အခန်း ၈၂
Vol. 9 Ch. 82
(အခန်း)82
ဘေးအိမ်ရှိ ယုံနင်နယ်စားအိမ်တော် ဝင်းအတွင်း၌ ယုံနင်နယ်စားနှင့် သူ့ဇနီးဖြစ်သူတို့မှာ အပြင်းအထန် အငြင်းပွါးနေကြ၏။ ယုံနင်နယ်စားသည် မျက်နှာတစ်ခုလုံး နီရဲလျက် ဒေါသတကြီး ပြောဆိုလိုက်သည်။
"ပင်းနန်နယ်စားရဲ့ဆက်ခံသူက မြင့်မြတ်တဲ့ အဆင့်အတန်းရှိသူပဲ၊ ငါတို့သမီးနဲ့ လက်ထပ်ဖို့ဆိုတာ တကယ့်ကို သင့်တော်တဲ့လက်ဆက်မှုမျိုးလေ၊ ပြီးတော့ ဒီလက်ထပ်ပွဲကိုလည်း အမေကိုယ်တိုင် သဘောတူထားပြီးသား၊ မင်းက ဘာတွေထပ်မကျေနပ်နေတာလဲ"
ယုံနင်သခင်မသည် မျက်မှောင်ကြုတ်လျက် ပြန်လည်တုံ့ပြန်လိုက်၏။
"အရှင် ကျွန်မတို့သမီးနဲ့ အဲဒီသခင်လေးချင်းတို့က ငယ်သူငယ်ချင်းတွေမလို့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ကြီးကြတာ အရှင်ကောင်းကောင်းကြီး သိပါတယ်၊ လာမယ့်နွေဦးစာမေးပွဲပြီးရင် လက်ထပ်ဖို့ကိစ္စ နှစ်ဖက်မိသားစု ဆွေးနွေးဖို့ စီစဉ်ထားတယ်လေ၊ ပြီးတော့ ပင်းနန်နယ်စားရဲ့ဆက်ခံသူက နာမည်ပျက်ရှိပြီး အကျင့်စာရိတ္တမကောင်းတဲ့သူ၊ နင်အာကို ဘယ်လိုလုပ်ပြီး မီးပုံထဲအတင်းတွန်းပို့နိုင်ရတာလဲ”
ယုံနင်နယ်စားသည် ဇနီးဖြစ်သူကို စိုက်ကြည့်ကာ တင်းမာစွာပြောလိုက်၏။
"မင်းလိုမိန်းမတစ်ယောက်က ဘာနားလည်လို့လဲ၊ မိသားစုဂုဏ်သိက္ခာက အရေးအကြီးဆုံးပဲ၊ ဒီလက်ထပ်ပွဲက မိသားစုရဲ့ရှေ့ရေးနဲ့ သက်ဆိုင်နေလို့ မင်းအနေနဲ့ သဘောတူရုံကလွဲပြီး အခြားမရှိဘူး၊ အခြေပျက်နေတဲ့ အဲ့ချင်းမိသားစုက ငါတို့ယုံနင်နယ်စားရဲ့သမီးနဲ့ ဘယ်လိုလုပ်ပြီး ထိုက်တန်နိုင်ပါ့မလဲ"
ယုံနင်သခင်မမှာ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ရင်နေချေပြီ။ သူမသည် အစေခံမလေးကို အားပြုကိုင်ထားသော်လည်း လက်များမှာ သိသိသာသာ တုန်ခါနေ၏။ သူမအော်ပြောလိုက်သည်။
“ရှင်....ရှင်က မိသားစုအကျိုးအမြတ်ကိုပဲကြည့် သမီးဖြစ်သူရဲ့ပျော်ရွှင်မှုကိုတော့ လုံးဝလျစ်လျူရှုပြီး အဲဒီအနာဂတ်ဆိုတာကိုပဲ ဂရုစိုက်နေတယ်၊ ကျွန်မ လုံးဝသဘောမတူနိုင်ဘူး၊ ရှင် အရင်တုန်းက ချင်းမိသားစုကိုကတိပေးခဲ့တာမလား၊ ကတိဖျက်တာက လူကြီးလူကောင်းတစ်ယောက်ရဲ့ အပြုအမူလား"
