အခန်း ၇၉
Vol. 8 Ch. 79
(အခန်း)79
ထိုစကားကိုကြားသည်နှင့် ယွိဟွာသည် ယုံကြည်မှုအပြည့်ဖြင့် ကြက်ဖြူကြီးရှိရာသို့ လျှောက်လှမ်းသွား၏။ အစေခံ၏ အမိန့်ပေးသံထွက်ပေါ်လာသည်နှင့် ယွိဟွာသည် တောင်ပံများကို ခတ်လိုက်ရာ ချန်ကျန့်ဟုအမည်ရသော ကြက်ဖြူကြီးမှာ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပြီး ပြန်မထနိုင်တော့ပေ။
ပတ်ဝန်းကျင်မှလူများ၏ အော်ဟစ်အားပေးသံများမစတင်ရသေးမီမှာပင် ပွဲကပြီးဆုံးသွားချေပြီ။ တစ်လောကလုံး တစပြင်အလားတိတ်ဆိတ်သွားရ၏။ ယွိဟွာသည် သူ့တောင်ပံများကို ကြောင်တောင်တောင်ဖြင့် ပြန်ကြည့်နေမိသည်။ နောက်ဆုံးတွင် တစ်ခုခုကို သဘောပေါက်သွားသည့်အလား "ကွပ် ကွပ်"ဟုအော်ကာ သူ့သခင်ထံသို့ပြေးသွားတော့သည်။
*ကွပ် ကွပ် ကွပ် ကွပ်*
(ဒီကောင်က ငါ့ကိုလိမ်စားဖို့ ကြိုးစားနေတာ၊ သူက အူတူတူလုပ်ပြနေတာပဲ)
ရှောင်ကျိုးကတော့ တစ်ဖက်လူ၏ ကြက်မှာ လိမ်သည်လား ဘာလားကိုဂရုမစိုက်ပေ။ သူမ ကုဇီရှင်းထံကြည့်ပြီးပြောလိုက်၏။
"ငါနိုင်ပြီနော်၊ လောင်းကြေးတွေက ငါ့အပိုင်ပဲ"
သူမစကားဆုံးသည်နှင့် လူအုပ်ကြားထဲ တိုးဝင်လာနိုင်ခဲ့သည့် ကျောက်ဟူနှင့် အခြားသူများက ရွာသူကြီးအတွက် ငွေများကို သိမ်းဆည်းရန် ချက်ချင်းကူညီကြတော့သည်။ မြေပြင်ပေါ်တွင် လဲကျနေပြီး ပြန်မထနိုင်တော့သည့် ချန်ကျန့်ကိုကြည့်ကာ ကုဇီရှင်းက တတွတ်တွတ် ရေရွတ်နေမိ၏။
"မဖြစ်နိုင်တာ မဖြစ်နိုင်တာ"
သူသည် ကြက်တိုက်ကွင်းထဲသို့ အပြေးအလွှားသွားကာ သူ့ချန်ကျန့်ကို ချီမြှောက်၍ အဘက်ဘက်မှ စစ်ဆေးကြည့်သည်။ နောက်ဆုံးတွင် သူ့ချန်ကျန့်မှာ ဟဲချန်းရှန့်၏အာ့ပေါင်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရသဖြင့် အင်အားကုန်သွားခြင်းသာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်၏။
"မဟုတ်သေးဘူး၊ ငါ့ရဲ့အမြဲတမ်းအောင်နိုင်သူက ပင်ပန်းနေလို့ပါ၊ မင်း တကယ်တော်တယ်ဆိုရင် နောက်တစ်ပွဲ ထပ်ကစားကြမယ်"
ကုဇီရှင်းက အစေခံကိုခေါ်ကာ ပွဲမထွက်ရသေးသည့် သူ၏အမြဲတမ်းအောင်နိုင်သူကြက် နောက်တစ်ကောင်ကို အမြန်ယူလာခိုင်း၏။ ဤကဲ့သို့ အလိုလိုက်ထားသော သခင်လေးများအဖို့ကြက်တိုက်လျှင် ကြက်တစ်ကောင်တည်းနှင့် ဘယ်တော့မှမလာကြပေ။ ၎င်းကိုမြင်သောအခါ ဟဲချန်းရှန့်ကလည်း ကွင်းထဲမဝင်ရသေးသည့် သူ့ကျားသစ်နက်ကို အမြန်ယူလာခိုင်းလေသည်။
