အခန်း ၈၁
Vol. 9 Ch. 81
(အခန်း)81
နောက်တစ်နေ့နံနက် နန်းတော်အတွင်း၌ အရှင်မင်းကြီးသည် ထုံးစံအတိုင်း အရေးကြီးသော နိုင်ငံရေးကိစ္စရပ်များအားလုံးဆွေးနွေးပြီးသည်အထိ စောင့်ဆိုင်းကာ ညီလာခံသိမ်းရန် ပြင်ဆင်နေ၏။
သို့သော် မမျှော်လင့်ဘဲ မြို့စားကြီးကုက ရှေ့သို့တစ်လှမ်းတက်ကာ အရှင်မင်းကြီးအား ရိုရိုသေသေဂါရဝပြုရင်း ကျယ်လောင်စွာပြောလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော့်မှာတင်ပြစရာ အရေးကြီးကိစ္စတစ်ခုရှိပါတယ်၊ မနေ့က ကျွန်တော့်ရဲ့မြေးဖြစ်သူ လမ်းပေါ်မှာကစားနေတုန်း စစ်သူကြီးဟဲရဲ့ မြေးနဲ့ ရန်ဖြစ်ခဲ့ကြပါတယ်"
ညီလာခံသိမ်းတော့မည့် အရှင်မင်းကြီးသည် မျက်မှောင်အနည်းငယ်ကြုတ်သွားပြီး စိတ်မရှည်သလိုခံစားလိုက်ရ၏။
“ကလေးတွေ ရန်ဖြစ်တဲ့ကိစ္စကို ညီလာခံမှာ ဘာလို့လာပြောနေရတာလဲ"
စစ်သူကြီးဟဲကလည်း ချက်ချင်းဒူးထောက်လိုက်သည်။
"အရှင်မင်းကြီး ဒါက ရိုးရိုးကလေးချင်း ရန်ဖြစ်တာ မဟုတ်ပါဘူး၊ ကျွန်တော် သိရသလောက်တော့ ဒီကိစ္စက မင်းသမီးချန်လဲ့ နောက်ကွယ်ကနေ မြှောက်ပင့်ပေးလို့ဖြစ်ရတာပါ၊ ဒီကိစ္စကို သေသေချာချာ စုံစမ်းစစ်ဆေးပေးဖို့ အသနားခံပါတယ်"
မြို့စားကြီးက ဆက်လက်လျှောက်တင်လေသည်။
"ဟုတ်ပါတယ် အရှင်မင်းကြီး၊ မင်းသမီးချန်လဲ့ဟာ မလျော်ကန်တဲ့ စကားတွေပြောပြီး ပြဿနာကို မီးလောင်ရာလေပင့်လုပ်ခဲ့တာကြောင့် ဒီရန်ပွဲဖြစ်ခဲ့ရတာပါ၊ မင်းသမီးလေးရဲ့ လုပ်ရပ်ကြောင့် ကျွန်တော်တို့မြေးတွေ ဒဏ်ရာရခဲ့ရုံတင်မကဘဲ မိသားစုနှစ်ခုကြားမှာလည်း အဖုအထစ်တွေ ဖြစ်ကုန်ပါပြီ၊ ကျွန်တော်တို့အတွက် တရားမျှတအောင်ဆုံးဖြတ်ပေးပါဦး"
စစ်သူကြီးဟဲကလည်း ဒေါသနှင့် ဝမ်းနည်းမှုများ ရောပြွမ်းနေသည့် မျက်နှာဖြင့် ပြောလိုက်၏။
"အရှင်မင်းကြီးမင်းသမီးချန်လဲ့ရဲ့ လုပ်ရပ်က ကျွန်တော်တို့စိတ်ကို တကယ်ပဲ နာကျင်စေပါတယ်၊ အရင်ကရင်းနှီးကြတဲ့ ကလေးနှစ်ယောက်က မင်းသမီးလေးရဲ့ သွေးထိုးမှုကြောင့် အခုတော့ ရန်သူတွေ ဖြစ်ကုန်ကြပါပြီ၊ အရှင်မင်းကြီး တစ်ခုခုဆုံးဖြတ်ပေးပါဦး"
အရှင်မင်းကြီးမှာ ထိုလူနှစ်ယောက်ကိုကြည့်ပြီး ဒေါသထွက်လွန်းသဖြင့်ရယ်ပင် ရယ်ချင်သွားရ၏။ သူသည် မျက်နှာထားတင်းတင်းဖြင့် အောက်တွင် ဒူးထောက်နေသူနှစ်ဦးကို မေးလိုက်သည်။
"မင်းတို့မြေးတွေက အခု အသက်ဘယ်လောက်ရှိပြီလဲ"
