အခန်း ၈၀
Vol. 8 Ch. 80
(အခန်း)80
အခြားတစ်ဖက်တွင်မူ ဒုတိယသခင်မနှင့် ကိုယ်ရံတော်တို့သည် လူအုပ်ကြားထဲသို့ အသည်းအသန်တိုးဝင်လာခဲ့ကြရာ မြို့တော်၏နာမည်ကြီးလူရမ်းကားနှစ်ယောက် အပြင်းအထန်တိုက်ခိုက်နေကြသည်ကို တွေ့လိုက်ရ၏။ ထိုစဉ် တူမလေးနှင့် အခြားကလေးများမှာ ဘေးနားမှနေ၍ စိုးရိမ်တကြီးခုန်ပေါက်နေကြသည်။
ဒုတိယသခင်မ၏ရင်ထဲ ထိတ်ခနဲဖြစ်သွားရ၏။ ထိုရန်ပွဲကြောင့် ဘေးမှ အပြစ်မဲ့သူများနှင့် ကလေးများထိခိုက်မိမည်ကို သူမစိုးရိမ်မိသည်။ ထို့ပြင် ဤကဲ့သို့လူမိုက်များ ရန်ဖြစ်သည်ကို ကြည့်မိခြင်းဖြင့် ကလေးများ၏စိတ်ဓာတ် ပျက်ပြားသွားမည်ကို စိုးရိမ်သဖြင့် သူမက ကလေးများကို အိမ်ပြန်ရန် အမြန်ခေါ်လေတော့သည်။
သို့သော်လည်း ရှောင်ကျိုးနှင့် အခြားသူများမှာ အော်ဟစ်အားပေးနေကြသဖြင့် ဒုတိယသခင်မပြောနေသည်များကို လုံးဝမကြားကြပေ။ ဒုတိယသခင်မမှာ အခြားနည်းလမ်းမရှိတော့သဖြင့် ကိုယ်ရံတော်ကို ကလေးတစ်ယောက်ချင်းစီချီခိုင်းကာ ရထားလုံးရှိရာသို့ ပြန်ခေါ်ခဲ့ရလေသည်။
ထိုအချိန်တွင် ရှန်မိသားစုမှသခင်လေး ရှန်ယီကျစ်သည် ဖြစ်ပျက်သမျှကို အစအဆုံးမြင်တွေ့လိုက်ရ၏။ သူသည် ဤထူးဆန်းသောမြင်ကွင်းကိုကြည့်ကာ မယုံနိုင်အောင် ဖြစ်နေရသည်။
အဲဒါ ငါ့ညီမလေး မဟုတ်လား။ ငါ မြင်တာ မမှားပါဘူး။
သူသည် လွန်ခဲ့သောနှစ်ကမှ သူ့အဘိုးနှင့်အတူ ချင်းရှန်းခရိုင်ရှိ ညီမလေးထံသို့ သွားရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က သူမမှာ အလွန်ပင် လိမ္မာယဉ်ကျေးပြီး ချစ်စရာကောင်းသောမိန်းမငယ်လေးဖြစ်၏။ တစ်နှစ်သာကြာသွားသည်ကို အဘယ်ကြောင့် ထိုသို့ဖြစ်သွားသည်အား သူစဥ်းစားမရပေ။
ရှန်ယီကျစ်သည် သူ့ခေါင်းကိုခါယမ်းလိုက်ရင်း သူ အကြည့်မှားခြင်းသာဖြစ်လိမ့်မည်ဟု တွေးလိုက်မိသည်။ အိမ်သို့ပြန်ရောက်သောအခါတွင်လည်း ရှန်ယီကျစ်သည် ခုနမြင်ကွင်းကိုသာ စဉ်းစားနေမိ၏။ သူ့အဘိုးကို မြင်သည့်အခါ မနေနိုင်ဘဲ မေးမြန်းလိုက်သည်။
"အဘိုး ဦးလေးဆီက နောက်ဆုံးစာထဲမှာ ညီမလေးမြို့တော်ကို ဘယ်တော့ရောက်မယ်လို့ ပြောထားသေးလဲဟင်"
ဝန်ကြီးရှန်သည် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်ပြီး ခဏမျှစဉ်းစားကာပြောလာ၏။