ဤကြက်များမှာ သူတို့၏အပိုင်တွက်ထားသောဖဲချပ်များဖြစ်ပြီး အစွမ်းအထက်ဆုံးလှည့်ကွက်များအဖြစ် သိမ်းထားခဲ့ခြင်းဖြစ်သည်။ ရုတ်တရက်ကြီး အရောင်အသွေးစုံလင်လှသည့် ထိုကြက်လေးသည် မည်သည့်နေရာမှ ရောက်လာမှန်းမသိဘဲ အနိုင်ယူသွားလိမ့်မည်ဟု မည်သူမှထင်မည်မဟုတ်ပေ။
ရှောင်ကျိုးက ထိုလူနှစ်ယောက်၏လက်ထဲရှိ အမည်းရောင်နှင့် အဖြူရောင်ကြက်နှစ်ကောင်ကို ကြည့်ကာပြောလိုက်၏။
"နင်တို့နှစ်ယောက်လုံးရဲ့ကြက်တွေကို အတူတူလွှတ်လိုက်ပါ၊ ငါနိုင်ရင်တော့ နှစ်ယောက်လုံးရဲ့ လောင်းကြေးက ငါ့အပိုင်ပဲ"
"မင်း ရှုံးရင်တော့ လောင်းကြေးနှစ်ဆ ပေးရမယ်နော်"
ဟဲချန်းရှန့်က ပြောလာသည်။ ဘယ်က ရောက်လာမှန်းမသိသည့် ထိုမိန်းမငယ်လေးသည် သူတို့ထက်တောင် မာနပိုကြီးနေလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
"မရဘူး မိန်းမငယ်လေးတွေကို ငါအနိုင်မကျင့်ချင်ဘူး"
ကုဇီရှင်းက ဟဲချန်းရှန့်၏ကျားသစ်နက်နှင့် ပူးပေါင်းပြီးမတရားသဖြင့် မနိုင်ချင်ပေ။ သူ၏အောင်နိုင်သူစစ်သူကြီးကြက်က သူတို့နှစ်ယောက်လုံးကို နိုင်,နိုင်သည်ဟု ယုံကြည်နေ၏။
"ဘာတွေတုန့်ဆုတ်နေတာလဲ၊ နင်တို့က ယောက်ျားတွေမှ ဟုတ်ရဲ့လား၊ လွှတ်မှာလား မလွှတ်ဘူးလား၊ နှစ်ယောက်လုံး အတူတူလာပါလို့ ပြောပြီးသားပဲ၊ ကြောက်နေတာလား"
ရှောင်ကျိုးက အနည်းငယ်ရိုးအီလာသလို ခံစားရသည်။ ထိုအရာသည် ပြိုင်ပွဲတစ်ခုပင်။ အဘယ်ကြောင့် ထိုလူနှစ်ယောက်သည် ဤမျှဂျီကျနေရသည်ကို သူနားမလည်နိုင်ပေ။ ကျောင်းမှ မူလတန်းကျောင်းသားများဆိုလျှင် သဘောမတူလျှင် ရန်ဖြစ်မည်။ ပြီးလျှင် ထမင်းစားရန် အိမ်ပြန်ကြမည်ပင်။ ထိုကဲ့သို့ အလုပ်မရှုပ်ပေ။ ရှောင်ကျိုးသည် သူတို့ကို ထပ်မံစိန်ခေါ်လိုက်၏။
"လာလေ ဘယ်သူကကြောက်လို့လဲ၊ ရှုံးသွားရင်တော့ နင်တို့တွေကိုအနိုင်ကျင့်တယ်လို့ မပြောနဲ့ဦး"
ထိုသို့ပြောပြီးနောက် သူတို့နှစ်ဦးသည် ချန်ရှန့်နှင့် ကျားသစ်နက်တို့ကို ကြက်တိုက်ကွင်းအတွင်းသို့ လွှတ်လိုက်ကြသည်။ ရှောင်ကျိုးကလည်း ယွိဟွာကိုထည့်လိုက်၏။ အစေခံက အမိန့်ပေးလိုက်သည်။
