အခန်း ၈၈
Vol. 9 Ch. 88
(အခန်း)88
{ဒီအပိုင်းကစပြီး ငါကိုယ်တော်အစား ကျန်းလို့သုံးပါမယ်}
"အရှင်မင်းကြီး အရင်ကချင်းရှန်းခရိုင်ဂူအတွင်းမှာရှိတဲ့ ဝတ်စုံနက်နဲ့လူတွေအကြောင်းကို စုံစမ်းဖို့အတွက် နန်းတွင်းစစ်ဆေးရေးအရာရှိယန်ကို စေလွှတ်ခဲ့ပါတယ်၊ အရာရှိယန်က သဲလွန်စအချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ချင်းရှန်းခရိုင်ကနေ အရှင်မင်းကြီးဆီကို သတင်းပို့ခဲ့ပေမဲ့ အဲဒီသတင်းပါလာတဲ့ ချိုးငှက်ကို ချန်လဲ့မင်းသမီးနဲ့ ကလေးတစ်သိုက်က မတော်တဆ ကြားဖြတ်ဖမ်းမိသွားခဲ့ပါတယ်"
ဘုရင်မင်းမြတ်သည် မျက်မှောင်အသာကြုတ်လိုက်ပြီးနောက် အဓိပ္ပာယ်ပါသောအပြုံးတစ်ခုကိုပြုံးလျက် လေးနက်သောအသံဖြင့် မိန့်ကြားလိုက်၏။
"ကိစ္စမရှိဘူး၊ ဒီအခွင့်အရေးကိုသုံးပြီး ဒီကိစ္စကို ပိုကြီးကျယ်သွားအောင်လုပ်လိုက်ပါ၊ ဒါပေမဲ့ ဒါကို ကျန်းလုပ်တယ်ဆိုတာ ဘယ်သူမှမသိစေနဲ့၊ အရိပ်ထဲမှာပုန်းနေတဲ့ အဲဒီလူတွေ ဘယ်လိုလှုပ်ရှားလာမလဲဆိုတာ ကျန်းစောင့်ကြည့်ရသေးတာပေါ့"
အရိပ်နက်သည် ခေါင်းကိုအသာမော့လိုက်ရာ သူ့မျက်ဝန်းများတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေ၏။
"အရှင် တစ်ကယ်လို့ အရှင်သာ ဒါကို တိတ်တဆိတ်လုပ်ဆောင်နေတယ်ဆိုတာ အခြားသူတွေသိသွားပြီး အရှင်က သူတို့ကို သစ္စာဖောက်ချင်နေတာလို့ထင်သွားရင် ဘယ်လိုလုပ်မလဲ"
ဘုရင်မင်းမြတ်သည် ခေါင်းကို အသာ စောင်းကာပြုံးလိုက်ပြီး
"စိတ်မပူပါနဲ့ ကျန်းမသေနိုင်ပါဘူး၊ သူတို့က ဒီနေရာမှာထိုင်ဖို့အတွက် ရုပ်သေးရုပ်တစ်ရုပ် လိုအပ်နေသေးတယ်၊ ပြီးတော့ ကျန်းက အသင့်တော်ဆုံးပဲ မဟုတ်လား"
"ဒါဆို အကယ်လို့ သူတို့က အရှင်မင်းကြီးရဲ့ကိုယ်ထဲက 'ကူ' ပိုးကောင်တွေကို နှိုးဆွပြီးပြန်ပြင်လို့မရတဲ့ကိစ္စတစ်ခုခု လုပ်လိုက်ရင်ရော၊ အရှင်မင်းကြီး ကျွန်တော်မျိုး.."
