← Chapters

အခန်း ၈၉

Vol. 9 Ch. 89

အခန်း ၈၉

Vol. 9 Ch. 89

(အခန်း)89

​ရှောင်ကျိုး၏ပြန်လှန်ချေပချက်များကြောင့် ဆွံ့အလုနီးပါးဖြစ်သွားရသော ဆရာကြီးရွှီသည် ဒေါသအလိပ်လိုက် ထွက်လာပြီး ရှောင်ကျိုးအား တံတိုင်းထောင့်သို့ ပြန်လွှတ်ကာ မြင်းထိုင်ကျင့်စဉ်ကို ပြန်လည်လေ့ကျင့်ခိုင်းလိုက်လေတော့သည်။

​"မင်း ဘာတွေမှားခဲ့သလဲဆိုတာ သေချာပြန်သုံးသပ်စမ်း”

ထိုသို့ပြောပြီးနောက် ဆရာကြီးရွှီသည် ဒေါသတကြီးဖြင့် ထွက်ခွာသွား၏။

​ရှောင်ကျိုးသည် စိတ်ထဲမှနေ၍ စနစ် အား တိုးတိုးလေး မကျေမနပ်ဖြင့်ပြောလိုက်သည်။

"သူက ငါ့ကိုမနိုင်တာနဲ့ အပြစ်ပေးတာပဲ ကြည့်ဦး"

​စနစ် : “ဆရာကြီးရွှီက သခင်ကောင်းဖို့အတွက် လုပ်ပေးနေတာပါ၊ စဉ်းစားကြည့်ပါဦး၊ မြို့တော်ကို ရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်၊ ကလေးတစ်ယောက်ဖြစ်တဲ့သခင်က နှစ်ကြိမ်တောင် အတိုင်ခံလိုက်ရပြီလေ”

​"သူတို့က လူကြီးတွေဖြစ်ပြီး တိုင်တန်းနေကြတာလေ၊ ရှက်ဖို့ကောင်းလိုက်တာ တကယ်လို့ သူတို့မှာအရည်အချင်းရှိရင် ကိုယ့်ဘာသာကိုယ် ကလဲ့စားချေရမှာပေါ့”

ရှောင်ကျိုးက မခံမရပ်နိုင်စွာပြောလိုက်သည်။ မြို့တော်ရှိလူများသည် တကယ့်ကို သူရဲဘောကြောင်လွန်းလှသည်။ ထောင်ယွမ်ရွာမှလူများလို စိတ်ဓာတ်ခိုင်မာမှု လုံးဝမရှိကြချေ။

​သူမ လေးဘက်သွားကာစ စကားပင်မပြောတတ်သေးသည့် အချိန်တုန်းကပင် ရွာသားများ အနှိမ်ခံရလျှင် သူမသည် လမ်းစလျှောက်တတ်ရုံသာရှိသေးသည့် ကျောက်ဟူကို ခြင်းတောင်းထဲထည့်ကာ ကျောပိုးခိုင်းပြီး ကူညီခဲ့ဖူးသည်။ သူတို့နှစ်ယောက်သည် တောင်တက် တောင်ဆင်း၊ လဲကျလိုက် ထလိုက်နှင့် ဘေးရွာသို့ကလဲ့စားချေရန် သွားခဲ့ကြဖူး၏။

​၎င်းမှာ သူတို့နှစ်ဦး ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ကံကောင်းထောက်မစွာဖြင့် အနိုင်ရခဲ့ကြသည်။ သို့သော် ထိုအချိန်က ကျောက်ဟူသည် အိမ်ပြန်ရောက်သောအခါ ဖခင်ဖြစ်သူ၏အရိုက်ခံရသဖြင့် ရက်ဝက်ခန့်အထိ ခုတင်ပေါ်မှမထနိုင်ခဲ့ချေ။

