အခန်း ၇၈
Vol. 8 Ch. 78
(အခန်း)78
ရထားလုံးသည် မြို့တော်၏အစည်ကားဆုံးနေရာသို့ ရောက်ရှိလာသောအခါ ကလေးများက အောက်ဆင်းပြီးပြေးလွှားဆော့ကစားချင်သည်ဟု ပူဆာကြသဖြင့် ဒုတိယသခင်မမှာလည်း အောက်ပေးဆင်းရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ သူမသည် ကိုယ်ရံတော်များကို ကလေးများနောက်မှထပ်ကြပ်မကွာလိုက်ရန်နှင့် ဘာတစ်ခုမျှ အမှားအယွင်းမရှိစေရန် ချက်ချင်းညွှန်ကြားလိုက်သည်။
ကိုယ်ရံတော်နှစ်ဦးမှာ အားသို့နှင့်ကျန်းဟယ်တို့ကို အမြန်ပွေ့ချီလိုက်ကြ၏။ အကြောင်းမှာ ဤကဲ့သို့လူစည်ကားလှသော လမ်းမပေါ်တွင် လမ်းလျှောက်ပါက ထိုကလေးငယ်နှစ်ဦးမှာ လူအုပ်ကြား၌နင်းမိသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
အားသို့နှင့် ကျန်းဟယ်တို့မှာ မည်မျှပင် အောက်ဆင်းရန် ရုန်းကန်နေပါစေ ကိုယ်ရံတော်နှစ်ဦးကတော့ မြဲမြံစွာ ပွေ့ချီထားဆဲပင်။ အားသို့သည် မည်သို့ပင်ရုန်းရုန်း မလွတ်နိုင်သည်ကိုတွေ့သောအခါ သူ့ကိုချီထားသည့် မျက်နှာထားတင်းတင်းနှင့် ကိုယ်ရံတော်ကြီးကို ဒေါသထွက်လွန်းသဖြင့် ကိုက်ပင် ကိုက်ပစ်ချင်စိတ်ပေါက်သွားရ၏။
ရှေ့တွင် ပျော်ရွှင်စွာပြေးလွှားနေကြသော ရွာသူကြီးနှင့် အဖွဲ့သားများက သူမကို တစ်ချက်လောက်နောက်လှည့်ကြည့်ပေးပါစေဟု ဆုတောင်းရင်း မျက်ရည်များပင် ဝဲလာချေပြီ။ သို့သော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ရှောင်ကျိုးနှင့်အဖွဲ့သားများမှာ လမ်းပေါ်ရှိ ဆန်းသစ်သည့်အရာများကို ငေးမောရင်း လုံးဝနစ်မြောနေကြ၏။
ကလေးများမှာ စပ်စုချင်စိတ်နှင့် စိတ်လှုပ်ရှားမှုများပြည့်နှက်နေပြီး ဘေးပတ်ပတ်လည်ကို လိုက်ကြည့်နေကြသည်။
"ရွာသူကြီး ကြည့်ပါဦး၊ ပေကျင်းမှာလည်း သကြားရုပ်တွေရှိသားပဲ"
ကျောက်ဟူက လမ်းဘေးရှိအဘိုးအိုတစ်ဦးလက်ထဲတွင်ရှိနေသည့် အသက်၀င်လှသော ရောင်စုံသကြားရုပ်ကိုညွှန်ပြကာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ ထိုစကားကိုကြားသည်နှင့် ရှောင်ကျိုးသည် ယွိဟွာကိုပိုက်လျက် လူအုပ်ကြားထဲမှတိုးဝင်ကာ စိတ်ဝင်တစား သွားကြည့်လေသည်။ သကြားရုပ်များမှာ ပုံသဏ္ဌာန်နှင့် အရွယ်အစား အမျိုးမျိုးရှိပြီး တစ်ခုချင်းစီမှာ ကြည်လင်တောက်ပကာ သွားရည်ကျစရာ ကောင်းလှပေသည်။