"ကျွန်တော့်ရဲ့မြေးက ဒီနှစ်ဆိုကိုးနှစ်ရှိပါပြီ"
မြို့စားကြီးက အမြန်ဖြေသည်။
"ကျွန်တော့်ရဲ့ မြေးငယ်ကလည်း ဒီနှစ်ဆို ကိုးနှစ်ပါပဲ"
စစ်သူကြီးဟဲကလည်း လိုက်ပြော၏။
"ဒါဆို မင်းသမီးချန်လဲ့ကရော အသက်ဘယ်လောက်ရှိပြီလဲ"
အရှင်မင်းကြီးမှ ဆက်မေးလိုက်သည်။ ထိုလူနှစ်ဦးမှာ ခဏမျှစဉ်းစားပြီးနောက် မဝံ့မရဲဖြင့် ပြန်ဖြေလိုက်ကြ၏။
"ငါးနှစ်ပါ"
အရှင်မင်းကြီးသည် စားပွဲကို အားဖြင့် ရိုက်လိုက်ပြီး နှာခေါင်းတစ်ချက်ရှုံ့ကာ ဆိုတော့သည်။
"မင်းတို့က အကြီးတန်းအရာရှိကြီးတွေ ဖြစ်နေပြီးတော့ မင်းတို့ရဲ့ကိုးနှစ်အရွယ် မြေးတွေကို ငါ့ရဲ့ငါးနှစ်အရွယ်သမီးတော်လေးက ရန်ဖြစ်အောင်သွေးထိုးနိုင်တယ်ပေါ့လေ၊ ဒီအကြောင်းသာ ပျံ့သွားရင် လူရယ်စရာကြီးဖြစ်သွားမှာမဟုတ်လား၊ ဒီလိုအဓိပ္ပာယ်မရှိတဲ့ကိစ္စနဲ့ ငါ့ကိုလာနောက်နေတာလား"
"အရှင်မင်းကြီး အဲဒါက...."
သူတို့နှစ်ဦးမှာ ရှင်းပြရန်ကြိုးစားကြသော်လည်း ဝန်ကြီးရှန်မှကြားဖြတ်၍
ဆိုလိုက်၏။
"ကျွန်တော် သိထားသလောက်တော့ မင်းသမီးချန်လဲ့က တကယ့်ကို စိတ်ထားကောင်းတဲ့သူပါ၊ မနေ့က သခင်လေးနှစ်ယောက် ရန်ဖြစ်နေတာကိုမြင်တော့ သူဝင်တားပေးဖို့တောင် ကြိုးစားခဲ့ပါသေးတယ်၊ သခင်လေးနှစ်ယောက်က ကလေးရဲ့စကားကို နားလည်မှုလွဲသွားတာလည်း ဖြစ်နိုင်တာပဲ၊ နောက်ပြီး မင်းသမီးလေးက ငါးနှစ်ပဲရှိသေးတာ၊ ငါးနှစ်အရွယ်ကလေးတစ်ယောက်က ဘာတွေသိမှာလဲ၊ မင်းတို့နှစ်ယောက်က အရှင်မင်းကြီး အသည်းအသန် ရှာထားရတဲ့ မင်းသမီးလေးအပေါ်မှာ မကျေနပ်ချက်တစ်ခုခု ရှိနေလို့လား၊ ဒါကြောင့်မလို့ ဒီလောက်တောင် အတင်းအဓမ္မစွပ်စွဲနေကြတာလား"
မြို့စားကြီးနှင့်စစ်သူကြီးဟဲတို့မှာ ဝန်ကြီးရှန်ကို ဒေါသတကြီးလှည့်ကြည့်လိုက်ကြသည်။ ဤသည်မှာ အမှားအမှန်ကို လုံးဝပြောင်းပြန်လှန်လိုက်ခြင်းပင်။ ရန်ပွဲဖြစ်အောင်လုပ်ခဲ့သူကို ဝန်ကြီးရှန်မှ ဘယ်လိုလုပ်ပြီးဗြောင်ကျကျလိမ်ညာကာ စိတ်ကောင်းရှိသည့် ဖျန်ဖြေသူအဖြစ်ဖော်ပြနေရသနည်း။
"ဝန်ကြီးရှန် ခင်ဗျား ဘာကိုဆိုလိုတာလဲ၊ မနေ့က ရှန်အိမ်တော်ထဲက တစ်ယောက်ယောက်လည်း အဲဒီမှာရှိနေခဲ့လို့လား"
စစ်သူကြီးဟဲက သံသယအပြည့်ဖြင့် မေးလိုက်သည်။ ဤဝန်ကြီးရှန်သည် ပုံမှန်အားဖြင့် အရေးကြီးသည့်ရုံးလုပ်ငန်းများကိုသာလုပ်ဆောင်ပြီး ခပ်အေးအေးနေတတ်သူဖြစ်ရာ ယနေ့တွင် အဘယ်ကြောင့် မီးပွင့်မတတ်တက်ကြွနေရသနည်းဟု သူတို့ တွေးမရဖြစ်နေကြ၏။
