင့် အားကိုးရာမဲ့မှုတို့ ရောယှက်နေသော ခံစားချက်တစ်ခု ဖြတ်ပြေးသွားသည်။ သူသည် နဂါးပလ္လင်ပေါ်တွင် ဖြည်းညှင်းစွာပြန်ထိုင်လိုက်ပြီး လက်ရန်းကို လက်ချောင်းများဖြင့် ခေါက်လျက် အတွေးနက်နေလေတော့သည်။
အခြားတစ်ဖက်တွင်မူ တော်ဝင်ကိုယ်လုပ်တော်သည် သူမ ယခုလေးတင်ရရှိခဲ့သော သတင်းစကားကို ချိုးငှက်တွင် အမြန်ချည်နှောင်ကာ သူမသခင်ထံသို့ ပြန်လည်ပေးပို့လိုက်၏။
ကျန့်ပေမြို့စားအိမ်တော်တွင်မူ အဘွားအိုသည် အထိန်းတော်ကြီး၏အကူအညီကိုယူကာ အခြားသခင်မများနှင့်အတူ အချိန်အတော်ကြာလူမနေဘဲပစ်ထားခဲ့သည့် သူမအငယ်ဆုံးသမီးငယ်၏ အိမ်ဝင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လာသည်။
ထိုအိမ်ဝင်းမှာ လူမနေသည်မှာကြာပြီဖြစ်သော်လည်း သန့်ရှင်းသပ်ရပ်နေပြီး ပန်းပင်၊ သစ်ပင်များကိုလည်း စနစ်တကျ ပြုပြင်ထား၏။ ၎င်းမှာ ပိုင်ရှင်ပြန်အလာကို စောင့်ကြိုနေသည့်အလား ရှိပေသည်။
လူစုသည် အိမ်ဝင်းအတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လိုက်ကြ၏။ အတွင်းသို့ရောက်သည်နှင့် ကလေးတစ်စု၏ ရယ်မောသံများက အိမ်ဝင်း၏ တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်တော့သည်။
ယွိဟွာသည် အားသို့၏ချိုချဉ်ကို ခိုးစားခဲ့သဖြင့် အားသို့က တံမြက်စည်းဖြင့် တစ်အိမ်လုံးလိုက်လံရိုက်နှက်နေ၏။ ကျန်းဟယ်ကလည်း ယွိဟွာကို ဖမ်းရန်အတွက် အပြေးအလွှားကူညီနေပေသည်။
ကျောက်ဟူမှာမူ သစ်ပင်ပေါ်သို့ရောက်ရှိနေပြီး ငှက်သိုက်များရှိမရှိ လိုက်စစ်ဆေးနေချေပြီ။ ရှီအန်းနှင့် ထျဲနျိုတို့မှာ အင်္ကျီလက်များကိုလိပ်တင်ကာ ရေကန်နားတွင် ငါးဖမ်းနေကြသည်။
အားသို့မှာမူ လောက်လေးခွကိုကိုင်လျက် အထက်မှ ပျံသန်းနေသော ငှက်များကိုကြည့်ကာ ရွာသူကြီးကဲ့သို့ ကျွမ်းကျင်သူဖြစ်အောင် လေ့ကျင့်မည်ဟု သစ္စာဆိုနေ၏။ မည်မျှမြန်သော ငှက်ဖြစ်ပါစေ လက်တစ်ချက်တည်းနှင့် ပစ်ချနိုင်ရန် သူ ရည်မှန်းထားသည်။
