အခန်း ၈၇
Vol. 9 Ch. 87
(အခန်း)87
ညီလာခံတစ်ခုလုံး ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။ မနေ့ကမှ တိုင်တန်းခံခဲ့ရသော ချန်လဲ့မင်းသမီးသည် ယနေ့တွင်လည်း အရှင်မင်းကြီးရှေ့၌ ထပ်မံစွပ်စွဲခံရလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြချေ။ အသစ်ခန့်အပ်လိုက်သည့် ဤမင်းသမီးငယ်လေးမှာ မည်သို့သောသူနည်း။ မြို့တော်သို့ ပြန်ရောက်လာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ယုံနင်နယ်စား နှင့် သူ၏ဇနီးတို့ကို ကွာရှင်းပြတ်စဲသွားအောင်အထိ စွမ်းဆောင်နိုင်သည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်ပေသည်။
ဘုရင်မင်းမြတ်သည် ထွက်ခွာရန် ပြင်နေသော ခြေလှမ်းကို တိတ်ဆိတ်စွာ ပြန်ရုတ်လိုက်၏။ ဘုရင်ကြီးသည် နဂါးပလ္လင်ပေါ်တွင်ပြန်ထိုင်ကာ ယုံနင်နယ်စားအား ဆက်လက်တင်ပြရန် လက်ဟန်ပြလိုက်လေသည်။
ယုံနင်နယ်စားသည် ထိုနေ့မွန်းလွဲပိုင်းတွင် ချန်လဲ့မင်းသမီးက သူ့အိမ်တံတိုင်းကို ကျော်တက်ခဲ့ပုံ၊ ဇနီးဖြစ်သူအား ကွာရှင်းရန် သွေးထိုးလှုံ့ဆော်ခဲ့ပုံနှင့် ထိုနေ့ညနေမှာပင် လူများကိုဦးဆောင်၍ အိမ်တော်ကို လုယက်သွားခဲ့ပုံတို့ကို အသေးစိတ် အလျင်အမြန်လျှောက်တင်တော့၏။
ယုံနင်နယ်စား လျှောက်တင်သည်ကို ကြားပြီးနောက် ဘုရင်မင်းမြတ်သည် မနှောင့်ယှက်ဘဲ မနေနိုင်တော့ဘဲ လှောင်ပြုံးပြုံးလျက် အပြစ်တင်လေသည်။
"အဓိပ္ပာယ်မရှိလိုက်တာ ကြီးကျယ်လှပါတယ်ဆိုတဲ့ ယုံနင်နယ်စားအိမ်တော်မှာ အစေခံတွေ၊ ကိုယ်ရံတော်တွေ အများကြီးရှိတာတောင် ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်ရဲ့ လုယက်တာကို ခံလိုက်ရတယ် ဟုတ်လား၊ မင်းရဲ့ ယုံနင်နယ်စားအိမ်တော်က စက္ကူနဲ့လုပ်ထားတာလား"
ယုံနင်နယ်စားသည် ထိတ်လန့်တုန်ရင်လျက် ချက်ချင်းပင် ဒူးထောက်ကာပြန်လျှောက်တင်လိုက်သည်။
"အရှင်မင်းကြီး နားလည်ပေးပါ၊ ချန်လဲ့မင်းသမီးရဲ့နည်းလမ်းတွေက တကယ့်ကို ထူးဆန်းလှပါတယ်၊ ကျွန်တော်မျိုး အိမ်တော်က အစေခံတွေနဲ့ ကိုယ်ရံတော်တွေ အကုန်လုံး ချန်လဲ့မင်းသမီးရဲ့အရိုက်အနှက်ခံလိုက်ရပြီး သူမကို ဘယ်လိုမှမယှဉ်နိုင်ခဲ့ကြပါဘူး၊ ကျွန်တော်မျိုး မုသားမဆိုဝံ့ပါဘူး၊ ကျွန်တော်မျိုးအတွက် တရားမျှတမှုရအောင် အရှင်မင်းကြီးထံအသနားခံပါတယ်”
