← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

(အခန်း)76

​"မြို့တော်မှာ ဒီလိုစားသောက်နည်းမျိုး တစ်ခါမှမမြင်ဖူးဘူး၊ ဒီဟင်းလျာသစ်က အရမ်းမွှေးတာပဲ၊ ဘယ်သူကများ အောင့်အီးနိုင်မှာလဲ"

ဒုတိယသခင်မသည် ပူနေသည်ကိုပင် ဂရုမစိုက်နိုင်ဘဲ ပါးစပ်ထဲသို့ အတင်းထည့်ကာ အားရပါးရ စားသောက်နေတော့သည်။

​"ကြည့်စမ်းပါဦး၊ နင်တို့နှစ်ယောက်ကတော့ အမူအရာတွေတောင်ပျက်ကုန်ပြီ"

ပထမသခင်မက စိတ်မရှည်နိုင်ဖြစ်နေသော ဒုတိယသခင်မနှင့် တတိယသခင်မတို့ကိုကြည့်ကာ ရယ်မောရင်း ဆို၏။

​"ဒီလောက် အရသာရှိတဲ့အစားအစာတွေရှေ့ရောက်နေတာကို ဘယ်သူကများ မာန်တက်နေနိုင်မှာလဲ"

"ဟုတ်ပ ဒီနေ့တော့ တို့တွေတကယ်ကို အဝစားကြမှာ"

​အဘွားအိုက ပထမသခင်မ၏လက်ကို ပျော်ရွှင်စွာ ပုတ်ပေးရင်းဆိုလိုက်၏။

"အားလုံး အခုလိုပျော်နေကြတာ ရှားပါတယ်၊ ကိုယ့်အိမ်ကိုယ်ရာမှာပဲဆိုတော့ စည်းကမ်းတွေ အမူအရာတွေအတွက် စိုးရိမ်မနေကြပါနဲ့"

​ဤကဲ့သို့ သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းမျိုးကို လွန်ခဲ့သောနှစ်အနည်းငယ်က စစ်သူကြီးအိမ်တော်မှ အမျိုးသားများ စစ်ပွဲမှအောင်ပွဲခံပြန်လာစဉ်က နောက်ဆုံးမြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ လွန်ခဲ့သောငါးနှစ်က သူတို့အားလုံး စစ်မြေပြင်တွင် သူရဲကောင်းပီသစွာကျဆုံးသွားခဲ့ပြီးနောက် အိမ်တော်ကြီးမှာ တိတ်ဆိတ်ခြောက်ကပ်နေခဲ့၏။ ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် ပျော်ရွှင်စရာကောင်းပြီး သက်ဝင်လှုပ်ရှားသည့်ကျင်းပမှုမျိုးကို ပြန်လည်မြင်တွေ့ရခြင်းဖြစ်ပေသည်။

​"နောက်တစ်ခါကျရင် အဘွားနဲ့ အဒေါ်တို့ ထောင်ယွမ်ရွာကို လာလည်ကြလေ၊ သမီး တောင်ပေါ်တက်ပြီး တောဝက်လိုက်ဖမ်းပြီး ကျွေးမယ်၊ အရမ်းအရသာရှိတာ"

ရှောင်ကျိုးက အဘွား၏ပန်းကန်ထဲသို့ အသားတစ်ဖတ် ထပ်ထည့်ပေးရင်း ပြောလိုက်သည်။

​"ကောင်းပြီ ကောင်းပြီ၊ နောက်တစ်ခါကျရင် အဘွားတို့မြေးလေးရဲ့ ထောင်ယွမ်ရွာကို အလည်လာခဲ့မယ်"

​အဘွားအိုနှင့်သခင်မသုံးဦးတို့မပြန်မီမှာပင် ရွှီရှောင်ရှောင်က သူမအားလပ်ချိန်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေဖော်ထုတ်ထားသော မုန့်အမျိုးမျိုးကို ထုပ်ပိုးပေးလိုက်၏။