ကျောက်တာ့လန်မှာမူ ယွိဟွာအတွက် ဗီလာအသေးလေးဆောက်ပေးရန် အလုပ်ရှုပ်နေပေသည်။ ရှောင်ကျိုး ဘာလုပ်နေသနည်းဆိုသော် သူမသည် မျက်လုံးများကိုမှိတ်လျက် စနစ်နှင့် စကားပြောကာ သင်ခန်းစာယူနေခြင်း ဖြစ်၏။ ရှန်ကျစ်ယွမ်ကတော့ ရွာသူကြီး၏ဆံပင်များကို ဆံထုံးလေးအဖြစ် ထုံးပေးရန် ကူညီပေးနေသည်။
မီးဖိုချောင်အတွင်း၌ ဗိုက်ဆာနေသော ဖက်တီးလေးသည် ရွှီရှောင်ရှောင်နှင့် အဘွားအိုရွှီတို့ ဟင်းချက်နေသည်ကို စောင့်ကြည့်စစ်ဆေးနေ၏။ အိမ်ဝင်း၏ တစ်နေရာတွင်မူ အားမကိုးရသလိုထင်ရသော တာအိုဆရာသည် တရားမှတ်နေလေသည်။
အဘွားအိုတို့အဖွဲ့မှာ အိမ်ဝင်းတံခါးဝတွင် ငြိမ်သက်စွာရပ်ကြည့်နေမိကြ၏။ အတွင်း၌ရှိနေသည့် နွေးထွေးပြီး ပျော်ရွှင်စရာကောင်းသော မြင်ကွင်းလေးကို မဖျက်ဆီးလိုကြသည့်အလားပင်။ စာသင်ရမည်ကို အသည်းအသန် ရှောင်လွှဲပြီးသည့်နောက် ရှောင်ကျိုး မျက်လုံးဖွင့်လိုက်ရာ တံခါးဝ၌ရောက်နေသည့် အဘွားနှင့် သခင်မတို့ကိုမြင်လိုက်ရသည်။
"အဘွား ဒေါ်ဒေါ်တို့”
ရှောင်ကျိုးက စိတ်လှုပ်ရှားစွာပြေးသွားပြီး သူမအဘွားလက်ကိုဆွဲကာ ဒီည ဘယ်လောက်တောင် အရသာရှိသည့် အစားအစာများစားကြမည်ဖြစ်ကြောင်း၊ သူတို့ရွာမှ အစ်မရှောင်ရှောင်က မည်မျှတော်ကြောင်း၊ လက်ရာမည်မျှကောင်းကြောင်းကို တတွတ်တွတ်နှင့်ပြောပြနေတော့သည်။
"တကယ်အဲဒီလောက်တောင် အရသာရှိတာလား၊ ဒါဆိုရင်တော့ ဒီည ဒုတိယအဒေါ်လည်း ဒီမှာပဲထမင်းစားရတော့မှာပေါ့"
ဒုတိယသခင်မမှစနောက်လိုက်၏။ ကြက်ကလေး စပါးစေ့ကောက်သလို ရှောင်ကျိုးက ခေါင်းကိုတညိတ်ညိတ်လုပ်ရင်း ပြန်ဖြေလေသည်။
"အရသာရှိတာမှ အရမ်းပဲ"
အဘွားအိုက ရှောင်ကျိုးလက်ကို ကိုင်ထားရင်း မေးလေ၏။
"ဒီမှာနေရတာ အသားကျပြီလားမြေးလေး"
ရှောင်ကျိုးက ပြန်ဖြေလေသည်။
"အသားကျသွားပါပြီ၊ ဒီနေရာကို တော်တော်သဘောကျတယ်"
"ဒါဆို အဘွားနဲ့ပဲ ဒီမှာအမြဲတမ်း နေသွားပါလား"
အဘွားအိုက မျှော်လင့်ချက်အပြည့်နှင့် ကြည့်လိုက်ပေသိ ရှောင်ကျိုးက ခေါင်းကို ခါယမ်းပြီး