ယုံနင်နယ်စားသည်လည်း တကယ်ပင် စိတ်မကောင်းဖြစ်နေရသည်။ သူသည် အိမ်တော်သို့ပြန်ရောက်သည့်အခါ အစေခံများနှင့် ကိုယ်ရံတော်များကို စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့အားလုံးက ထိုကလေးများ၏အရိုက်အနှက်ခံခဲ့ရသည်ဟု ဆိုကြ၏။ ထို့ပြင် မွန်းလွဲပိုင်းတွင်လည်း ထိုကလေးများ တံတိုင်းကျော်တက်လာကာ ယုံနင်ကတော်အား ကွာရှင်းရန် တိုက်တွန်းခဲ့ကြသည်ဟု ပြောကြပြန်သည်။ ယုံနင်နယ်စားသည် မယုံကြည်ချင်သော်လည်း အားလုံးက တစ်လေသံတည်းထွက်နေကြသဖြင့် မတတ်သာဘဲ ယုံကြည်လိုက်ရတော့၏။
စစ်သူကြီးစူးသည် မျက်မှောင်ကြုတ်လျက် ယုံနင်နယ်စားကို စူးရှသောအကြည့်ဖြင့်ကြည့်ကာ မေးခွန်းထုတ်လိုက်လေသည်။
"ယုံနင်နယ်စား မင်းကချန်လဲ့မင်းသမီး လုပ်တာလို့ပဲ ခဏခဏပြောနေတယ်၊ မင်းမှာ ခိုင်လုံတဲ့သက်သေအထောက်အထားရှိလား"
စစ်သူကြီးစူးသည် ချန်လဲ့မင်းသမီးမှာ ရှီမိသားစု၏တူမလေးဖြစ်ပြီး သူ့သားအတွက် အဆိပ်ဖြေဆေးရှာပေးကာ အသက်ကယ်တင်ပေးခဲ့သူဖြစ်ကြောင်း ယနေ့မှသာ သိရှိခဲ့ရခြင်းဖြစ်သည်။
"အိမ်တော်ထဲက အစေခံတွေနဲ့ ကိုယ်ရံတော်တွေ အကုန်လုံး သက်သေခံနိုင်ပါတယ်”
ယုံနင်နယ်စားက အလျင်အမြန်ဆို၏။
"ရယ်စရာကောင်းလိုက်တာ၊ မင်းရဲ့ယုံနင်နယ်စားအိမ်တော်က ကိုယ်ရံတော်တွေနဲ့ အစေခံတွေကတော့ မင်းပြောသမျှ အဟုတ်ပဲပေါ့၊ အဲဒါက ဘယ်လိုလုပ် သက်သေဖြစ်မှာလဲ၊ မင်းကို ငါမေးမယ်၊ ချန်လဲ့မင်းသမီးက မင်းရဲ့ဇနီးကို ကွာရှင်းဖို့ သွေးထိုးခဲ့တယ်၊ မင်းရဲ့ အိမ်တော်ကိုလည်း အကုန်လုယက်သွားတယ်လို့ မင်း ခဏခဏပြောနေတယ်၊ အဲဒါကို တခြားဘယ်သူမြင်လိုက်သေးလဲ"
စစ်သူကြီးစူးသည် ယုံနင်နယ်စားကို ရင်ဆိုင်ကာ ကျယ်လောင်စွာမေးလိုက်သည်။ အကြောင်းရင်းတစ်ခုကြောင့် ညီလာခံတွင်းရှိလူအချို့မှာ ချန်လဲ့မင်းသမီးကို တစ်ယောက်ပြီးတစ်ယောက် ကဲ့ရဲ့ရှုံ့ချနေကြသည်။ ကြင်နာတတ်သော ငါးနှစ်အရွယ်မိန်းကလေးငယ်လေးက မည်သို့သောမကောင်းမှုကို ပြုလုပ်နိုင်ပါမည်နည်း။ ဤအရွယ်ရောက်ပြီးသား အမျိုးသားကြီးများမှာ ကလေးငယ်တစ်ယောက်ကို တစ်ဦးပြီးတစ်ဦးပစ်မှတ်ထားကာ ဤကဲ့သို့ အဓိပ္ပာယ်မရှိသောအကြောင်းပြချက်များပေးနေကြသည်မှာ အမှန်ပင် အရှက်မရှိလှချေ။