​ဤအရာများကိုပြုလုပ်ရန် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကိုမူ မည်သည့်နတ်ဘုရားကပေးပို့သည်အား မည်သူမျှမသိရှိကြပေ။ သူမအနေဖြင့် တစ်ခုခု လုပ်စားချင်သည့်အခါတိုင်း လိုအပ်သော ပါဝင်ပစ္စည်းများကို ရွာသူကြီးထံ မနေ့ကပြောပြလိုက်လျှင် နောက်တစ်နေ့တွင် ထိုပစ္စည်းများမှာ မီးဖိုချောင်ထဲသို့ ရောက်ရှိနေတတ်သည်။ ရှောင်ကျိုး ဗိုက်ဆာမည်ကို စိုးရိမ်သဖြင့် ကောင်းကင်ဘုံရှိ နတ်ဘုရားများက လိုသမျှပို့ပေးနေခြင်း ဖြစ်လိမ့်မည်ဟု ရှောင်ရှောင်ကတွေးနေမိတော့သည်။

​ဟော့ပေါ့ကို အဝစားပြီးနောက် ကလေးတစ်သိုက်မှာ ပျင်းပျင်းရှိသည်နှင့် အိမ်ခေါင်မိုးပေါ်သို့တက်ကာ ကြယ်ကြည့်နေကြ၏။

​"ဒီလူဆိုးလေးတွေသိတာဆိုလို့ လောက်လေးခွနဲ့ ငှက်ပစ်ဖို့ပဲသိကြတယ်၊ ပစ်တာက တစ်ကြောင်း ပစ်ပြီးရင်လည်း လာမရှင်းကြဘူး၊ နောက်တစ်ခါမိလို့ကတော့ အကုန်လုံးကို ရိုက်ပစ်မယ်၊ တကယ်ကိုလွန်လွန်းတယ်"

မြေပြင်ပေါ်တွင် သေနေသောချိုးငှက်ကိုကြည့်ကာ အဘွားရွှီက ခါးထောက်လျက် အိမ်ခေါင်မိုးပေါ်ရှိလူမိုက်လေးများကို အော်ဟစ်ဆဲဆိုနေတော့သည်။

​ထိုစကားကိုကြားသည်နှင့် အားသို့သည် လက်ထဲမှ လောက်လေးခွကိုအမြန်ဝှက်လိုက်၏။ ရွာရှိကလေးများကို"ဘယ်အဘွားကို အကြောက်ဆုံးလဲ" ဟုမေးလျှင် အဘွားရွှီကိုသာ ညွှန်ပြကြလိမ့်မည်။ သူမသည် တစ်ယောက်ယောက်ကို နေ့ရောညပါ လိုက်လံဆဲဆိုနိုင်သည့် အမျိုးသမီးဖြစ်ပြီး ယွိဟွာထက်ပင် ဆိုးသေး၏။

​အဘွားအိုရွှီသည် မြေပြင်ပေါ်ရှိစာပို့ချိုးငှက်ကို ကောက်ယူကာ တစ်နေရာတွင်မြှုပ်ရန် ပြင်လိုက်ရင်း ရေရွတ်လိုက်သည်။

"ထူးဆန်းတာပဲ၊ မြို့တော်ကလူတွေက ချိုးငှက်တွေရဲ့ခြေထောက်မှာ တစ်ခုခု ချည်ထားရတာကို ကြိုက်ကြတာလား"

​ထိုစကားကိုကြားသောအခါ အခန်းထဲသို့ပြန်ဝင်တော့မည့် ချင်းရွှီသည် အမြန်လျှောက်လာပြီး ငှက်ခြေထောက်၌ ချည်ထားသည့် ဝါးပြွန်လေးကို ကောက်ယူလိုက်၏။ ရှောင်ကျိုးနှင့် အခြားသူများမှာလည်း သတင်းစကားကို ဝါးပြွန်နှင့်ပေးပို့ပြန်ပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် အိမ်ခေါင်မိုးပေါ်မှ အမြန်ဆင်းလာကြသည်။

​"ဦးလေးချင်း ဘာတွေရေးထားတာလဲဟင်"

ကလေးအချို့က ချင်းရွှီလက်ထဲရှိ စာတိုလေးကိုကြည့်ရန် ခြေဖျားထောက်ကာ ဝိုင်းအုံလာကြ၏။

​"ဒါက ဘာလို့စာမပါတဲ့ စာရွက်အလွတ်ကြီးဖြစ်နေတာလဲ"

