← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

(အခန်း)84

ရှောင်ကျိုး အိမ်ဝင်းအတွင်းသို့ပြန်ရောက်လာသောအခါ ဖရိုဖရဲဖြစ်နေသော အဘိုးအိုတစ်ဦးကိုတွေ့လိုက်ရ၏။ သူသည် အခန်းတွင်းမှ မည်သို့ရလာသည်မသိသော ကိုကာကိုလာနှင့် ဘဲခြေထောက်များကို အားရပါးရစားသောက်နေ၏။

‘ဘာလို့ ကြက်ခြေထောက်မဟုတ်ဘဲ ဘဲခြေထောက်ဖြစ်နေရတာလဲ’

အကယ်၍ ယွိဟွာသာ တစ်ယောက်ယောက် ကြက်ခြေထောက် ကိုက်စားနေသည်ကို မြင်သွားပါက ထိုလူ့ကို နေ့ရောညပါ လိုက်လံဆဲဆိုနေပေတော့မည်။

​ကလေးတစ်သိုက်ကိုမြင်သောအခါ အဘိုးအိုရွှီသည် လက်မှဆီများကို အမြန်သုတ်၍ ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လိုက်၏။

"မတွေ့ရတာကြာပြီပဲ၊ ငါ့ကို သတိရနေကြလား"

​ကလေးများမှာ ခေတ္တမျှတိတ်ဆိတ်သွားကြပြီးနောက် နောက်ဆုံးတွင် ဉာဏ်ပိုကောင်းသော အားသို့က သတိရကြောင်းပြောလိုက်ရတော့သည်။

ဤသည်ကား တကယ့်ကိုအံ့သြစရာပင်။ လမ်းပေါ်တွင် လျှောက်သွားနေသည်မှာကြာပြီဖြစ်သဖြင့် သူ့မှာ ဆရာတစ်ယောက်ရှိနေသေးသည်ကိုပင်မေ့လုနီးပါးဖြစ်နေချေပြီ။

​ရှောင်ကျိုးနှင့် အဖွဲ့သားများက မဝံ့မရဲဖြင့် မေးလိုက်ကြ၏။

"ဆရာကြီးရွှီ ဆရာကြီးလည်း မြို့တော်ကို ရောက်နေတာလား၊ ဒါဆို ဘယ်တော့ပြန်မှာလဲဟင်"

​"မင်းတို့လေးတွေ ငါ့ကိုဒီလောက်တောင်သတိရနေလိမ့်မယ်လို့ မထင်ထားဘူး၊ စိတ်မပူပါနဲ့ ကိစ္စတွေအကုန်ပြီးသွားပြီ၊ ဒီတစ်ခါတော့ ငါထပ်မသွားတော့ဘူး၊ မင်းတို့ ဘယ်သွားသွား ငါ လိုက်ခဲ့မယ်"

အဘိုးအိုရွှီက ကျေနပ်အားရစွာပြောလိုက်သည်။

​ဤကလေးများမှာ တကယ့်ကို သံယောဇဉ်ကြီးလှမည်ဟု သူမမျှော်လင့်ထားပေ။ ခဏလေး ခွဲခွာရသည်ကိုပင် သူထပ်မံထွက်ခွာသွားမည်အား စိုးရိမ်နေကြချေပြီ။

​ကလေးတစ်သိုက်စိတ်ထဲတွင်မူ ထိုအရာသည် အမှန်တကယ်ပင်ကြောက်စရာကောင်းသည့် သတင်းဆိုးဖြစ်ပြီး ကောင်းကင်ပြာပြာထဲမှ မိုးကြိုးပစ်ချလိုက်သလိုပင်။

​"လာကြ မင်းတို့စာတွေ ဘယ်လောက်အထိ မေ့ကုန်ပြီလဲဆိုတာ ဒီအဘိုးကြီးကိုပြစမ်း"

ထိုသို့ပြောပြီးနောက် အဘိုးအိုရွှီသည် ကျန့်ပေနယ်စားအိမ်တော်မှ အစေခံများကို စားပွဲအချို့နှင့် စုတ်တံ၊ မင်၊ စက္ကူ၊ မင်ကျောက်တို့ကို အိမ်ဝင်းအတွင်းသို့ ယူလာခိုင်းလိုက်သည်။

​"အဘိုးရွှီ ကျွန်မလုပ်စရာတစ်ခုခုရှိသေးတာ သတိရလာလို့ သွားလိုက်ဦးမယ်နော်"

ရှောင်ကျိုးသည် နောက်သို့ခြေလှမ်းနည်းနည်းဆုတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။