ယွိဟွာသည် ကြက်တစ်ကောင်ချင်းစီကို တောင်ပံတစ်ဖက်စီဖြင့် ရိုက်ချလိုက်ရာ နှစ်ကောင်လုံးဘုန်းဘုန်းလဲသွားတော့သည်။ ယွိဟွာ၏တောင်ပံချက်ကြောင့် သူတို့မှာကြောင်အမ်းအမ်း ဖြစ်သွားကြရ၏။
မြို့တော်ရှိကြက်များသည် အလွန်ပျော့ညံ့ပြီး လုံးဝအသုံးမကျမှန်း ယွိဟွာ သဘောပေါက်သွားသည်။ ထောင်ယွမ်ရွာရှိ မည်သည့်ကြက်မဆို ထိုနှစ်ကောင်ထက်ပိုတော်ဦးမည်။ ယွိဟွာသည် အလွန်ပျင်းစရာကောင်းလှသည်ဟု ယူဆကာ မြေပြင်ပေါ်မှာ လဲနေသည့် ချန်ရှန့်နှင့် ကျားသစ်နက်ကို "ကွပ်ကွပ်" ဟုအော်ကာ ဆဲဆိုလိုက်လေသည်။
(ကြက်လောကရဲ့ အရှက်ရစရာတွေပဲ၊ ဒီလောက်တောင် ပျော့ညံ့ရသလား)
ရှောင်ကျိုးက ယွိဟွာကို အမြန်ချီလိုက်ပြီး ကျောက်ဟူနှင့် အားသို့ကို ပိုက်ဆံသိမ်းရန် ညွှန်ကြားလိုက်၏။ သူတို့နှစ်ယောက်ကလည်း မြေပြင်ပေါ်ရှိလောင်းကြေးများကို တစ်ပြားမကျန် သိမ်းဆည်းလိုက်ကြသည်။
ကုဇီရှင်းနှင့် ဟဲချန်းရှန့်တို့သည် ထိုကလေးတစ်သိုက်ထွက်ခွာတော့မည်ကို မြင်သောအခါ အမြန်ပင်ရှေ့တက်ကာ တားဆီးလိုက်ကြ၏။
"ဒီကြက်က ဘယ်လောက်လဲ၊ ငါဝယ်မယ်"
ကုဇီရှင်းက ရှောင်ကျိုးရင်ခွင်ထဲရှိ ယွိဟွာကို လက်ညှိုးထိုးပြကာဆို၏။
"ငါက ဈေးနှစ်ဆပေးမယ်၊ အဲဒီကြက် ငါ့ကိုရောင်းပါ"
ဟဲချန်းရှန့်က အမြန်ဝင်ပြောသည်။
"ဟဲချန်းရှန့် မင်းဘာသဘောလဲ၊ ငါ အရင်မြင်တာလေ၊ ဘာလို့ လာလုတာလဲ"
ကုဇီရှင်းက ဟဲချန်းရှန့်ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဟဲချန်းရှန့်သည် သူလုပ်သမျှ ဘာမှမမှားဟုထင်နေတုန်းပင်။ သမိုင်းတစ်လျှောက်တွင် အဖိုးတန်ပစ္စည်းဆိုသည်မှာ ဈေးအများဆုံးပေးနိုင်သည့်သူဆီ ရောက်ရစမြဲပင်။
"မရောင်းဘူး"
ရှောင်ကျိုးကတော့ တုံ့ဆိုင်းမနေဘဲ အပြတ်ငြင်းလိုက်ပြီး ယွိဟွာကိုပိုက်ကာ လူအုပ်ကြားထဲမှ တိုးထွက်ဖို့ကြိုးစားတော့သည်။
"မသွားနဲ့ ဒီနေ့ ဒီကြက်ကို ငါ့ဆီရောင်းမှဖြစ်မယ်၊ မင်း ဘယ်လောက်လိုချင်လဲ ပြော"
မြို့တော်၏နာမည်ကြီး သူဌေးသားဖြစ်သည့် ကုဇီရှင်းအတွက် ဝယ်လို့မရသည့်အရာဆိုတာ မရှိသလောက်ပင်။ သူသည် ယနေ့ ထိုကြက်ကို ရအောင်ယူမည်ဟု ဆုံးဖြတ်ထားပုံရသည်။ ထိုသို့ပြောပြီးနောက် သူသည်အစေခံများအား ကလေးတစ်သိုက်ကို တားထားရန် အမိန့်ပေးလိုက်၏။
