← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

(အခန်း)86

​မကြာမီပင် သတင်းရရချင်း ယုံနင်နယ်စားသည် သူ၏အစေခံများနှင့်အတူ အိမ်တော်သို့ အပြေးအလွှားပြန်လာခဲ့သော်လည်း တွေ့လိုက်ရသည်မှာ မှင်သက်ဖွယ်ရာမြင်ကွင်းတစ်ခုဖြစ်နေ၏။

​အိမ်တော်ကြီးမှာ ဓားပြတိုက်ခံထားရသည့်အလား ဖရိုဖရဲဖြစ်နေပေသည်။ဓားပြတိုက်ခံရလျင်ပင် ဤမျှအထိ ပြောင်သလင်းခါသွားလိမ့်မည် မဟုတ်ချေ။

​"တောက် ကိုယ်ရံတော်တွေ ဘယ်ရောက်ကုန်ကြတာလဲ မြန်မြန်လာကြစမ်း၊ ဟိုဓားပြတွေကို တားဖို့ ကိုယ်ရံတော်တွေကို မြန်မြန်ခေါ်လိုက်ကြ”

ယုံနင်နယ်စား၏အသံမှာ တုန်ရင်နေပေသည်။ သူသည် သယ်စရာမရှိတော့သဖြင့် အိမ်တော်ဆိုင်းဘုတ်ကိုဖြုတ်ချရန် ကြိုးစားနေကြသော ကလေးတစ်သိုက်ကို လက်ညှိုးထိုးပြလိုက်၏။

​အစေခံဖြစ်သူမှာ မြေပြင်ပေါ်တွင် အစီအရီလဲလျောင်းနေကြသော ယုံနင်နယ်စား အိမ်တော်မှ အစေခံများနှင့် ကိုယ်ရံတော်တန်းကြီးကို အလျင်အမြန် ညွှန်ပြကာ တုန်တုန်ရင်ရင်ဖြင့်ဆိုလိုက်၏။

"သခင်ကြီး ဟိုမှာ၊ ကိုယ်ရံတော်တွေ အကုန်လုံး ဟိုမှာလဲနေကြပါတယ်"

ဘယ်လူမိုက်က လုပ်သွားသည်မသိသော်လည်း ရန်ဖြစ်ပြီးနောက် လူများကို အစီအရီတန်းနေအောင် စီထားခဲ့သည်မှာ တကယ့်ကို ပြောင်ပြောင်တင်းတင်း ရန်စလိုက်ခြင်းပင် ဖြစ်သည်။

သခင်မကြီးသည် ယုံနင်နယ်စား ရောက်လာသည်ကိုမြင်သောအခါ အားကိုးရာတစ်ခုကို တွေ့ရှိလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ ခုနလေးတင်မှ အထိန်းတော်ကြီး၏ချုပ်ကိုင်မှုကြောင့် ငြိမ်သက်သွားခဲ့သော မာန်မာနများမှာ ရုတ်တရက် ပြန်လည်မြင့်တက်လာပြန်သည်။ သူမသည် အပြေးအလွှား သွားကာ သားဖြစ်သူလက်ကိုဆွဲပြီး ငိုယိုတော့၏။

​"ငါ့သားရယ် ဒါတွေကိုကြည့်စမ်းပါဦး မင်းလက်ထပ်ထားတဲ့ ဇနီးကောင်းကြီးက ဘယ်ကမှန်းမသိတဲ့ ဓားပြတစ်သိုက်ကိုခေါ်လာပြီး ငါတို့ ယုံနင်နယ်စားအိမ်တော်ကို အကုန်ပြောင်အောင် သယ်ခိုင်းနေတယ်၊ ဒီလိုမိန်းမမျိုးကို ဒီမှာဆက်ထားလို့ မဖြစ်တော့ဘူး၊ လုံးဝမထားနိုင်ဘူး၊ သူ့ကို ကွာရှင်းလိုက် အခုချက်ချင်း ကွာရှင်းပစ်စမ်း၊ သူ တကယ်ကို လွန်လွန်းနေပြီ တကယ်ကိုလွန်လွန်း‌နေပြီ၊ ပြီးတော့ ဟိုမျိုးမစစ်ကလေးအုပ်ကြီးကိုလည်း ကြည့်လိုက်စမ်းပါဦး၊ သူတို့က....."