"ကျွန်တော်ကိုယ်တိုင်တော့ မရှိပါဘူး၊ ဒါပေမဲ့ ကျွန်တော့်ရဲ့မြေးကတော့ အဲဒီမှာရှိနေပြီး အဖြစ်အပျက်အားလုံးကို မြင်တွေ့ခဲ့တာပါ၊ ကျွန်တော့်မြေးရဲ့ ပြောပြချက်အရဆိုရင် မင်းသမီးချန်လဲ့က စိတ်ကောင်းနဲ့ ဝင်တားပေးခဲ့တာပါ၊ ခင်ဗျားတို့က မင်းသမီးလေးကို မီးလောင်ရာလေပင့်လုပ်တယ်လို့ စွပ်စွဲလိမ့်မယ်လို့ ကျွန်တော်လုံးဝထင်မထားခဲ့ဘူး၊ ငါးနှစ်အရွယ်ကလေးတစ်ယောက်ကို ဒီလိုမျိုးမဟုတ်မမှန်စွပ်စွဲတာကတော့ တကယ်ကိုမသင့်တော်ပါဘူး"
ဝန်ကြီးရှန်မှ တရားမျှတမှုကိုလိုလားဟန်ဖြင့်ရဲရဲဝံ့ဝံ့ပင် ပြောလိုက်သည်။ နဂါးပလ္လင်ပေါ်တွင် ထိုင်နေသော အရှင်မင်းကြီးမှာ သူ့အမတ်များတစ်ယောက်ကိုတစ်ယောက် စွပ်စွဲနေကြသည်ကိုကြည့်ရင်း စိတ်မရှည်မှုများပိုတိုးလာ၏။ သူသည်ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ဝတ်ရုံစကို ခါယမ်းကာ ကျယ်လောင်စွာကြေညာလိုက်သည်။
"ငါနားတော့မယ် ဒီကိစ္စကိုဆက်မပြောနဲ့တော့၊ ညီလာခံသိမ်းပြီ"
အရှင်မင်းကြီးသည် အောက်တွင်ရှိနေသောလူအုပ်ကြီးအား လျစ်လျူရှုကာ နဂါးဝတ်ရုံစများ လွင့်ပျံသွားရသည်အထိ ညီလာခံခန်းမနောက်သို့ အရှိန်အဟုန်ဖြင့် ကြွမြန်းသွားလေသည်။ အရှင်သခင်၏အလျင်စလို ထွက်ခွာသွားမှုမှာ ဤကိစ္စအား ကိုင်တွယ်ဖြေရှင်းရန် အလွန်အမင်း စိတ်မရှည်ခြင်းနှင့် ဆန္ဒမရှိခြင်းတို့ကို သိသာထင်ရှားစေသည်။
အောက်တွင်ကျန်ရစ်ခဲ့သော အမတ်များမှာမူ နားမလည်နိုင်သောအကြည့်များဖြင့် တစ်ဦးကိုတစ်ဦးကြည့်နေကြ၏။ အရှင်မင်းကြီး၏ဒေါသမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာချေပြီ။ မိဖုရားခေါင်ကြီးသက်ရှိထင်ရှားရှိစဉ်က အရှင်မင်းကြီးသည် နူးညံ့သိမ်မွေ့၍ ယဉ်ကျေးပျူငှာသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့သည်။ အရှင်မင်းကြီးသည် နိုင်ငံတော်အရေးအရာများကို တည်ငြိမ်အေးဆေးစွာ ကိုင်တွယ်ဖြေရှင်းတတ်သဖြင့် လူအများမှာ နွေဦးလေပြည်ကဲ့သို့စိတ်ကြည်လင်လန်းဆန်းမှုကို ခံစားရ၏။ သို့သော် ယခုအခါတွင်မူ မည်သည့်အကြောင်းကြောင့်မှန်းမသိဘဲ အရှင်မင်းကြီးမှာ တစ်ခြားတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားခဲ့၏။ စိတ်ထဲတွင် အဆုံးမရှိသောဒေါသများကို ဖိနှိပ်ထားသည့်အလား မကြာခဏဆိုသလို အမျက်တော်ရှတတ်လေသည်။ ယခင်ကရှိခဲ့သော သိမ်မွေ့သည့်အမူအရာများမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ချေပြီ။