"ဒီနေ့ မရောင်းဘဲနဲ့တော့ ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားဖို့မစဉ်းစားနဲ့"
ဟဲချန်းရှန့်ကလည်း ကုဇီရှင်းမှ အရင်ဦးအောင် လုသွားမည်စိုးသဖြင့် သူ့လူများကို လမ်းပိတ်ခိုင်းလိုက်သည်။ ရှောင်ကျိုး စကားတစ်လုံးမှ မပြောရသေးခင်မှာတင် ထိုလူနှစ်ယောက်သည် ယွိဟွာကို မည်သူရမည်ဆိုသည်နှင့် ပတ်သက်ပြီး အချင်းချင်း အကြီးအကျယ်စကားများနေကြပြီဖြစ်၏။
"ငါ့မှာ ကြက်ကတစ်ကောင်တည်းရှိတာ၊ နင်တို့နှစ်ယောက်လုံးက လိုချင်နေကြတယ်ဆိုတော့ ဘယ်သူ့ကို ပေးရမလဲ မသိတော့ဘူး၊ အဲဒီတော့ နင်တို့နှစ်ယောက် အရင်ချကြလေ၊ နိုင်တဲ့သူကိုပဲ ငါစဉ်းစားပေးမယ်"
လည်လွန်းလှသော ရှောင်ကျိုးက မြှောက်ပင့်ပေးလိုက်၏။
"ဟုတ်တယ်၊ ခုနက မင်းရဲ့အာ့ပေါင်ရှုံးသွားတာ မဟုတ်လား၊ အာ့ပေါင်အတွက် အခုလက်စားပြန်ချေလိုက်လေ"
အမြဲတမ်း ပြဿနာရှာတတ်သော ကျောက်ဟူက ဟဲချန်းရှန့်ကို မြှောက်ထိုးပင့်ကော်လုပ်လိုက်သည်။
"အဲဒါ အမှန်ပဲ၊ ကိုယ့်အရည်အချင်းနဲ့ကိုယ်နိုင်အောင်ယူမှ တရားမျှတမှာ၊ မဟုတ်ရင် ဘယ်သူ့ကိုရောင်းရောင်း တစ်ဖက်က မကျေနပ်ဖြစ်နေဦးမှာပဲ"
အားသို့ကလည်း ချက်ချင်းဝင်ပြောသည်။
"မှန်တယ် ကိုယ့်အားကိုယ်ကိုးပြီးရတာမှ တကယ်တန်ဖိုးရှိတာ ကျွန်တော်တို့ ယွိဟွာက အစွမ်းအထက်ဆုံးသခင်နောက်ကိုပဲ လိုက်မှာ"
ရှန်ကျစ်ယွမ်ကလည်း မီးလောင်ရာလေပင့် လုပ်လိုက်၏။
"အတိအကျပဲ၊ အကောင်းဆုံးကြက်ဆိုတာ အကောင်းဆုံးသခင်နဲ့ပဲ ထိုက်တန်တာပေါ့"
ဖက်တီးလေးကလည်း ထောက်ခံလိုက်သည်။ ကုဇီရှင်းနှင့် ဟဲချန်းရှန့်တို့သည်လည်း ထိုစကားများသည် အဓိပ္ပာယ်ရှိသည်ဟု ထင်သွားကြ၏။ ဟဲချန်းရှန့်သည် ကုဇီရှင်းကိုကြည့်မရဖြစ်နေသည်မှာ ကြာပြီဖြစ်သည်။ အထူးသဖြင့် အာ့ပေါင်ရှုံးတုန်းက ကုဇီရှင်း လှောင်ပြောင်ခဲ့သည်ကို သတိရသွားပြီး ကုဇီရှင်း၏မျက်နှာကို လက်သီးဖြင့် အားရပါးရထိုးချကာ လက်စားချေလိုက်တော့သည်။
