အခန်း ၈၄
Vol. 9 Ch. 84
(အခန်း)84
ရှောင်ကျိုး အိမ်ဝင်းအတွင်းသို့ပြန်ရောက်လာသောအခါ ဖရိုဖရဲဖြစ်နေသော အဘိုးအိုတစ်ဦးကိုတွေ့လိုက်ရ၏။ သူသည် အခန်းတွင်းမှ မည်သို့ရလာသည်မသိသော ကိုကာကိုလာနှင့် ဘဲခြေထောက်များကို အားရပါးရစားသောက်နေ၏။
‘ဘာလို့ ကြက်ခြေထောက်မဟုတ်ဘဲ ဘဲခြေထောက်ဖြစ်နေရတာလဲ’
အကယ်၍ ယွိဟွာသာ တစ်ယောက်ယောက် ကြက်ခြေထောက် ကိုက်စားနေသည်ကို မြင်သွားပါက ထိုလူ့ကို နေ့ရောညပါ လိုက်လံဆဲဆိုနေပေတော့မည်။
ကလေးတစ်သိုက်ကိုမြင်သောအခါ အဘိုးအိုရွှီသည် လက်မှဆီများကို အမြန်သုတ်၍ ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လိုက်၏။
"မတွေ့ရတာကြာပြီပဲ၊ ငါ့ကို သတိရနေကြလား"
ကလေးများမှာ ခေတ္တမျှတိတ်ဆိတ်သွားကြပြီးနောက် နောက်ဆုံးတွင် ဉာဏ်ပိုကောင်းသော အားသို့က သတိရကြောင်းပြောလိုက်ရတော့သည်။
ဤသည်ကား တကယ့်ကိုအံ့သြစရာပင်။ လမ်းပေါ်တွင် လျှောက်သွားနေသည်မှာကြာပြီဖြစ်သဖြင့် သူ့မှာ ဆရာတစ်ယောက်ရှိနေသေးသည်ကိုပင်မေ့လုနီးပါးဖြစ်နေချေပြီ။
ရှောင်ကျိုးနှင့် အဖွဲ့သားများက မဝံ့မရဲဖြင့် မေးလိုက်ကြ၏။
"ဆရာကြီးရွှီ ဆရာကြီးလည်း မြို့တော်ကို ရောက်နေတာလား၊ ဒါဆို ဘယ်တော့ပြန်မှာလဲဟင်"
"မင်းတို့လေးတွေ ငါ့ကိုဒီလောက်တောင်သတိရနေလိမ့်မယ်လို့ မထင်ထားဘူး၊ စိတ်မပူပါနဲ့ ကိစ္စတွေအကုန်ပြီးသွားပြီ၊ ဒီတစ်ခါတော့ ငါထပ်မသွားတော့ဘူး၊ မင်းတို့ ဘယ်သွားသွား ငါ လိုက်ခဲ့မယ်"
အဘိုးအိုရွှီက ကျေနပ်အားရစွာပြောလိုက်သည်။
ဤကလေးများမှာ တကယ့်ကို သံယောဇဉ်ကြီးလှမည်ဟု သူမမျှော်လင့်ထားပေ။ ခဏလေး ခွဲခွာရသည်ကိုပင် သူထပ်မံထွက်ခွာသွားမည်အား စိုးရိမ်နေကြချေပြီ။
ကလေးတစ်သိုက်စိတ်ထဲတွင်မူ ထိုအရာသည် အမှန်တကယ်ပင်ကြောက်စရာကောင်းသည့် သတင်းဆိုးဖြစ်ပြီး ကောင်းကင်ပြာပြာထဲမှ မိုးကြိုးပစ်ချလိုက်သလိုပင်။
"လာကြ မင်းတို့စာတွေ ဘယ်လောက်အထိ မေ့ကုန်ပြီလဲဆိုတာ ဒီအဘိုးကြီးကိုပြစမ်း"