​သို့သော် ရှီရှန်းက သူမကိုဖမ်းကာပြန်ဆွဲထားလိုက်သည်။ ​ရှောင်ကျိုး မော့ကြည့်လိုက်ရာ သူမအမေဘက်မှ ဦးလေးဖြစ်နေသည်ကိုတွေ့လိုက်ရ၍ အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။

“ဦးလေးပြန်ရောက်ပြီလား၊ စစ်စခန်းက ပျော်စရာကောင်းလားဟင်"

​ရှီရှန်းသည် ရှောင်ကျိုးလေးကို စာရေးကိရိယာများတင်ထားသော စားပွဲဘေးရှိထိုင်ခုံပေါ်သို့ ပြန်တင်ပေးရင်း ပြောလိုက်သည်။

"စစ်စခန်းဆိုတာ ပျော်ဖို့ကစားရတဲ့ နေရာမဟုတ်ဘူး၊ ပြီးတော့ မင်းတို့ မြို့တော်ကိုရောက်တဲ့ရက်ကစပြီး စာတွေရော သိုင်းသင်တန်းတွေကိုပါ လျစ်လျူရှုထားကြတာလား၊ အိမ်တော်ကလူတွေပြောတာတော့ မင်းတို့ တစ်နေကုန် ဆော့နေကြတယ်ဆိုပဲ”

​ပြန်ဖမ်းခံလိုက်ရပြီးနောက် ရှောင်ကျိုး ခဏစဉ်းစားပြီးပြန်ပြောလိုက်၏။

"ဦးလေး အဘွားက ကျွန်မကိုတွေ့ချင်နေတာ၊ ခဏလေး သွားလိုက်ဦးမယ်နော်"

​ထိုသို့ပြောပြီး ထိုင်ခုံပေါ်မှခုန်ဆင်းကာ ထွက်ပြေးရန် ကြိုးစားပြန်သည်။

​"မင်းရဲ့အဘွားက ဒီနေ့ မင်းတို့စာသင်တာကို ဘယ်သူမှမနှောင့်ယှက်စေနဲ့လို့ သေချာမှာထားပြီးသား"

ရှီရှန်းပြောပြောဆိုဆိုဖြင့် တူမလေးကို ထိုင်ခုံပေါ်သို့ ပြန်ဖိချလိုက်သည်။ ​ရှောင်ကျိုးသည် ယွိဟွာကို အကူအညီတောင်းရန် ပတ်ဝန်းကျင်ကိုဝေ့ကြည့်သော်လည်း သူမကို ဘယ်နေရာမှာမှမတွေ့ရချေ။ ဘယ်ကိုပြေးသွားမှန်းတောင် သူမ မသိလိုက်ပေ။ ခုနလေးတင် ဤနေရာမှာရှိနေသေး၏။

​အိမ်ခေါင်မိုးပေါ်တွင်ပုန်းနေသော ယွိဟွာမှာ သက်ပြင်းချလိုက်မိ၏။

တော်သေးတာပေါ့

သူမပါ ထိုကလေးများနှင့်အတူ စာထိုင်သင်ရတော့မည့်အရေးမှ သီသီလေး လွတ်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူမသည် ပါးနပ်သဖြင့် အိမ်ဝင်းထဲတွင် ဆရာကြီးရွှီကိုမြင်သည်နှင့် အမြန်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။

​ရွာသူကြီးပင် စားပွဲမှာထိုင်လိုက်ရသည်ကို မြင်သောအခါ ကျောက်ဟူနှင့် အခြားသူများသည်လည်း မတတ်သာဘဲ ကိုယ့်နေရာကိုယ်ရှာထိုင်လိုက်ကြရတော့၏။

​အားလုံး လိမ္မာပါးနပ်စွာထိုင်နေကြသည်ကိုမြင်သောအခါ ဆရာကြီးရွှီမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ငါမသွားခင်က မင်းတို့ကို 'စာလုံးတစ်ထောင်ကဗျာ'ရဲ့ ပထမစာမျက်နှာနှစ်မျက်နှာသင်ပေးခဲ့တာ မှတ်မိသေးလား၊ အခု မင်းတို့သင်ခဲ့သမျှကို အလွတ်ပြန်ရေးကြ၊ အမှားပါရင်တော့ အပြစ်ပေးခံရမယ်နော်"

​ထိုသို့ပြောပြီးနောက် သူသည် မည်သည့်နေရာမှ ထုတ်လိုက်သည်မသိသော ပေတံတစ်ခုကိုကိုင်ကာ ကလေးများကြားတွင် လှည့်လည်ကြည့်ရှုနေတော့သည်။

​ကလေးများမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။

​ရှောင်ကျိုးက အရင်ဆုံး စုတ်တံကိုင်ကာ စက္ကူပေါ်တွင် အလျင်အမြန် စတင်ရေးသားတော့သည်။ အားသို့သည်လည်း စုတ်တံကိုင်ကာ ဆရာကြီးရွှီ သင်ပြခဲ့သည်များကို ပြန်လည် စဉ်းစားနေ၏။

​ရှန်ကျစ်ယွမ်မှာမူ လွန်ခဲ့သောနှစ်ကတည်းက သူမအဘိုးထံမှ ဤကဗျာကိုသင်ယူခဲ့ဖူးပြီး ဖခင်ဖြစ်သူကလည်း စာရေးစာဖတ် အမြဲသင်ပေးလေ့ရှိသဖြင့် ၎င်းကိုအလွတ်ပြန်ရေးရန် သူမအတွက် မခက်ခဲလှပေ။ ရှီအန်းသည်လည်း ယခင်က ကျန့်ပေနယ်စားအိမ်တော်တွင် စာသင်ခဲ့ဖူးသူဖြစ်ရာ စုတ်တံ ကိုင်ကာ အလေးအနက်စတင်ရေးသားနေချေပြီ။

​ဝတုတ်လေး၊ ကျောက်ဟူနှင့် ထျဲနျိုတို့နှစ်ဦးသာလျှင် ဘာလုပ်ရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦးကြောင်ကြည့်နေကြလေတော့သည်။

ကျောက်ဟူသည် ရွာသူကြီးနှင့် အားသို့တို့ကိုမကျေမနပ်ဖြစ်ဟန်ဖြင့်လှမ်းကြည့်နေ၏။ သူတို့သည် နေ့တိုင်း အတူတူဆော့ကစားနေကြသဖြင့် အားလုံးမှာ သူ့ကဲ့သို့ပင်ဘာမှမသိကြဟု ထင်မှတ်ထားခဲ့သော်လည်း ဤသစ္စာဖောက်နှစ်ယောက်က အစွမ်းပြနေလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။

​ကျောက်ဟူသည် ကိုယ်ကိုဆန့်ကာ ရွာသူကြီးစားပွဲဆီသို့ လှမ်းကြည့်လိုက်သော်လည်း ဘာရေးထားသည်ကိုမမြင်ရသေးမီမှာပင် ဆရာကြီးရွှီ၏ပေတံမှာ သူ့ကျောပြင်သို့ ကျရောက်လာတော့သည်။

​ခုနကတင် စာရေးရန်အားခဲနေကြသော ဝတုတ်လေးနှင့် ထျဲနျိုတို့မှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက်ပြန်ထိုင်လိုက်ကြ၏။

​‘တော်သေးတယ်၊ ကျောက်ဟူက အရင်စကြည့်လိုက်လို့၊ မဟုတ်ရင် ခုနက အရိုက်ခံရမှာ ငါဖြစ်မှာပဲ’

ထျဲနျိုတွေးနေမိသည်။ ​သို့သော် သူတို့နှစ်ဦးသား ကြိတ်ပျော်ချိန်မှာ မကြာလိုက်ချေ။ ပေတံမှာ သူတို့ဆီသို့လည်း ရောက်ရှိလာပြန်သည်။

​"လက်ထဲမှာ စုတ်တံကိုင်ပြီး ဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ ဘာလို့စာမရေးကြတာလဲ၊ ဒီရက်ပိုင်းအတွင်း သင်ခန်းစာတွေကို တစ်ချက်ကလေးတောင် ပြန်မကြည့်ကြဘူးလား၊ မင်းတို့ကတော့ အသုံးမကျဘူး”

ဆရာကြီးရွှီမှာ ဒေါသထွက်နေချေပြီ။

‘အချိန်ဘယ်လောက်မှ မကြာသေးတာတောင် စာတစ်လုံးမှမရေးနိုင်ကြတာ ဘာလို့လဲ”

​ကျန်ကလေးအချို့မှာမူ အပူတပြင်း ရေးသားနေကြဆဲဖြစ်သည်ကိုမြင်ရမှသာ သူ့စိတ်မှာ အနည်းငယ်ပြေလျော့သွားရ၏။

​သူသည် အားသို့အနားသို့လျှောက်သွားကာ သူရေးထားသည်ကိုကြည့်ပြီးနောက်တွေးလိုက်မိသည်။

‘ဟမ် စုစုပေါင်းဆယ်လုံးပဲ ရေးထားပြီး ခြောက်လုံးက မှားနေပါလား’