“ဘာကတိလဲ၊ အဲဒါ လွန်ခဲ့တဲ့နှစ်တွေတုန်းက စကားပဲ၊ ချင်းမိသားစုသာ အခုလိုပျက်စီးမသွားရင် နင်အာကို အဲဒီအိမ်နဲ့ပေးစားဖို့ ငါဆန္ဒရှိတယ်၊ ဒါပေမဲ့ အခု ချင်းမိသားစုရဲ့အခြေအနေက မင်းလဲမြင်တဲ့အတိုင်းပဲ အဲဒီအိမ်ကို လက်ထပ်သွားရင် နင်အာအတွက် ဘာကောင်းကျိုးရှိမှာလဲ"
"ရှင် ဘယ်လောက်တောင် မျက်နှာကြီးရာ ဟင်းဖတ်ပါရတာလဲ၊ ရှင့်ရဲ့ယုံနင်နယ်စားအိမ်တော် အရင်ကဘာဖြစ်ခဲ့သလဲဆိုတာ မေ့သွားပြီလား၊ အရင်တုန်းကလည်း အခုလိုပဲပျက်စီးခဲ့ဖူးတယ်မဟုတ်လား၊ အခုတော့ ချင်းမိသားစုကို အထင်သေးနေတယ်၊ ပွင့်ပွင့်လင်းလင်းပြောရရင် ရှင်က ရှင့်ရဲ့ ရှေ့ရေးလမ်းခင်းဖို့အတွက် သမီးဖြစ်သူရဲ့ပျော်ရွှင်မှုကို အသုံးချနေတာပဲ၊ ကျွန်မပြောလိုက်မယ် အဲဒါကို မေ့လိုက်စမ်းပါ၊ ကျွန်မ သမီးကို အဲဒီအိမ်အရောက်မခံနိုင်ဘူး"
"ကျစ် မင်းလိုမိန်းမဆိုးကတော့ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ၊ အမေကိုယ်တိုင်လည်း ဒီလက်ထပ်ပွဲကို သဘောတူပြီးသား၊ မင်းက လူကြီးတွေကို အာခံတော့မှာလား"
နှစ်ဦးစလုံးမှာ အလျှော့မပေးကြဘဲ သူတို့ငြင်းခုံသံများမှာ ဝင်းအတွင်း၌ ဟိန်းထွက်နေသဖြင့် အစေခံများမှာမူ အသက်ပင် ကျယ်ကျယ်မရှုရဲတော့ပေ။ ဇနီးဖြစ်သူနှင့် စကားပြောမရနိုင်တော့သည်ကိုမြင်သောအခါ ယုံနင်နယ်စားက "မိုက်မဲတဲ့ မိန်းမ” ဟု ဒေါသတကြီးဆဲဆိုကာ လှည့်ထွက်သွားတော့သည်။
ယုံနင်သခင်မသည် ထွက်ခွာသွားသော သူ့ကျောပြင်ကိုကြည့်ကာ ဒေါသကြောင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သူမဘေးမှ အစေခံမလေးမှာ အလျင်အမြန် ရှေ့သို့တိုးကာ သခင်မဖြစ်သူကျောကို ညင်သာစွာ ပုတ်ပေးရှာသည်။ ယုံနင်သခင်မမျက်ဝန်းများမှာ နီရဲလာပြီး အံကြိတ်ကာပြောလိုက်၏။
"သူ့ကို ကြည့်စမ်းပါဦး၊ အရင်တုန်းက ယုံနင်နယ်စားမိသားစုဆိုတာ ဆင်းရဲတဲ့ အိမ်ထောင်စုလေးတစ်ခုသာသာပဲ၊ ငါ့ရဲ့ခန်းဝင်ပစ္စည်းတွေသာမရှိရင် သူတို့ ဒီလောက်အထိ တင့်တောင့်တင့်တယ်နေရပါ့မလား"
အစေခံမလေးမှာ ခေါင်းအကြိမ်ကြိမ် ညိတ်ကာ ပြန်ပြော၏။
“မှန်ပါတယ် သခင်မ၊ ဒါတွေအားလုံးက သခင်မရဲ့ကျေးဇူးတွေကြောင့်ပါ၊ ကျန်းမာရေး ထိခိုက်နေပါဦးမယ်၊ စိတ်မတိုပါနဲ့တော့ သခင်မရယ်၊ နယ်စားကြီးက ခဏတာ ဝေခွဲမရဖြစ်နေတာလဲဖြစ်နိုင်ပါတယ်"