"လွန်ခဲ့တဲ့ရက်အနည်းငယ်ကတော့ မင်းဦးလေးက ယွမ်အာ မြို့တော်ကိုထွက်လာပြီလို့ စာရေးလိုက်တယ်၊ မင်းဦးလေးကတော့ အားကိုးလို့ကိုမရဘူး၊ ယွမ်အာ ဘယ်သူနဲ့လိုက်လာလဲဆိုတာကိုတောင် စာထဲမှာ သေသေချာချာမပြောထားဘူး၊ အခုရက်အတော်ကြာနေပြီ၊ ယွမ်အာ ဘယ်ရောက်နေမှန်းမသိတော့ပါဘူး၊ အဘိုးတော့ တကယ်စိတ်ပူနေတာ"
ဝန်ကြီးရှန်သည် သူ့အငယ်ဆုံးသားမှာ တစ်နေ့ထက်တစ်နေ့ ပို၍အားကိုးမရဖြစ်လာသည်ဟု ခံစားနေရသည်။ သူ့မြေးမလေးကို ဤမျှဝေးလံသောခရီးအား တစ်ယောက်တည်းလွှတ်လိုက်သည်ကိုပင် သူမယုံကြည်နိုင်ဖြစ်နေ၏။ ထိုအားကိုးမရသော မိဘနှစ်ပါးမှာ ကြိုတင်သတင်းမပို့သဖြင့် တစ်ယောက်ယောက်ကိုလွှတ်၍ ကြိုခိုင်းရန်ပင် အဆင်မပြေခဲ့ပေ။ ရှန်ယီကျစ်က သူ့အဘိုးကိုကြည့်ကာ မဝံ့မရဲဖြင့် ဆိုလိုက်၏။
"ဒီနေ့ မြို့တော်လမ်းမပေါ်မှာ ညီမလေးကို တွေ့လိုက်ရသလိုပဲ အဘိုး"
ဝန်ကြီးရှန် လက်ဖက်ရည်သောက်နေရင်း ခဏမျှ ရပ်သွားသည်။
"ယွမ်အာက မြို့တော်ကို ရောက်နေပြီလား၊ ဒါဆို ဘာလို့ အိမ်ကိုမလာတာလဲ၊ သူ ဘယ်မှာတည်းနေလို့လဲ၊ သူက ရှန်အိမ်တော်ကို မသိလို့လား"
စဉ်းစားကြည့်လျှင် ယွမ်အာသည် ချင်းရှန်းခရိုင်ရှိ သူမဖခင်နှင့်သာအမြဲနေထိုင်ခဲ့ပြီး မြို့တော်သို့ တစ်ခါမှမရောက်ဖူးပေ။ ဝန်ကြီးရှန်သည် မြေးမလေးကို မြို့တော်တွင်လာနေရန် အကြိမ်ကြိမ် ခေါ်ယူခဲ့သော်လည်း သူ့သားငယ်နှင့် ချွေးမတို့က မြို့တော်မှာမလုံခြုံဟု စိုးရိမ်ကာ မလွှတ်ခဲ့ကြပေ။ ယခုမူ ယွမ်အာကို ခရီးဝေး တစ်ယောက်တည်း လွှတ်လိုက်ရခြင်းအတွက် စိတ်ပေါ့ပါးသွားပုံရ၏။
ရှီမိသားစုမှကိုယ်ရံတော်က ကလေးများကို ချီသွားသည့်မြင်ကွင်းအားပြန်တွေးမိပြီး ရှန်ယီကျစ်က
"ဒီနေ့ ညီမလေးနဲ့ တခြားကလေး ၅ ယောက် ၆ ယောက်လောက် ကျန့်ပေနယ်စားအိမ်တော်ရဲ့ ရထားလုံးပေါ် တက်သွားတာကို ကျွန်တော်မြင်လိုက်တယ်၊ သူတို့ အဲဒီမှာပဲနေနေကြတာ ထင်တယ်"
ရှန်ယီကျစ်က နားမလည်နိုင်ဟန်ဖြင့်မေးလိုက်သည်။
"ဒါဆို ညီမလေးက အရှင်မင်းကြီး ခုရက်ပိုင်းလေးကတင် အသိအမှတ်ပြုလိုက်တဲ့ ချန်လဲ့မင်းသမီးလေးနဲ့သိနေတာများလား၊ ဒါဆိုရင်တော့ အဓိပ္ပာယ်ရှိတာပဲ၊ ချန်လဲ့မင်းသမီးလေးကလည်း ချင်းရှန်းခရိုင်ကပဲလို့ ကြားတယ်၊ ဦးလေးစာထဲမှာ ဒါတွေမပြောထားဘူးလား"
