← Chapters

အခန်း ၈၃

Vol. 9 Ch. 83

အခန်း ၈၃

Vol. 9 Ch. 83

(အခန်း)83

ကျင့်ရှင်းသည် သခင်မမျက်နှာကို အနီးကပ် သေသေချာချာကြည့်လိုက်မိ၏။

​ဟမ်

သူ အမှတ်တမဲ့ပြောလိုက်သည့်စကားများမှာ တကယ်ပင် ပြဿနာရှိနေလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။

​ကျင့်ရှင်းသည် တည်ကြည်လေးနက်သောအကြည့်ဖြင့် ယုံနင်နယ်စား သခင်မကိုကြည့်ကာ လေးလေးနက်နက်ပြောလိုက်၏။

“သခင်မ ဒီနိမ့်ကျတဲ့ကိုယ်တော် မနေ့ညက နက္ခတ်တွေကြည့်ပြီး ဗေဒင်ပညာနဲ့ပေါင်းစပ်တွက်ချက်ကြည့်တော့ သခင်မရဲ့အဖိုးတန်သမီးလေး မကြာခင် လက်ထပ်ရတော့မယ်၊ သူမ လက်ထပ်မယ့်သူကလဲ သူမနဲ့ကံမကိုက်တဲ့သူဖြစ်နေတယ်၊ တကယ်လို့ ဒီလက်ထပ်ပွဲသာ ဖြစ်မြောက်သွားရင် သခင်မရဲ့သမီးကတော့ ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ ပြီးတော့ နှစ်နည်းနည်းကြာရင် သခင်မရဲ့အဖိုးတန်သမီးက ဘေးအန္တရာယ်နဲ့ ကြုံရပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ကွယ်လွန်သွားနိုင်ချေရှိတယ်၊ အဲ့ဒီအချိန်မှာ သခင်မကလဲ ချစ်ရတဲ့သမီးလေးအတွက် နောင်တတရားကို ဖက်တွယ်ရင်း ဖျားနာပြီး သမီးဖြစ်သူနောက်ကိုလိုက်ပါသွားရလိမ့်မယ်"

​ကျင့်ရှင်းစကားကိုကြားသောအခါ ယုံနင်သခင်မမျက်နှာမှာ သေလူကဲ့သို့ဖြူဖျော့သွားပြီး တူဖြင့်အထုခံလိုက်ရသည့်အလား တစ်ကိုယ်လုံးပြင်းထန်စွာ ယိုင်နဲ့သွားတော့၏။

​"ငါ သိသားပဲ ငါ သိသားပဲ၊ ဒီလက်ထပ်ပွဲက နင်အာကို မီးပုံထဲအတင်းတွန်းပို့နေတာပဲ"

ယုံနင်သခင်မ တိုးတိုးလေးရေရွတ်နေရှာသည်။ ​သူမသည် ထိတ်လန့်နေရာမှ သတိဝင်လာသည့်အလား ကျင့်ရှင်းကို အားကိုးတကြီး ဆွဲကိုင်လိုက်ပြီး တုန်ရင်နေသောအသံဖြင့် အသနားခံလေသည်။

"ကိုယ်တော် တကယ်လို့ ကိုယ်တော်လေးပြောသလို တကယ်ဖြစ်လာမယ်ဆိုရင် ဒါကိုကျော်လွှားနိုင်မယ့် နည်းလမ်း ရှိပါသလား၊ ကျွန်မသမီးလေးကို ကယ်ပေးပါဦး”

​ကျင့်ရှင်းပြန်လည်ဖြေကြားရန် ပြင်လိုက်စဉ်မှာပင် ရှောင်ကျိုးကနားစွင့်ကာ အသေအချာနားထောင်နေသည်ကို မြင်လိုက်ရ၏။

​ကလဲ့စားချေရန် အခွင့်အရေးရောက်ရှိလာချေပြီ။

​"မင်းသမီးချန်လဲ့ကိုသာ မေးကြည့်ပါ၊ အဖြေက သူမဆီမှာရှိပါတယ်"

​အားလုံးအကြည့်များမှာ ရှောင်ကျိုးဆီသို့ ရောက်ရှိသွားကြကုန်၏။ ​ရှောင်ကျိုးမှာမူ သူမ၏အဆင့်အတန်းအသစ်ကို အသားမကျသေးသဖြင့် ဇဝေဇဝါဖြင့် ပြန်ကြည့်နေမိသည်။ လူအုပ်ကြီးပြောနေသော မင်းသမီးချန်လဲ့မှာ သူမကိုယ်တိုင်ဖြစ်ကြောင်း နားလည်သဘောပေါက်ရန် အချိန်အတော်လေး ယူလိုက်ရ၏။ ရွာသူကြီးဟုအခေါ်ခံရသည်ကိုသာ ယဉ်ပါးနေသော ရှောင်ကျိုးအဖို့ မင်းသမီးချန်လဲ့ဟု အခေါ်ခံရသည်မှာ တကယ်ပင်အသားမကျသေးချေ။