"ချန်လဲ့မင်းသမီးက ငါ့အိမ်တော်ဝင်းထဲကို တံတိုင်းကျော်ဝင်လာခဲ့တာ၊ ညဘက်မှာလည်း ငါတို့ဆီက ပစ္စည်းတွေကို လုဖို့ရောက်လာခဲ့တယ်၊ ယုံနင်နယ်စားအိမ်တော်က အစေခံတွေနဲ့ ကိုယ်ရံတော်တွေကလွဲရင် တခြား အပြင်လူတွေ မမြင်လိုက်ကြဘူး"
ထိုအခါမှသာ ယုံနင်နယ်စားသည် ချန်လဲ့မင်းသမီးမှာ ငယ်ရွယ်သော်လည်း အလွန်နက်နဲသောအကြံအစည်နှင့် ပါးနပ်မှုရှိကာ ကိစ္စအဝဝကို အပြစ်ဆိုဖွယ်မရှိအောင် စီစဉ်သွားခဲ့ကြောင်း သဘောပေါက်လိုက်တော့သည်။
"မဟုတ်ဘူး မဟုတ်သေးဘူး”
ယုံနင်နယ်စားသည် ရုတ်တရက်သတိဝင်လာ၏။ ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ယောက်မှာ ဤမျှအထိ စွမ်းအားရှိနိုင်စရာအကြောင်းမရှိချေ။ ၎င်းမှာ ကျန့်ပေနယ်စားအိမ်တော်က လုပ်ဆောင်ခြင်းသာဖြစ်ရမည်။ ဟုတ်ပါသည်။ ကျန့်ပေနယ်စားအိမ်တော်က သူ့မိသားစုကို ပစ်မှတ်ထားနေခြင်းဖြစ်ရမည်။ သူတို့စတုတ္ထသားမှာ အသက်ပြန်ရှင်လာပြီး အတိတ်မှအကြောင်းများအား သိသွားခဲ့သည်လား။ ယခု သူက ကလဲ့စားချေရန် ရောက်လာသည်လားဟု တွေးနေမိသည်။
သို့သော် ထိုသို့မဖြစ်နိုင်ချေ။ အတိတ်မှ သက်သေအထောက်အထားများအားလုံးဖျက်ဆီးပစ်ခဲ့ပြီဟု ဝတ်စုံနက်နှင့်လူက ပြောခဲ့သည်။ တစ်ခုခု ကျန်ရစ်နေခဲ့သည်လား။
သို့သော် ထိုစဉ်ကကိစ္စများကို သူသည် အတင်းအဓမ္မစေခိုင်းခံရ၍ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။ အကယ်၍ ထိုလူများက ယန်အာကိုသာပြန်ပေးမဆွဲခဲ့ပါက ယခုအချိန်တွင် သူတို့ မည်သည့်နေရာမှာ ပုန်းနေကြမည်ကို သူသိလိမ့်မည်မဟုတ်ချေ။ ယန်အာမှာ သူ၏တစ်ဦးတည်းသော တရားဝင်သားဖြစ်သည်ပင်။ ထိုသို့သာမဟုတ်ခဲ့လျှင် သူသည် ဤကဲ့သို့ ယုတ်ညံ့သောကိစ္စမျိုးကို လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။
ထို့ပြင် သူသည် ထိုကိစ္စတွင်ပါဝင်ပတ်သက်သူမျှသာဖြစ်ပြီး နောက်ကွယ်မှ ကြိုးကိုင်သူလည်းမဟုတ်ချေ။ အဘယ်ကြောင့် ရှီမိသားစုက သူ့ကိုမှ သီးသန့်ရွေးပြီး ပစ်မှတ်ထားနေရသနည်း။
လူအများ၏စောင့်ကြည့်နေသော အကြည့်များအောက်တွင် ယုံနင်နယ်စားသည် စိုးရိမ်စိတ်ကြောင့် ချွေးများ ထွက်နေသော်လည်း မည်သည့်သက်သေအထောက်အထားကိုမျှ မတင်ပြနိုင်ခဲ့ချေ။