အရိပ်ထဲရှိလူသည် လွန်စွာစိုးရိမ်ပူပန်နေသဖြင့် သူ့အသံမှာ တုန်ရင်လေးလံနေသည်။ ဘုရင်မင်းမြတ်သည် လက်ကိုအသာဝှေ့ယမ်းလိုက်ပြီး ထိုသူ၏စိုးရိမ်ပူပန်မှုများကို ရပ်တန့်စေလိုက်၏။ ဘုရင်မင်းမြတ်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ကာ ပြတင်းပေါက်နားသို့ လျှောက်သွားပြီး အပြင်ဘက်ကိုကြည့်လျက် ဆိုလိုက်သည်။
"ဒီတစ်ခါ ဂူထဲကိုသွားတုန်းက ရတနာတွေနဲ့ 'ကူဘုရင်'ကို မတွေ့ခဲ့ဘူးလား"
အရိပ်နက်သည် ဒူးတစ်ဖက်ထောက်လိုက်ကာ ခေါင်းကိုငုံ့လျက် အပြစ်ရှိသကဲ့သို့ ဆိုလိုက်၏။
"အရှင်မင်းကြီး ကျွန်တော်မျိုးတာဝန်မကျေခဲ့ပါဘူး၊ ကျွန်တော်မျိုး ဂူထဲကို ရောက်တဲ့အချိန်မှာ တခြားလူတွေက ပိုင်ဆိုင်မှုတွေအားလုံးနဲ့အတူ 'ကူ' ပိုးကောင်တွေ၊ 'ကူဘုရင်' တွေကိုပါ ယူသွားကြပါပြီ၊ ကျွန်တော်မျိုး သေသင့်ပါတယ်”
ဘုရင်မင်းမြတ်သည် ပြတင်းပေါက်အပြင်ဘက်သို့ကြည့်လျက် ငေးမောနေ၏။ အရှင်မင်းကြီး၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များမရှိဘဲ ဤသို့ဖြစ်လာမည်ကို သိရှိထားသည့်အလား စိတ်သက်သာရာရနေသော အမူအရာသာ ရှိပေသည်။
"ထပါ ကိစ္စမရှိပါဘူး ဒါက ကံကြမ္မာလည်း ဖြစ်နိုင်ပါတယ်လေ"
အရိပ်ထဲရှိလူသည် လက်သီးကို တင်းတင်းဆုပ်ကာ ပြတ်သားသော မျက်နှာထားဖြင့် ကတိပြုလိုက်သည်။
"အရှင်မင်းကြီး ကျွန်တော်မျိုး ဘယ်တော့မှ လက်လျှော့မှာမဟုတ်ပါဘူး၊ ဓါးတောင်ကိုပဲကျော်ရကျော်ရ မီးပင်လယ်ပဲဖြတ်ရဖြတ်ရ 'ကူဘုရင်' ကို ဆက်ရှာပြီး အရှင်မင်းကြီးကို သူတို့ရဲ့ ထိန်းချုပ်မှုအောက်ကနေ အမြန်ဆုံး လွတ်မြောက်အောင် ကူညီပေးပါ့မယ်"
ဘုရင်မင်းမြတ်သည် ထိုသူ့ပုခုံးကို အသာပုတ်လိုက်၏။
"မင်းရဲ့သစ္စာရှိမှုကြောင့် ကျန်းစိတ်သက်သာရာရမိပါတယ်၊ အရာရာကို ဂရုစိုက်ပါ"
အရိပ်ထဲရှိလူသည် လက်ဖဝါးနှင့် လက်သီးကိုထိ၍ အရိုအသေပြုပြီးဆိုလိုက်သည်။
"ကျွန်တော်မျိုး အရှင်မင်းကြီးပေးအပ်တဲ့တာဝန်ကို ပျက်ကွက်စေမှာမဟုတ်ပါဘူး"