​ထိုအချိန်မှစ၍ ကျောက်ဟူသည် ရွာသူကြီးအိမ်သို့ ခြင်းတောင်းကြီးတစ်လုံးနှင့် မကြာခဏလာလေ့ရှိပြီး ရွာသူကြီးလေးကို တိတ်တဆိတ်ခိုးထုတ်ကာ နှစ်ယောက်သား ရန်ဖြစ်ရန် လူလိုက်ရှာလေ့ရှိကြသည်။

​မကြာမီမှာပင် သူတို့နှစ်ဦးမှာ ခြင်းတောင်းလေးတစ်လုံးစီ ကျောပိုးထားရင်း တစ်ညတည်းနှင့် နာမည်ကြီးသွားကြတော့၏။ ရှောင်ကျိုးသည် ကလေးဘဝမှာပင် ထိုကလေးတစ်သိုက်၏ခေါင်းဆောင် ဖြစ်လာခဲ့သည်။

​စနစ် : “မြို့တော်ကလူတွေကတော့ လူတွေကို အကျိုးအကြောင်းပြပြီး နားဝင်အောင်ပြောရတာကို ပိုတော်ကြတယ်လေ”

​စနစ်သည်ပြောပြီးသည်နှင့် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရ၏။ အင်အားသုံး၍ နှိမ်နင်းတတ်သော ထောင်ယွမ်ရွာမှလွဲလျှင် ဤလောကရှိ လူအများစုမှာ အကျိုးအကြောင်းနှင့် နားဝင်အောင် ပြောတတ်ကြသည် မဟုတ်ပါလား။

​ထို့ကြောင့် စနစ်က အလျင်အမြန်ပင် ဖြည့်စွက်ပြောလိုက်သည်။

“လူတွေက များသောအားဖြင့် လူတွေကို အကျိုးအကြောင်းနဲ့ နားဝင်အောင် ပြောရတာကို ပိုနှစ်သက်ကြတယ်၊ သခင်လည်း တစ်ခုခုမလုပ်ခင်မှာ အကျိုးအကြောင်းအရင်ပြောတတ်အောင် သင်ယူသင့်တယ်နော်”

​"ဒါပေမဲ့ ငါမြို့တော်ကို ရောက်ကတည်းက ဘယ်သူ့ကိုမှ မရိုက်ရသေးဘူးလေ”

ရှောင်ကျိုးသည် ရုတ်တရက် သတိဝင်လာပြီး နားမလည်နိုင်ဖြစ်သွားရသည်။ သူမ မည်သူ့ကိုမျှမရိုက်ခဲ့ပါဘဲ အဘယ်ကြောင့် အပြစ်ပေးခံနေရသနည်း။

​စနစ် : “သခင်က တစ်ယောက်ယောက်ကိုရိုက်လိုက်တာကမှ ပိုကောင်းဦးမယ် ထင်ပါရဲ့”

​ဤကလေးမလေး မြို့တော်တွင် ပြဿနာထပ်ရှာမည်ကို စိုးရိမ်သဖြင့် စနစ်သည် သူမအားလုပ်စရာတစ်ခုခု ပေးရန် စဉ်းစားလိုက်ပြီးနောက်

“သခင် မစ်ရှင်တစ်ခုလုပ်ချင်လား၊ ဖုံးကွယ်ထားတဲ့ မစ်ရှင်တစ်ခုရှိတယ်နော်”

​"ဆုလာဘ် ရှိလား"

ရှောင်ကျိုးက မေးလိုက်၏။

​"ရှိပါတယ်"

စနစ်က အမြန်ဖြေသည်။

​"လုပ်မယ်”

[ဒင် - ဖုံးကွယ်နေတဲ့မစ်ရှင် ထုတ်ပြန်လိုက်သည်။

သေဆုံးသူ၏ မည်သူမည်ဝါဖြစ်ကြောင်းနှင့် သေဆုံးရသည့် အကြောင်းရင်းကို ရှာဖွေပါ။

တည်နေရာ - မြို့ရိုးကျုံးဘေး

အချိန် - နှစ်ရက်]

​ရှောင်ကျိုးသည် မြို့ရိုးကျုံးဆိုသည်မှာ မည်သည့်နေရာမှန်းမသိသော်လည်း ယွိဟွာသိလိမ့်မည်ဟု သူမထင်လိုက်သည်။

