အခန်း ၇၇
Vol. 8 Ch. 77
(အခန်း)77
ထိုစဉ် ရှီအန်းသည် ပါးလွှာသော ဝါးခြမ်းစိတ်လေးများနှင့် ကြေးနန်းကြိုးများကို အသုံးပြု၍ ရက်လုပ်ထားသော အဝိုင်းပြားလေးတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်း၏ အလယ်ဗဟိုတွင် မှိန်ပျပျအလင်းဖြာနေသော လင်းလက်တောက်ပသည့် ပုလဲလုံးလေးတစ်လုံး ရှိနေပေသည်။
“ဒါက ဘာလဲ”
ကျောက်ဟူနှင့် အခြားသူများမှာ စူးစမ်းလိုစိတ်ဖြင့် အနားသို့တိုးကပ်လာကာ မေးမြန်းကြကုန်၏။
“ဒါက ရတနာရှာတဲ့ သံလိုက်အိမ်မြှောင်လေ”
ရှီအန်းက စိတ်လှုပ်ရှားစွာဖြင့် မိတ်ဆက်ပေးလိုက်ပေသည်။
“ဒီသံလိုက်အိမ်မြှောင်က ဘာလုပ်လို့ရတာလဲ”
“သူက လမ်းညွှန်ပြသပေးနိုင်သလို ကိုယ်သတ်မှတ်ထားတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ဝှက်ထားတဲ့ ပစ္စည်းတွေကိုလည်း ရှာဖွေပေးနိုင်တယ်”
ထိုသို့ ပြောဆိုပြီးနောက် ရှီအန်းသည် သံလိုက်အိမ်မြှောင်၏အနားသတ်ရှိ လျှို့ဝှက်ခလုတ်လေးတစ်ခုကို နှိပ်လိုက်ရာ ပုလဲလုံးလေးမှာ ဖြည်းညှင်းစွာ လည်ပတ်သွားပြီး နောက်ဆုံးတွင် အခန်း၏ထောင့်တစ်နေရာသို့ ညွှန်ပြလိုက်တော့၏။
“အဲ့ဒီနေရာမှာ ငါသေတ္တာလေးတစ်လုံး အရင်ကဝှက်ထားခဲ့တာ၊ ဒီသံလိုက်အိမ်မြှောင်က အလွယ်တကူရှာတွေ့နိုင်တယ်”
“ဒါတွေအားလုံးက ငါ့အဖေလုပ်ပေးခဲ့တာ၊ အမေပြောတာတော့ ငါမမွေးခင်ကတည်းက အဖေက ငါ့အတွက် မွေးနေ့လက်ဆောင်အဖြစ်ကြိုလုပ်ပေးထားခဲ့တာတဲ့”
ရှီအန်းက ဂုဏ်ယူစွာဖြင့် ဆိုလေသည်။ ထို့နောက် သူသည် အခြားသောစက်ကိရိယာလေးများကိုလည်း ထပ်မံထုတ်ယူပြသပြန်၏။ ၎င်းတို့ထဲတွင် ပုံစံငယ်အမျိုးမျိုးနှင့် ကိရိယာတန်ဆာပလာများပါဝင်ပေသည်။ လားရာကို ထိန်းကျောင်းနိုင်သော တက်မငယ်လေးတပ်ဆင်ထားသည့် ပိုမိုကောင်းမွန်အောင်ပြုပြင်ထားသော စွန်ကြီးနှင့် လည်ပတ်သည့်အခါ သာယာကြည်လင်သောအသံကို ထွက်ပေါ်စေကာ ရေစီးဆင်းမှုကိုတုပပြုလုပ်ထားသော ရေရဟတ်ငယ်လေးတို့ပါဝင်သည်။
“အဖေ့ရဲ့ မှတ်တမ်းစာအုပ်ထဲက အချက်အလက်တွေကိုကြည့်ပြီး ဒါတွေကို ငါလုပ်ကြည့်ထားတာ”
