← Chapters

အခန်း ၉၀

Vol. 9 Ch. 90

အခန်း ၉၀

Vol. 9 Ch. 90

(အခန်း)90

​ရှောင်ကျိုးသည် ကျောက်ဟူကို စိုက်ကြည့်လိုက်၏။ သူမ အပင်ပန်းခံ တည်ဆောက်ထားသည့်မြင့်မြတ်တည်ငြိမ်သော ပုံရိပ်ကလေးမှာ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

​"ဘာ ဘာဖြစ်လို့လဲ ရွာသူကြီး"

ကျောက်ဟူသည် နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်နေမိသည်။ ရွာသူကြီးမှာ သူ့ကို အဘယ်ကြောင့် ရုတ်တရက်စိုက်ကြည့်နေရသနည်း။

​"ငတုံးရဲ့ ဒီနေရာက ရေဒီလောက်နက်တာ ရွာသူကြီးကို ရေနစ်အောင်လုပ်မလို့လား၊ နောက်ပြီး ငါတို့ရွာသူကြီးက အခုဆိုရင် အဆင့်အတန်းရှိတဲ့သူဖြစ်နေပြီ၊ အချိန်မရွေး မြစ်ထဲဆင်းပြီး ငါးမျှားနေလို့ မဖြစ်ဘူးလေ၊ ရွာသူကြီးက ကိုယ်ရံတော်နှစ်ယောက်ငှားထားတာ မမြင်ဘူးလား၊ နောက်ဆိုရင် အဲဒီကိုယ်ရံတော်နှစ်ယောက်ကပဲ မြစ်ထဲဆင်းပြီး ငါးမျှားပေးလိမ့်မယ်"

အားသို့သည် အရပ်ရှည်ပြီး ဗလကောင်းလှသော ကိုယ်ရံတော်နှစ်ယောက်ကို တစ်ချက်ကြည့်ကာ ကျေနပ်သွား၏။ ဤသို့ဖြစ်မှသာ ရွာသူကြီး၏အဆင့်အတန်းနှင့် ကိုက်ညီပေလိမ့်မည်။ ရွာသူကြီးမှာ တကယ့်ကို ထက်မြက်လှပေသည်။

​နောက်မှလိုက်လာကြသော မြို့ခံများမှာမူ ထိုလူကုန်ကူးသူနှစ်ဦး မည်သည်ကို ကြံစည်နေသနည်းဟု စူးစမ်းစွာဖြင့်မြစ်ကို ကြည့်နေကြ၏။ထိုကလေးများကို လှေနှင့်ခေါ်သွားရန်ကြံနေသည်လားဟု တွေးနေမိကြသည်။

​လူအများ စောင့်ကြည့်နေစဉ်မှာပင် အဝေးမှအရာတစ်ခုသည် ရေစီးနှင့်အတူ ဖြည်းဖြည်းချင်းမျောပါလာတော့၏။

​"နေဦး ငါ မျက်စိမှားနေတာလား၊ မြစ်ထဲမှာမျောနေတာ ဘာကြီးလဲ"

​"ကြည့်ရတာ လူနဲ့တူလိုက်တာ"

​"မဖြစ်နိုင်တာ အလောင်းများလား"

​"နီးလာပြီဟေ့၊ လာ အနားသွားပြီး သေသေချာချာ ကြည့်ရအောင်"

​လူအုပ်ကြီးသည် မြစ်ကမ်းနားသို့ အပြေးအလွှား သွားကုန်ကြ၏။

​"တကယ်ကြီး လူတစ်ယောက်ပဲ"

​"ဘုရားရေ အလောင်းများလား"

​"ဒါက ဘယ်ကနေမျောလာတာလဲ"

​"အခုချက်ချင်း ဆင်းပြီးကယ်ကြပါဦး"

​"ဟုတ်တယ် ဟုတ်တယ်"

​ရေကူးကျွမ်းကျင်သော မြို့ခံအချို့မှာ မဆိုင်းမတွပင် မြစ်ထဲသို့ ခုန်ဆင်းကာ အလောင်းရှိရာသို့ ကူးခတ်သွားကြတော့သည်။ မကြာမီမှာပင် ထိုစိတ်အားထက်သန်ပြီး တရားမျှတမှုကိုမြတ်နိုးသော လူအုပ်ကြီးက အလောင်းကို ဆယ်ယူနိုင်ခဲ့ကြ၏။