​အဘွားအိုမှာ အိမ်ခေါင်မိုးပေါ်ရှိ အုတ်ကြွပ်ပြားများအား မည်သို့ခွာယူရမည်ကို တိုင်ပင်နေကြသော ရှောင်ကျိုးနှင့် အဖွဲ့သားများကို လက်ညှိုးထိုးပြရင်း ဒေါသကြောင့် စကားပင်ဆက်မပြောနိုင်တော့ချေ။

​"အဲဒီမိန်းမက အပြင်လူတွေနဲ့ပေါင်းပြီး အိမ်တော်ကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်နေတယ်၊ အိမ်တော်ထဲက ပိုက်ဆံတွေကိုလည်း အဲဒီဓားပြတွေက လုသွားကြပြီ”

"နယ်စားကတော်ကြီး ရှင်ကသိပ်ကိုရယ်စရာ‌ပြောတတ်တာပဲ၊ ရှင့်ရဲ့ယုံနင်နယ်စားအိမ်တော်မှာ ချမ်းသာကြွယ်ဝမှုတွေရှိနေသေးသလိုလိုနဲ့ ရှင့်တို့ရဲ့ စည်းစိမ်တွေက နယ်စားကြီးလက်ထပ်ကတည်းက ဖြုန်းတီးပစ်ခဲ့လို့ ကုန်နေတာကြာပြီ၊ ဒီနှစ်တွေတစ်လျှောက်လုံး ကျွန်မရဲ့ခန်းဝင်ပစ္စည်းတွေကိုပဲ မှီခိုပြီး နေလာခဲ့ကြတာ မဟုတ်လား ရှင့်တို့ရဲ့ ယုံနင်နယ်စားအိမ်တော်က တကယ့်ကို အရှက်မရှိတာပဲ"

​ထိုသို့ပြောပြီးနောက် ယုံနင်ကတော်သည် လူအများ၏တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ အိမ်ခေါင်မိုးပေါ်ရှိအုတ်ကြွပ်ပြားများကို ခွာရန်ပြင်နေသော ချန်လဲ့မင်းသမီးနှင့် အဖွဲ့သားများကို အမြန်တားဆီးလိုက်၏။ အုတ်ကြွပ်ပြားများအထိ သယ်သွားရန်မလိုကြောင်း သူမသိပေသည်။

​စောစောကပင် သူမနှင့်အထိန်းတော်ကြီးမှာ အပြင်မှငှားထားသော ကိုယ်ရံတော်များနှင့် ချန်လဲ့မင်းသမီးလေးတို့က ယုံနင်နယ်စားအိမ်တော်ကို ပြောင်သလင်းခါအောင် ကူညီလုပ်ဆောင်ပေးနေကြသည်အား မြင်တွေ့ခဲ့ရသည်။ သူမနှင့်သမီးဖြစ်သူတို့ ဤအိမ်တော်တွင် ခံစားခဲ့ရသော နာကျင်မှုများကို ပြန်လည်အမှတ်ရမိသောအခါ စိတ်ထဲတွင် ဖော်ပြမတတ်နိုင်သောကြည်နူးမှုတစ်ခု ဖြစ်ပေါ်လာ၏။ နှစ်ပေါင်းများစွာပိတ်လှောင်ထားခဲ့ရသော မကျေနပ်ချက်များမှာ ဤအခိုက်အတန့်တွင် လွတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် အလွန်ပင် စိတ်သက်သာရာရသွားတော့သည်။