ဤအကြောင်းကို ပြောလိုက်သည်နှင့် ဝန်ကြီးရှန်မှာ ပို၍ပင်စိတ်တိုသွားရ၏။ သူ့သားငယ်ဆီမှ စာအတော်များများ ရောက်လာသော်လည်း အသုံးဝင်သည့် သတင်းအချက်အလက် တစ်ခုမျှ ထုတ်ယူ၍မရပေ။ ဝေးလံလှသောခရီးမှ ပေးပို့လာသည့် စာတစ်စောင်လုံးတွင် သူအသစ်ရထားသော ပက်လက်ကုလားထိုင်အကြောင်းကိုသာ ကြွားလုံးထုတ်ရေးသားထားပြီး အရေးကြီးသည့် သတင်းအချက်အလက်များကိုမူ လျှောချသွားတတ်၏။ ဝန်ကြီးရှန်သည် သူ့သားဆီမှ စာရတိုင်း ထိုပုန်ကန်တတ်သောသားကို အခန်းထဲ၌ အချိန်တစ်ဝက်ခန့်ယူကာ ဆဲဆိုနေရတတ်သည်။
ယခုအခါတွင်မူ အရှင်မင်းကြီးဘာကို ရည်ရွယ်နေမှန်း ဝန်ကြီးရှန်မသိတော့ပေ။ အရှင်မင်းကြီးသည် သူ့သမီးတော်သစ်ကို ဘွဲ့ထူးနှင့် အိမ်တော်များ အလျင်အမြန်ပေးအပ်လိုက်သော်လည်း ထို့နောက်ပိုင်းတွင် မည်သည့်စကားမျှမဆိုတော့ဘဲ မည်သည့်လှုပ်ရှားမှုမျှလည်း မရှိတော့ပေ။
မြို့တော်အတွင်းရှိလူတိုင်းမှာ အသစ်ခန့်အပ်လိုက်သော ချန်လဲ့မင်းသမီးလေးအပေါ် အရှင်မင်းကြီး၏ သဘောထားမှာ မည်သို့ရှိမည်နည်းဟူသည်ကို စောင့်ကြည့်နေကြသည်။
"ယီကျစ် ဒီနေ့လမ်းပေါ်မှာ ဟဲမိသားစုသခင်လေးနဲ့ ကုမိသားစုသခင်လေးတို့ ရန်ဖြစ်နေကြတာ မင်းတွေ့ခဲ့လား"
သခင်မရှန်သည် အိမ်ထဲသို့ဝင်လာသည်နှင့် သားဖြစ်သူကိုမြင်သဖြင့် စိတ်လှုပ်ရှားစွာ မေးမြန်းလိုက်၏။ သခင်မရှန်သည် သူမယောက္ခမကိုမြင်သောအခါ အလျင်အမြန်ပင် ဂါရဝပြု နှုတ်ဆက်လိုက်သည်။
"ဘာတွေဖြစ်ကုန်ကြတာလဲ"
ဝန်ကြီးရှန်က ရှန်ယီကျစ်ကို မေးခွန်းထုတ်သည့်အကြည့်ဖြင့် ကြည့်ကာ မေးလိုက်၏။ ကုမိသားစုနှင့် ဟဲမိသားစုမှ လူဆိုးလေးနှစ်ယောက်မှာ အမြဲတမ်း စကားများငြင်းခုံလေ့ရှိသော်လည်း ယခုကဲ့သို့ လက်သီးလက်မောင်းတန်းရန်ဖြစ်သည်အထိတော့ သူ တစ်ခါမှမကြားဖူးချေ။ မြို့တော်ရှိ အာဏာရှိပြီးချမ်းသာသော မိသားစုများမှ သားသမီးများသည် မာနကြီးကြပြီး တစ်ဦးကိုတစ်ဦး အထင်သေးတတ်ကြသည်။ သူတို့ဆုံမိလျှင်လည်း တစ်ဦးကိုတစ်ဦးရွဲ့စောင်းပြောဆိုကာ ရန်စတတ်ကြရုံသာရှိ၏။
တစ်ဦးပေါ်တစ်ဦး အငြိုးအတေးထားရှိလျှင်ပင် လူမြင်ကွင်းတွင်ရန်ဖြစ်သည့်အထိတော့ လုပ်လေ့မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် မိသားစု၏ဂုဏ်သိက္ခာနှင့် မိမိတို့အဆင့်အတန်းအရ လက်ပါရန်ဖြစ်ခြင်းမှာ သိက္ခာကျဆင်းစေသည်ဟု ယူဆသောကြောင့်ဖြစ်သည်။ ရှန်ယီကျစ် အမှန်အတိုင်းပြောပြလိုက်၏။