ယုံနင်သခင်မမှာ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဒေါသကြောင့် အသံများပင် တုန်ရင်နေချေပြီ။
"ဝေခွဲမရတာ ဟုတ်ပါ့မလား၊ သူက ရူးနေတာပဲ၊ အဲဒီရှေ့ရေးဆိုတာကြီးအတွက်နဲ့ သမီးဖြစ်သူပျော်ရွှင်မှုကို စတေးဖို့ ဝန်မလေးဘူး၊ ပင်းနန်နယ်စားရဲ့ဆက်ခံသူက လူတွေကိုအနိုင်ကျင့်ပြီး အပျော်အပါး အသောက်အစားနဲ့ပဲ အချိန်ကုန်နေတာကို မြို့တော်မှာ မသိတဲ့လူဘယ်သူရှိလဲ၊ သူက ဘယ်လို အကျင့်စာရိတ္တကောင်းမှမရှိဘူး၊ နင်အာသာ အဲဒီအိမ်ကိုရောက်သွားရင် ဘာကောင်းတာဖြစ်လာနိုင်မှာမလို့လဲ"
အစေခံမလေးကလည်း ဝင်ပြောလေသည်။
"ဟုတ်ပါတယ် ပင်းနန်နယ်စားဆက်ခံသူက အခုထိ လက်မထပ်ရသေးပေမယ့် ကိုယ်လုပ်တော်တွေ အများကြီးရှိနေတယ်လို့ ကျွန်မကြားဖူးတယ်၊ အဲဒီလိုလူမျိုးက ကျွန်မတို့သခင်မလေးနဲ့ ဘယ်လိုလုပ်ထိုက်တန်ပါ့မလဲ"
ယုံနင်သခင်မ ဆက်ပြော၏။
"ပြီးတော့ ချင်းမိသားစုက ဘယ်လိုလုပ်ပြီး ဆင်းရဲတွင်းနက်နေပါ့မလဲ၊ ချင်းမိသားစုရဲ့သခင်လေးက ရုပ်ရည်ချောမောပြီး ဖြောင့်မတ်တဲ့သူ၊ ရှေ့နှစ် စာမေးပွဲအောင်ရင် လာပြီးတောင်းရမ်းဖို့လည်း နှစ်ဖက်မိသားစုသဘောတူထားပြီးသားလေ၊ ဒါပေမဲ့ သခင်ကြီးက အာဏာရှိသူနဲ့ ချမ်းသာသူတွေကို ဖားဖို့ပဲစိတ်ဝင်စားပြီး သမီးဖြစ်သူရဲ့ ရှေးရေးကို လုံးဝဂရုမစိုက်ဘူး"
သခင်မမှာ ထပ်မံဒေါသထွက်တော့မည့်ပုံကိုမြင်သောအခါ အစေခံမလေးသည် စိတ်တည်ငြိမ်စေရန်အတွက် ကျောကို ညင်ညင်သာသာပုတ်ပေးရင်း တိုးတိုးလေး ပြောလိုက်၏။
"သခင်မ စိတ်မပူပါနဲ့ဦး၊ တခြားနည်းလမ်းတစ်ခုခု စဉ်းစားကြတာပေါ့၊ နယ်စားကြီး စိတ်ပြောင်းသွားအောင် တစ်မျိုးမျိုး ဖျောင်းဖျကြည့်လို့ရနိုင်ပါတယ်"
"ဖျောင်းဖျရမယ် ဟုတ်လား၊ သူက အခု ရူးသွပ်နေတာ၊ ဘာစကားမှ နားဝင်မှာ မဟုတ်ဘူး"
ယုံနင်သခင်မ လှောင်ပြုံးပြုံးလျက် ပြောသည်။
"နင်တို့နှစ်ယောက် ငါ့ကိုအတင်းမတွန်းနဲ့လေ၊ နည်းနည်း ဖယ်ကြဦး၊ ရွာသူကြီးရယ် ဝမ်ကျီချန်နဲ့ ကျောက်ဟူက အရမ်းဝတုတ်နေတာပဲ၊ ငါ အသက်ရှူကျပ်ပြီး သေတော့မယ်”
ရှီအန်းမှာ ငိုချင်သလိုပင်ဖြစ်နေချေပြီ။