​ရှောင်ကျိုးနှင့် အခြားသူများမှာမူ အားမရသေးသော်လည်း မတတ်သာဘဲ ရပ်လိုက်ကြရ၏။ ရှောင်ကျိုးသည် အထိန်းတော်ကြီးလက်ထဲရှိ ပိုက်ဆံအိတ်ကိုစိုက်ကြည့်လျက် သူမအပြင်သို့ သယ်ထုတ်ပေးထားသော ပစ္စည်းပုံကြီးကို လက်ညှိုးထိုးပြကာ လက်ဖဝါးလေးကို အထိန်းတော်ကြီးထံသို့ ဖြန့်ပြပြီးဆိုလိုက်သည်။

"အဘွား ဟိုမှာရှိတဲ့ပစ္စည်းတွေ အကုန်လုံး ကျွန်မတို့သယ်ပေးထားတာနော်၊ လုပ်ခ နှစ်ဆရမယ်ဆိုတော့ ပိုက်ဆံပေးတော့"

“အင်းအင်း ရမယ် ရမယ်၊ ဒီမှာ ဒီမှာ”

ခဏအကြာတွင် အထိန်းတော်ကြီးသည် အစီအရီလဲနေကြသော ယုံနင်နယ်စားအိမ်တော်မှ ကိုယ်ရံတော်နှင့် အစေခံများကို တစ်ချက်ကြည့်ကာ သူမလက်ထဲရှိပန်းကန်လုံးကို ဘေးမှအစေခံမလေး၏ရင်ခွင်ထဲသို့ အမြန်ထိုးထည့်လိုက်၏။ ထို့နောက် သူမသည် ပိုက်ဆံအိတ်ထဲမှ ငွေစအချို့ကို လက်တစ်ဆုပ်စာစီ နှိုက်ယူကာ ကလေးတစ်ဦးစီကို ပေးအပ်လိုက်တော့သည်။ ဘယ်လောက်ရှိသည်ကို သူမ အတိအကျမသိသော်လည်း လုံလောက်သည်ထက်တော့ ပိုပေလိမ့်မည်။ အဓိကမှာ သူမအနေဖြင့် နည်းနည်းလေးပေးမိပါက ထိုကလေးများက သူမအရိုးအိုကြီးများကို ထပ်မံရိုက်နှက်မည်ကို စိုးရိမ်မိနေသောကြောင့်ပင်။

​ကလေးများသည် ပိုက်ဆံရသဖြင့် ပျော်ရွှင်စွာ အိတ်ထဲထည့်လိုက်ကြ၏။ ​ရှောင်ကျိုးသည် ခြေဖျားထောက်ကာ အထိန်းတော်ကြီး၏ ပုခုံးကိုပုတ်ရန် ကြိုးစားသော်လည်း သူမအရပ်က မမှီသဖြင့် အထိန်းတော်ကြီး၏ ဖောင်းကားနေသောဝမ်းဗိုက်ကိုသာ ပုတ်ကာဆိုလိုက်သည်။

"နောက်တစ်ခါ ဒီလိုအလုပ်မျိုးရှိရင် ကျွန်မတို့ကို ခေါ်ဖို့မမေ့နဲ့နော်”

အထိန်းတော်ကြီးသည် သူမဗိုက်ကိုအမြန်ချပ်လိုက်ကာ တံတွေးတစ်ချက် မျိုချပြီးနောက် ခေါင်းညိတ်ပြလိုက်ရှာ၏။ ​ပစ္စည်းအားလုံး သယ်ယူပြီးပြီဖြစ်သလို လုပ်ခလည်းရပြီဖြစ်၍ နောက်ထပ် လုပ်စရာမရှိတော့ရာ ရှောင်ကျိုးသည် အစေခံမလေးထံမှ သူမပန်းကန်လုံးကိုပြန်ယူပြီး အိမ်သို့ အေးအေးလူလူ လမ်းလျှောက်ပြန်လာခဲ့လိုက်တော့သည်။

​"ရပ်စမ်း"