လူတိုင်းမှာ အံ့အားသင့်သွားကြပြီး စကားပင်မဆိုနိုင်ကြတော့ပေ။ ရှီအန်းနှင့် သူ့ဖခင်မှာ အမှန်တကယ်ပင် အံ့မခန်းဖွယ်ကောင်းလှပေသည်။
“ရှီအန်း မင်းအဖေက တကယ်ကိုတော်တာပဲ၊ မင်းကရော ဘယ်လိုလုပ်ပြီး ဒီလောက် ထက်မြက်တဲ့ ဦးနှောက်ကို ပိုင်ဆိုင်ထားရတာလဲ”
ရှီအန်းသည် သူကိုယ်တိုင်ပြုလုပ်ထားသော အဆင်တန်ဆာငယ်လေးအချို့ကို ရွေးချယ်ကာ လူတိုင်းကို လက်ဆောင်ပေးလိုက်၏။ ကျောက်ဟူနှင့် သူငယ်ချင်းများမှာ ထိုအရာများကို အလွန်ပင် နှစ်သက်သဘောကျကြကုန်၏။
“တစ်ကယ်လို့ မင်းသာ တကယ်ကြီးမားတဲ့ရေရဟတ်ကြီးကို လုပ်ပြီးတော့ ထောင်ယွမ်ရွာက လယ်ကွင်းတွေမှာ ထားပေးနိုင်ရင် ရွာသားတွေ ရေခပ်ဖို့ အဝေးကြီးသွားနေစရာမလိုတော့ဘူး”
ရှီအန်းသည် ရွာသူကြီးလက်ထဲရှိ ရေရဟတ်ငယ်လေးကိုကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးမှ ပြန်လည်ပြောကြား၏။
“ငါမစမ်းသပ်ရသေးပေမဲ့ နောက်မှ ကြိုးစားကြည့်ပါ့မယ်၊ ထောင်ယွမ်ရွာကိုပြန်ရောက်တဲ့အခါ ဒါကိုအတူတူလုပ်ဖို့ ရွာသားတွေကို အကူအညီတောင်းကြတာပေါ့”
“ရှီအန်း မင်းအဖေသာ ဒီမှာရှိရင် တကယ့်ကို အံ့ဩစရာကောင်းတဲ့ကိရိယာလေးတွေကို အများကြီးလုပ်ပေးနိုင်မှာပဲနော်”
ကလေးတစ်စုမှာ ရှီအန်းတွင် ထက်မြက်သော ဖခင်တစ်ဦးရှိသည်ကို စိတ်ရင်းဖြင့် အားကျနေကြပေသည်။
"ငါ့အဖေကို တစ်ခါမှငါမတွေ့ဖူးဘူး”
ရှီအန်းသည် ဖခင်ဖြစ်သူကြိုပေးခဲ့သော မွေးနေ့လက်ဆောင်လေးများကို ထိတွေ့ရင်း ဝမ်းနည်းစိတ်ဖြစ်ပေါ်လာရ၏။
“ရှီအန်း ဝမ်းမနည်းပါနဲ့၊ ဦးလေးရှီရှန်းတောင် ပြန်ရှင်လာသေးတာပဲ၊ မင်းအဖေလည်း ရုတ်တရက်ကြီး ပြန်ရှင်လာနိုင်တာပဲ မဟုတ်လား”
အားသို့က နှစ်သိမ့်စကားဆိုလေသည်။ ရှီအန်း၏မျက်လုံးများ ဝင်းလက်သွား၏။ အားသို့ပြောသည့် စကားမှာ အဓိပ္ပာယ်ရှိပေသည်။ ရှောင်ကျိုးကလည်း ရှီအန်းပုခုံးကိုပုတ်လျက်
“နောက်ဆိုရင် နင်နဲ့အတူ နင့်အဖေကို လိုက်ရှာပေးပါ့မယ်”