​ယုံနင်သခင်မသည် ရှောင်ကျိုးလက်ကလေးကို အမြန်ဆွဲကိုင်ကာ တောင်းပန်ရှာသည်။

"မင်းသမီးလေးချန်လဲ့ ကျေးဇူးပြုပြီး ကျွန်မသမီးကို ကယ်တင်ပေးပါဦး"

​ဘေးနားရှိအစေခံမလေးကမူ သူမသခင်မမှာ အသည်းအသန်ဖြစ်နေသဖြင့် မြင်သမျှကိုလိုက်အားကိုးနေသည်ဟု တွေးနေမိသည်။

‘ဘယ်နေရာက ရောက်လာမှန်းမသိတဲ့ ဒီဆရာတော်လေးကို အသာထားဦး၊ သခင်မက ကလေးငယ်တစ်ယောက်ဆီက ဖြေရှင်းချက်တောင်းနေတာ တကယ်ကို ရယ်စရာကောင်းလွန်းတယ်’

​ရှောင်ကျိုးသည် လူအားလုံးက သူမအားကြည့်နေသည်ကို သတိပြုမိသွား၏။ ရွာသူကြီးတစ်ဦးအနေဖြင့် သူမအား သူများအလှောင်ခံစရာ အဖြစ်ခံမည်မဟုတ်ချေ။

​ထို့ကြောင့် ရှောင်ကျိုးသည် ရင်ကိုကော့ကာ ဦးနှောက်ကို အစွမ်းကုန် အသုံးချ၍ စဉ်းစားလေတော့သည်။

​အိမ်ထောင်ရေးသည် အချစ်မြှုပ်နှံရာ သင်္ချိုင်းဖြစ်သည်ဟု သူမဝမ်းကွဲအစ်မ ပြောဖူးသည်ကို သတိရလိုက်၏။

​ယခုလေးတင် ကျင့်ရှင်းက ယုံနင်နယ်စားသခင်မ၏သမီးသည် ပင်းနန်နယ်စားဆက်ခံသူနှင့် လက်ထပ်ပါက ကံဆိုးကာ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးပြီး သင်္ချိုင်းထဲသို့ရောက်သွားလိမ့်မည်ဟု ပြောခဲ့သည်။

​ထိုသို့ဆိုလျှင် သူနှင့်လက်မထပ်ဘဲနေရုံသာ ရှိပေသည်။

​"ဒါဆိုရင် သခင်မရဲ့သမီးကို ကံဆိုးစေမယ့်သူနဲ့ လက်မထပ်ပေးပါနဲ့၊ သူတို့ကို လက်မထပ်ပေးနဲ့"

ရှောင်ကျိုးက ယုံနင်သခင်မအားပြောလိုက်၏။

​"ဒါပေမဲ့ ကျွန်မရဲ့ခင်ပွန်းက သဘောမတူပါဘူး၊ သခင်မကြီးကလည်း သဘောတူဖို့ပဲရှိပါတယ်၊ သူတို့က အခု ကျွန်မသမီးကို အဲဒီမီးပုံထဲအတင်းတွန်းပို့ဖို့ ဆုံးဖြတ်ထားကြပြီ၊ ကျွန်မကသာ ကန့်ကွက်မယ်ဆိုရင် သခင်မကြီးက မိဘအပေါ်သိတတ်ရမယ်ဆိုတဲ့ အယူအဆတွေနဲ့ ဖိအားပေးလိမ့်မယ်”

ယုံနင်သခင်မ သက်ပြင်းချကာ ပဝါဖြင့် မျက်ရည်သုတ်ရင်း ဆိုရှာသည်။

​"ဒါဆိုရင် ကွာရှင်းလိုက်ကြလေ"