​ရှောင်ကျိုးသည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။

ဒီလူတွေက ဘယ်ကနေ ရောက်လာကြတာလဲ။

သူမ ဘာမှမလုပ်ရသေးမီမှာပင် ဤလူများက အလောင်းကို ရေထဲမှဆယ်ယူလိုက်ကြပြီဖြစ်သည်။ သူတို့၏ လုပ်ဆောင်နိုင်စွမ်းမှာ တကယ့်ကို အထင်ကြီးစရာကောင်းလှပြီး သူမရွာသားများနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

​ရှောင်ကျိုးသည် သဘောကျစွာဖြင့် ခေါင်းညိတ်လိုက်၏။

​လူအုပ်ကြီးမှာ ရေထဲမှ ဆယ်ယူလိုက်သော လူကိုကြည့်ကာ အချင်းချင်း ငြင်းခုံဆွေးနွေးလာကြကုန်သည်။

​"ဟေး အသက်ရှူသေးလားကြည့်ကြပါဦး"

​"ဒီလူက မတော်တဆရေထဲပြုတ်ကျတာလား၊ သူ့ကို သိတဲ့သူရှိလား"

မြို့ခံတစ်ဦးက အလောင်းကို အသက်ရှူ၊ မရှူ စစ်ဆေးရင်းမေးလိုက်၏။

​"အသက်မရှူတော့ဘူး၊ တကယ်သေသွားပြီ"

​"ဖယ်ကြစမ်း ငါ့ကြည့်ပါရစေဦး"

လူအုပ်ကြီးမှာ တိုးဝှေ့ဝင်လာကြပြန်သည်။

​"ဟေး ငါ သူ့ကိုသိတယ်၊ ဒါလမ်းဘေးမှာ သကြားရုပ်လုပ်ရောင်းတဲ့ အဘိုးကြီးကျန်းရဲ့သား ကျန်းဖျင်မဟုတ်လား"

​"ငါ သူ့ကို မနေ့တစ်နေ့ကတင်မြင်သေးတာ၊ ဒီနေ့ကျတော့ မရှိတော့ဘူးလား"

​"ဒါ မဖြစ်နိုင်တာပဲ၊ အဲ့အဘိုးကြီးရဲ့သားက ရေကူးအရမ်းကျွမ်းတာလေ၊ ဘယ်လိုလုပ်ရေနစ်မှာလဲ"

​"အာဏာပိုင်တွေကို အမြန်သွားတိုင်ကြစမ်း၊ လာ လာ လာ အလောင်းကို ကျင်းကျောက်တရားရုံးဆီ သယ်သွားကြရအောင်"

​"ဟုတ်တယ် ဟုတ်တယ်၊ ဒါက လူသတ်မှုလည်း ဖြစ်နိုင်တာပဲ"

​မကြာမီမှာပင် လူအုပ်ကြီးမှာ အလောင်းကို သယ်ဆောင်ကာ ကျင်းကျောက်တရားရုံးဆီသို့ စုပြုံသွားကြတော့၏။

​ရှောင်ကျိုးက စနစ်ကိုမေးလိုက်သည်။

"ဒါက ဖုံးကွယ်ထားတဲ့မစ်ရှင်လား"

​ဒါက အရမ်းလွယ်လွန်းတာပဲ။ ဒီလူတွေက တကယ့်ကို စိတ်ကောင်းရှိကြတယ်။ ငါတို့ လက်ဖျားနဲ့တောင် မတို့ရသေးဘူး အကုန်လုပ်ပေးသွားကြပြီ။

​စနစ် : “ဟုတ်ပါတယ်၊ ဒါပေမဲ့ သခင်မလေးအနေနဲ့ သေဆုံးသူက ဘယ်သူလဲဆိုတာနဲ့ ဘာကြောင့် သေရတာလဲဆိုတာကို မဆုံးဖြတ်ရသေးဘူးနော်”

​"ကောင်းပြီလေ”

​ရှောင်ကျိုးနှင့် အဖွဲ့သားများသည် လူအုပ်ကြီး၏နောက်မှ ကျင်းကျောက်တရားရုံးဆီသို့ အမြန်လိုက်သွားကြ၏။