ကုဇီရှင်းကလည်း ခေသူမဟုတ်ပေ။ ဟဲချန်းရှန့်၏လက်သီးကို ပါးနပ်စွာ ရှောင်တိမ်းပြီး အခွင့်အရေးရသည်နှင့် ပြန်လည်တိုက်ခိုက်လေသည်။ သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြသည်ကိုမြင်သောအခါ အစေခံများကလည်း သူတို့သခင်ဘက်မှ ကူညီရင်း ဝင်ပါကြရာ မူလကြက်တိုက်ပွဲလေးသည် အစုလိုက်အပြုံလိုက်ရန်ပွဲကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ရှောင်ကျိုးနှင့် သူမသူငယ်ချင်းများကတော့ ဘေးကနေ အားတက်သရော အော်ဟစ်အားပေးနေကြ၏။
"ဘယ်လက်သီး ညာလက်သီး၊ ပြီးရင် နောက်ပြန်ကန်လိုက် အဲဒါပဲလေ"
ရှောင်ကျိုးက ခုန်ပေါက်ပြီး ညွှန်ကြားချက်တွေ ပေးနေသည်။
"သူ့ဖင်ကို ကန်လိုက်လေ ဘာလို့ရှောင်နေတာလဲ၊ အားရပါးရသာ ကန်ပစ်လိုက်”
"ယောက်ျားပဲဟာ အားအကုန်သုံးစမ်းပါ”
"သူ့ကို မြေပေါ်လှဲချလိုက် အေး အဲဒါပဲ၊ ပြီးရင် ညာလက်သီးနဲ့ ဆော်ပစ်လိုက်”
"လည်ပင်းကို ညှစ်၊ နှာခေါင်းကို နှိုက်၊ ကိုက်ပစ်လိုက်"
ရှောင်ကျိုးနှင့် အဖွဲ့သားများမှာ ဘေးမှနေ စိတ်လှုပ်ရှားစွာဖြင့်ညွှန်ကြားနေကြသည်။ တစ်ဖက်နှင့်တစ်ဖက် အရင်ကတည်းက အငြိုးရှိနေကြ၍လား သို့မဟုတ် ရှောင်ကျိုးတို့အဖွဲ့၏ မြှောက်ပင့်ပေးမှုကြောင့်လားမသိ ကုဇီရှင်းနှင့် ဟဲချန်းရှန့်တို့အဖွဲ့သည် တိုက်ခိုက်လေလေ ပိုပြီးစိတ်အားထက်သန်လာလေလေဖြစ်ကာ သူတို့အဘယ်ကြောင့် ရန်ဖြစ်နေကြမှန်းပင်မေ့သွားကြပြီး ဤရန်ပွဲသည် သူတို့ဂုဏ်သိက္ခာအတွက်ဟုသာ ထင်မြင်လာကြတော့သည်။
နှစ်ဖက်စလုံး အပြင်းအထန်လုံးထွေးသတ်ပုတ်နေကြသဖြင့် လမ်းသွားလမ်းလာများမှာ ဘေးကနေရှောင်နေကြသော်လည်း မည်သည့်အကြောင်းကြောင့် ရန်ဖြစ်နေကြမှန်းမသိသဖြင့် ရပ်ကြည့်နေမိကြသည်။ မြို့တော်၏နာမည်ကြီးလူမိုက်နှစ်ယောက် ရန်ဖြစ်နေကြသည့်မြင်ကွင်းသည် လူအများအတွက်တော့ ပွဲကောင်းတစ်ခု ဖြစ်နေပေသည်။
သူတို့နှစ်ဦးသည် လမ်းတစ်ဖက်မှ အခြားတစ်ဖက်အထိ လုံးထွေးသတ်ပုတ်လာခဲ့ကြရာ အဝတ်အစားများလည်း စုတ်ပြတ် မျက်နှာများတွင်လည်း ဖုန်များ ချွေးများနှင့် ပေပွနေချေပြီ။ တစ်ယောက်သည် နှာခေါင်းသွေးထွက်နေပြီး နောက်တစ်ယောက်က မျက်လုံးညိုမည်းနေသော်လည်း မည်သူကမျှမရပ်ကြဘဲ သူတို့ကိုယ်သူတို့အမှန်ဖြစ်ကြောင်း သက်သေပြရန်အတွက် အသည်းအသန်ကြိုးစားနေကြတော့သည်။