​ရှောင်ကျိုးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ကျောက်ဟူတို့အားမေးလိုက်၏။

"ယွိဟွာကို မြင်လိုက်ကြလား"

​"မြင်သားပဲ၊ မြို့တော်ကိုရောက်ကတည်းက ယွိဟွာက ခဏခဏ ပျောက်ပျောက်သွားတာ၊ ဘယ်တွေ သွားနေမှန်းလည်း မသိပါဘူး"

ရှန်ကျစ်ယွမ်ကလည်း ဝင်းအတွင်းကို လိုက်ရှာရင်း ပြောလိုက်သည်။

​"တခြားတောကြက်တွေကို သွားကြွားဖို့ တောင်တစ်ခုခုဆီ ပျံသွားတာဖြစ်မှာပေါ့၊ ယွိဟွာလို ကိုယ့်ကိုကိုယ် အထင်ကြီးတဲ့တောကြက်မျိုးက မြို့တော်ကကြက်တွေအားလုံးကို သူ့ရဲ့ ပျံသန်းနိုင်စွမ်းတွေကို လိုက်ကြွားချင်နေမှာပေါ့"

ကျောက်ဟူက မှတ်ချက်ပေးလိုက်၏။

“ကွပ်ကွပ် ကွပ်ကွပ် နင်တို့ ဘယ်သူ့အကြောင်း ပြောနေတာလဲ၊ ဘယ်သူ့အကြောင်း ပြောနေတာလဲ”

​လူအကြောင်းပြောလျှင် လူရောက်၊ ကြက်အကြောင်းပြောလျှင် ကြက်ရောက်ဆိုသကဲ့သို့ပင် ယွိဟွာသည် အိမ်ဝင်းအတွင်းသို့ ဝင်ဝင်ချင်းမှာပင် ကလေးတစ်သိုက်က သူမနောက်ကွယ်၌ အတင်းပြောနေကြသည်ကို ကြားလိုက်ရသဖြင့် ကျောက်ဟူတို့အား တရစပ်ဆဲဆိုလေတော့သည်။

​သူမအနေဖြင့် မည်သူ့ကို အရင်ဆုံး စတင်ဝေဖန်ရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် ရှောင်ကျိုးက သူမ၏ဆဲဆိုသံများကို အမြန်တားဆီးလိုက်၏။

​"ယွိဟွာ မြို့ရိုးကျုံးဘယ်မှာလဲဆိုတာ နင် သိလား"

သူမ မေးလိုက်သည်။

“ကွပ်ကွပ် ကွပ်ကွပ် သိတာပေါ့၊ သခင်က အဲဒီကိုဘာသွားလုပ်မလို့လဲ”

ယွိဟွာသည် မြို့တော်သို့ရောက်ရှိလာသည့် ရက်အနည်းငယ်အတွင်းမှာပင် မြို့နေရာအနှံ့အပြားကို အလွတ်ရနေပြီ ဖြစ်သည်။

ရှောင်ကျိုးကတော့ ယွိဟွာသာ မြို့တော်မှာ နောက်ထပ်တစ်လလောက် ဆက်နေမည်ဆိုလျှင် အိမ်တော်အသီးသီးက အတင်းအဖျင်းများတင်မကဘဲ မည်သည့်အိမ်တွင် မည်ကဲ့သို့သောရတနာများ ဝှက်ထားသည်ဆိုသည်ကိုပါ အကုန်သိသွားလိမ့်မည်ဟု တွေးနေမိ၏။ ၎င်းကဲ့သို့ကြက်မတစ်ကောင်က အဘယ်ကြောင့် ဤမျှစပ်စုနေရသည်ဆိုသည်ကို သူမလုံးဝနားမလည်နိုင်ချေ။

​"ရွာသူကြီး မြို့ရိုးကျုံးကိုဘာသွားလုပ်မလို့လဲ"