ယုံနင်နယ်စားမှ ဟိန်းဟောက်လိုက်၏။

"ဘယ်ကမှန်းမသိတဲ့ ဒီသူခိုးလေးက ငါ့ရဲ့ယုံနင်နယ်စားအိမ်တော်ကို အခုလို ဖျက်ဆီးရဲတဲ့အထိ ဥပဒေမဲ့လွန်းတယ်ပေါ့"

​ရှောင်ကျိုးက ထိုစကားကိုနားထောင်ပါသလား။ လုံးဝ နားမထောင်ချေ။ သူမသည် သူမပန်းကန်လုံးကိုကိုင်ကာ ယုံနင်နယ်စားရှေ့မှပင် ဝှီးခနဲပျံထွက်သွားလေတော့၏။ သခင်မကြီးသည် သူမဒေါသများကို ယုံနင်သခင်မထံသို့ ချက်ချင်းလှည့်လိုက်ပြီး လက်ညှိုးထိုးကာ အော်ဟစ်တော့သည်။

"နင်က ကွာရှင်းမယ်လို့ခြိမ်းခြောက်ရင် နင်အာကို မပေးစားရတော့ဘူးလို့ထင်နေတာလား၊ ငါ ပြောလိုက်မယ် လုံးဝမဖြစ်နိုင်ဘူး၊ ရှေးကတည်းက ကွာရှင်းတဲ့မိန်းမက သမီးကိုခေါ်သွားရတယ်ဆိုတာမရှိခဲ့ဖူးဘူး၊ နင်သာ ဒီနေ့ဒီတံခါးကနေထွက်သွားရင် နင်အာနဲ့ နင်နဲ့ဘာမှမပတ်သက်တော့ဘူးလို့မှတ်လိုက်"

​"ကိစ္စတွေကို ဒီလောက်အထိရုပ်ဆိုးအောင်လုပ်ဖို့ လိုလို့လား၊ မင်းက နင်အာရဲ့အမေဆိုတာကို မမေ့နဲ့ဦး၊ နင်အာရဲ့အခြေအနေကိုရော ထည့်စဉ်းစားဖူးရဲ့လား၊ မိဘတွေကွာရှင်းထားတဲ့ မိန်းကလေးတစ်ယောက်က နောင်တစ်ချိန်မှာ အပြင်လူတွေရှေ့ ဘယ်လိုလုပ်ပြီး ခေါင်းမော့နိုင်ပါ့မလဲ"

ယုံနင်နယ်စားသည်လည်း မျက်နှာပျက်လျက် ခြိမ်းခြောက်သောအကြည့်များဖြင့် ယုံနင်သခင်မကို စိုက်ကြည့်ကာဆိုလိုက်၏။

​"ရှင်..... ရှင်က နင်အာ့ကိုဖျက်ဆီးနေတာပဲ"

​ထိုစကားကိုကြားသောအခါ ယုံနင်သခင်မမျက်ဝန်းများမှာ ချက်ချင်းပင် နီရဲလာပြီး မျက်ရည်များဝဲတက်လာရရှာသည်။ ကွာရှင်းထားသောမိဘများရှိသည့် ကလေးတစ်ဦးအပေါ် အပြင်လူများက မည်သို့အတင်းအဖျင်းပြောကြမည်ကို သူမကောင်းကောင်းကြီးသိသည်။ သို့သော် သမီးဖြစ်သူအနာဂတ်အတွက် သူမသည် အစွမ်းကုန်ရုန်းကန်ရန် ဆုံးဖြတ်လိုက်ချေသည်။ သူမမှာ သားတစ်ယောက် ဆုံးရှုံးခဲ့ရပြီးပြီဖြစ်သဖြင့် ကျန်ရှိသော သမီးလေးကိုတော့ ထပ်မံ အဆုံးရှုံးမခံနိုင်တော့ချေ။

​"အမေ သမီး အမေ့ရဲ့ကွာရှင်းမှုကို ထောက်ခံပါတယ်"