"ဒါကြက်တိုက်တာ ရှုံးလို့စိတ်တိုပြီး ဖြစ်ကြတယ်ထင်တာပဲ၊ ဒါပေမဲ့ ကျွန်တော်ကတော့ ကြက်တိုက်ဝိုင်းနားမှာ ကျွန်တော့်ညီမလေးကို တွေ့ခဲ့တယ်"
"သူတို့က ယွမ်အာကို အနိုင်ကျင့်ကြတာလား"
ဝန်ကြီးရှန်က ထိတ်လန့်တကြားဖြင့် ကိုယ်ကိုမတ်လိုက်သည်။ ရှန်ယီကျစ် ခေါင်းခါပြလိုက်၏။ လွန်ခဲ့သောနှစ်က သူတွေ့ခဲ့သောလိမ္မာယဉ်ကျေးသည့် ညီမလေးကို ပြန်တွေးမိပြီး သူမသည် ရန်ပွဲကိုဝင်ရောက်ဖြန်ဖြေပေးရန် ကြိုးစားခြင်းသာဖြစ်လိမ့်မည်။ သို့သော် သခင်လေးနှစ်ယောက်က ကလေးများ၏စကားကို နားလည်မှုလွဲသွားခြင်းလည်း ဖြစ်နိုင်သည်ဟု သူ တွေးလိုက်သည်။ ထို့ကြောင့် သူက အဘိုးဖြစ်သူကို
"ညီမလေးက လမ်းဘေးကဖြတ်သွားရင်းနဲ့ သခင်လေးနှစ်ယောက် ပြင်းပြင်းထန်ထန်ရန်ဖြစ်နေတာကို မကြည့်ရက်လို့ ဝင်တားပေးဖို့ကြိုးစားတာဖြစ်မှာပါ"
ဝန်ကြီးရှန်သည် ထိုင်နေရာမှ ကိုယ်ကိုမတ်လိုက်ပြီး စိတ်သက်သာရာရစွာပြန်မှီလိုက်ကာ ချီးကျူးလေတော့သည်။
"ယွမ်အာက အမြဲတမ်း စိတ်နှလုံးကောင်းမွန်တဲ့ကလေးပဲ"
ထို့နောက် သူ့ချွေးမဖြစ်သူဘက်သို့ လှည့်ကာညွှန်ကြားလိုက်၏။
"နောက်ကျရင် အခန်းတစ်ခန်းပြင်ဆင်ထားလိုက်ပါ၊ မနက်ဖြန်ကျရင် ယွမ်အာကို ငါတို့အိမ်မှာလာနေဖို့ ခေါ်လာခဲ့ရမယ်"
သခင်မရှန်လည်း အလျင်အမြန်ပင် သဘောတူလိုက်လေသည်။ ကျန့်ပေနယ်စားအိမ်တော်တွင်မူ အဘွားအိုသည် ကလေးတစ်သိုက် ဘေးကင်းရန်ကင်းဖြင့်ပြန်ရောက်လာသည်ကိုမြင်ရသဖြင့် စိတ်အေးသွားရ၏။
"ဒီနေ့ ပျော်ခဲ့ကြရဲ့လား"
အဘွားအိုက ရှောင်ကျိုးကိုပွေ့ချီရင်း မေးလိုက်သည်။
"ပျော်တယ်၊ အရမ်းပျော်တာပဲ၊ မနက်ဖြန်လည်း ထပ်သွားဦးမှာ"
ရှောင်ကျိုးသည် သူမရရှိခဲ့သော ငွေစက္ကူများကိုတွေးကာ အလွန်ဝမ်းသာနေ၏။ မြို့တော်မှာ ပိုက်ဆံရှာရတာ တကယ်လွယ်တာပဲ။
အဘွားအိုသည် ကလေးများ၏ ဆူညံသောစကားသံများဖြင့် ပြည့်နှက်နေသည့် အခန်းကိုကြည့်ကာ အလွန်ဝမ်းသာနေမိ၏။ ထို့နောက် တစ်ခုခုကို သတိရသွားပြီး ဒုတိယသခင်မထံမေးလိုက်သည်။
"အိမ်တော်ထိန်းပြောတာတော့ ကုမိသားစုနဲ့ ဟဲမိသားစုက သခင်လေးတွေ လူမြင်ကွင်းမှာ ရန်ဖြစ်ကြတယ်ဆို၊ အဲဒါ တကယ်ပဲလား"
ဒုတိယသခင်မက အမြန်ပြောပြရှာသည်။
"ဟုတ်ပါတယ် အမေ၊ အဲဒီသခင်လေးနှစ်ယောက်က ဘာတွေဖြစ်ကြတယ်မသိဘူး နန်းတော်အထိတောင်ရောက်တော့မလို့ပဲ၊ ကလေးတွေလည်း စိတ်ဓာတ်တွေပျက်ပြားသွားမှာစိုးလို့ ကျွန်မ အမြန်ခေါ်ပြန်လာခဲ့တာပါ"