ယနေ့ ညီလာခံ၌ဖြစ်ပျက်ခဲ့သော သတင်းများမှာ ကျန့်ပေနယ်စားအိမ်တော်သို့လည်း ပျံ့နှံ့ရောက်ရှိသွားသည်။ အဘွားအိုသည် ဒုတိယသခင်မကို ခေါ်ကာမေးမြန်းလိုက်၏။
"မနေ့က ရှောင်ကျိုး သူတို့နဲ့ရန်ဖြစ်ခဲ့တာလား"
ဒုတိယသခင်မက ခေါင်းခါပြလိုက်သည်။
"မဖြစ်ပါဘူး အမေ"
"ဒါဆို ရှောင်ကျိုးက သခင်လေးနှစ်ယောက်ရန်ဖြစ်အောင် သွေးထိုးပေးခဲ့တာလား"
အဘွားအိုမှ ဆက်မေးပြန်သည်။ ဒုတိယသခင်မမှာမူ ခေါင်းခါမြဲခါနေဆဲပင်။ သူမသည် ရှေ့တွင်ဖြစ်ပျက်နေသည်များကို သေသေချာချာမမြင်ခဲ့ရသော်လည်း လူအုပ်ကြားထဲသို့တိုးဝင်သွားသည့်အချိန်၌ ကလေးအချို့မှာ စိုးရိမ်တကြီးခုန်ပေါက်နေသည်ကို တွေ့ခဲ့ရ၏။ ထိုကလေးများသည် ရန်ပွဲကို တားဆီးရန် ကြိုးစားနေခြင်းဖြစ်ရမည်။ သို့သော် သခင်လေးနှစ်ယောက်မှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသဖြင့် ကလေးများမှာ မတားနိုင်ဘဲ စိုးရိမ်နေကြခြင်းသာဖြစ်ပေလိမ့်မည်။
"ကလေးတွေအားလုံးက လိမ္မာကြပါတယ်၊ ဟိုသခင်လေးနှစ်ယောက် ရန်ဖြစ်ကြပြီး လူကြီးတွေဆူမှာကြောက်လို့ ကျွန်မတို့တူမလေးကို အခြေအမြစ်မရှိ စွပ်စွဲနေကြတာပဲဖြစ်မှာပါ"
"ဒီအဖိုးကြီးနှစ်ယောက်က ငါတို့ကျန့်ပေနယ်စားအိမ်တော်ကို ကြည့်မရတာ ငါသိသားပဲ၊ ငါးနှစ်အရွယ်မိန်းကလေးငယ်လေးကိုတောင် မချန်ကြဘူး"
အဘွားအိုမှာ မကျေမချမ်းဖြစ်နေရသည်။ သူမမြေးမလေးမှာ အသက်မည်မျှရှိသေးသနည်း။ မြို့တော်သို့ပြန်ရောက်သည်မှာ ရက်အနည်းငယ်သာရှိသေး၏။ ထိုအရွယ်ကလေးများမှာ စာလုံးအားလုံးကိုပင် မမှတ်မိသေးချေ။ သို့သော် ထိုအဖိုးကြီးများမှာမူ ငါးနှစ်အရွယ်ကလေးမလေးကို ညီလာခံအထိတိုင်အောင် စွပ်စွဲနေကြချေပြီ။
ရှောင်ကျိုးနှင့် သူမသူငယ်ချင်းများမှာမူ နန်းတော်အတွင်း မည်သို့သော အရှုပ်အထွေးများဖြစ်ပျက်နေသည်ကို လုံးဝမသိရှိကြပေ။ အဘယ်ကြောင့်ဆိုသော် သူတို့သည် ယခုအချိန်တွင် တံတိုင်းပေါ်မှနေ၍ ပြဇာတ်ကြည့်နေကြသောကြောင့်ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်စာခန့်အချိန်သို့ ပြန်သွားကြည့်ကြပါစို့.....