၎င်းကိုမြင်သောအခါ စစ်သူကြီးစူးသည် ဦးညွှတ်၍ ဘုရင်မင်းမြတ်အား လျှောက်တင်လိုက်၏။
"အရှင်မင်းကြီး ယုံနင်နယ်စားက အဓိပ္ပာယ်မရှိတဲ့စကားတွေနဲ့ ချန်လဲ့မင်းသမီးကို မဟုတ်မမှန်စွပ်စွဲနေခြင်းသာ ဖြစ်ပါတယ်၊ ဒါပေမယ့် သူက သက်သေတစ်ခုမှ မပြနိုင်ပါဘူး၊ ချန်လဲ့မင်းသမီးအပေါ် သူ့ရဲ့ယုတ်ညံ့တဲ့ ကဲ့ရဲ့ရှုံ့ချမှုဟာ တကယ့်ကိုရဲတင်းလွန်းလှသလို မဆင်မခြင်လည်းရှိလှပါတယ်"
ယုံနင်နယ်စား၏မျက်နှာမှာ ပြာနှမ်းသွားပြီး အထစ်ထစ်အငေါ့ငေါ့လျှောက်တင်ပြန်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုးက အခုလောလောဆယ် သက်သေမရှိသေးတာပါ၊ ဒါပေမဲ့ ဒီကိစ္စက အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ၊ ကျွန်တော်မျိုးပြောသမျှ အမှန်တွေဖြစ်ပြီး လိမ်ညာမှု တစ်စုံတစ်ရာ မပါဝင်ကြောင်း ကောင်းကင်ကို တိုင်တည်ရဲပါတယ်၊ အရှင်မင်းကြီးအနေနဲ့ သေချာစုံစမ်းပေးတော်မူပါ"
"ယုံနင်နယ်စား မင်းက ဘာသက်သေမှမရှိဘဲ ချန်လဲ့မင်းသမီးကို တိုင်တန်းရဲတယ်ပေါ့၊ ဒီညီလာခံကို မင်းစိတ်ထင်သလို လျှောက်ပြောလို့ရတဲ့နေရာလို့ ထင်နေတာလား၊ မင်းသာ ဒီလို အဓိပ္ပာယ်မရှိတာတွေကို ဆက်ပြောနေဦးမယ်ဆိုရင် ငါကိုယ်တော် မင်းကို အလွတ်ပေးမှာ မဟုတ်တော့ဘူး"
ဘုရင်မင်းမြတ်သည် နဂါးပလ္လင်ကို လက်သီးဖြင့် ထုကာဟိန်းဟောက်လိုက်၏။ ဝင်ရောက်လျှောက်တင်ရန် အခွင့်အရေးကိုစောင့်နေကြသော နန်းတွင်းထုံးတမ်းစဉ်လာဆိုင်ရာ ဝန်ကြီး ချန်သည် ချက်ချင်းပင် ရှေ့သို့တက်လာပြီး အရှင်မင်းကြီးကို တရိုတသေဦးညွှတ်ကာ ကျယ်လောင်စွာဆိုလိုက်သည်။
"အရှင်မင်းကြီး ယုံနင်နယ်စားနဲ့ ကျွန်တော်မျိုးရဲ့သမီးတို့ ကွာရှင်းခြင်းက သူမကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်သာ ဖြစ်ပါတယ်၊ ချန်လဲ့မင်းသမီးရဲ့သွေးထိုးမှု တစ်စုံတစ်ရာမပါဝင်ခဲ့ပါဘူး၊ ဒါ့အပြင် ချန်လဲ့မင်းသမီးက မြို့တော်ပြန်ရောက်တာ မကြာသေးဘဲ ကျွန်တော်မျိုးရဲ့သမီးနဲ့လည်း ဘယ်လို ပတ်သက်မှုမှမရှိပါဘူး၊ သူမက ဘာကြောင့် ကျွန်တော်မျိုးရဲ့သမီးကို ယုံနင်နယ်စားအိမ်တော်က ပစ္စည်းတွေလုယူဖို့ ကူညီပေးပါ့မလဲ၊ ဒါ့အပြင် အဲ့ဒီလုယူတယ်ဆိုတဲ့ပစ္စည်းတွေက ကျွန်တော်မျိုးသမီးရဲ့ခန်းဝင်ပစ္စည်းတွေဖြစ်ပြီး သူမနှင့်သာ တရားဝင်ဆိုင်ပါတယ်၊ ဒါကို ဘာလို့လုယက်ခြင်းလို့ သတ်မှတ်နိုင်ပါ့မလဲ၊ ဒီထက်ပိုဆိုးတာက ယုံနင်နယ်စားအိမ်တော်က ကျွန်တော်မျိုးသမီးရဲ့ ခန်းဝင်ပစ္စည်းတွေကို နှစ်ပေါင်းများစွာ မှီခိုသုံးစွဲလာခဲ့တာဖြစ်ပါတယ်၊ အခုဒီအမတ်အိုကြီးက အရှင်မင်းကြီးဆီ ဝပ်တွားအသနားခံလိုတာက ကျွန်တော်မျိုးရဲ့သမီးကို ကွာရှင်းခွင့် ပြုဖို့ပါ၊ သူမရဲ့တစ်ဦးတည်းသော သမီးကိုလည်း သူမနဲ့အတူခေါ်ဆောင်ခွင့်ပြုပြီး လွတ်လပ်ခွင့်ပေးသနားတော်မူပါ"
ထိုသို့လျှောက်တင်ပြီးနောက် ဝန်ကြီးချန်၏မျက်နှာမှာ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်သွားကာ တစ်ကိုယ်လုံးတုန်ရင်လျက် ဘုန်းခနဲမြည်အောင် ဒူးထောက်ချလိုက်၏။ သူ့နဖူးမှာ အေးစက်သောကြမ်းပြင်နှင့် ပြင်းထန်စွာ ရိုက်ခက်သွားပြီး သူ့အသံမှာ ဝမ်းနည်းဖွယ်ကောင်းနေသော်လည်း ခိုင်မာလှပေသည်။
"အရှင်မင်းကြီး ဒီအမတ်အိုကြီးက အသနားခံပါတယ်၊ ကျွန်တော်မျိုးရဲ့ သမီးအတွက် တရားမျှတမှုကိုပေးပါ”
အကယ်၍ မနေ့က အထိန်းတော်ကြီးသာ သူနှင့် သူ့ဇနီးထံသို့ လာရောက်ကာ သမီးဖြစ်သူ ယုံနင်နယ်စားအိမ်တော်တွင် မည်သို့နေထိုင်ခဲ့ရကြောင်း အသေးစိတ်မပြောပြခဲ့လျှင် သမီးဖြစ်သူ ထိုနေရာတွင် အဆင်ပြေနေသည်ဟု သူ ထင်နေမိဦးမည်ဖြစ်သည်။ သမီးဖြစ်သူသည် မိဘအိမ်သို့ပြန်လာတိုင်း ကောင်းသတင်းများကိုသာ ပြောလေ့ရှိပြီး သတင်းဆိုးများကို ဘယ်သောအခါမှ မပြောပြခဲ့ချေ။ ယုံနင်နယ်စားအိမ်တော်မှ သခင်မကြီးမှာ သမီးဖြစ်သူအပေါ် ဤမျှအထိ ဆိုးဆိုးရွားရွား ဆက်ဆံလိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ပေ။
ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွား၏။ အမတ်တစ်ဦးက ရှေ့သို့တက်လာပြီး ကန့်ကွက်လေသည်။
"အရှင်မင်းကြီး ရှေးယခင်ကတည်းက ကွာရှင်းထားတဲ့ အမျိုးသမီးတစ်ဦးဟာ သူမသားသမီးတွေကို ခေါ်ဆောင်သွားနိုင်တဲ့ သာဓကမရှိခဲ့ဖူးပါဘူး”
သို့သော် ဘုရင်မင်းမြတ်၏မျက်နှာမှာ ညိုမှောင်သွားပြီး ယုံနင်နယ်စားကို စိုက်ကြည့်ကာ ဒေါသတကြီးအပြစ်တင်လေတော့သည်။