အဘွားအိုက ရှောင်ကျိုးခေါင်းကို ပုတ်ပေးရင်းဆို၏။
"ငါတို့ရဲ့ရှောင်ကျိုးလေးက အရမ်းလိမ္မာတာ၊ မြို့တော်က အလိုလိုက်ထားတဲ့ လူမိုက်ကလေးတွေလိုဖြစ်မှာ မဟုတ်ဘူး"
ရှောင်ကျိုးကလည်း အားတက်သရော ခေါင်းညိတ်ပြသည်။ သူမသည် ထိုလူများကဲ့သို့ အူတူတူလုပ်မည်မဟုတ်ပေ။ သူမဉာဏ်ရည်မှာ သူတို့ထက် အဆပေါင်းများစွာ ပို၍ထက်မြက်သည် မဟုတ်ပါလား။
"ငါတို့ရဲ့ ရှောင်ကျိုးလေးက တကယ်ကို လိမ္မာပါတယ်"
ဒုတိယသခင်မကလည်း အမြန်ပင် ချီးကျူးလိုက်၏။ ဒုတိယသခင်မသည် ထောင့်တစ်နေရာတွင် နှုတ်ခမ်းဆူနေသော အားသို့ကိုကြည့်ကာ ရယ်ချင်စိတ်ကို အောင့်ထားရင်း ချော့မော့လိုက်သည်။
"မင်းလည်း နည်းနည်းလေးပိုကြီးလာရင် ရှောင်ကျိုးတို့လို နေရာအနှံ့ လျှောက်သွားလို့ရမှာပါ"
"ဒါ ဘာလို့ဒီလောက်တောင် စိတ်ကောက်နေရတာလဲ၊ အပြင်သွားတုန်းက ဘာမှမမြင်ခဲ့ရလို့လား"
အဘွားအိုက အထိန်းတော်ကိုခေါ်ကာ အားသို့ကိုချီခိုင်းလိုက်၏။
"ဟင်း”
အပြင်မှ ပျော်စရာမြင်ကွင်းအားလုံးကို လွဲချော်ခဲ့ရသည့် အားသို့မှာမူ စိတ်တိုတိုနှင့်ကျောခိုင်းလိုက်ပြီး ဖင်ဗူးတောင်း ထောင်ပြလိုက်တော့သည်။ အဓိပ္ပာယ်ကတော့ ရှင်းလှ၏။ သူစိတ်ဆိုးနေသည်။ ဘယ်လိုမှ ချော့လို့မရအောင် စိတ်ဆိုးနေခြင်းဖြစ်သည်။
ထိုအပြုအမူကြောင့် အခန်းထဲရှိလူတိုင်းမှာ မရပ်မနားရယ်မောကြတော့သည်။
"ဒီကလေးက ဒီလောက်အထိဇွဲကောင်းလိမ့်မယ်လို့ ငါမထင်ထားဘူး"
အဘွားအိုသည် အစေခံမလေးကိုခေါ်ကာ အားသို့နှင့် ကျန်းဟယ်တို့အတွက် ကစားစရာအရုပ်အချို့ ထုတ်ပေးခိုင်းမှသာ ထိုကလေးနှစ်ယောက်မှာ စိတ်ကျေနပ်သွားကြတော့သည်။
"အားသို့ရဲ့ စိတ်နေစိတ်ထားက ရှီရှန်း ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပဲ၊ အဲဒီတုန်းကလည်း သူ့အစ်ကိုတွေက သူ့ကို နေ့တိုင်းအလှည့်ကျ ချော့ခဲ့ရတာ"
တစ်ခုခုကို သတိရသွားသည့်အလား အဘွားအို၏မျက်နှာမှာ မှိုင်ညှို့သွားပြီး စကားကို ရပ်လိုက်လေတော့၏။ ဒုတိယသခင်မသည်လည်း သူမခင်ပွန်းဖြစ်သူကို သတိရသွားပြီး မျက်ဝန်းများမှာ နီရဲလာချေ၏။ ထိုခဏ၌ အခန်းတွင်း၌ တိတ်ဆိတ်မှုတို့စိုးမိုးသွားပြီး မနက်ဖြန်တွင် မည်သည့်နေရာသို့ သွားရောက်လည်ပတ်ကြမည်ဟူသော ကလေးအချို့၏စကားသံများသာ ထွက်ပေါ်နေလေတော့သည်။