"ဟင့်အင်း ထောင်ယွမ်ရွာကိုပြန်ရမှာ၊ အဘိုးရွှီက ငိုတတ်တဲ့လူကြီး၊ ရွာသားတွေလည်း ကျွန်မကိုလွမ်းနေကြလိမ့်မယ်၊ နောက်ပြီး ကျောင်းက ကလေးတွေကိုလည်းကြည့်ရဦးမယ်၊ ရွာသားတွေ ပိုက်ဆံရအောင်လည်း ကူညီပေးရဦးမယ်၊ သမီးမှာ လုပ်စရာတွေအများကြီးပဲ"
အဘွားအိုက သဘောတကျရယ်မောရင်း မြေးမလေးခေါင်းကို ပုတ်ပေးလိုက်သည်။
"အသက်က ငယ်ငယ်လေးရှိသေးတာကို ပူပင်စရာတွေ ဒီလောက်များနေရင် အရပ်ရှည်မှာ မဟုတ်ဘူးနော်"
"ရွာသူကြီးဖြစ်နေတော့လည်း ဘာတတ်နိုင်မှာလဲ"
ရှောင်ကျိုးက လူကြီးတစ်ယောက်လို လေးလေးနက်နက်ဖြင့် သက်ပြင်းချလိုက်ရာ သခင်မများအားလုံး တပြိုင်နက်တည်း ရယ်မောကြတော့သည်။
မကြာမီမှာပင် ကျောက်တာ့လန်နှင့် အစေခံအချို့က အိမ်ဝင်းအတွင်းမှာ စားပွဲအကြီးကြီးတစ်လုံးကို ပြင်ဆင်လိုက်ကြ၏။ ရွှီရှောင်ရှောင်နှင့် အဘွားရွှီတို့က မီးဖိုချောင်ထဲရှိ ဟင်းလျာအမျိုးမျိုးကို အမြန်သယ်ထုတ်လာပြီး စားပွဲပေါ် နေရာချလိုက်သည်။ စားပွဲဝိုင်းအလယ်ဗဟိုမှာတော့ အောက်ရှိမီးသွေးခဲများနှင့် ဟုန်းဟုန်းတောက် ပွက်ပွက်ဆူနေသော အနီရောင်ဟင်းရည်အိုးကြီး ရှိနေသည်။
အဘွားအိုနှင့် သခင်မများမှာ ဤသည်ကိုကြည့်ပြီး အလွန်ထူးဆန်းနေကြ၏။
ဒါက ဘာကြီးလဲ။
ထိုအခါ ရှီအန်းက သူတို့အားလုံးကို စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။
"ဟော့ပေါ့လေ ထောင်ယွမ်ရွာမှာ ကျွန်တော်တို့တွေ ခဏခဏစားနေကျပဲ၊ အရမ်းအရသာရှိတာ”
ထိုသို့ပြောပြီးနောက် သူကိုယ်တိုင် ထိုင်ခုံကိုဆွဲကာ နေရာကောင်းတစ်ခုမှာ ထိုင်ပြီး စားဖို့အတွက် အသင့်စောင့်နေတော့သည်။
အဘွားရွှီက အဘွားအိုနှင့်သခင်မများကို ထိုင်ဖို့ဖိတ်ခေါ်လိုက်၏။ သူတို့ခမျာ တစ်ခါမှ ဒီလိုမျိုး စားပွဲကိုဝိုင်းထိုင်ပြီး ဆူဆူညံညံစားသောက်ရတာမျိုး မကြုံဖူးကြပေ။ သို့သော်လည်း ဒီလို ပတ်ဝန်းကျင်အနေအထားက သူတို့ကို တစ်မျိုးလေးပျော်ရွှင်စေပြီး နွေးထွေးစေခဲ့သည်။
"ဒီအစိမ်းတွေကို ဘယ်လိုစားမှာလဲ"
တတိယသခင်မက စားပွဲပေါ်ရှိအစိမ်းအတိုင်းရှိနေသည့် ဟင်းသီးဟင်းရွက်များကိုကြည့်ပြီး နားမလည်နိုင်အောင် ဖြစ်နေ၏။