ဆရာကြီးရွှီသည် ဒေါသတကြီးဖြင့် အားသို့လက်ကလေးကိုဆွဲကာ ရိုက်လိုက်တော့၏။ ​ထို့နောက် ရှန်ကျိယွမ်နှင့် ရှီအန်းဘေးသို့ လျှောက်သွားသောအခါ သူတို့မှာစာများစွာရေးထားပြီး အမှားလည်း နည်းပါးသည်ကိုတွေ့ရသည်။ သို့သော် ၎င်းမှာ သူသင်ပေးထားခြင်းမဟုတ်သဖြင့် စိတ်မကောင်းဖြစ်ရပြန်၏။

​ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုးလေးရှိနေသေးသည်။ ဤမိန်းမငယ်လေးစာရေးနေပုံမှာ တကယ့်ကို ကြိုးစားပမ်းစားရှိလှသဖြင့် သူမသည် အလွတ်ပြန်ရေးနိုင်လိမ့်မည်ဟု သူယုံကြည်နေ၏။ ဆရာကြီးရွှီသည် ရှေ့သို့တိုးကာကြည့်လိုက်သည်။

‘​အိုး ဘုရားရေ သူမကစာရေးနိုင်ပေမဲ့ ဒီစာလုံးတွေက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ၊ စာလုံးအတော်များများမှာ အစိတ်အပိုင်းတွေကျန်ရစ်ခဲ့တယ်၊ ဒီကလေးမလေးက တကယ်ပျင်းနေခဲ့တာပဲ’

​"မင်း ဘာတွေရေးနေတာလဲ၊ စာလုံးတွေကို ဒီလိုရေးရသလား၊ စာတစ်လုံးရဲ့တစ်ဝက်ပဲရေးရတယ်လို့ ဘယ်သူသင်ပေးလဲ"

​ဆရာကြီးရွှီသည် ရှောင်ကျိုးလက်ကလေးကိုဆွဲထုတ်ကာ ပေတံဖြင့်ရိုက်ရန်ပြင်လိုက်သည်။ ပေတံကျလာသည့်အချိန်၌ ရှောင်ကျိုးသည် ပင်ကိုအသိစိတ်ဖြင့် ပေတံကိုလှမ်းဖမ်းလိုက်၏။ ဆရာကြီးရွှီက သူမကိုစိုက်ကြည့်လိုက်သည်။ ရှောင်ကျိုးသည် ပေတံကို တိတ်တဆိတ်ပြန်လွှတ်ပေးလိုက်၏။ ဆရာကြီးရွှီက ဆက်ရိုက်လိုက်ပြန်သည်။ ရှောင်ကျိုးမှာလည်း ပင်ကိုအသိစိတ်ဖြင့် ထပ်ဖမ်းမိပြန်၏။

​ဆရာကြီးရွှီ ပြန်ဆွဲထုတ်ကာ ထပ်ရိုက်သည် ရှောင်ကျိုးကလည်း ထပ်ဖမ်းသည်။ ဤသို့ဖြင့် အပြန်အလှန် ဖြစ်နေကြသည်မှာ အကြိမ်ပေါင်းများစွာရှိလာသောအခါ ဆရာကြီးရွှီမှာ စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ရတော့သည်။ သူတို့ တကယ်ကို လွန်လွန်းလှသည်ဟု သူတွေးနေမိ၏။

​စင်စစ် ဤသည်မှာ ရှောင်ကျိုးအပြစ်မဟုတ်ချေ။ ရွာသူကြီးအဖြစ် အချိန်အတော်ကြာနေထိုင်လာခဲ့သဖြင့် သူမသည် အခြားသူများကို အပြစ်ပေးသူသာဖြစ်ခဲ့ပြီး သူမကို ရိုက်ရဲသူတစ်ဦးမျှ မရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ တစ်ဦးတစ်ယောက်မှ သူမကိုရိုက်ရန် ကြိုးစားလာသည့်အခါ သူမခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်ခုခံမိခြင်း ဖြစ်သည်။

​အားသို့နှင့် ကျန်းဟယ်တို့မှာမူ အပြစ်ပေးခံနေရသူများကိုကြည့်ကာ ပါးစပ်ပိတ်၍ တခိခိရယ်မောနေကြ၏။