ထို့နောက် နန်းဆောင်အတွင်းမှ ခဏချင်းပင် ပျောက်ကွယ်သွားတော့၏။
ကျန့်ပေနယ်စားအိမ်တော်တွင်မူ ရှောင်ကျိုးနှင့် အဖွဲ့သားများသည် နောက်တစ်ကြိမ် အပြစ်ပေးခံရပြန်၏။
ကလေးတစ်သိုက်သည် ခေါင်းပေါ်တွင် ပန်းကန်လုံးလေးများတင်ကာ တံတိုင်းခြေရင်း၌ မြင်းထိုင် ထိုင်နေကြရ၏။ ဆရာကြီးရွှီသည် ပေတံကိုကိုင်ကာ ဒေါသကြောင့် မုတ်ဆိတ်မွေးများပင် ထောင်နေပေသည်။
"မင်းတို့ ခိုးစရာ ဒီလောက်များတာကို သူတပါးရဲ့ဘိုးဘေးခန်းမကကမ္ဗည်းတိုင်တွေကိုမှ ခိုးရသလား၊ အဲဒါက တကယ့်ကို ရိုင်းပျတဲ့ကိစ္စဆိုတာ မင်းတို့မသိကြဘူးလား"
ရှီအန်းသည် မသိနားမလည်ဟန်ဖြင့် ခေါင်းခါပြလိုက်၏။
အထိန်းတော်ကြီးက အရေးကြီးပြီး တန်ဖိုးရှိတာတွေကို သယ်ခိုင်းလိုက်တာ မဟုတ်ဘူးလား။
သူ့အိမ်တွင်လည်း ဘိုးဘေးခန်းမမှ ကမ္ဗည်းတိုင်များကို အလွန်တန်ဖိုးထားသည်အား မြင်ဖူးသဖြင့် ၎င်းသည် အိမ်တော်တွင် အဖိုးတန်ဆုံးအရာဖြစ်မည်ဟု ထင်ကာ အထိန်းတော်ကြီးအတွက် သယ်ထုတ်လာပေးခြင်းဖြစ်သည်။
ဆရာကြီးရွှီ၏ ဒေါသထွက်နေသော မျက်နှာကိုမြင်သောအခါမှ ရှီအန်းသည် သူ တစ်ခုခုမှားသွားပြီဖြစ်ကြောင်း သတိပြုမိပြီး လိမ္မာပါးနပ်စွာ အပြစ်ပေးခံနေလိုက်တော့သည်။
ထိုစဉ် အပြစ်မလုပ်ဘဲ ပါဝင်နေရသူများမှာမူ မကျေမနပ်ဖြစ်နေကြ၏။
"ကျွန်မက အဲဒီကမ္ဗည်းတိုင်ကို ခိုးတာမှ မဟုတ်တာ၊ ဘာလို့ အပြစ်ပေးခံရတာလဲ"
ရှောင်ကျိုးကန့်ကွက်လိုက်သည်။ သူမသည် အလေးဆုံးပစ္စည်းတွေကိုသာ ရွေးထမ်းခဲ့ခြင်းဖြစ်ပြီး ကမ္ဗည်းတိုင်ကို မထိခဲ့ပါချေ။ ထိုသို့ဆိုလျှင် သူမက အဘယ်ကြောင့် ရိုင်းပျရာရောက်ရပါမည်နည်း။
ရှောင်ကျိုးသည် သူမလက်သီးကို အကြိမ်ကြိမ် ဆုပ်လိုက်၊ လွှတ်လိုက် လုပ်နေမိ၏။ ဆရာကြီးရွှီသည် ရှောင်ကျိုး၏လက်သီးဆုပ်ကို မြင်သောအခါ ပို၍ပင်ဒေါသထွက်သွားတော့သည်။
"မင်းက ငါ့ကိုပါထပ်ရိုက်ချင်နေတာလား"
ရှောင်ကျိုးသည် တိတ်တဆိတ်သာနေလိုက်၏။ ဆရာကြီးရွှီမှာ ဒေါသကြောင့် မျက်စိများပင် ပြာဝေလာတော့သည်။ မတွေ့ရသည်မှာ မကြာသေးသော်လည်း ဤကလေးများမှာ တကယ့်ကို ထိန်းမနိုင် သိမ်းမရဖြစ်ကုန်ကြပြီဖြစ်သည်။