ချင်းရွှီလက်ထဲရှိ စာရွက်အလွတ်ကို ညွှန်ပြကာ ရှောင်ကျိုးကမေးလိုက်၏။

​ချင်းရွှီသည် ထိုစာရွက်ကိုအချိန်အတော်ကြာ စစ်ဆေးကြည့်ပြီးနောက် ရှင်းပြသည်။

"သတင်းပို့တဲ့သူက စာသားတွေကို ဝှက်ထားဖို့ ထူးခြားတဲ့နည်းလမ်းတစ်ခုခု သုံးထားတာဖြစ်ရမယ်"

​"ဒါဆို ဘယ်လိုလုပ်ပြီး စာကိုမြင်ရမှာလဲ"

ကလေးများက စိတ်အားထက်သန်စွာ မေးကြပြန်သည်။ ​ချင်းရွှီသည် ထိုစာရွက်ကိုယူကာ အခန်းထဲရှိ ဖယောင်းတိုင်မီးနားသို့ကပ်၍ အချိန်အတော်ကြာ အပူပေးကြည့်သော်လည်း စာရွက်မှာ ဘာမှထူးခြားမလာပေ။

​"ဒီစာရွက်ကို ဆေးရည်တစ်မျိုးမျိုးနဲ့ စိမ်ထားတာဖြစ်လိမ့်မယ်၊ အထူးဆေးရည် တစ်ခုခုသုံးမှပဲ စာသားတွေ ပေါ်လာမှာ၊ ဘယ်လိုနည်းနဲ့ စာပေါ်အောင်လုပ်ရမလဲဆိုတာကို ငါ သေသေချာချာလေ့လာကြည့်လိုက်ဦးမယ်"

ချင်းရွှီသည် မျက်မှောင်ကြုတ်ထားပြီး သူ့အမူအရာမှာ တည်ကြည်လေးနက်ကာ တစ်ခုခုကိုအာရုံစိုက်နေပုံရ၏။ သူသည် လက်ထဲရှိစာတိုလေးကိုကိုင်ကာ အခန်းထဲသို့ အလျင်အမြန်ပြန်ဝင်သွားတော့သည်။

​အိမ်ဝင်းထဲတွင်မူ ရှောင်ကျိုးနှင့် ကျန်ကလေးအချို့သာ ကျန်ရစ်ခဲ့ပြီး မြေပြင်ပေါ်ရှိငှက်သေလေးကို ကြောင်ကြည့်နေကြသည်။

​"ရွာသူကြီး ဒါဆိုမြို့တော်က အရာရှိတွေ စာပို့ရင်ချိုးငှက်တွေကို သုံးကြတာပေါ့နော်”

ကျောက်ဟူက မြေပြင်ပေါ်ငြိမ်သက်နေသည့် ငှက်ကလေးကို လက်ညှိုးဖြင့်တို့ကြည့်ရင်း ပြောလိုက်သည်။

​"ဒီစာထဲမှာ ပါတဲ့အကြောင်းအရာတွေက ရွာသူကြီးအတွက် အန္တရာယ်ဖြစ်စေမလား၊ အစ်ကိုက ဗေဒင်ဆရာဆိုတော့ ရွာသူကြီး မြို့တော်မှာ အန္တရာယ်ရှိမရှိ တွက်ပေးလို့ရမလားဟင်"

အားသို့က ကျင့်ရှင်းကိုစိုးရိမ်တကြီး မေးလိုက်၏။ ​ကျင့်ရှင်းက ရှောင်ကျိုးမျက်နှာကို လှမ်းကြည့်လိုက်သည်။ သူမကံကြမ္မာကတော့ အခုထိပဟေဠိဖြစ်နေဆဲပင်။

​"စိတ်မပူပါနဲ့၊ မင်းတို့ရွာသူကြီးက ဘေးကင်းမှာပါ၊ ရွာသူကြီး မြို့တော်မှာရှိနေတဲ့အချိန် အန္တရာယ်ရောက်နိုင်တဲ့မြို့တော်က တခြားလူတွေအတွက်ပဲ မင်းတို့စိုးရိမ်ပေးသင့်တယ်"