တစ်ယောက်က ဝဖြိုးပြီး နောက်တစ်ယောက်က သန်မာလှ၏။ ပိန်ပိန်သေးသေးရှီအန်းခမျာ ထိုနှစ်ယောက်ကြားတွင်ညှပ်နေသဖြင့် ဦးနှောက်များပင် ထွက်လာတော့မည့်အလား ခံစားနေရသည်။
"အဲ့မှာ ဘယ်သူလဲ"
ထိုအသံကြားသည်နှင့် ဝင်းအတွင်းရှိ ယုံနင်သခင်မနှင့် အစေခံမလေးတို့သည် မော့ကြည့်လိုက်ကြကုန်၏။
သူမတို့တံတိုင်းပေါ်တွင် တွေ့လိုက်ရသည်မှာ အတန်းလိုက်ကြီးဖြစ်နေသော ကလေးများ၏ခေါင်းများပင်။ အစေခံမလေးမှာ လူခေါ်ရန်ပြင်လိုက်သော်လည်း ယုံနင်သခင်မက တားဆီးလိုက်၏။ မကြာသေးမီက မြို့တော်အတွင်း သတင်းများမှာပွက်လောရိုက်နေပြီး အရှင်မင်းကြီး၏သမီးတော် မင်းသမီးချန်လဲ့မှာ ကျန့်ပေနယ်စားအိမ်တော်တွင် နေထိုင်သည်ဟုပြောကြ၏။ တံတိုင်းပေါ်ရှိ ဆံပင်ကောက်ကောက်လေး နှစ်ဖက်ထုံးထားသော အငယ်ဆုံးမိန်းကလေးမှာ ထိုမင်းသမီးလေးပင်ဖြစ်ရမည်။ ယုံနင်သခင်မသည် အလျင်အမြန်ပင် အရိုအသေပြုလိုက်၏။
"ကျွန်မ မင်းသမီးလေးကို ဂါရဝပြုပါတယ်၊ မင်းသမီးလေး ကျန်းမာပါစေ"
သူမ မင်းသမီးဖြစ်သည်ကို လုံးဝမေ့လျော့နေသော ရှောင်ကျိုးကမူ တံတိုင်းတစ်ဖက်မှ သူမကို အရိုအသေပြုနေသည့်သခင်မကို ကြောင်ကြည့်နေမိသည်။ သူမမှာ ဘေးမှလူများကိုမေးလိုက်၏။
"သူ ဘာလုပ်နေတာလဲ"
"ရွာသူကြီးလေး မေ့သွားပြီလား၊ ရွာသူကြီးက မင်းသမီးလေ"
အားသို့က အလျင်အမြန်သတိပေးလိုက်သည်။ ရှောင်ကျိုးသည် မျက်တောင်လေးများခတ်လျက် ဝင်းအတွင်း၌ ဒူးထောက်နေဆဲဖြစ်သော သခင်မကိုကြည့်ကာ ဇဝေဇဝါဖြစ်နေ၏။ သူမအနေဖြင့် ဘာလုပ်ရမည်ကိုမသိသဖြင့် တစ်ဖက်လူကို လက်ယမ်းပြကာပြောလိုက်လေသည်။
"ဟယ်လို”
တံတိုင်းပေါ်မှ မင်းသမီးလေး နောက်ဆုံးတွင် တုံ့ပြန်လာသည်ကိုမြင်သောအခါ ယုံနင်သခင်မမှာ အနည်းငယ်စိုးရိမ်သော အမူအရာဖြင့် မတ်တတ်ရပ်လိုက်ပြီး တရိုတသေမေးလိုက်၏။
"မင်းသမီးလေးရဲ့စကားက ဘာကို ဆိုလိုတာပါလဲ"
ချောင်းမြောင်းနားစွင့်နေသည်ကိုမိသွားသဖြင့် ရှောင်ကျိုးသည် မျက်လုံးလေးများကစားလျက် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တံတိုင်းပေါ်တွင် သူမနှင့်အတူရှိနေသော ကျင့်ရှင်းကိုမြင်သွား၏။ သူမသည် မျက်တောင်မခတ်ဘဲ ကျင့်ရှင်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။