​လမ်းခရီးတွင် အားသို့က ရွာသူကြီးကို မေးလိုက်သည်။

"ရွာသူကြီး၊ ရွာသူကြီးငှားထားတဲ့ ကိုယ်ရံတော်နှစ်ယောက်က ဒီအလောင်းကိုဆယ်ဖို့အတွက် ကြိုငှားထားတာလား၊ ရွာသူကြီးက အဲဒီမှာ အလောင်းရှိနေမယ်မှန်း ဘယ်လိုသိတာလဲ"

အားသို့သည် အနာဂတ်ကိုကြိုတင်ဟောကိန်းထုတ်နိုင်သော ရွာသူကြီးကို ယခင်ကထက်ပင် ပို၍အံ့ဩနေမိတော့သည်။

ရွာသူကြီးက ကျင့်ရှင်းဆီမှာပညာသွားသင်ထားတာလား၊ အခုဆို လူတိုင်းက ဗေဒင်ဟောတတ်နေကြပြီ၊ ဒီနေ့ မြို့ရိုးကျုံးထဲမှာ အလောင်းမျောလာမယ်ဆိုတာကိုတောင် ကြိုသိနေတယ်ပေါ့လေ။

​ရှောင်ကျိုးသည် ခဏမျှစဉ်းစားပြီးနောက် ခေါင်းခါလျက် အလေးအနက် ဆိုလိုက်၏။

"အဲဒီမှာ အလောင်းရှိမယ်မှန်း ငါမသိပါဘူး၊ ငါကအိမ်ဝင်းထဲမှာ အပြစ်ပေးခံမနေချင်လို့ အပြင်ထွက်ဆော့တာပါ"

​သူမသည် ယုံကြည်စိတ်ချရသော မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် စနစ်ရှိကြောင်းကို မည်သူ့ကိုမျှမသိစေလိုပေ။

အားသို့မျက်နှာပေါ်တွင် မယုံကြည်နိုင်သောအမူအရာများ ပေါ်လွင်နေ၏။ ရွာသူကြီးကတော့ လိမ်နေပြန်ပြီ။

ရွာလူကြီးအတွက် ကောင်းကင်ဘုံက နောက်ထပ်တာဝန်စီစဉ်ထားတာဖြစ်နိုင်မလား။

"သကြားရုပ်ရောင်းတဲ့ အဘိုးကြီးကျန်းဆိုတာ ဟိုတစ်ခေါက်က ကျွန်တော်တို့ကို သကြားရုပ်တွေရောင်းပေးတဲ့ အဘိုးကြီးလား"

ဖက်တီးလေးက မေးလိုက်၏။

​အခြားကလေးများမှာလည်း သကြားရုပ်ရောင်းသော အဘိုးအိုကို မှတ်မိကြသည်။ သူ့သကြားရုပ်များမှာ အလွန်အရသာရှိလှပေသည်။ သို့သော် ထိုသူမှာ မြို့ခံများပြောနေသော အဘိုးကြီးကျန်း ဟုတ်၊ မဟုတ်ကိုမူ မည်သူမျှမဝေခွဲတတ်ကြချေ။

​လူအုပ်ကြီးမှာ မြို့တော်အတွင်းသို့ ဦးတည်လာကြရာ လမ်းတစ်လျှောက်တွင်လည်း စပ်စုချင်သောသူများက လိုက်ပါလာကြသဖြင့် လူတန်းကြီးမှာ ပို၍ပင်ကြီးမားလာတော့သည်။ မကြာမီမှာပင် ထိုလူအုပ်ကြီးမှာ အလောင်းကို သယ်ဆောင်လျက် ကျင်းကျောက်တရားရုံးသို့ ရောက်ရှိလာကြ၏။

တရားရုံးတံခါးဝရှိ ယာမန်များမှာ ထိတ်လန့်သွားကြသည်။

ဒီလူတွေ ဘာလုပ်ဖို့ကြံနေကြတာလဲ

ဘာလို့ လူတွေ ဒီလောက်တောင်များနေရတာလဲ

ဆူပူသောင်းကျန်းဖို့ လာကြတာလား

ယာမန်များမှာ ရှေ့ဆုံးမှလူများကို အလျင်အမြန် တားဆီးလိုက်ကြ၏။ သူတို့သယ်လာသော အလောင်းကို သေသေချာချာမြင်ရသောအခါမှသာ ဤလူများမှာ အမှုလာတိုင်ခြင်းဖြစ်ကြောင်း သိရှိလိုက်ရသော်လည်း ဤမျှအထိ လူအင်အားအလုံးအရင်းနှင့် လာရန်တော့မလိုအပ်ပါချေ။ လူအများအပြားကို စည်းရုံးနိုင်သော အရေးကြီးပုဂ္ဂိုလ်များပါနေတာလား။