ရှောင်ကျိုးက ယုံနင်သခင်မပုခုံးကို ပုတ်ကာ ပြောလိုက်၏။ ​သူမဝမ်းကွဲအစ်မပြောသကဲ့သို့ အိမ်ထောင်ရေးမှာ သင်္ချိုင်းတစ်ခုဖြစ်ပေသည်။ ထိုလူနှစ်ယောက်မှာ သေလုနီးပါးဖြစ်နေချေပြီ။ အကယ်၍ သူတို့သာကွာရှင်းလိုက်ပါက ယုံနင်သခင်မရော သူမသမီးပါ အိမ်ထောင်မပြုရတော့သဖြင့် သင်္ချိုင်းထဲသို့ရောက်ရှိမည် မဟုတ်ချေ။ အားလုံး အဆင်ပြေသွားပေလိမ့်မည်။

​မျက်ရည်သုတ်နေသော ယုံနင်သခင်မမှာ ခေတ္တမျှမှင်သက်သွားပြီး

"ကွာ.....ကွာရှင်းရမယ် ဟုတ်လား”

​ကျင့်ရှင်းသည်လည်း ထိတ်လန့်သွားရ၏။

‘​ငါ လွန်သွားပြီလားမသိဘူး’

​ကျင့်ရှင်းသည် ရှောင်ကျိုးအင်္ကျီလက်ကိုဆွဲကာ တိုးတိုးလေးပြောလိုက်သည်။

"ရွာသူကြီး အဲဒီလောက်အထိတော့မဆိုးပါဘူး၊ ကျွန်တော်...."

​ရှောင်ကျိုးသည် သူမအင်္ကျီလက်အား ဆွဲထားသော ကျင့်ရှင်းလက်ကိုရုန်းလိုက်၏။ ​ဤအချိန်တွင် ရှောင်ကျိုးသည် သူမစဉ်းစားမိသော နည်းလမ်းအတွက် အလွန်တရာဂုဏ်ယူနေပြီး အင်မတန်စိတ်လှုပ်ရှားနေသဖြင့် သတိလက်လွတ်ပင်ဖြစ်နေချေပြီ။ သူမသည် ယနေ့တွင် ယုံနင်သခင်မနှင့် သူမသမီးကို သင်္ချိုင်းထဲမှဆွဲထုတ်ရန် အခိုင်အမာ ဆုံးဖြတ်ထားတော့သည်။

ရှောင်ကျိုးက အားတက်သရောဖြင့် ပြောလိုက်၏။

"ဟုတ်တယ် ကွာရှင်းလိုက်၊ ပိုက်ဆံတွေအကုန်ယူပြီး သမီးကိုပါတစ်ခါတည်းခေါ်သွားလိုက်၊ အဲဒါဆိုရင် သမီးကို ဘယ်သူမှ အတင်းအဓမ္မပေးစားလို့မရတော့ဘူး"

​ရွာသူကြီးက ဤမျှစိတ်အားထက်သန်နေသည်ကိုမြင်သောအခါ ကျောက်ဟူနှင့် အခြားကလေးများကလည်း ဤနည်းလမ်းမှာ တကယ့်ကိုထိရောက်မည်ဟုထင်မှတ်ကာ ယုံနင်သခင်မကို ဝိုင်းဝန်း၍ဦးနှောက်ဆေးကြတော့သည်။

​"ဟုတ်တယ် ကွာရှင်းလိုက်၊ နောက်ပိုင်းကျရင် သခင်မပိုက်ဆံနဲ့ သမီးကိုခေါ်ပြီး ကြိုက်တဲ့နေရာသွားလို့ရပြီ၊ သမီးကိုလည်း ဘယ်သူမှအတင်းအဓမ္မထပ်မပေးစားနိုင်တော့ဘူး”

"မှန်တယ်၊ ကွာရှင်းပြီးရင် သခင်မရဲ့ယောက္ခမအဘွားကြီးစကားကိုလည်း နားထောင်နေစရာမလိုတော့ဘူး၊ သူက သခင်မကို မချုပ်ကိုင်နိုင်တော့ဘူး"

"ကျွန်တော်တို့ရွာက အစ်မရှောင်ရှောင်လည်း ကွာရှင်းထားတာပဲ၊ အခုဆို သူ အရမ်းပျော်နေတာ"

"ဟုတ်တယ်၊ မယုံရင် ထျဲနျိုကိုမေးကြည့်၊ အစ်မရှောင်ရှောင်က သူ့ရဲ့အဖေဘက်က အငယ်ဆုံးအဒေါ်ပဲ”

ထိုသို့ပြောပြီးနောက် အားသို့က ဘေးနားမှ ထျဲနျိုကို လက်ညှိုးထိုးပြလိုက်သည်။

​ထျဲနျိုကလည်း သူ့အဒေါ်မှာ ယခင်ကမည်မျှဒုက္ခရောက်ခဲ့ရကြောင်းနှင့် ယခုအခါ သူမခင်ပွန်းဟောင်းကို ကန်ထုတ်ပြီးနောက် မည်မျှပျော်ရွှင်နေရကြောင်း ယုံနင်သခင်မနှင့် အစေခံမလေးတို့အား အလျင်အမြန်ပင် ပြောပြတော့၏။