ထိုသို့ပြောပြီးနောက် အဘိုးအိုရွှီသည် ကျန့်ပေနယ်စားအိမ်တော်မှ အစေခံများကို စားပွဲအချို့နှင့် စုတ်တံ၊ မင်၊ စက္ကူ၊ မင်ကျောက်တို့ကို အိမ်ဝင်းအတွင်းသို့ ယူလာခိုင်းလိုက်သည်။
"အဘိုးရွှီ ကျွန်မလုပ်စရာတစ်ခုခုရှိသေးတာ သတိရလာလို့ သွားလိုက်ဦးမယ်နော်"
ရှောင်ကျိုးသည် နောက်သို့ခြေလှမ်းနည်းနည်းဆုတ်ကာ ထွက်ပြေးရန် ကြိုးစားလိုက်၏။
သို့သော် ရှီရှန်းက သူမကိုဖမ်းကာပြန်ဆွဲထားလိုက်သည်။ ရှောင်ကျိုး မော့ကြည့်လိုက်ရာ သူမအမေဘက်မှ ဦးလေးဖြစ်နေသည်ကိုတွေ့လိုက်ရ၍ အံ့အားသင့်ဟန်ဖြင့် မေးလိုက်၏။
“ဦးလေးပြန်ရောက်ပြီလား၊ စစ်စခန်းက ပျော်စရာကောင်းလားဟင်"
ရှီရှန်းသည် ရှောင်ကျိုးလေးကို စာရေးကိရိယာများတင်ထားသော စားပွဲဘေးရှိထိုင်ခုံပေါ်သို့ ပြန်တင်ပေးရင်း ပြောလိုက်သည်။
"စစ်စခန်းဆိုတာ ပျော်ဖို့ကစားရတဲ့ နေရာမဟုတ်ဘူး၊ ပြီးတော့ မင်းတို့ မြို့တော်ကိုရောက်တဲ့ရက်ကစပြီး စာတွေရော သိုင်းသင်တန်းတွေကိုပါ လျစ်လျူရှုထားကြတာလား၊ အိမ်တော်ကလူတွေပြောတာတော့ မင်းတို့ တစ်နေကုန် ဆော့နေကြတယ်ဆိုပဲ”
ပြန်ဖမ်းခံလိုက်ရပြီးနောက် ရှောင်ကျိုး ခဏစဉ်းစားပြီးပြန်ပြောလိုက်၏။
"ဦးလေး အဘွားက ကျွန်မကိုတွေ့ချင်နေတာ၊ ခဏလေး သွားလိုက်ဦးမယ်နော်"
ထိုသို့ပြောပြီး ထိုင်ခုံပေါ်မှခုန်ဆင်းကာ ထွက်ပြေးရန် ကြိုးစားပြန်သည်။
"မင်းရဲ့အဘွားက ဒီနေ့ မင်းတို့စာသင်တာကို ဘယ်သူမှမနှောင့်ယှက်စေနဲ့လို့ သေချာမှာထားပြီးသား"
ရှီရှန်းပြောပြောဆိုဆိုဖြင့် တူမလေးကို ထိုင်ခုံပေါ်သို့ ပြန်ဖိချလိုက်သည်။ ရှောင်ကျိုးသည် ယွိဟွာကို အကူအညီတောင်းရန် ပတ်ဝန်းကျင်ကိုဝေ့ကြည့်သော်လည်း သူမကို ဘယ်နေရာမှာမှမတွေ့ရချေ။ ဘယ်ကိုပြေးသွားမှန်းတောင် သူမ မသိလိုက်ပေ။ ခုနလေးတင် ဤနေရာမှာရှိနေသေး၏။
အိမ်ခေါင်မိုးပေါ်တွင်ပုန်းနေသော ယွိဟွာမှာ သက်ပြင်းချလိုက်မိ၏။
တော်သေးတာပေါ့
သူမပါ ထိုကလေးများနှင့်အတူ စာထိုင်သင်ရတော့မည့်အရေးမှ သီသီလေး လွတ်သွားခဲ့၏။ ကံကောင်းထောက်မစွာဖြင့် သူမသည် ပါးနပ်သဖြင့် အိမ်ဝင်းထဲတွင် ဆရာကြီးရွှီကိုမြင်သည်နှင့် အမြန်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။