ကလေးအုပ်ကြီးသည် ခေါင်းပေါ်က ပန်းကန်လုံးများကိုထိန်းရင်း ရွာသူကြီးကို ဝိုင်းမေးကြလေသည်။

​"အလုပ်ကိစ္စ သွားစရာရှိလို့"

ရှောင်ကျိုးက ပြောပြောဆိုဆိုဖြင့် ခေါင်းပေါ်မှပန်းကန်လုံးကို ဖယ်လိုက်၏။

​၎င်းကိုမြင်သောအခါ ကလေးများ၏ မျက်လုံးများမှာ တောက်ပသွားကြသည်။ နောက်တစ်ခါ အပြင်ထွက်ဆော့ရဦးမည် မဟုတ်ပါလား။ ထိုအဖွဲ့သားများသည် ရွာသူကြီး၏နမူနာအတိုင်း ပန်းကန်လုံးများကို မြေပြင်ပေါ်သို့ ဂရုတစိုက်ချလိုက်ကြတော့သည်။

​"ဒါပေမဲ့ ငါတို့ ဘယ်လိုထွက်ကြမလဲ၊ ဆရာကြီးရွှီမြင်ရင်တော့ အပြင်ပေးထွက်မှာမဟုတ်ဘူး"

​ရှောင်ကျိုးသည် မူလက ပျံထွက်သွားရန် စိတ်ကူးသော်လည်း ဆရာကြီးရွှီက သူမဦးလေးကိုပြောကာ အိမ်ဝင်းတံတိုင်းပေါ်တွင် ကိုယ်ဖော့သိုင်း ကျွမ်းကျင်သည့် ကိုယ်ရံတော်အချို့ကို စောင့်ခိုင်းထားလေသည်။ အကယ်၍ အိမ်တော်မှ ခိုးထွက်ရန်ကြိုးစားသည်ကိုတွေ့ပါက ကိုယ်ရံတော်များက ချက်ချင်းပင်ဖမ်းဆီးကာ ပြန်ခေါ်ကြပေလိမ့်မည်။

​ရှောင်ကျိုးအနေဖြင့် သူမတစ်ယောက်တည်း လွတ်အောင်ပြေးနိုင်သော်လည်း ကျောက်ဟူတို့မှာမူ အားနည်းလွန်းသဖြင့် သေချာပေါက် ဖမ်းမိသွားကြပေလိမ့်မည်။ ရှောင်ကျိုးသည် သက်ပြင်းရှည်တစ်ချက်ကိုချလိုက်မိ၏။ ​ကြည့်ရတာ ခွေးတိုးပေါက်ကပဲ တိုးထွက်ရတော့မည်ပင်။

​"ရှီအန်း နင်ပြောတဲ့ ခွေးတိုးပေါက်က ဘယ်မှာလဲ၊ အဲဒီကနေပဲ ထွက်ရအောင်"

​ရှီအန်းသည် သူခဏခဏတိုးထွက်နေကျ ခွေးတိုးပေါက်ဆီသို့ အဖွဲ့သားများကို ခေါ်သွားလေသည်။ ကလေးများသည် တစ်ယောက်ပြီးတစ်ယောက် ကုန်းကုန်း ကုန်းကုန်းနှင့် တိုးထွက်သွားကြတော့၏။

ယွိဟွာတစ်ကောင်သာလျှင် ခေါင်းကို မော့လျက် အိမ်တော်အတွင်းမှ ပြောင်ပြောင်တင်းတင်းပျံထွက်သွားပေသည်။ ဆရာကြီးရွှီက ကလေးအုပ်စုကိုသာဖမ်းရန် အမိန့်ပေးထားခြင်းဖြစ်ပြီး ယွိဟွာမှာ ထိုစာရင်းထဲတွင်မပါဝင်ချေ။

​ကလေးများ အိမ်တော်မှထွက်လာသည်နှင့် ယုံနင်သခင်မဟောင်း၊ သူမသမီးတို့နှင့် တိုးတော့သည်။ ယုံနင်သခင်မသည် ရှောင်ကျိုးနှင့် ကလေးတစ်သိုက်ကိုမြင်သောအခါ အလွန်ဝမ်းသာသွားပြီး အထူးသဖြင့် ရှောင်ကျိုးကိုမြင်သောအခါ ရိုသေစွာ ဦးညွှတ်လျက် မေးမြန်းလေသည်။