​"ဒါပေမဲ့ ရှေးကတည်းက ကွာရှင်းတဲ့ အမျိုးသမီးဆိုရင် လူတွေက လက်ညှိုးထိုးပြီး အတင်းပြောကြတာပဲလေ"

ထျဲနျို၏အဒေါ်အကြောင်း ကြားရသောအခါ ယုံနင်သခင်မမှာ အနည်းငယ် စိတ်လှုပ်ရှားသွားကာ တွေးနေမိသည်။

‘​ကွာရှင်းပြီးရင် ငါ တကယ်ပဲ စိတ်ကြိုက်နေလို့ရပြီလား၊ ခြေလှမ်းတိုင်းမှာ မမြင်ရတဲ့သံခြေကျင်းတွေ ခတ်ထားသလို ခံစားနေရတဲ့ ဒီဝင်းငယ်လေးထဲမှာ ပိတ်လှောင်နေစရာမလိုတော့ဘူးပေါ့၊ ငါ့သမီးရဲ့ အိမ်ထောင်ရေးကိုတောင် ငါကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ ဒီဘဝကနေ လွတ်မြောက်နိုင်မှာလား’

​"တစ်ယောက်ယောက်ကသာ သခင်မအကြောင်း မကောင်းတာတစ်ခုခုပြောရဲရင် ပြန်ရိုက်ပစ်လိုက်လေ၊ ပြီးတော့ သခင်မမှာ ပိုက်ဆံရှိတာပဲ၊ ဆဲတတ်တဲ့အစောင့်အချို့ကို ပိုငှားထားလိုက်ပေါ့၊ တစ်ယောက်ယောက်က သခင်မကိုတစ်ခုခုပြောရင် သူတို့ကိုပြန်ဆဲခိုင်းလိုက်"

အားသို့က ယုံနင်သခင်မအား အကြံပေးလိုက်၏။

​"ဒါပေမဲ့ ကွာရှင်းထားတဲ့အမျိုးသမီးတစ်ယောက်အတွက် သမီးကိုခေါ်သွားဖို့ဆိုတာ တကယ်ခက်ခဲလွန်းတယ်"

ယုံနင်သခင်မက သူမ၏အကြီးမားဆုံးသောစိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုလာသည်။

​"ဒါဆို သမီးကိုလုပြေးရုံပေါ့"

ရှောင်ကျိုး ပြောလိုက်၏။ လူလုရခြင်းမှာ လွယ်ကူလှသည်။

​"အဲဒါ....အဲဒါကို သူတို့ကအာဏာပိုင်တွေဆီ သွားတိုင်ရင်ရော"

ယုံနင်သခင်မ ထပ်မံမေးမြန်းသည်။

​ဘေးနားရှိအစေခံမလေးမှာမူ လုံးဝပင် မှင်သက်သွားချေပြီ။ သူမသည် သခင်မလေးကို လှုပ်နှိုးလိုက်ချင်စိတ် ပေါက်နေမိ၏။ သခင်မလေးက ထိုကလေးများ၏ဖြောင့်ဖျမှုကို အမှန်တကယ်ယုံကြည်သွားပြီး နောက်ထပ် မည်သည့်အရာအား လုပ်ရမည်ကိုပင် ဆွေးနွေးနေမည်ဟု သူမထင်မထားပေ။

​"သခင်မက ချမ်းသာတာပဲ၊ ကိုယ်ရံတော်တွေ အများကြီးငှါးပြီး သမီးကို ပြန်လုယူဖို့ သူတို့အိမ်ကို နေ့တိုင်းသွားလိုက်၊ လုပြီးသွားရင် ဝှက်ထားလိုက်၊ သူတို့က အာဏာပိုင်တွေဆီတိုင်ရင်လည်း သမီးကိုဈေးဝယ်ထွက်ဖို့ ခေါ်သွားတာပါလို့ပြောလိုက်လေ၊ သမီးကိုပြန်အပ်ပြီးရင် နောက်နှစ်ရက်နေရင် ထပ်လုပေါ့၊ သူတို့ကထပ်တိုင်ရင် ထပ်ပြန်အပ်၊ ပြီးရင် ထပ်လု ဟားဟားဟား ပျော်စရာကြီး တကယ် ပျော်စရာကြီး၊ နောက်တစ်ခါ သမီးကိုလုရင် ငါတို့ကိုအကူအညီလှမ်းတောင်းဖို့ မမေ့နဲ့ဦးနော်"