နင်အာသည် အခန်းထဲမှပြေးထွက်လာရင်း အော်လိုက်၏။

​"နင်အာ ဘာလို့ပြေးထွက်လာတာလဲ၊ အမြန်ပြန်ဝင်သွားစမ်းပါ၊ အမေ့ကိစ္စကို အမေဘာသာ ဖြေရှင်းပါမယ် စိတ်မပူနဲ့၊ အမေ သမီးကိုပစ်မထားပါဘူး"

ယုံနင်သခင်မသည် မိဘများငြင်းခုံနေသည်ကို သမီးဖြစ်သူအား မမြင်စေချင်သဖြင့် အိမ်ထဲသို့အမြန်ပြန်တွန်းပို့နေရှာသည်။

​"ဟင့်အင်း အမေ၊ သမီး အမေ့ရဲ့ ကွာရှင်းမှုကို ထောက်ခံပါတယ်၊ ဒီနှစ်တွေတစ်လျှောက်လုံး သူတို့အမေ့အပေါ် ဘယ်လိုဆက်ဆံခဲ့ကြသလဲဆိုတာ မေ့သွားပြီလား၊ ပြီးတော့ သမီးအစ်ကိုပျောက်သွားတာလည်း သူတို့ကြောင့်ပဲ မဟုတ်လား၊ အမေ စိတ်မပူပါနဲ့၊ သမီး ကိုယ့်ကိုကိုယ် ကောင်းကောင်းဂရုစိုက်နိုင်ပါတယ်"

နင်အာသည် သူမမိခင်အားခွန်အားပေးရန်အတွက် လက်ကိုတင်းတင်းဆွဲထားလိုက်၏။ ​ပျောက်ဆုံးနေသော သားဖြစ်သူအကြောင်းကို ကြားလိုက်ရသောအခါ ယုံနင်သခင်မသည် သမီးဖြစ်သူကို တင်းကျပ်စွာပွေ့ဖက်လိုက်ပြီး မျက်ရည်များ ကျဆင်းလာတော့သည်။

"နင်အာ မကြောက်ပါနဲ့၊ အမေ သမီးကို သေချာပေါက် ခေါ်သွားပါ့မယ်၊ သမီးကို ယုံနင်နယ်စားအိမ်တော်မှာ ပစ်မထားခဲ့ပါဘူး၊ အရင်က ကွာရှင်းတဲ့မိန်းမတွေ သမီးဖြစ်သူကို ခေါ်မသွားနိုင်ဘူးဆိုရင်တောင် အမေက ပထမဆုံးခေါ်သွားနိုင်တဲ့သူဖြစ်လာစေရမယ်၊ လာ အခုပဲ အမေနဲ့လိုက်ခဲ့တော့"

​ထိုသို့ပြောပြီးနောက် သမီးဖြစ်သူလက်ကိုဆွဲကာ အပြင်သို့ထွက်လာခဲ့တော့သည်။

​"ရပ်စမ်း”

ယုံနင်နယ်စားက တားဆီးရန် လက်လှမ်းလိုက်သော်လည်း ယုံနင်သခင်မငှားရမ်းထားသော ကိုယ်ရံတော်များ၏ တွန်းဖယ်ခြင်းကိုခံလိုက်ရ၏။

ယုံနင်နယ်စားသည် သူ့အိမ်တော်အတွင်း၌ လဲလျောင်းနေသော ကိုယ်ရံတော်များကို တစ်ချက်ကြည့်လိုက် သူ့အိမ်တော်ရှိ ပစ္စည်းအားလုံးကို လုယူသွားပြီးနောက် နောက်ဆုံးတွင် ဇနီးနှင့်သမီးဖြစ်သူမှ အောင်နိုင်သူများအဖြစ် ထွက်ခွာသွားကြသည်ကိုတစ်ချက်ကြည့်လိုက်ဖြင့် အကူအညီမဲ့စွာပင်ကြည့်နေရတော့သည်။