"ဒီအိုးထဲကို ခဏလောက်ထည့်ပြုတ်လိုက်ရုံပဲ၊ စားလို့ရပြီ"
ထိုသို့ပြောရင်း ရှီအန်းက အသားတစ်ဖတ်ကို အိုးထဲထည့် ခဏကြာတော့ ပြန်ဆယ်ပြီး သူ့ပန်းကန်ထဲ ထည့်လိုက်သည်။ ထို့နောက် သူ့အမေကိုကြည့်ပြီး သူသရုပ်ပြတာကိုမြင်လားဟူသော အမူအရာမျိုး လုပ်ပြနေ၏။ တတိယသခင်မမှာ သားဖြစ်သူက သူမကိုခွံ့ကျွေးမည်အထင်နှင့် ပန်းကန်လေးကို မလိုက်သော်လည်း သားဖြစ်သူမှာ သူ့ဘာသူ စားလိုက်သဖြင့် ပန်းကန်ကိုပြန်ချလိုက်ရရှာသည်။
တကယ့်ကို အဖေတူသားလေးပင်။
ရှောင်ကျိုးက အစ်မရှောင်ရှောင် ကိုယ်တိုင်လုပ်ထားသည့် ပဲပြားဖတ်လေးကိုပြုတ်ပြီး သူမအဘွားပန်းကန်ထဲ ထည့်ပေးလိုက်၏။
"အဘွား ဒါက အစ်မရှောင်ရှောင်လုပ်ထားတာ၊ အရမ်းကောင်းတယ် မြည်းကြည့်ပါဦး"
အဘွားအိုက အအေးခံပြီးနောက် ပါးစပ်ထဲထည့်ကာ မြည်းစမ်းကြည့်လိုက်သည်။ အစားအစာ၏အထိအတွေ့က နူးညံ့ပြီး ဝါးရလည်း အတော်လေးအဆင်ပြေလှသည်။ အလွန်အမင်းပျော့မနေသလို၊ ဝါးရခက်အောင်လည်း မာမနေပေ။ အနေတော် ဝါးလို့ကောင်းသည့် အနေအထားကြောင့် အဘွားအို၏မျက်ဝန်းများ ဝင်းလက်သွားရ၏။
"သမီးလေးက ဟင်းချက်တာ ဒီလောက်တော်လိမ့်မယ်လို့ အဘွားမထင်ထားဘူး၊ ဒါကို ဘာလို့ခေါ်လဲ၊ မြို့တော်မှာ တစ်ခါမှ မမြင်ဖူးဘူး"
အဘွားအိုက ရွှီရှောင်ရှောင်ကိုချီးကျူးလိုက်သည်။ ဤမျှသေးငယ်သည့် ထောင်ယွမ်ရွာလေးမှာ ဒီလောက်တော်သောလူရှိလိမ့်မည်ဟု သူမထင်မထားခဲ့ပေ။
"ဒါက ပဲပိစပ်နဲ့ လုပ်ထားတာပါ၊ အဘွား ကြိုက်တယ်ဆိုရင် မနက်ဖြန်ကျရင် အိမ်တော်က အစေခံတွေကိုသင်ပေးပါ့မယ်၊ ဒါမှ အဘွားအတွက် ခဏခဏ လုပ်ပေးလို့ရမှာပေါ့"
ရှောင်ရှောင်က ရှက်ကိုးရှက်ကန်း ပြန်ပြောလိုက်သည်။ အားလုံးက မြိန်ရည်ယှက်ရည် စားသောက်နေကြပြီး မွှေးကြိုင်လှသည့်အနံ့ကြောင့် သခင်မများလည်း မအောင့်နိုင်တော့ဘဲ တူများကိုကိုင်ကာ စတင်စားသောက်ကြတော့၏။ သူတို့အားလုံး ဟော့ပေါ့၏ဆွဲဆောင်မှုမှာ နစ်မြောသွားကြပြီး သူတို့၏မြင့်မြတ်သောအမူအရာများကိုပင် မေ့လျော့ကာ ပျော်ရွှင်စွာစားသောက်နေကြလေတော့သည်။