“ရှာမတွေ့ရင်တောင် ကိစ္စမရှိပါဘူး၊ ငါ့အဖေက နင့်အဖေပဲပေါ့”
ကျောက်ဟူက ရင်ဘတ်ကိုကျယ်လောင်စွာပုတ်လျက် ပြောလိုက်ပေသည်။ ထိုအခါ ရှီအန်းသည် ကျောက်ဟူတစ်ယောက် ဦးလေးတာ့လန်၏အရိုက်ခံရသဖြင့် အော်ဟစ်ငိုယိုနေခဲ့သည်ကို ပြန်လည်မြင်ယောင်လာကာ ခေါင်းကို အမြန်ခါယမ်းလျက်ငြင်းဆိုတော့၏။
“မလုပ်ပါနဲ့ မလုပ်ပါနဲ့”
လူတိုင်းမှာ ကျယ်လောင်စွာရယ်မောလိုက်ကြသည်။ ကျောက်ဟူတစ်ယောက် ငယ်စဉ်ကတည်းက အရွယ်ရောက်သည်အထိ ဖခင်ဖြစ်သူ၏ အရိုက်ခံရပုံများကို ချက်ချင်းပင် သတိရသွားကြခြင်းဖြစ်သည်။ ကျောက်ဟူကမူ တွေးတောမိလေသည်။
“ငါ ကိုယ်ခံပညာတွေ ဘယ်လောက်ပဲ လေ့ကျင့်နေပါစေ၊ အဖေ့ရဲ့လက်ကနေတော့ လွတ်အောင်မပြေးနိုင်သေးပါဘူး”
ဘေးကပ်လျက်ရှိသော တတိယသခင်မ၏အိမ်တော်ဝင်းအတွင်း၌ အစေခံမလေးသည် အစားလွန်ထားသော သခင်မ၏ဝမ်းဗိုက်ကို ပွတ်သပ်ပေးရင်းလျှောက်တင်၏။
“သခင်လေး ပြန်ရောက်လာကတည်းက ပိုပြီးတော့ တက်ကြွလာသလို သူငယ်ချင်းတွေလည်း အများကြီးရလာပါတယ်၊ သခင်မလည်း အခုမှစိတ်အေးရတော့မှာပါ”
တတိယသခင်မသည်လည်း သားဖြစ်သူ၏ပြောင်းလဲမှုများကို ပြန်လည်စဉ်းစားကာ ပြုံးရွှင်စွာဖြင့်
“ဟုတ်ပါရဲ့၊ အန်းအာက ငယ်ငယ်ကတည်းက သူ့အခန်းထဲမှာပဲ အမြဲတမ်း အောင်းနေတတ်ပြီး ဘယ်သူနဲ့မှလည်း စကားမပြောချင်ဘူးလေ၊ အိမ်ထဲမှာပဲ အမြဲနေလို့နေမကောင်း ဖြစ်မှာကို ငါအမြဲစိုးရိမ်ခဲ့ရတာ၊ အခုလို ဖြစ်လာလိမ့်မယ်လို့ လုံးဝမျှော်လင့်မထားခဲ့ဘူး”
သူမသည် ခေတ္တမျှစဉ်းစားပြီးနောက် အစေခံမလေးအား ညွှန်ကြားလိုက်၏။
“မနက်ဖြန်ကျရင် ငါ့ဘဏ္ဍာတိုက်ထဲက ကောင်းနိုးရာရာ ပစ္စည်းတချို့ကိုရွေးပြီးတော့ အဲ့ဒီကလေးတွေဆီပို့ပေးလိုက်ပါ”
အစေခံမလေးကလည်း ချက်ချင်းပင် နာခံလိုက်လေသည်။ ရှောင်ကျိုး၏ အိမ်တော်ဝင်းအတွင်းသို့ ပြန်ရောက်သောအခါ သူမသည် အဘွားဖြစ်သူနှင့် အဒေါ်များထံမှ ရရှိထားသော လက်ဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည့် အခန်းကိုကြည့်လိုက်သည်။