ရှောင်ကျိုးမှာ အလွန်တရာစိတ်လှုပ်ရှားသွားသဖြင့် ခုန်ပေါက်နေတော့သည်။

​"ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ ကူခိုးပေးမယ်၊ ကျွန်တော်တို့က အားတက်သရောအရှိဆုံးပဲ”

ကလေးများကလည်း ရင်ဘတ်ကိုပုတ်ကာ ကတိပေးကြ၏။ ​ဤစကားများကို သေချာနားထောင်ကြည့်လျှင် တကယ့်ကိုအရှက်မရှိသော လူမိုက်တစ်ယောက်၏စကားများကဲ့သို့ပင်ဖြစ်ချေသည်။

​"သခင်မ ဒီနိမ့်ကျတဲ့ကိုယ်တော် အကြံပေးရတဲ့ကိစ္စပြီးပါပြီ၊ အခုတော့ ကျွန်တော်ပြန်ပါရစေဦး"

ထိုသို့ပြောပြီးနောက် ကျင့်ရှင်းသည် စကားတဖွဖွပြောနေဆဲဖြစ်သော ရှောင်ကျိုးကို မချီကာ တံတိုင်းပေါ်မှကျော်၍ ကျန့်ပေနယ်စားအိမ်တော်သို့ အလျင်အမြန် ပြန်လာခဲ့တော့သည်။

​"ငါပြောလို့မပြီးသေးဘူးလေ"

ရှောင်ကျိုး ဆက်ပြောနေသေး၏။

​ကျင့်ရှင်းသည် ရှောင်ကျိုးပါးစပ်ကို အမြန်ပိတ်ကာ ပိုမိုမြန်ဆန်သောအရှိန်ဖြင့် တံတိုင်းကို ကျော်ဖြတ်လိုက်သည်။ ရွာသူကြီးပြန်သွားသည်ကို မြင်သောအခါ ကလေးများသည်လည်း သူမနောက်မှ အိမ်သို့အမြန်လိုက်သွားကြလေတော့၏။

ခြံ​ဝင်းအတွင်း၌မူ ယုံနင်သခင်မတစ်ဦးတည်းကျန်ရစ်ခဲ့ပြီး တစ်ခုခုကိုအလေးအနက် စဉ်းစားနေပုံရသည်။ ​အစေခံမလေးသည် သူမသခင်မကို စိုးရိမ်တကြီးကြည့်ကာ မဝံ့မရဲမေးလိုက်သည်။

"သခင်မ ခုနက ကလေးတွေပြောတာကို တကယ်ယုံနေတာတော့ မဟုတ်ပါဘူးနော်"

​"သူတို့ပြောတာ အဓိပ္ပာယ်ရှိတယ်လို့ ငါထင်တယ်၊ ချိုးရှား အစေခံတွေကို ငါ့ရဲ့ခန်းဝင်ပစ္စည်းစာရင်းတွေ ချက်ချင်း စစ်ဆေးခိုင်းလိုက်၊ ပြီးရင် အပြင်ထွက်ပြီး ကိုယ်ရံတော်တချို့သွားငှား၊ ငါ့မှာ ရှင်းစရာတွေကျန်သေးတာမလို့ ဒီကိစ္စနှစ်ခုကိုပဲ လောလောဆယ်စီစဉ်ထားလိုက်”

​ယုံနင်သခင်မသည် ထိုအကြောင်းကို ပိုစဉ်းစားလေလေ၊ ထိုကလေးများပေးသောအကြံမှာ ဖြစ်နိုင်ချေရှိသည်ဟု ပို ခံစားရလေလေဖြစ်သည်။ သူမ၏ ခန်းဝင်ပစ္စည်းများမရှိဘဲ ယုံနင်နယ်စား အိမ်တော်ကြီး မည်မျှကြာအောင် တောင့်ခံနိုင်မည်ကို သူမသိချင်နေမိတော့၏။

အိမ်သို့ပြန်ရောက်လာသော ရှောင်ကျိုးမှာမူ သူမထွက်ခွာသွားပြီးနောက် ယုံနင်နယ်စားအိမ်တော်တွင် မည်ကဲ့သို့သော အဖြစ်အပျက်များ ဆက်လက်ဖြစ်ပွားတော့မည်ကို လုံးဝမသိရှိသေးပေ။

All Chapters