ရွာသူကြီးပင် စားပွဲမှာထိုင်လိုက်ရသည်ကို မြင်သောအခါ ကျောက်ဟူနှင့် အခြားသူများသည်လည်း မတတ်သာဘဲ ကိုယ့်နေရာကိုယ်ရှာထိုင်လိုက်ကြရတော့၏။
အားလုံး လိမ္မာပါးနပ်စွာထိုင်နေကြသည်ကိုမြင်သောအခါ ဆရာကြီးရွှီမှ ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ငါမသွားခင်က မင်းတို့ကို 'စာလုံးတစ်ထောင်ကဗျာ'ရဲ့ ပထမစာမျက်နှာနှစ်မျက်နှာသင်ပေးခဲ့တာ မှတ်မိသေးလား၊ အခု မင်းတို့သင်ခဲ့သမျှကို အလွတ်ပြန်ရေးကြ၊ အမှားပါရင်တော့ အပြစ်ပေးခံရမယ်နော်"
ထိုသို့ပြောပြီးနောက် သူသည် မည်သည့်နေရာမှ ထုတ်လိုက်သည်မသိသော ပေတံတစ်ခုကိုကိုင်ကာ ကလေးများကြားတွင် လှည့်လည်ကြည့်ရှုနေတော့သည်။
ကလေးများမှာ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။
ရှောင်ကျိုးက အရင်ဆုံး စုတ်တံကိုင်ကာ စက္ကူပေါ်တွင် အလျင်အမြန် စတင်ရေးသားတော့သည်။ အားသို့သည်လည်း စုတ်တံကိုင်ကာ ဆရာကြီးရွှီ သင်ပြခဲ့သည်များကို ပြန်လည် စဉ်းစားနေ၏။
ရှန်ကျစ်ယွမ်မှာမူ လွန်ခဲ့သောနှစ်ကတည်းက သူမအဘိုးထံမှ ဤကဗျာကိုသင်ယူခဲ့ဖူးပြီး ဖခင်ဖြစ်သူကလည်း စာရေးစာဖတ် အမြဲသင်ပေးလေ့ရှိသဖြင့် ၎င်းကိုအလွတ်ပြန်ရေးရန် သူမအတွက် မခက်ခဲလှပေ။ ရှီအန်းသည်လည်း ယခင်က ကျန့်ပေနယ်စားအိမ်တော်တွင် စာသင်ခဲ့ဖူးသူဖြစ်ရာ စုတ်တံ ကိုင်ကာ အလေးအနက်စတင်ရေးသားနေချေပြီ။
ဝတုတ်လေး၊ ကျောက်ဟူနှင့် ထျဲနျိုတို့နှစ်ဦးသာလျှင် ဘာလုပ်ရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦးကြောင်ကြည့်နေကြလေတော့သည်။
ကျောက်ဟူသည် ရွာသူကြီးနှင့် အားသို့တို့ကိုမကျေမနပ်ဖြစ်ဟန်ဖြင့်လှမ်းကြည့်နေ၏။ သူတို့သည် နေ့တိုင်း အတူတူဆော့ကစားနေကြသဖြင့် အားလုံးမှာ သူ့ကဲ့သို့ပင်ဘာမှမသိကြဟု ထင်မှတ်ထားခဲ့သော်လည်း ဤသစ္စာဖောက်နှစ်ယောက်က အစွမ်းပြနေလိမ့်မည်ဟု လုံးဝမမျှော်လင့်ထားခဲ့ချေ။