"ကျွန်တော်လည်း တစ်ခုလိုချင်တယ်"
ဖက်တီးလေးလည်း လူအုပ်ကြားထဲ တိုးဝင်ရင်း အော်လိုက်၏။ ထို့နောက် သူက သကြားရုပ်ရောင်းသော အဘိုးအိုကိုပေးရန် သူ့အိတ်ကပ်ထဲမှ ငွေစက္ကူတစ်ရွက်ကို ထုတ်လိုက်သည်။
ဘေးမှကိုယ်ရံတော်က ငွေစက္ကူကို ဖက်တီးလေး၏အိတ်ကပ်ထဲသို့ အမြန်ပြန်ထည့်ပေးရင်း တားမြစ်လိုက်၏။
"သခင်လေး ပိုက်ဆံကိုသိမ်းထားပါ၊ အမတ်ကတော်ကြီးက အသုံးစရိတ်အားလုံးကို အိမ်တော်စာရင်းကနေပဲ သုံးဖို့မှာထားပါတယ်"
ဖက်တီးလေးက အိတ်ကပ်ထဲမှ နောက်ထပ်ငွေစက္ကူအချို့ကို ထပ်ထုတ်ကာ ပြန်ပြောလေသည်။
"မဟုတ်ဘူး၊ ကျွန်တော့်မှာ ပိုက်ဆံရှိတယ်"
အိမ်မှမထွက်ခွာမီကပင် သူ့အဘွားနှင့် မိဘများက ခရီးသွားစဉ်အတွင်း ပိုက်ဆံကို စိတ်ကြိုက်သုံးနိုင်ကြောင်း၊ ပိုက်ဆံကုန်သွားပါက မြို့တော်ရှိ ဦးလေးနှင့် အဒေါ်တို့အိမ်သို့သွားကာ ထပ်တောင်းနိုင်ကြောင်း မှာကြားထားခဲ့၏။ ဖက်တီးလေးသည် ဤခရီးစဉ်အတွင်း ပိုက်ဆံတစ်ပြားမှမကုန်သည့်အပြင် ခုနစ်တေး ရှစ်တေးခန့်နှင့် တန်ဖိုးကြီးပစ္စည်းအချို့ကိုပင် ထပ်ရထားသေးသည်။
ဖက်တီးလေး၏အစေခံကလည်း ငွေစက္ကူများကို သူ့သခင်လေး အိတ်ကပ်ထဲသို့ အမြန်ပြန်ထည့်ပေးပြန်၏။
"သခင်လေး အပြင်သွားတဲ့အခါ ကိုယ့်မှာ ချမ်းသာကြောင်းမကြွားရဘူးလေ၊ မလိုအပ်ဘဲ ပြဿနာတွေတက်ကုန်လိမ့်မယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ပြန်ပေးဆွဲခံရတာကိုမေ့သွားပြီလား"
ရွှေငွေများဆင်မြန်းထားသော ဖက်တီးလေးမှာ ပိုက်ဆံသုံးခွင့်မရပြန်ပေ။ သူသည် သကြားရုပ်ကိုကိုင်၍ ရွာသူကြီးနောက်မှလိုက်လာသော်လည်း သကြားရုပ်မှာ ချိုမြိန်ပုံမပေါ်တော့ပေ။
"ဟိုက ဘာလဲဟင်၊ ဘာလို့ကြက်တွေက ရန်ဖြစ်နေကြတာလဲ"