"ရွာသူကြီး ကျွန်တော်ကရော ဘယ်တော့မှ ရွာသူကြီးလိုအစွမ်းထက်လာမှာလဲဟင်"
ကျောက်ဟူက ယွိဟွာနှင့်အတူ တံတိုင်းတွင် ဖင်ဗူးတောင်းထောင်ကာ တစ်ခုခုကိုနားစွင့်နေသော ရွာသူကြီးအားမေးလိုက်သည်။
"နင် ဘာတွေတွေးနေတာလဲ၊ နင့်တစ်သက်လုံး ရွာသူကြီးလောက်တော်လာမှာ မဟုတ်ဘူး"
အားသို့က ရွာသူကြီးဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် လှည့်မကြည့်ဘဲ ပြောလိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့အားလုံးပေါင်းတိုက်ရင် ရွာသူကြီးက ဘယ်နှချက်လောက်ခံနိုင်မလဲဆိုတာ ပြောပြပါဦး"
ကျောက်ဟူက ဇွတ်မေးနေပြန်သည်။ အားသို့ကလည်း ရွာသူကြီးကိုကြည့်လိုက်၏။
"ရွာသူကြီး"
"ရှူး"
ရှောင်ကျိုးက သူတို့နှစ်ဦးကိုဒေါသတကြီးစိုက်ကြည့်ကာ တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
"ဘာဖြစ်လို့လဲ"
သူတို့နှစ်ဦးက လေသံတိုးတိုးဖြင့်မေးလိုက်ကြ၏။
"ဘေးအိမ်မှာလူတွေ ရန်ဖြစ်နေကြသလိုပဲ"
ရှောင်ကျိုးက ပြောသည်။ ကျောက်ဟူနှင့် အားသို့တို့သည် ချက်ချင်းပင် တံတိုင်းထောင့်တွင် နားကပ်ကာ သေသေချာချာ နားစွင့်ကြတော့သည်။
"လူတွေ ရန်ဖြစ်နေသံတော့ကြားရတယ်၊ ဒါပေမဲ့ စကားသံတွေက ပြတ်တောင်းပြတ်တောင်းဖြစ်နေလို့ သေချာမကြားရဘူး"
အားသို့က နားကို တံတိုင်းမှာကပ်ထားရင်း ပြောလိုက်၏။ ထိုအဖွဲ့ကို အဝေးမှ စောင့်ကြည့်နေသော ကျင့်ရှင်းသည်လည်း အပြေးအလွှားရောက်ရှိလာသည်။
"ဒီလိုပျော်စရာကောင်းတဲ့ပွဲကို ငါ့ကိုမဖိတ်ဘူးလား"
ထိုသို့ပြောပြီးနောက် သူသည်လည်း ကလေးတစ်သိုက်နှင့်အတူ ဖင်ဗူးတောင်းထောင်ကာ တံတိုင်း၌နားကို မြဲမြံစွာကပ်လိုက်တော့သည်။ ခေတ္တမျှကြာသော် တံတိုင်းတွင် နားရွက်တန်းကြီးတစ်ခု ဖြစ်ပေါ်နေလေတော့၏။
ကလေးများအပြင် အိမ်ဝင်းအတွင်းရှိ အဘွားအိုရွှီ၊ ကျောက်တာ့လန်၊ ရွှီရှောင်ရှောင်နှင့် အစေခံအချို့ပါ ရောက်လာကြသည်။ မည်သူက သူတို့ကိုလမ်းမှားအောင် ခေါ်ဆောင်ခဲ့သည်ကိုမူ မသိရှိရချေ။
"ဘာတွေဖြစ်နေလဲဆိုတာ မကြားရဘူး"
ရှောင်ကျိုးသည် တံတိုင်းကိုတစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ဦးလေးတာ့လန်အား လှေကားအချို့ယူလာခိုင်းလိုက်၏။ ကလေးများသည် လှေကားပေါ်သို့ အလျင်အမြန်တက်သွားကြပြီး ဘေးအိမ်တွင်ဘာများဖြစ်ပျက်နေသည်ကို တံတိုင်းပေါ်မှငုံ့ကြည့်လိုက်ကြတော့သည်။