​"ချန်လဲ့မင်းသမီးလေး ဘယ်ကိုသွားမလို့လဲ၊ ဘာလို့ ကိုယ်ရံတော်တစ်ယောက်မှ မပါတာလဲ၊ အဲဒါ တကယ့်ကို အန္တရာယ်များပါတယ်"

​ပြောပြီးမှ ယုံနင်သခင်မသည် မနေ့ညကကိစ္စကို ပြန်သတိရသွားပြီး ကလေးများကို တစ်ချက်ကြည့်ကာ အန္တရာယ်ရှိမှာကိုစိုးရိမ်ရမှာက တခြားလူတွေပဲ ဖြစ်မှာပါဟု တွေးမိသွား၏။ ထို့ကြောင့် သူမ စကားလမ်းကြောင်းပြောင်းကာ မေးလိုက်ပြန်သည်။

​"ချန်လဲ့မင်းသမီးလေး ဘယ်ကိုသွားမှာလဲ၊ အကူအညီလိုသေးလား"

​ရှောင်ကျိုး ခဏမျှစဉ်းစားလိုက်၏။ စနစ်၏မစ်ရှင်မှာ အလောင်းသွားယူရန် ဖြစ်သော်လည်း ရှောင်ကျိုးက ကိုယ်တိုင်မလုပ်ချင်ချေ။ သူမသည် ယုံနင်သခင်မ၏နောက်မှ ကိုယ်ရံတော်များကို ဝေ့ကြည့်လိုက်သည်။

​အသိဟောင်းများဖြစ်ပြီး မနေ့ညက ပစ္စည်းများသယ်ကာ ပိုက်ဆံအတူတူ ရှာခဲ့သည့် အဖော်များပင်ဟု တွေးမိကာ

​"နင်တို့ နောက်တစ်ခါပစ္စည်းသယ်ပြီး ပိုက်ဆံရှာဦးမလား၊ လုပ်ခနှစ်ဆ ရမယ်နော်"

ရှောင်ကျိုးက ကိုယ်ရံတော်အုပ်စုကို မေးလိုက်၏။ ​ယုံနင်သခင်မမှာ ဘေးမှ ချက်ချင်းဝင်ပြောပေးရှာသည်။

"ကျွန်မက ပစ္စည်းသယ်ခိုင်းဖို့မဟုတ်ပါဘူး၊ ဒီကိုယ်ရံတော်တွေကိုငှားဖို့ စျေးညှိနေတာပါ"

​"ဒါဆို ကျွန်မလည်း နှစ်ယောက်လောက် ငှားမယ် ဘယ်လောက်လဲ"

ရှောင်ကျိုးသည် မနေ့ညကအလုပ်အကြိုးစားဆုံးလုပ်ခဲ့သည့် ကိုယ်ရံတော်နှစ်ယောက်ကို ရွေးထုတ်လိုက်သည်။

​"ထမင်းကျွေးမှာလား"

ဗလတောင့်တောင့်နှင့်အမျိုးသားတစ်ဦးက မေး၏။

​"ကျွေးတာပေါ့"

ရှောင်ကျိုးသည် ထိုကဲ့သို့ခေါင်းပုံဖြတ်တတ်သည့် သူဌေးမျိုးမဟုတ်ပါချေ။

​"ရပြီလေ ထမင်းကျွေးရင်ပဲ ရပြီ၊ လိုက်ခဲ့မယ်"

ထိုသို့ပြောပြီး ဗလကြီးနှစ်ယောက်သည် ရှောင်ကျိုးနောက်သို့ ချက်ချင်းလိုက်လာကြတော့သည်။