အားသို့ က ဆူညံပွက်လောရိုက်နေသော ထောင့်တစ်နေရာကို ညွှန်ပြကာမေးလိုက်သည်။ ကျင့်ရှင်းက ထိုဘက်ကို လှမ်းကြည့်ကာ ပြန်မေး၏။
"မင်းတို့တွေ ကြက်တိုက်တာကို တစ်ခါမှ မမြင်ဖူးကြဘူးလား"
ကျင့်ရှင်းက စပ်စုနေသောကလေးများကို ရှင်းပြလိုက်သည်။
"ကြက်တိုက်ပွဲဆိုတာ လေ့ကျင့်ပေးထားတဲ့ သန်မာပြီး ရန်လိုတဲ့ကြက်ဖတွေကို ရွေးချယ်ပြီး တိုက်ခိုက်ခိုင်းတာပဲ၊ ကြက်နှစ်ကောင်ကို စက်ဝိုင်းထဲထည့်ထားပြီး တစ်ကောင်နဲ့တစ်ကောင်ထိုးဆိတ် တိုက်ခိုက်စေတာပေါ့၊ ကြည့်နေတဲ့သူတွေက ဘယ်ကြက်နိုင်မလဲဆိုတာကို လောင်းကြေးထပ်ကြတာ"
ကလေးများမှာ သဘောပေါက်သွားပြီး ဆူညံနေသည့် ထောင့်ကိုပြန်ကြည့်ကြ၏။ ထိုနေရာရှိ လမ်းကြားမှာ ကြက်တိုက်ကွင်းအသေးလေးဖြစ်နေပြီး လူအုပ်ကြီးကတော့ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်နေကြသည်။
စက်ဝိုင်းအတွင်း၌ ကြက်နှစ်ကောင်မှာ တောင်ပံများ ဖြန့်ကားကာ ခြေသည်းများထုတ်လျက် တစ်ကောင်ကိုတစ်ကောင် စူးစိုက်ကြည့်နေကြ၏။ ဘေးမှ လူများကလည်း သူတို့လောင်းထားသည့် ကြက်များအတွက် အသဲအသန် အားပေးနေကြပြီး သူတို့အမူအရာများမှာလည်း ကြည့်ရဆိုးလှပေသည်။
ရှောင်ကျိုးသည် ယွိဟွာကိုပိုက်လျက် သူမ၏သေးငယ်သော ကိုယ်လုံးလေးကို အသုံးချကာ လူအုပ်ကြားထဲသို့ ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ ကြက်တိုက်ကွင်း ဘေးပတ်လည်တွင်တော့ ကလေးတစ်စုမှာ လက်မောင်းများကို ဝှေ့ယမ်းကာ စိတ်လှုပ်ရှားစွာ အော်ဟစ်နေကြလေတော့၏။
"ဟေ့ တိုက်စမ်း တိုက်စမ်း ချန်ကျန့်သူ့ကို ဆိတ်ပစ်လိုက်"
လူတစ်ယောက်က သူ့လက်သီးများကို ဝှေ့ယမ်းရင်း အားကုန်အော်ဟစ်နေကာ မျက်နှာမှာလည်း နီရဲနေလေသည်။
"အာ့ပေါင် တောင့်ခံထားစမ်း အဲဒီကောင်ကို မရှုံးစေနဲ့"
နောက်ထပ် လူတစ်ယောက်ကတော့ မျက်မှောင်ကြုတ်လျက် ကွင်းထဲမှအမည်းရောင်ကြက်ကို စိုက်ကြည့်ရင်း အားပေးနေ၏။
"အား အဲဒီတစ်ချက်ကတော့ တကယ့်ကို အထိနာသွားတာပဲ"
ဘေးမှကြည့်နေသည့် အရပ်သား တစ်ယောက်ကတော့ ရင်တထိတ်ထိတ်နှင့် အော်ဟစ်မိတော့သည်။
"ကောင်းတယ် ဒါမျိုးမှပေါ့"