ယာမန်များမှာ စိတ်ထဲမှတီးတိုးညည်းတွားနေသော်လည်း မနှောင့်နှေးဝံ့ဘဲ တရားသူကြီးထံအကြောင်းကြားရန် အိမ်တော်အတွင်းသို့ အပြေးအလွှား သွားကြကုန်၏။ သတင်းကြားသောအခါ ကျင်းကျောက်တရားသူကြီးသည် မျက်မှောင်ကြုတ်လျက် အဝတ်အစားများကို အမြန်လဲလှယ်ကာ အပြင်သို့ထွက်လာခဲ့သည်။

​မြို့ဝန်ရုံးအပြင်ဘက်တွင် စုရုံးလျက် အုတ်အုတ်ကျက်ကျက် ဆွေးနွေးနေကြသော လူအုပ်ကြီးကိုမြင်လိုက်ရသောအခါ မြို့ဝန်မှာခေါင်းခဲသွားရတော့သည်။

မနက်ဖြန်ညီလာခံတွင်တော့ အမတ်များအားလုံး ဒီနေ့ဘာဖြစ်သည်ဆိုသည်ကို ဝိုင်းမေးကြတော့မည်ပင်။

​မြို့ဝန်သည် သက်ပြင်းတစ်ချက်ကို အသာချလိုက်ပြီးနောက် လူစုလူဝေးကို ထိန်းသိမ်းရန် ယာမန်များအားအချက်ပြကာ ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာခဲ့၏။

"ပြည်သူတို့ ငါက ကျင်းကျောက်မြို့ဝန်ပါ၊ ဘယ်လိုကိစ္စမျိုးဖြစ်လို့ အခုလိုဆူဆူညံညံဖြစ်နေရတာလဲ"

မြို့ဝန်၏အသံမှာ တည်ငြိမ်ပြီးသြဇာညောင်းလှသဖြင့် လူအုပ်ကြီးမှာ ငြိမ်သက်သွားကြသည်။

​မြို့ဝန်ထွက်လာသည်ကိုမြင်သောအခါ လူအုပ်ကြီးမှာ အလောင်းကို မည်သို့တွေ့ရှိခဲ့ပုံနှင့် မည်သူမည်ဝါဖြစ်ကြောင်း မည်သို့သိရှိခဲ့ပုံတို့ကို တရစပ် ပြောကြားလာကြတော့၏။

"မြို့ဝန် ကျွန်တော်တို့မြစ်ထဲမှာ အလောင်းတစ်လောင်း တွေ့ခဲ့ပါတယ်၊ လူသတ်မှုလို့လည်း သံသယရှိတာနဲ့အမှုလာဖွင့်တာပါ"

လူအုပ်ထဲမှ အမျိုးသားတစ်ဦးက ကျယ်လောင်စွာ ဆိုလိုက်၏။

​ထိုသူမှာ အလောင်းကိုသိသည်ဟု အစောပိုင်းက ပြောခဲ့သူပင်ဖြစ်သည်။ မြို့ဝန်က ခေါင်းညိတ်ပြလျက် အလောင်းကိုလက်ခံယူရန် ယာမန်များကို အမိန့်ပေးလိုက်ပြီးနောက် အမှုလာတိုင်သူနှင့် သေဆုံးသူကို သိရှိသူအချို့အား အသေးစိတ်ဆွေးနွေးရန်အတွက် အဓိကခန်းမအတွင်းသို့ ဖိတ်ခေါ်လိုက်လေသည်။

​ရှောင်ကျိုးနှင့် သူ့သူငယ်ချင်းများမှာလည်း လူအုပ်ထဲတွင် ရောနှောလျက် နောက်မှလိုက်ပါသွားကြ၏။ အဓိကခန်းမအတွင်းရောက်သောအခါ မြို့ဝန်သည် အလောင်းကို မည်သို့တွေ့ရှိခဲ့ပုံနှင့် သေဆုံးသူ၏နောက်ခံအချက်အလက်များကို ဂရုတစိုက် စစ်ဆေးမေးမြန်းတော့သည်။