​ရှောင်ကျိုးနှင့် အဖွဲ့သားများသည် သူတို့နောက်တွင် တောင်ကြီးနှစ်လုံးရပ်နေသကဲ့သို့ ခံစားလိုက်ရ၏။ ကောင်းကင်ကြီးပင် မှောင်ကျသွားသလိုပင်။ ရှောင်ကျိုးက ထိုလူနှစ်ယောက်ကိုမော့ကြည့်ရင်း တွေးနေမိသည်။

‘သူတို့က ဦးလေးတလန်ထက်တောင် ပိုသန်မာကြတာပဲ’

​အကြောင်းရင်းမသိသော်လည်း ဤလူကြီးနှစ်ယောက်နှင့်အတူရှိနေရသည်မှာ ဂုဏ်ယူစရာကောင်းသည်ဟု ထိုကလေးအုပ်စုက ခံစားနေကြရ၏။

​ယုံနင်သခင်မတို့သားအမိကို နှုတ်ဆက်ပြီးနောက် ရှောင်ကျိုးသည် ကိုယ်ရံတော်နှစ်ယောက်ကိုခေါ်ကာ အလောင်းသွားယူရန် မြို့ရိုးကျုံးဆီသို့ ပျော်ပျော်ပါးပါးထွက်လာခဲ့တော့သည်။

ယွိဟွာသည် ရှေ့မှခုန်ဆွခုန်ဆွနှင့် လမ်းပြနေပြီး ကလေးတစ်သိုက်ကလည်း လမ်းတစ်လျှောက် စူးစူးစမ်းစမ်းလိုက်ကြည့်နေကြ၏။ သူတို့နောက်တွင်တော့ လူထွားကြီးနှစ်ယောက်ကကပ်လိုက်လာကြသည်။

​ကလေးတစ်သိုက်ကို လူကုန်ကူးသူနှစ်ယောက်က ဖမ်းလာသကဲ့သို့ဖြစ်နေသည့် ဤအုပ်စုကိုမြင်သောအခါ မြို့တော်မှ တရားမျှတမှုကိုမြတ်နိုးသည့်လူအချို့က သံသယဝင်ကာ နောက်မှလိုက်လာကြတော့သည်။ သို့နှင့် လူအုပ်ကြီးမှာ မြို့ရိုးကျုံးဆီသို့ ဦးတည်သွားကြလေတော့၏။

​မကြာမီမှာပင် ထိုအဖွဲ့သားများသည် မြို့ရိုးကျုံးသို့ ရောက်ရှိသွားကြသည်။ မြစ်ကမ်းနားတွင်ရပ်လျက် ရှောင်ကျိုးက စိတ်ထဲမှနေ၍ စနစ်ကို မေးလိုက်၏

"အလောင်းက ဘယ်မှာလဲ၊ ဘာမှမရှိပါလား"

​စနစ် : “သခင်မလေး စိတ်ရှည်ရှည်နဲ့ ခဏစောင့်ပါဦး”

"ရွာသူကြီး ကျွန်တော်တို့ ဒီမှာဘာလုပ်နေကြတာလဲ"

ကျောက်ဟူနှင့် အခြားကလေးများက ရွာသူကြီးတစ်ယောက် မြစ်ကမ်းနားတွင် ငေးငိုင်စွာရပ်နေသည်အားမြင်သောအခါ စူးစမ်းမေးမြန်းကြလေသည်။

​"ရှုခင်းကြည့်နေတာလေ"

ရှောင်ကျိုးသည် သူမလက်နှစ်ဖက်ကို နောက်ပစ်ထားလျက် တည်ငြိမ်ရင့်ကျက်သောပုံစံပေါက်အောင် ကြိုးစားရင်း အဝေးသို့ငေးကြည့်ကာ ပြန်ဖြေလိုက်၏။

​"ရွာသူကြီးက မြစ်ထဲမှာငါးမျှားချင်လို့လား"

ကျောက်ဟူ၏မေးခွန်းက ရှောင်ကျိုး တည်ဆောက်ထားသော ခန့်ညားသည့် ပုံရိပ်ကို ရုတ်တရက် ရိုက်ချိုးဖျက်ဆီးလိုက်လေတော့သည်။

All Chapters