သူမသည် အနည်းငယ် စိုးရိမ်စိတ်ဖြစ်ပေါ်လာရ၏။ မနက်ဖြန်တွင် အဘွားနှင့် အဒေါ်များအတွက် မည်ကဲ့သို့သော လက်ဆောင်များ ပြန်လည်ပေးရမည်ကို သေသေချာချာ စဉ်းစားရန် လိုအပ်သည်ဟု ထင်မြင်မိပေသည်။
ရှောင်ကျိုးသည် မည်သည့်လက်ဆောင် ပေးရမည်ကို တွေးတောရင်းနှင့်ပင် အိပ်ပျော်သွားခဲ့ရတော့သတည်း။
နောက်တစ်နေ့ နံနက်ခင်း၌ ရှောင်ကျိုးသည် မနက်စာကို စောစောစီးစီး စားသောက်ပြီးနောက် ပြင်ဆင်ထားသည့် လက်ဆောင်ကိုကိုင်ဆောင်ကာ အဘွားဖြစ်သူအိမ်တော်ဝင်းအတွင်းသို့ အပြေးကလေး သွားလေ၏။
“အဘွား အဘွား မင်္ဂလာနံနက်ခင်းပါ”
ရှောင်ကျိုး၏အသံမှာ သူမကိုယ်တိုင်မရောက်လာမီကပင် ကြိုတင်ပျံ့လွင့်လာပေသည်။ သူမသည် အဘွားအို၏အိမ်တော်ဝင်းအတွင်းသို့ဝင်လိုက်သည်နှင့် အဒေါ်ဖြစ်သူများကိုလည်း ထိုနေရာ၌ပင် တွေ့ရှိလိုက်ရ၏။ ရှောင်ကျိုးသည် အဒေါ်များကိုလည်း ချက်ချင်းပင် နှုတ်ဆက်လိုက်ပေသည်။
“ရှောင်ကျိုး ဘာလို့ဒီလောက် စောစောစီးစီး ရောက်လာတာလဲ၊ အဘွားဆီက ဘာများလိုချင်လို့လဲ”
အဘွားအိုက ရှောင်ကျိုးကို ဘေးသို့ဆွဲခေါ်ကာ မေးမြန်း၏။
“အဘွားအတွက် လက်ဆောင်ပြင်ဆင်လာလို့ပါ”
သူမအိတ်ကပ်အတွင်းမှ လျှပ်စစ်တုတ် တစ်ခုကို ထုတ်ယူလိုက်သည်။ မနေ့ညက သေသေချာချာစဉ်းစားပြီးနောက် အဘွားနှင့် အဒေါ်များသည် ကိုယ်ခံပညာမတတ်ကြသဖြင့် မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် လက်နက်တစ်ခုခုလိုအပ်သည်ဟု သူမသိရှိလိုက်ခြင်းဖြစ်၏။
“ဒါက ဘာလဲ”
အဘွားအိုသည် မြေးမလေးလက်ထဲရှိ ဆလင်ဒါပုံစံအချောင်းလေးကို ကြည့်ကာ မေးမြန်းပေသည်။ ရှောင်ကျိုးသည် ထိုလျှပ်စစ်တုတ်ကို မည်သို့အသုံးပြုရမည်ကို အဘွားဖြစ်သူအား လက်တွေ့ပြသပေး၏။
“ဒါက အဘွား ကိုယ့်ကိုကိုယ်ကာကွယ်ဖို့အတွက်ပါ၊ တစ်ကယ်လို့ လူဆိုးတစ်ယောက်ယောက် အနားကိုကပ်လာရင် ဒီခလုတ်ကိုနှိပ်ပြီး သူ့ကိုလျှပ်စစ်နဲ့ တို့လိုက်ရုံပါပဲ၊ အဲ့ဒီလူ ချက်ချင်း လဲကျသွားလိမ့်မယ်၊ နောက်ပြီးတော့ အားကုန်သွားရင်လည်း နေပူထဲမှာ ထုတ်လှန်းထားလိုက်ရုံနဲ့ ပြန်ပြီး အသုံးပြုလို့ရတယ်”