ကျောက်ဟူသည် ကိုယ်ကိုဆန့်ကာ ရွာသူကြီးစားပွဲဆီသို့ လှမ်းကြည့်လိုက်သော်လည်း ဘာရေးထားသည်ကိုမမြင်ရသေးမီမှာပင် ဆရာကြီးရွှီ၏ပေတံမှာ သူ့ကျောပြင်သို့ ကျရောက်လာတော့သည်။
ခုနကတင် စာရေးရန်အားခဲနေကြသော ဝတုတ်လေးနှင့် ထျဲနျိုတို့မှာ ချက်ချင်းပင် စိတ်ပျက်လက်ပျက်ပြန်ထိုင်လိုက်ကြ၏။
‘တော်သေးတယ်၊ ကျောက်ဟူက အရင်စကြည့်လိုက်လို့၊ မဟုတ်ရင် ခုနက အရိုက်ခံရမှာ ငါဖြစ်မှာပဲ’
ထျဲနျိုတွေးနေမိသည်။ သို့သော် သူတို့နှစ်ဦးသား ကြိတ်ပျော်ချိန်မှာ မကြာလိုက်ချေ။ ပေတံမှာ သူတို့ဆီသို့လည်း ရောက်ရှိလာပြန်သည်။
"လက်ထဲမှာ စုတ်တံကိုင်ပြီး ဘာတွေ စိတ်ကူးယဉ်နေတာလဲ၊ ဘာလို့စာမရေးကြတာလဲ၊ ဒီရက်ပိုင်းအတွင်း သင်ခန်းစာတွေကို တစ်ချက်ကလေးတောင် ပြန်မကြည့်ကြဘူးလား၊ မင်းတို့ကတော့ အသုံးမကျဘူး”
ဆရာကြီးရွှီမှာ ဒေါသထွက်နေချေပြီ။
‘အချိန်ဘယ်လောက်မှ မကြာသေးတာတောင် စာတစ်လုံးမှမရေးနိုင်ကြတာ ဘာလို့လဲ”
ကျန်ကလေးအချို့မှာမူ အပူတပြင်း ရေးသားနေကြဆဲဖြစ်သည်ကိုမြင်ရမှသာ သူ့စိတ်မှာ အနည်းငယ်ပြေလျော့သွားရ၏။
သူသည် အားသို့အနားသို့လျှောက်သွားကာ သူရေးထားသည်ကိုကြည့်ပြီးနောက်တွေးလိုက်မိသည်။
‘ဟမ် စုစုပေါင်းဆယ်လုံးပဲ ရေးထားပြီး ခြောက်လုံးက မှားနေပါလား’
ဆရာကြီးရွှီသည် ဒေါသတကြီးဖြင့် အားသို့လက်ကလေးကိုဆွဲကာ ရိုက်လိုက်တော့၏။ ထို့နောက် ရှန်ကျိယွမ်နှင့် ရှီအန်းဘေးသို့ လျှောက်သွားသောအခါ သူတို့မှာစာများစွာရေးထားပြီး အမှားလည်း နည်းပါးသည်ကိုတွေ့ရသည်။ သို့သော် ၎င်းမှာ သူသင်ပေးထားခြင်းမဟုတ်သဖြင့် စိတ်မကောင်းဖြစ်ရပြန်၏။
ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုးလေးရှိနေသေးသည်။ ဤမိန်းမငယ်လေးစာရေးနေပုံမှာ တကယ့်ကို ကြိုးစားပမ်းစားရှိလှသဖြင့် သူမသည် အလွတ်ပြန်ရေးနိုင်လိမ့်မည်ဟု သူယုံကြည်နေ၏။ ဆရာကြီးရွှီသည် ရှေ့သို့တိုးကာကြည့်လိုက်သည်။
‘အိုး ဘုရားရေ သူမကစာရေးနိုင်ပေမဲ့ ဒီစာလုံးတွေက ဘာလို့ ဒီလောက် ထူးဆန်းနေရတာလဲ၊ စာလုံးအတော်များများမှာ အစိတ်အပိုင်းတွေကျန်ရစ်ခဲ့တယ်၊ ဒီကလေးမလေးက တကယ်ပျင်းနေခဲ့တာပဲ’