​"နေဦး မင်းတို့အားလုံးက မြစ်ကမ်းနားကို ဘာလို့အုပ်စုလိုက်ကြီး ရောက်နေကြတာလဲ"

မြို့ဝန်မှမေးလိုက်၏။

ဤရာသီတွင် မြို့ရိုးကျုံးဘေး၌ လူသူအလွန်ပင် ရှင်းလင်းလှပေရာ ဤလူတစ်စုမှာ အဘယ်ကြောင့် ယနေ့တွင်မှ ထိုနေရာသို့ ရုတ်တရက်စုပြုံရောက်ရှိနေကြသနည်း။ ၎င်းမှာ တကယ့်ကို ထူးဆန်းလှပေသည်။

​အမေးခံရသူများမှာမူ သူတို့သည် လူကုန်ကူးသူဟု သံသယရှိသူနှစ်ဦးနောက်သို့လိုက်ရင်း မြစ်ကမ်းနားသို့ ရောက်သွားခြင်းဖြစ်ကြောင်း သတိရလိုက်ကြတော့၏။

ဟုတ်သား ဟိုကလေးတွေရော ဘယ်ရောက်သွားတာလဲ။

​မြို့ခံတစ်ဦးမှ ရှင်းပြလေသည်။

"ကျွန်တော်တို့ မြို့တော်လမ်းမပေါ်မှာ လူကုန်ကူးသူနဲ့တူတဲ့လူနှစ်ယောက်က ကလေးတစ်သိုက်ကိုခေါ်သွားတာ မြင်လိုက်ရပါတယ်၊ ဘာတွေဖြစ်နေတာလဲဆိုတာ သိချင်လို့ သူတို့နောက်ကို လိုက်သွားခဲ့ကြတာပါ၊ ဒါမှ သူတို့ရဲ့ ပုန်းအောင်းရာနေရာကို ရှာနိုင်မှာလေ၊ အစိုးရကလည်း လူကုန်ကူးသူတွေကို ဖမ်းနိုင်ရင် ဆုငွေထုတ်ပေးမယ်လို့ ပြောထားတာရှိတော့ ကျွန်တော်တို့ ကံစမ်းကြည့်တဲ့သဘောပါ၊ ဒါပေမဲ့ ကလေးတွေနောက်ကိုလိုက်ရင်း မြစ်ကမ်းနား ရောက်သွားတဲ့အချိန်ကျ အထက်ပိုင်းကနေ အလောင်းတစ်လောင်းမျောလာတာကို တွေ့လိုက်ရတာပါ၊ ဒါကြောင့် ရေကူးတတ်တဲ့သူတွေက ရေထဲဆင်းပြီး အလောင်းကိုဆယ်ယူခဲ့ပါတယ်"

​"လူကုန်ကူးသူ ဟုတ်လား၊ အဲဒီလူတွေ ဘယ်မှာလဲ"

မြို့ဝန်မှာ တစ်ခုခုမှားနေပြီဟုခံစားလိုက်ရသည်၊ ဤမျှအထိ တိုက်ဆိုင်မှုမျိုးရှိနိုင်မည်ဟု သူမယုံကြည်ပါချေ။

​မြို့ခံများမှာမူ တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြကုန်၏။ သူတို့မှာ အလောင်းကို အာဏာပိုင်များထံ သယ်လာပေးရန်အတွက်သာ အာရုံရောက်နေသဖြင့် ကလေးများကို လုံးဝပင်မေ့လျော့နေခဲ့ကြသည်။

"ကျွန်တော်.... ကျွန်တော်တို့....."

ထိုအမျိုးသားမှာ ထိုလူများမည်သည့်နေရာသို့ရောက်ရှိသွားသည်ကို မသိရှိကြောင်း လျှောက်တင်ရန် ခေါင်းမော့အကြည့်တွင် လူအုပ်ကြား၌တိုးဝှေ့နေသောကလေးများကို လှမ်းမြင်လိုက်ရလေသည်။

​"မြို့ဝန် ဟိုမှာပါ၊ ဟိုလူကြီးနှစ်ယောက်နဲ့ ကလေးတစ်သိုက်လေ"

ထိုအမျိုးသားသည် စိတ်လှုပ်ရှားစွာဖြင့် ရှောင်ကျိုး၏ကိုယ်ရံတော်နှစ်ဦးရှိရာသို့ လက်ညှိုးထိုးပြလိုက်တော့၏။

All Chapters