“ဒီအရာက တကယ်အံ့ဩဖို့ကောင်းတာပဲ”
အဘွားအိုသည် လက်ထဲရှိအရာကို ကြည့်ကာ အံ့အားသင့်နေမိ၏။ ရိုးရိုးရှင်းရှင်းပုံစံရှိသော အရာတစ်ခုက ဤမျှ တန်ခိုးထက်မြက်လိမ့်မည်ဟု သူမ လုံးဝထင်မှတ်မထားခဲ့ပေ။ အဘွားအိုသည် မနေ့က သူမ၏စတုတ္ထမြောက်သားပြောပြခဲ့သည့် စကားများကို ပြန်လည်သတိရသွားပေသည်။
ထောင်ယွမ်ရွာရှိ ရွာသားများအားလုံးက ရှောင်ကျိုးကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကြသည်ဟုဆို၏။ ရှောင်ကျိုးသည်လည်း ဆန်းကြယ်လှသောပစ္စည်းများကို ရံဖန်ရံခါ ထုတ်ပေးနိုင်ပေသည်။ သူမသည် ရှီအန်းနှင့် စတုတ္ထသားတို့ကိုကယ်တင်ပေးခဲ့ရုံသာမက ကျန့်ပေမြို့စားအိမ်တော်သို့ ရောက်ရှိလာသည်နှင့် သူမ၏အဆိပ်ကိုလည်း ဖြေရှင်းပေးနိုင်ခဲ့၏။ သူမသည် ရှီမိသားစုကို ကယ်တင်ရန်အတွက် ကောင်းကင်ဘုံမှ စေလွှတ်လိုက်သည့် နတ်သမီးလေးပင် ဖြစ်ချေတော့သည်။
အဘွားအိုသည် ဝမ်းသာအားရဖြင့်ပြုံးပျော်နေတော့၏။
“လိမ္မာလိုက်တဲ့ မြေးလေး၊ အဘွား ဒါကို အရမ်းသဘောကျတယ်”
ရှောင်ကျိုးသည် အဒေါ်များအတွက်လည်း တစ်ယောက်လျှင် တစ်ခုစီ ချက်ချင်းပြင်ဆင်ပေးလိုက်သည်။
“အခုဆိုရင် အဘွားနဲ့ အဒေါ်တို့ ဘေးအန္တရာယ်နဲ့တွေ့တဲ့အခါ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်ကြပြီပေါ့”
သူမကိုယ်တိုင်လည်း ကျေနပ်ပီတိဖြစ်နေမိ၏။ အမျိုးသမီးသုံးဦးမှာမူ မျက်ရည်ပင်ဝဲလာကုန်ကြသည်။ တူမလေးမှာ တကယ့်ကိုချစ်စရာကောင်းလှပေရာ သူမသည် အဘယ်ကြောင့် သူတို့သမီးမဖြစ်ခဲ့ပါသနည်းဟုပင် တွေးတောမိကြ၏။
“ဦးလေးရော ဘယ်မှာလဲ”
ရှောင်ကျိုးက စူးစမ်းဟန်ဖြင့်မေးလိုက်သည်။ မနေ့ညကတည်းမှ စတုတ္ထဦးလေးကို သူမ မမြင်ရသလို ယနေ့တွင်လည်း အိမ်၌မရှိသည်ကို သတိထားမိ၏။
“မင်းရဲ့စတုတ္ထဦးလေးက စစ်စခန်းကို သွားပြီလေ၊ ဧကရာဇ်မင်းမြတ်က သူ့ကို ရာထူးပြန်ခန့်လိုက်လို့ အခုစစ်စခန်းမှာ စစ်သည်တွေကို လေ့ကျင့်ပေးနေရတာ၊ ဘယ်အချိန်မှာ စစ်ပွဲဖြစ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူးမဟုတ်လား”