"ဒီမြို့တော်ကြီးက ချင်းရှန်းခရိုင်နဲ့မတူဘူးဆိုတာ မင်းသိလား၊ ဒီတစ်ခါတော့ မင်းတို့ရဲ့မကောင်းမှုတွေကို အပြင်လူတွေမမြင်လိုက်လို့ ကံကောင်းသွားတာပဲ၊ အဲဒါကြောင့်လည်း ယုံနင်နယ်စားက သက်သေမပြနိုင်ခဲ့တာ၊ ဒါပေမဲ့ တကယ်လို့ သူက ဒီနေ့သက်သေထုတ်ပြနိုင်ခဲ့ရင်ရော၊ အရှင်မင်းကြီးက မင်းကို ဘယ်လိုအပြစ်ပေးမလဲဆိုတာ မင်းစဉ်းစားဖူးလား"
"သူ ကျွန်မကိုမနိုင်ပါဘူး"
ရှောင်ကျိုးက အလွန်ယုံကြည်ချက်ရှိပေသည်။ သူမသည် ဤနေရာ၌ သေချာပေါက် အနှိုင်းမဲ့ဖြစ်သည်ဟု မှတ်ယူထား၏။
ဆရာကြီးရွှီမှာ ခဏမျှဆွံ့အသွားပြီးနောက် စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံသွန်သင်လေသည်။
"အရာရာတိုင်းကို လက်သီးနဲ့ဖြေရှင်းလို့မရဘူး၊ တစ်ခုခုမလုပ်ခင်မှာ သေချာစဉ်းစားရမယ်၊ ပြီးတော့ ယုတ္တိရှိရှိနဲ့ အကျိုးအကြောင်းခိုင်လုံရမယ်၊ မင်း နားလည်ရဲ့လား"
ရှောင်ကျိုး ခေါင်းခါပြလိုက်၏။ လက်သီးနဲ့တင် အရာအားလုံးကိုဖြေရှင်းနိုင်နေတာကို ဘာလို့ အကျိုးအကြောင်းတွေ ပြောနေရဦးမှာလဲဟု သူမတွေးနေမိသည်။
တိုက်ခိုက်ဖို့သာ စိတ်အားထက်သန်နေပြီး နားမလည်နိုင်ဖြစ်နေသော ထိုကလေးငယ်ကိုကြည့်ကာ ထောင်ယွမ်ရွာသားများက ဤကလေးခေါင်းထဲ ဘာတွေများရိုက်သွင်းပေးလိုက်သနည်းဟု ဆရာကြီးရွှီမတွေးဘဲ မနေနိုင်တော့ချေ။
အပြစ်ကင်းစင်ဟန်ရှိသော ကလေးငယ်ကိုကြည့်ရင်း ဆရာကြီးရွှီမှာ နောက်ဆုံးတွင် စိတ်ပျော့သွားကာ ရှောင်ကျိုးခေါင်းပေါ်မှ ပန်းကန်လုံးကိုဖယ်ပေးလိုက်၏။ ထို့နောက် သူမကိုဆွဲခေါ်ကာ ဆိုလိုက်သည်။
"လူတိုင်းက လိမ္မာယဉ်ကျေးတဲ့ ကလေးတွေကိုပဲ ချစ်ကြတာ၊ မင်းက ပြဿနာတွေကို လက်သီးနဲ့ပဲဖြေရှင်းတတ်မယ်ဆိုရင် လူတွေက မင်းကိုလူရမ်းကားလို့ပဲ မြင်ကြလိမ့်မယ်၊ ငါတို့က လူတွေကို အကျိုးရယ်အကြောင်းရယ် နားဝင်အောင်ပြောရမယ်"