​ကျင့်ရှင်းသည် ရှောင်ကျိုးအတွက် လုံးဝစိုးရိမ်ခြင်းမရှိပေ။ သူမမျက်နှာကို သေချာမမြင်နိုင်သော်လည်း မြို့တော်သို့ရောက်ကတည်းမှ သူမပတ်ဝန်းကျင်တွင် ခရမ်းရောင်အရှိန်အဝါများ ဝန်းရံနေသည်ကို သူသတိပြုမိသည်။ သူ့ဆရာပြောဖူးသည်မှာ ဦးခေါင်းထက်တွင် ထိုကဲ့သို့တောက်ပသော အရှိန်အဝါရှိခြင်းသည် ကံကောင်းခြင်း၏နိမိတ်လက္ခဏာဖြစ်၏။ ကောင်းကင်ဘုံကပင် ဖေးမထားသော ထိုကဲ့သို့သောသူများသည် မကောင်းသောကံကြမ္မာကို ကောင်းသောကံကြမ္မာအဖြစ် ပြောင်းလဲနိုင်ပြီး ထူးခြားသောအောင်မြင်မှုများကို ရရှိကြလိမ့်မည်။

​ကျင့်ရှင်းသည် ရှောင်ကျိုး၏ကံကြမ္မာကို တွက်ချက်ရန် ကြိုးစားခြင်းကို လက်လျှော့လိုက်ပြီး ဤမိန်းကလေးနောက်ကိုသာ တစ်သက်လုံးလိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆရာက မှာထားခဲ့သောကြောင့်ဖြစ်သည်။

"ဒီမိန်းကလေးနောက်ကို လိုက်သွားရင် မင်း ဘယ်တော့မှအစားအသောက်အတွက် ပူစရာမလိုတော့ဘူး"

​"ဒါနဲ့ ရှီအန်း မြို့တော်မှာဘာတွေပျော်စရာကောင်းတာ ရှိသေးလဲ၊ မနက်ဖြန်ကျ ဒီအိမ်ဝင်းထဲမှာပဲမနေချင်တော့ဘူး"

ကျောက်ဟူက ဘေးနားရှိ ရှီအန်းကို ပုတ်ကာမေးလိုက်၏။ ​ရှီအန်းက ခေါင်းခါပြသည်။ သူသည် အချိန်အတော်များများကို အခန်းထဲမှာသာ ကုန်ဆုံးလေ့ရှိသူဖြစ်သည်။ မြို့တော်တွင်ရှိစဉ်က ရှီအန်းသည် စကားပြောနည်းသဖြင့် အခြားကလေးများက သူ့ကို အ,အလေးဟု ခေါ်လေ့ရှိကြပြီး ထိုအချက်ကြောင့်ပင် သူသည် အပြင်ထွက်ကာ အခြားသူများနှင့်ဆော့ကစားရန် ပို၍ဝန်လေးနေခဲ့ခြင်းဖြစ်သည်။

​"မင်းက မြို့တော်မှာနေတာ မဟုတ်လား၊ ဘယ်လိုဖြစ်လို့ ဘာမှမသိရတာလဲ"

အားသို့က ရှီအန်းကိုထူးဆန်းသလို ကြည့်လိုက်၏။

​"ငါက...ငါက ပုံမှန်ဆို အခန်းထဲမှာပဲ ဆော့နေကျလေ၊ တစ်ခါတလေမှ အိမ်တော်က အစေခံတွေနဲ့ဆော့တာ"

ရှီအန်းက ခေါင်းငုံ့ကာတိုးတိုးလေး ပြောရှာသည်။

​"ဒါဆို အခန်းထဲမှာ တစ်ယောက်တည်း ဘာတွေလုပ်နေတာလဲ"

ရှောင်ကျိုးက တကယ်ကိုစပ်စုချင်သွား၏။ အခန်းထဲ တစ်ယောက်တည်းနေရသည်မှာ ပျော်စရာကောင်းနိုင်ပါမည်မဟုတ်ပေ။

​"ငါ့အခန်းက အရမ်းပျော်စရာကောင်းတာ”

ရှီအန်းက စိတ်လှုပ်ရှားစွာအော်လိုက်သည်။ ​ထို့နောက် ရှီအန်းသည် ရှောင်ကျိုးနှင့် အဖွဲ့သားများကို သူ့အခန်းသို့ ခေါ်သွားလေသည်။ အခန်းထဲတွင် ထူးဆန်းသော အစိတ်အပိုင်းများနှင့် ကိရိယာမျိုးစုံဖြင့် ပြည့်နှက်နေပြီး လျှို့ဝှက်ချက်များရှိသည့် အလုပ်ရုံလေးတစ်ခုနှင့် တူနေပေသည်။