အဘွားအိုသည် မြေးမလေးနဖူးပေါ်ရှိ ဆံစလေးများကို အသာသပ်ပေးလိုက်သည်။
“စတုတ္ထဦးလေးရှိတဲ့ စစ်စခန်းကို သမီးလိုက်သွားလို့ရမလား”
ရှောင်ကျိုးက အဘွားကို မေးမြန်း၏။
“ဒါတော့ မဖြစ်နိုင်ဘူးကွယ်၊ အဲ့ဒါက စစ်စခန်းဖြစ်လို့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူးလေ၊ ရှောင်ကျိုးအပြင်ထွက်ပြီး ကစားချင်လို့လား”
အဘွားအိုက မေးလိုက်သည်။ ရှောင်ကျိုး ချက်ချင်းပင်ခေါင်းငြိမ့်ပြ၏။ သူမ အပြင်သို့ တကယ်ထွက်ချင်နေသည်။
“ဒါဆိုရင် အဘွားက မင်းနဲ့အတူလိုက်ခဲ့ပေးမယ်လေ ဟုတ်ပြီလား”
အဘွားအိုက ပြောလိုက်၏။ ဒုတိယသခင်မမှာ အမြန်ပင်ဝင်ပြောလိုက်သည်။
“အမေ သမီးပဲရှောင်ကျိုးနဲ့အတူလိုက်သွားလိုက်ပါ့မယ်၊ အိမ်တော်မှာလည်း ဘာမှလုပ်စရာမရှိတာနဲ့ ရှောင်ကျိုးတို့ တစ်သိုက်ကို အပြင်မှာလမ်းလျှောက်ဖို့ ခေါ်သွားလိုက်ပါ့မယ်”
“ကောင်းပြီ တစ်ကယ်လို့ ငွေမလောက်ရင် အမေ့စာရင်းထဲကပဲ ယူလိုက်ပါ၊ နောက်ပြီး ကိုယ်ရံတော်တွေလည်းခေါ်သွားကြဦး၊ ငါတို့အိမ်ကလူတွေကို ဘယ်သူမှအနိုင်မကျင့်စေရဘူး”
အဘွားအိုက ညွှန်ကြားလိုက်၏။ အပြင်ထွက်ရန် ပြင်ဆင်နေသည့် ရှောင်ကျိုးသည် ပျော်ရွှင်စွာဖြင့် သူမသူငယ်ချင်းများကို သွားရောက်ရှာဖွေတော့သည်။ အိမ်တော်တံခါးဝသို့ ရောက်သောအခါ ဒုတိယသခင်မသည် စုရုံးနေကြသည့် ကလေးအုပ်စုကိုကြည့်ကာ အကြောင်းရင်းမရှိဘဲ စိတ်ထဲ၌မကောင်းသော နိမိတ်တစ်ခုကိုခံစားလိုက်ရ၏။
ဒုတိယသခင်မနှင့် ကိုယ်ရံတော်များသည် ကလေးတစ်သိုက်၏ နောက်မှနေ၍ အိမ်ပြင်သို့လိုက်လာခဲ့ကြသည်။ အဘွားအိုသည်လည်း ကျန်ရှိနေသည့်သားကြီးနှင့် သားအလတ်တို့၏ဇနီးများကို ပြောလိုက်သည်။
“ဘာကြောင့်လဲတော့ မသိဘူး၊ အဲ့ဒီကလေးတွေ အိမ်ကနေထွက်သွားကတည်းက ငါ့မျက်ခွံတွေက တဆက်ဆက်တုန်နေတာပဲ”
ထို့နောက် သူမစိတ်ထဲတွင် စိုးရိမ်စိတ်များဖြစ်ပေါ်လာတော့သည်။