​အချိန်များ ဖြည်းညှင်းစွာကုန်ဆုံးသွားပြီးနောက် ဆရာကြီးရွှီသည် ကျောင်းသားများ ရေးထားသည်ကို လိုက်လံသိမ်းယူကာ စစ်ဆေးသည်။ ရှီအန်းနှင့် ရှန်ကျိယွမ်တို့မှလွဲ၍ ကျန်ကလေးများမှာ စာရွက်အလွတ်ကြီးများဖြစ်နေခြင်း၊ စာလုံးပေါင်းများစွာ မှားနေခြင်း သို့မဟုတ် စာလုံးတစ်ဝက်သာရေးထားခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်နေကြ၏။

​နောက်ဆုံးတွင် ရှီအန်းနှင့် ရှန်ကျိယွမ်တို့မှလွဲ၍ ရှောင်ကျိုးနှင့် ကျန်ကလေးအားလုံးမှာ အပြစ်ပေးခံရလေတော့သည်။ သူတို့သည် ခေါင်းပေါ်တွင် ပန်းကန်လုံးလေးများတင်ကာ တံတိုင်းခြေရင်း၌ မြင်းစီးဟန်ဖြင့် ထိုင်နေကြ၏။

​ထူးထူးခြားခြားပင် ထိုတန်းစီနေသူများထဲ ယိုင်နဲ့ယိုင်နဲ့နှင့် မျက်ရည်ဝဲနေသော အခြားနှစ်ဦးလည်း ပါဝင်နေသည်။ သူတို့ခေါင်းပေါ်မှ ပန်းကန်လုံးလေးများမှာ ခဏခဏပြုတ်ကျနေ၏။ သူတို့မှာ အခြားသူမဟုတ်ဘဲ အားသို့နှင့် ကျန်းဟယ်တို့ပင်ဖြစ်သည်။ ရှောင်ကျိုးသည် သူတို့နှစ်ဦးကြိတ်ပျော်နေသည်ကို မကြည့်နိုင်သဖြင့် သူတို့အားပြည့်စုံသော ကလေးဘဝပိုင်ဆိုင်စေရန်အတွက် အတူတူ အပြစ်ပေးခံခိုင်းလိုက်ခြင်း ဖြစ်သည်။

သခင်မ​ရှန်နှင့် သားဖြစ်သူရောက်လာသောအခါ ဤမြင်ကွင်းကိုမြင်တွေ့လိုက်ရ၏။ အိမ်ဝင်းအတွင်းရှိ တံတိုင်းခြေရင်း၌ ကလေးတစ်သိုက်မှာ အရပ်အနိမ့်အမြင့်အလိုက် တန်းစီကာ ခေါင်းပေါ်တွင် ပန်းကန်လုံးလေးများတင်လျက် ဒူးကွေးထိုင်နေကြ၏။

​"ဘာဖြစ်လို့လဲ"

တတိယသခင်မက မတ်ဖြစ်သူကိုအမြန် မေးလိုက်သည်။

‘​သူမသားနဲ့ မိန်းကလေးရှန်တို့ကလွဲပြီး ကျန်တဲ့သူအားလုံး ဘာလို့ အကြောင်းမဲ့ အပြစ်ပေးခံနေရတာလဲ’

ရှီရှန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြသောအခါ တတိယသခင်မသည် လျှာဖျားသို့ရောက်ရှိနေသော အသနားခံစကားများကို ချက်ချင်းပင် ပြန်မျိုချလိုက်ရတော့သည်။

​တံတိုင်းခြေရင်းမှကလေးများမှာ သူမကိုမျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်နေကြသော်လည်း တတိယသခင်မသည် မမြင်ချင်ယောင်ဆောင်ကာ အမြန်ပင်မျက်နှာလွှဲလိုက်၏။ သူမသည် ဆရာကြီးရွှီကိုမပြစ်မှားဝံ့ချေ။

​ထိုကလေးများကို သင်ခန်းစာလေးတော့ပေးလိုက်တာ ကောင်းပါသည်ဟု သူမ တွေးလိုက်မိသည်။ ရှန်ယီကျစ်သည် ဆရာကြီးရွှီထိုင်နေသည်ကိုမြင်သည်နှင့် ချက်ချင်းပင် ရိုရိုသေသေဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။

"ဂါရဝပြုပါတယ် ဆရာကြီးရွှီ"

​အဘိုးရွှီသည် ခေါင်းကိုအသာညိတ်လိုက်ပြီး တစ်ဖက်လူအား စည်းကမ်းအတိုင်း ရိုသေနေစရာမလိုကြောင်း လက်ဟန်ဖြင့် အချက်ပြလိုက်သည်။

All Chapters