"မင်း ဘာတွေရေးနေတာလဲ၊ စာလုံးတွေကို ဒီလိုရေးရသလား၊ စာတစ်လုံးရဲ့တစ်ဝက်ပဲရေးရတယ်လို့ ဘယ်သူသင်ပေးလဲ"
ဆရာကြီးရွှီသည် ရှောင်ကျိုးလက်ကလေးကိုဆွဲထုတ်ကာ ပေတံဖြင့်ရိုက်ရန်ပြင်လိုက်သည်။ ပေတံကျလာသည့်အချိန်၌ ရှောင်ကျိုးသည် ပင်ကိုအသိစိတ်ဖြင့် ပေတံကိုလှမ်းဖမ်းလိုက်၏။ ဆရာကြီးရွှီက သူမကိုစိုက်ကြည့်လိုက်သည်။ ရှောင်ကျိုးသည် ပေတံကို တိတ်တဆိတ်ပြန်လွှတ်ပေးလိုက်၏။ ဆရာကြီးရွှီက ဆက်ရိုက်လိုက်ပြန်သည်။ ရှောင်ကျိုးမှာလည်း ပင်ကိုအသိစိတ်ဖြင့် ထပ်ဖမ်းမိပြန်၏။
ဆရာကြီးရွှီ ပြန်ဆွဲထုတ်ကာ ထပ်ရိုက်သည် ရှောင်ကျိုးကလည်း ထပ်ဖမ်းသည်။ ဤသို့ဖြင့် အပြန်အလှန် ဖြစ်နေကြသည်မှာ အကြိမ်ပေါင်းများစွာရှိလာသောအခါ ဆရာကြီးရွှီမှာ စိတ်ပျက်လက်ပျက်ဖြင့် လက်လျှော့လိုက်ရတော့သည်။ သူတို့ တကယ်ကို လွန်လွန်းလှသည်ဟု သူတွေးနေမိ၏။
စင်စစ် ဤသည်မှာ ရှောင်ကျိုးအပြစ်မဟုတ်ချေ။ ရွာသူကြီးအဖြစ် အချိန်အတော်ကြာနေထိုင်လာခဲ့သဖြင့် သူမသည် အခြားသူများကို အပြစ်ပေးသူသာဖြစ်ခဲ့ပြီး သူမကို ရိုက်ရဲသူတစ်ဦးမျှ မရှိခဲ့ပေ။ ထို့ကြောင့် ယခုအခါ တစ်ဦးတစ်ယောက်မှ သူမကိုရိုက်ရန် ကြိုးစားလာသည့်အခါ သူမခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်ခုခံမိခြင်း ဖြစ်သည်။
အားသို့နှင့် ကျန်းဟယ်တို့မှာမူ အပြစ်ပေးခံနေရသူများကိုကြည့်ကာ ပါးစပ်ပိတ်၍ တခိခိရယ်မောနေကြ၏။
အချိန်များ ဖြည်းညှင်းစွာကုန်ဆုံးသွားပြီးနောက် ဆရာကြီးရွှီသည် ကျောင်းသားများ ရေးထားသည်ကို လိုက်လံသိမ်းယူကာ စစ်ဆေးသည်။ ရှီအန်းနှင့် ရှန်ကျိယွမ်တို့မှလွဲ၍ ကျန်ကလေးများမှာ စာရွက်အလွတ်ကြီးများဖြစ်နေခြင်း၊ စာလုံးပေါင်းများစွာ မှားနေခြင်း သို့မဟုတ် စာလုံးတစ်ဝက်သာရေးထားခြင်း စသည်ဖြင့် အမျိုးမျိုးဖြစ်နေကြ၏။
နောက်ဆုံးတွင် ရှီအန်းနှင့် ရှန်ကျိယွမ်တို့မှလွဲ၍ ရှောင်ကျိုးနှင့် ကျန်ကလေးအားလုံးမှာ အပြစ်ပေးခံရလေတော့သည်။ သူတို့သည် ခေါင်းပေါ်တွင် ပန်းကန်လုံးလေးများတင်ကာ တံတိုင်းခြေရင်း၌ မြင်းစီးဟန်ဖြင့် ထိုင်နေကြ၏။