"ထောင်ယွမ်ရွာက ဦးဦး ဒေါ်ဒေါ်တွေရော၊ မျိုးနွယ်စုလူကြီးတွေရော အကုန်လုံးက ကျွန်မကိုချစ်ကြတာပဲ၊ ကျွန်မရဲ့ အဘွား၊ အဒေါ်တွေနဲ့ ဦးလေးတွေကလည်း ချစ်ကြတာပဲလေ၊ လောကကြီးက ကျွန်မကိုချစ်ဖို့ ဘာလို့ မျှော်လင့်နေရမှာလဲ၊ ပြီးတော့ လူတွေကို ဘာလို့အကျိုးအကြောင်းနဲ့ နားဝင်အောင်ပြောနေရမှာလဲ"
ရှောင်ကျိုးက နားမလည်နိုင်ဟန်ဖြင့်မေးလိုက်၏။
"ဥပမာတစ်ခု ပေးမယ်"
ဆရာကြီးရွှီသည် တံတိုင်းခြေရင်း၌ အပြစ်ပေးခံနေရသူများကို တစ်ချက်ကြည့်ကာ ကလေးတစ်ယောက် နားလည်နိုင်မည့် နည်းလမ်းဖြင့်ပြောပြလေသည်။
"တကယ်လို့ တစ်နေ့မှာ မင်းရဲ့ရွာသား ကျောက်ဟူက တစ်ယောက်ယောက်နဲ့ ပြဿနာတက်နေတာကို မင်းမြင်တယ်ဆိုပါစို့၊ မင်းက သုန့်ရှားမင်းဆက်ရဲ့ မင်းသမီးတစ်ပါးအနေနဲ့ရော ထောင်ယွမ်ရွာသူတစ်ယောက်အနေနဲ့ပါ ဘာကြောင့်လဲလို့မမေးဘဲ ဝင်ရိုက်လိုက်မယ်ဆိုရင် လူတွေက မင်းကိုကိုယ့်လူကိုယ်အကာအကွယ်ပေးပြီး အကျိုးအကြောင်းမသိတဲ့ မင်းသမီးလို့ မထင်ကြဘူးလား"
"ဟုတ်တယ်လေ၊ ကျွန်မဝင်ရိုက်မှာပဲ၊ ကျွန်မက ကျောက်ဟူကို ကူညီဖို့သွားတာလေ၊ တရားမျှတမှုရှာဖို့ သွားတာမှ မဟုတ်တာ၊ အရင်ရိုက်ပြီးမှ အကြောင်းရင်းကို မေးလို့မရဘူးလား"
"တကယ်လို့ အဲဒါကျောက်ဟူရဲ့အပြစ်ဖြစ်နေရင်ရော"
"ကျွန်တော် ဘာမှမမှားဘူးနော်"
ကျောက်ဟူက အလျင်အမြန်ပြန်ပြောလိုက်၏။ သူက ဘာလို့မှားရမှာလဲ။ ဤဆရာကြီးရွှီက လူကိုစွပ်စွဲနေခြင်းသာဖြစ်ပေသည်။
"ငါက ဥပမာအနေနဲ့ပြောတာ"
ဆရာကြီးရွှီမှာ အော်မိလုနီးပါးဖြစ်သွားရ၏။ သူသည် ‘သူက ကလေးပဲ ရှိသေးတာ၊ သူက ကလေးပဲ ရှိသေးတာ၊ စိတ်မတိုနဲ့’ ဟု မိမိကိုယ်ကို ပြန်လည် ထိန်းသိမ်းနေရ၏။
"ဒါဆိုရင်တော့ ကျွန်မ ကျောက်ဟူကို ပြန်ရိုက်ပြီး သူ့ကိုတောင်းပန်ခိုင်းမှာပေါ့”
ရှောင်ကျိုး ဆိုလိုက်သည်။
"ဒါဆို မင်းက ဘာလို့မရိုက်ခင်မှာ အကြောင်းရင်းကို အရင်မစုံစမ်းတာလဲ"
ဆရာကြီးရွှီက နားမလည်နိုင်ဟန်ဖြင့်မေးပြန်၏။
"စကားနိုင် မလုနိုင်မှာစိုးလို့ အရင်ရိုက်လိုက်တာပါ”
ရှောင်ကျိုးက ပုံမှန်ကိစ္စတစ်ခုကဲ့သို့ ပြောလိုက်သည်။