ခုနက ချန်ကျန့်ကိုအားပေးနေသည့် ကောင်လေးက စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေ၏။
"အာ့ပေါင် ဆိတ်စမ်း၊ သူ့ခေါင်းကို ဆိတ် မြန်မြန်လုပ်မြန်မြန်”
နောက်ထပ် ကောင်လေးတစ်ယောက်ကတော့ နားထင်တွင်အကြောများ ထောင်ထွက်လာသည့်အထိ အော်ဟစ်နေသည်။ သူကတော့ ထိုအာ့ပေါင်၏ ပိုင်ရှင်ဖြစ်ပုံရ၏။
မကြာမီမှာပင် အမည်းရောင်ကြက်လေးမှာ ရှုံးနိမ့်သွားတော့သည်။ ချန်ကျန့်ဟုအမည်ရသည့် ကြက်ဖြူလေး၏ပိုင်ရှင်ကတော့ သူ့ကြက်ကိုအမြန်ချီလိုက်ပြီး
"ငါ့ရဲ့ ချန်ကျန့် နိုင်ပြီဟေ့၊ ငါ့ရဲ့ချန်ကျန့် နိုင်ပြီ၊ ငါ့ကြက်က အသန်ဆုံးဆိုတာ ငါသိသားပဲ၊ သူက ဘယ်တော့မှမရှုံးဘူး”
ထို့နောက် သူ့ဘေးရှိအစေခံကို လက်ဝှေ့ယမ်းပြီးအော်ပြောလိုက်သည်။
"မြန်မြန် ငါ့အတွက် လောင်းကြေးတွေ အကုန်သိမ်းလိုက်တော့"
အစေခံကလည်း
"ဟုတ်ကဲ့ပါ သခင်လေး”
ထို့နောက် မြေပြင်ပေါ်ရှိလောင်းကြေး များကို ဖျတ်လတ်စွာကောက်ယူလိုက်၏။ ထိုကောင်လေးက ခေါင်းမော့ကာ အာ့ပေါင်၏သခင်ကို လှမ်းအော်လိုက်သည်။
"ဟဲချန်းရှန့် ဘယ်လိုလဲ၊ ငါ့ရဲ့စစ်သူကြီး ချန်ကျန့်က အောင်နိုင်သူလို့ ငါပြောသားပဲ"
ဟဲချန်းရှန့်ကတော့ မကျေနပ်နိုင်ပေ။ သူပြန်ပက်လိုက်၏။
"ကုဇီရှင်း မင်း ဒီတစ်ခါကံကောင်းသွားတာပါကွာ၊ ခဏနေ ငါ့ရဲ့ကျားသစ်နက်ကိုထည့်ပြီး မင်းချန်ကျန့်ကို အမှုန့်ဖြစ်အောင် လုပ်ပစ်မယ်"
ကုဇီရှင်းက အထင်သေးသလိုကြည့်ရင်း
"ကံကောင်းတာ မဟုတ်ဘူး၊ ငါ့ရဲ့အမြဲတမ်း အောင်နိုင်သူက တကယ်တော်လို့ပါ၊ မင်းရဲ့ကျားသစ်နက်ထွက်လာရင်လည်း မင်းရှုံးမှာပဲ၊ ဒါတောင် ငါ့ရဲ့အစွမ်းအထက်ဆုံးကြက်က ကွင်းထဲတောင်မဝင်ရသေးဘူး၊ မင်းကတစ်ပွဲရှုံးနေပြီလေ၊ အရှုံးပေးလိုက်စမ်းပါကွာ ဟားဟား"
ရှောင်ကျိုးကတော့ ကုဇီရှင်း၏အစေခံ ပွေ့ထားသည့် လောင်းကြေးပုံကြီးကို ကြည့်နေ၏။ အားလုံးက ပိုက်ဆံအကြွေလေးများပင်ဖြစ်သည်။ သူမရင်ခွင်ထဲမှ ယွိဟွာကို ပုတ်ပေးရင်း ပြောလိုက်သည်။
"ခဏနေရင် နင့်အလှည့်နော်"
*ကွပ်ကွပ် ကွပ်ကွပ်*