"ယုံနင်နယ်စား မင်းကတကယ့်ကို ရဲတင်းလွန်းတယ်၊ မင်းရဲ့ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေအတွက် ချန်လဲ့မင်းသမီးကို မဟုတ်မမှန်စွပ်စွဲရဲတယ်ပေါ့လေ၊ အခုချက်ချင်းပဲ မင်းကိုအိမ်တွင်းအကျယ်ချုပ် သုံးလချမှတ်ပြီး နောင်တရစေမယ်၊ တစ်နှစ်စာ လစာကိုလည်း ဖြတ်တောက်မယ်၊ ဒါ့အပြင် မင်းရဲ့နယ်စားဘွဲ့ကိုရုတ်သိမ်းပြီး အမည်ခံနယ်စားမင်းအဆင့် လျှော့ချအပြစ်ပေးလိုက်တယ်"
ထို့နောက် ဘုရင်မင်းမြတ်သည် ကြမ်းပြင်တွင် ဒူးထောက်ကာ အသနားခံနေသော ဝန်ကြီးချန်ထံသို့ အကြည့်လွှဲလိုက်ပြီး ခေတ္တမျှစဉ်းစားပြီးနောက် မိန့်ကြားလိုက်၏။
"ဒီနေ့ကိစ္စက ထူးခြားတာကြောင့် ဝန်ကြီးချန်ရဲ့တောင်းဆိုချက်ကို ငါကိုယ်တော်ခွင့်ပြုလိုက်တယ်”
ဘုရင်မင်းမြတ်၏ ခွင့်ပြုချက်ကိုရရှိသောအခါ ဝန်ကြီးချန်သည် ဝမ်းသာအားရမျက်ရည်ကျကာ တုန်ရင်နေသောအသံဖြင့် ကျေးဇူးတင်စကားဆိုလိုက်တော့သည်။
"အရှင်မင်းကြီးက ပညာရှိပြီး သနားကြင်နာတတ်လှပါတယ်၊ အရှင်မင်းကြီးရဲ့ ကျေးဇူးတော်ကြောင့် ဒီအမတ်အိုကြီးမှာ မျက်ရည်ပါကျရပါတယ်၊ ကျွန်တော်မျိုးရဲ့သမီးကိုယ်စား အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်၊ အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ”
အောက်ရှိအခြားအမတ်များမှာမူ အချင်းချင်း တီးတိုးဆွေးနွေးလာကြကုန်၏။ ကွာရှင်းထားသော အမျိုးသမီးတစ်ဦးက သူမ၏သားသမီးကို ခေါ်ဆောင်သွားနိုင်ခြင်းမှာ သမိုင်းတွင် တစ်ခါမျှမရှိခဲ့ဖူးသောကိစ္စပင် ဖြစ်သည်။ ဤသည်မှာ စံနမူနာသစ်တစ်ခုဖြစ်သွားခဲ့ပြီဖြစ်ရာ အနာဂတ်တွင် ဘာများဆက်ဖြစ်လာမည်နည်းဟု သူတို့ တွေးတောနေကြလေတော့၏။
ကံဆိုးလှသည်မှာ ဘုရင်မင်းမြတ်သည် အမတ်များ၏ငြင်းခုံဆွေးနွေးမှုများကို ဆက်လက်နားထောင်လိုစိတ်မရှိတော့ချေ။ ညိုမှောင်နေသော မျက်နှာထားဖြင့်လှည့်ထွက်သွားရာ ခန့်ညားထည်ဝါလှသောကျောပြင်မှာ လူအများ၏အမြင်အာရုံထဲမှ ခဏချင်းမှာပင် ပျောက်ကွယ်သွားတော့၏။
ဘုရင်မင်းမြတ်သည် နန်းဆောင်သို့ပြန်ရောက်သောအခါ အားလုံးကိုထွက်သွားရန် အမိန့်ပေးလိုက်လေသည်။ မကြာမီမှာပင် အရိပ်မည်းတစ်ခု ဧကရာဇ်မင်းမြတ်ရှေ့ ရုတ်တရက်ပေါ်လာလေတော့၏။