ထူးထူးခြားခြားပင် ထိုတန်းစီနေသူများထဲ ယိုင်နဲ့ယိုင်နဲ့နှင့် မျက်ရည်ဝဲနေသော အခြားနှစ်ဦးလည်း ပါဝင်နေသည်။ သူတို့ခေါင်းပေါ်မှ ပန်းကန်လုံးလေးများမှာ ခဏခဏပြုတ်ကျနေ၏။ သူတို့မှာ အခြားသူမဟုတ်ဘဲ အားသို့နှင့် ကျန်းဟယ်တို့ပင်ဖြစ်သည်။ ရှောင်ကျိုးသည် သူတို့နှစ်ဦးကြိတ်ပျော်နေသည်ကို မကြည့်နိုင်သဖြင့် သူတို့အားပြည့်စုံသော ကလေးဘဝပိုင်ဆိုင်စေရန်အတွက် အတူတူ အပြစ်ပေးခံခိုင်းလိုက်ခြင်း ဖြစ်သည်။
သခင်မရှန်နှင့် သားဖြစ်သူရောက်လာသောအခါ ဤမြင်ကွင်းကိုမြင်တွေ့လိုက်ရ၏။ အိမ်ဝင်းအတွင်းရှိ တံတိုင်းခြေရင်း၌ ကလေးတစ်သိုက်မှာ အရပ်အနိမ့်အမြင့်အလိုက် တန်းစီကာ ခေါင်းပေါ်တွင် ပန်းကန်လုံးလေးများတင်လျက် ဒူးကွေးထိုင်နေကြ၏။
"ဘာဖြစ်လို့လဲ"
တတိယသခင်မက မတ်ဖြစ်သူကိုအမြန် မေးလိုက်သည်။
‘သူမသားနဲ့ မိန်းကလေးရှန်တို့ကလွဲပြီး ကျန်တဲ့သူအားလုံး ဘာလို့ အကြောင်းမဲ့ အပြစ်ပေးခံနေရတာလဲ’
ရှီရှန်းက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြသောအခါ တတိယသခင်မသည် လျှာဖျားသို့ရောက်ရှိနေသော အသနားခံစကားများကို ချက်ချင်းပင် ပြန်မျိုချလိုက်ရတော့သည်။
တံတိုင်းခြေရင်းမှကလေးများမှာ သူမကိုမျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်နေကြသော်လည်း တတိယသခင်မသည် မမြင်ချင်ယောင်ဆောင်ကာ အမြန်ပင်မျက်နှာလွှဲလိုက်၏။ သူမသည် ဆရာကြီးရွှီကိုမပြစ်မှားဝံ့ချေ။
ထိုကလေးများကို သင်ခန်းစာလေးတော့ပေးလိုက်တာ ကောင်းပါသည်ဟု သူမ တွေးလိုက်မိသည်။ ရှန်ယီကျစ်သည် ဆရာကြီးရွှီထိုင်နေသည်ကိုမြင်သည်နှင့် ချက်ချင်းပင် ရိုရိုသေသေဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။
"ဂါရဝပြုပါတယ် ဆရာကြီးရွှီ"
အဘိုးရွှီသည် ခေါင်းကိုအသာညိတ်လိုက်ပြီး တစ်ဖက်လူအား စည်းကမ်းအတိုင်း ရိုသေနေစရာမလိုကြောင်း လက်ဟန်ဖြင့် အချက်ပြလိုက်သည်။