​ရှီအန်းသည် ရှုပ်ထွေးလှသော အစိတ်အပိုင်းများကို လက်နှစ်ဖက်ဖြင့် ကျွမ်းကျင်စွာကိုင်တွယ်လိုက်ရာ မကြာမီမှာပင် ငှက်ပုံသဏ္ဌာန်အရာဝတ္ထုလေးတစ်ခု ပေါ်လာတော့သည်။

​"ဒါကို ကြည့်လိုက်”

ရှီအန်းက သူ့လက်ထဲရှိကစားစရာလေးကို ဂုဏ်ယူစွာပြသလိုက်၏။ ၎င်းမှာ အလိုအလျောက်ခုန်နိုင်သည့် သစ်သားငှက်လေးဖြစ်ပြီး အတောင်ပံများကိုလည်း တကယ့်ငှက်ပျံနေသကဲ့သို့ ခတ်နိုင်ပေသည်။

​"ဒါကို ငါကိုယ်တိုင်လုပ်ထားတာ၊ သံပတ်ပေးလိုက်တာနဲ့ သူကစလှုပ်ရှားတော့မှာ"

​ရှောင်ကျိုးမျက်လုံးလေးများမှာ အံ့ဩလွန်းသဖြင့် ဝိုင်းစက်သွားရသည်။

"ဝါး အံ့သြစရာပဲ၊ ရှီအန်း နင်ကတကယ့်ကို ပါရမီရှင်ပဲ"

​အားသို့နှင့် ကျန်းဟယ်တို့မျက်နှာပေါ်မှ လိုချင်တပ်မက်နေသော အမူအရာများကို မြင်သောအခါ ရှီအန်းကလက်ထဲရှိ သစ်သားငှက်လေးကို သူတို့နှစ်ယောက်အား ပေးလိုက်လေသည်။

​ကျောက်ဟူနှင့် အားသို့တို့ကလည်း ဘေးကနေဝိုင်းအုံကြည့်ကာ ထိုထူးဆန်းသော သစ်သားငှက်လေးကို စိတ်ဝင်တစား စစ်ဆေးနေကြ၏။ ​ကျောက်ဟူက ရှီအန်းကို လက်မထောင်ပြကာ ချီးကျူးလိုက်သည်။

"ဒါက လမ်းပေါ်မှာရောင်းနေတဲ့ ကစားစရာတွေထက် အများကြီးပိုကောင်းတယ်"

​"ရှီအန်း မင်းအခန်းထဲမှာ ဒီလိုကစားစရာတွေအများကြီးပဲ၊ အားလုံးကို ကိုယ်တိုင်လုပ်ထားတာလား"

အားသို့က ရှုပ်ပွနေသလိုထင်ရသော်လည်း ထူးဆန်းအံ့သြဖွယ် ကောင်းလှသော အခန်းကိုကြည့်ကာ မေးလိုက်သည်။ ​ရှီအန်းက ခေါင်းခါပြကာဆို၏။

"တချို့ကတော့ ငါ့အဖေလုပ်ပေးထားတာ၊ တချို့ကတော့ အဖေ့ရဲ့မှတ်တမ်းထဲက နည်းလမ်းတွေကိုကြည့်ပြီး ငါကိုယ်တိုင်သင်ယူထားတာ"

​ရှီအန်းက သူတို့ကိုအခန်းထောင့်တစ်နေရာသို့ခေါ်သွားပြီး ထိုနေရာတွင် ခင်းကျင်းထားသော ကစားစရာ အသေးလေးများကိုပြသသည်။

​ရှီအန်းသည် အလိုအလျောက်ပွင့်နိုင်၊ ပိတ်နိုင်သော သေတ္တာလေးတစ်လုံးကို ထုတ်ပြ၏။ ၎င်းပေါ်တွင် လက်ရာမြောက်လှသော ပန်းကွက်များကိုထွင်းထုထားပြီး ညင်သာစွာ နှိပ်လိုက်ရုံဖြင့် အဖုံးမှာ တန်းပွင့်လာပြီးနောက် ဖြည်းညှင်းစွာ ပြန်ပိတ်သွားလေတော့သည်။

All Chapters