​"စုံစမ်းကြစမ်း၊ ငါ့အတွက် အကုန်စုံစမ်းကြ၊ အဲဒီကလေးတွေက ဘယ်သူတွေလဲ၊ ပြီးတော့ သူမကို ဘယ်သူက ဒီအကြံတွေပေးခဲ့တာလဲဆိုတာ ရှာကြစမ်း”

ယုံနင်နယ်စားသည် ဘေးမှအစေခံကို ဒေါသတကြီးဟိန်းဟောက်လိုက်၏။

​ဤကိစ္စနောက်ကွယ်တွင် ပူးပေါင်းကြံစည်မှုတစ်ခုရှိရမည်ဟု သူခံစားနေရသည်။ မဟုတ်လျှင် အိမ်တွင်း၌သာ နေထိုင်သော မိန်းမတစ်ယောက်က ဤကဲ့သို့ ရုတ်တရက်ပြုမူလိမ့်မည် မဟုတ်ပေ။

​ကောင်းမှုတစ်ခုပြုလုပ်ခဲ့ပြီး ပိုက်ဆံလည်းရခဲ့သဖြင့် ရှောင်ကျိုးသည် ကျေနပ်စွာဖြင့် အိပ်စက်လိုက်ပေသည်။ သူမလည်ပင်းမှ နီရဲရဲပုဝါလေးမှာ ပို၍ပင်တောက်ပလာသကဲ့သို့ ခံစားနေရ၏။ သူမသည် တကယ့်ကို တိုင်းပြည်၏ရတနာ ပန်းကောင်းလေးတစ်ပွင့်ပင်ဖြစ်သည်။

​သူမ မသိလိုက်သည်မှာ နောက်တစ်နေ့ နံနက်ခင်းညီလာခံတွင် သူမသည် ထပ်မံ တိုင်တန်းခံလိုက်ရပြန်ခြင်းပင် ဖြစ်၏။

​နံနက်ခင်းညီလာခံအပြီးတွင် ဘုရင်မင်းမြတ်မှ ထွက်ခွာရန်ပြင်ဆင်နေပြီး အမတ်များမှာလည်း အရိုအသေပြု နှုတ်ဆက်ရန် အသင့်ဖြစ်နေကြသည်။

​ထိုစဉ်မှာပင် ယုံနင်နယ်စားသည် ရုတ်တရက် ရှေ့သို့တိုးလာကာ မကျေမနပ်ဖြစ်နေသောအမူအရာဖြင့် ချက်ချင်း ဒူးထောက်ပြီး အော်ဟစ်လိုက်၏။

"အရှင်မင်းကြီး ကျွန်တော့်မှာ တိုင်တန်းစရာအရေးကြီးကိစ္စတစ်ခု ရှိပါတယ်”

​ညီလာခံကို အမြန်အဆုံးသတ်ချင်နေသော ဘုရင်မင်းမြတ်မှာ ဂရုမစိုက်လိုသဖြင့် လှည့်ထွက်ရန်ပြင်လိုက်သည်။

ယုံနင်နယ်စားက အလျင်အမြန်ပင်ဆိုရလေတော့၏။

"ကျွန်တော်မျိုး တိုင်တန်းလိုတာက ချန်လဲ့မင်းသမီးက ကျွန်တော့်ဇနီးကို ကွာရှင်းဖို့ သွေးထိုးလှုံ့ဆော်ခဲ့ပါတယ်၊ ဒါ့အပြင် လူတွေကိုဦးဆောင်ပြီး ကျွန်တော်မျိုးအိမ်တော်က ပစ္စည်းအားလုံးကို လုယက်သွားခဲ့တာပါ၊ သူမက တကယ့်ကို ဥပဒေမဲ့လွန်းပါတယ်၊ ကျွန်တော်မျိုး တရားမျှတမှုရဖို့ အရှင်မင်းကြီးထံ အသနားခံပါတယ်”

All Chapters