မည်သို့ပင်ဖြစ်စေ သူမဝမ်းကွဲအစ်ကို ပြောခဲ့သည်ကို သူမမှတ်မိနေသည်။ အရင်ချ ပြီးမှ ပြော အကျိုးအကြောင်းနဲ့ ပြောလို့မရရင်တောင် အနည်းဆုံးတော့ ကိုယ့်ဒေါသကိုဖြေဖျောက်နိုင်ပြီး အရှုံးမရှိတော့ဘူးမဟုတ်လား။
"မင်းကို ဒီလိုမူဝါဒတွေ ဘယ်သူ သင်ပေးတာလဲ"
ရှောင်ကျိုးသည် ခဏစဉ်းစားပြီးနောက် ဆိုလိုက်၏။
"ကျွန်မ ကြီးပြင်းလာတာကို စောင့်ကြည့်ပေးခဲ့တဲ့သူပေါ့"
ဟုတ်ပေသည်။ သူမ၏ဝမ်းကွဲအစ်ကိုကြီးမှာ သူမကြီးပြင်းလာသည်အထိ စောင့်ကြည့်ပေးခဲ့သည်ပင်။
နောက်တစ်ကြိမ် ထောင်ယွမ်ရွာသို့သွားသည့်အခါ ထိုရွာသားများနှင့် သေချာပေါက် စကားပြောရန်လိုအပ်သည်ဟု ဆရာကြီးရွှီ ခံစားလိုက်ရသည်။ ထိုရွာသားများသည် အပြင်ပန်း မြင်ရသလောက် ရိုးရှင်းသူများမဟုတ်သည်မှာ သေချာပေသည်။ မဟုတ်လျှင် ဤကဲ့သို့သောကလေးမျိုးကို မည်သို့ မွေးထုတ်နိုင်ပါမည်နည်း။
"လောကမှာ မင်းထက်တော်တဲ့သူ၊ မင်းထက် သန်မာတဲ့သူ အမြဲရှိနေနိုင်တာပဲ၊ ဒီလောကမှာ မင်းထက်သန်မာတဲ့သူ မရှိဘူးလို့ မင်း အာမခံနိုင်လား၊ နန်းတွင်းကမဟုတ်တဲ့ သိုင်းလောကထဲမှာရော၊ သုန့်ရှားမင်းဆက်ပြင်ပက တခြားနိုင်ငံတွေမှာရော သိုင်းပညာထူးချွန်တဲ့သူတွေ အများကြီးရှိသေးတယ်၊ အဲဒီအချိန်ကျရင် မင်းဘာလုပ်မလဲ"
ဆရာကြီးရွှီသည် ဤကလေးမလေးမှာ မင်းသမီးဖြစ်ပြီး ရက်အနည်းငယ်အတွင်း ရန်သူများ အနှံ့အပြားဖြစ်နေကာ နောင်တစ်ချိန်တွင် မည်သို့သေဆုံးသွားမည်ကိုပင် မသိလိုက်ဘဲ ဖြစ်နေမည်ကိုစိုးရိမ်သဖြင့် တကယ်ပင် စေတနာနှင့် ဖျောင်းဖျနေခြင်းဖြစ်သည်။
"အဲဒီလောက် အဝေးကြီးတွေ ဘာလို့ စဉ်းစားနေရမှာလဲ၊ ကျွန်မက ငါးနှစ်ပဲရှိသေးတာလေ၊ ငါးနှစ်နဲ့တင် ဒီလောက် တော်နေတာ၊ ကြီးလာရင် ပိုပြီးတော့တောင် တော်ဦးမှာ၊ အဲဒီကျရင် လူတွေကို ပိုတောင်ရိုက်နိုင်ဦးမှာပေါ့"
ရှောင်ကျိုးသည် ယခုတစ်ခါတွင် ဆရာကြီးရွှီမှာ တကယ့်ကို ထူးဆန်းနေသည်ဟု ခံစားနေရ၏။ သူသည် အလွန်တရာစကားများနေသည့်အပြင် လူတွေကိုလည်း အမြဲတမ်းအပြစ်ပေးနေလေတော့သည်။