"ငါတို့ဆရာတော်က ဒီဘက်အိမ်မှာမကြာသေးခင်က ထူးဆန်းတာတွေဖြစ်နေတာ သတိထားမိလို့၊ ဘယ်သူတွေနေလဲဆိုတာကြည့်ရအောင် တက်ကြည့်ကြတာပါ"
ယုံနင်သခင်မ၊ အစေခံမလေးနှင့် တံတိုင်းပေါ်ရှိကလေးတစ်သိုက်လုံးမှာ ကျင့်ရှင်းဆီသို့ အကြည့်များရောက်သွားကြ၏။ ကျင့်ရှင်းမှာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
'ဒုက္ခပါပဲ'
ကျင့်ရှင်းသည် ရှောင်ကျိုးကို စူးစိုက်ကြည့်လိုက်ပြီး သူ့အားအံကြိတ်ပြနေသည်ကိုမြင်ပြီးနောက် ဝင်းအတွင်းမှ ယုံနင်သခင်မကို ပြောလိုက်၏။
"မှန်ပါတယ်၊ မနေ့ညက ကျွန်တော် ကောင်းကင်ကို လေ့လာကြည့်တဲ့အချိန် ကြယ်တာရာတွေရဲ့လှုပ်ရှားမှုမှာ ပုံမှန်မဟုတ်နေတာကို တွေ့ရတယ်၊ တွက်ချက်ကြည့်လိုက်တော့ ဘေးအိမ်တော်မှာ မကောင်းတဲ့အရာတစ်ခုဖြစ်တော့မယ်ဆိုတာကို သိလိုက်ရတယ်"
ယုံနင်သခင်မမှာ သမီးဖြစ်သူ၏လက်ထပ်ပွဲကိစ္စကြောင့် စိတ်သောကရောက်နေချိန်ဖြစ်သဖြင့် ထိုစကားကို အတိုင်းအတာတစ်ခုအထိ ယုံကြည်သွားပေသည်။ သူမ အလျင်အမြန်ပင် မေးလိုက်၏။
"ဆရာတော်လေး ဘယ်လိုမကောင်းတဲ့အရာတွေ ဖြစ်လာမှာလဲဆိုတာပြောပြပေးနိုင်မလား"
ကျင့်ရှင်းသည် သူ့လက်ချောင်းများကို ပွတ်သပ်လိုက်၏။ အလှူငွေတောင်းသည့် အမူအရာဖြစ်သည်။
ယုံနင်သခင်မမှာ ချက်ချင်းပင် သဘောပေါက်သွားသည်။ မူလက အစေခံမလေးအား ငွေ ၁၀တေးပေးခိုင်းရန် ကြံရွယ်သော်လည်း ခေတ္တစဉ်းစားပြီးနောက် အံကြိတ်ကာ ငွေတေး၅၀အထိထုတ်ပေးခိုင်းလိုက်၏။
သူမက တံတိုင်းအမြင့်ကို တစ်ချက်ကြည့်ကာမေးလိုက်သည်။
"မင်းသမီးလေး ကျွန်မတို့ခြံဝင်းထဲကို ဆင်းလာပြီး ခဏလောက်အနားယူပါဦးလား"
ထိုစကားကိုစောင့်နေကြသော ကလေးတစ်သိုက်မှာ ဝါးကနဲအော်ဟစ်ကာ တံတိုင်းပေါ်မှ ခုန်ဆင်းလိုက်ကြပြီး ယုံနင်သခင်မခြံဝင်းအတွင်းသို့ ရောက်ရှိသွားကြ၏။
ယုံနင်သခင်မသည် အားလုံးကိုထိုင်ရန် ဖိတ်ခေါ်ကာ အစေခံမလေးအား ငွေတေး၅၀ပေးခိုင်းလိုက်သည်။ ထို့နောက် သူမ စိုးရိမ်တကြီးမေးလိုက်သည်။
"ဆရာတော်လေး ကျွန်မတို့ခြံဝင်းရဲ့ ဖုန်းရွှေမှာ တစ်ခုခုမှားယွင်းနေတာရှိလား ကူကြည့်ပေးပါဦး"