(စိတ်မပူနဲ့ သူတို့ကို ခဏလေးနဲ့ အလဲထိုးပြမယ်)
ရှောင်ကျိုးက ယွိဟွာကို ကြက်တိုက်ကွင်းထဲထည့်လိုက်ပြီး မေးလိုက်သည်။
"နေပါဦး ငါ့ရဲ့ယွိဟွာကိုလည်း တစ်ပွဲလောက်ပါခွင့်ပေးမလား"
သူမက မျက်လုံးဝိုင်းလေးများဖြင့် လောင်းကြေးငွေများသိမ်းနေသည့် ကုဇီရှင်း၏အစေခံကို မျှော်လင့်တကြီး ကြည့်လိုက်၏။ အစေခံက ခဏမျှ တုံ့ဆိုင်းသွားပြီး ကုဇီရှင်းကိုခွင့်တောင်းလိုက်သည်။
"သခင်လေး ဘယ်လိုသဘောရလဲ"
ကုဇီရှင်းက အောင်ပွဲခံနေရင်း ရှောင်ကျိုးစကားကို ကြားသောအခါ မျက်ခုံးပင့်ရင်း ရယ်မောလိုက်သည်။
"အိုး ဒီမိန်းမငယ်လေးက ဘယ်က ရောက်လာတာလဲ၊ ငါ့ကြက်ကို စိန်ခေါ်ချင်တာလား ရပါတယ်၊ လောင်းကြေး ထပ်နိုင်သရွေ့တော့ မင်းဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့"
ရှောင်ကျိုးက သူမအဒေါ်ပေးထားသည့် ငွေစက္ကူတစ်ရွက်ကို အိတ်ကပ်ထဲမှထုတ်ပြီး မြေကြီးပေါ်ပစ်ချလိုက်၏။
"ရော့ ဒါငါ့ရဲ့ လောင်းကြေးပဲ"
ဘေးရှိလူများသည် ထိုအရာကိုမြင်လိုက်ရချိန်တွင် အံ့ဩကုန်ကြသည်။ ဤမျှငယ်ရွယ်သေးသည့် မိန်းကလေးသည် ဒီလောက်ထိပိုက်ဆံချမ်းသာလိမ့်မည်ဟု ထင်မထားကြပေ။ ပွဲကတော့ ကြည့်ကောင်းတော့မည်။
ကုဇီရှင်းက ရှောင်ကျိုးကြက်ကို အကဲခတ်ကြည့်လိုက်၏။ အတောင်ပံများသည် အရောင်စုံလင်ပြီး နေရောင်အောက်ဆိုလျှင် စိတ်ကူးအိပ်မက်အလားတောက်ပနေသည်။ သူဝန်မခံချင်သော်လည်း ဤကြက်မှာ သူမြင်ဖူးသမျှထဲတွင် အလှဆုံးကြက်ဖြစ်သည်။
ဟဲချန်းရှန့်ကတော့ ဘေးမှပြုံးစိစိနှင့်ကြည့်နေသည်။ ထိုမိန်းကလေးသာ နိုင်သွားလျှင် ကုဇီရှင်းကို သူလှောင်ပြောင်တော့မည်။ ရှုံးသွားလျှင်လည်း သူတစ်ယောက်တည်း အရှက်ကွဲခြင်းမဟုတ်တော့သဖြင့် သူ့အာ့ပေါင်ကလည်း အသုံးမကျဆုံးမဟုတ်တော့ပေ။
အစေခံက လောင်းကြေးများကိုသိမ်းပြီး ကြေညာလိုက်သည်။
"ကဲ နှစ်ဖက်စလုံး လောင်းကြေးထပ်ပြီးပြီဆိုတော့ ပွဲစလိုက်ကြရအောင်"
ရှောင်ကျိုးသည် ယွိဟွာကိုကွင်းထဲ ထားလိုက်ပြီး ခပ်တည်တည်ပင်ပြောလိုက်၏။
"သွားတော့၊ ငါတို့တွေ ငါးဆယ်-ငါးဆယ်ခွဲယူကြမယ်"