← Chapters

အခန်း ၉၁

Vol. 10 Ch. 91

အခန်း ၉၁

Vol. 10 Ch. 91

(အခန်း)91

​ကျင်းကျောက်မြို့ဝန်သည် ခေါင်းမော့ကြည့်လိုက်၏။

ကလေး ၅/၆ ယောက်နဲ့ကြက်တစ်ကောင်

ဘာ

ကလေး၅/၆ယောက် ပြီးတော့ ကြက်တစ်ကောင်

ဒီအုပ်စုက မကြာသေးခင်ကမှ နာမည်ကြီးနေတဲ့ ချန်လဲ့မင်းသမီးအဖွဲ့များဖြစ်နေမလား

မကြာသေးမီက နန်းတွင်းရှိမင်းကြီး၏အမိန့်ကို မနာခံသောအမတ်များကို ဖယ်ရှားရန်အတွက် အရှင်မင်းကြီးသည် မင်းသမီးလေးအား ထောင်ချောက်ဆင်ရန် တမင်လွှတ်လိုက်ခြင်းဖြစ်သည်ဟု လူအများက ခန့်မှန်းနေကြသည်။

​အိုး မဟုတ်မှလွဲရော ငါ့အလှည့် ရောက်လာပြီလား

အရှင်မင်းကြီးက ငါ့ကိုမလိုလားတော့လို့ အပြတ်ရှင်းဖို့ မင်းသမီးလေးကို လွှတ်လိုက်တာများလား

​မြို့ဝန်သည် မိမိအိမ်တွင်းရေး၌ မည်သည့်ပြဿနာများရှိနေနိုင်သနည်းဟု အသည်းအသန်စဉ်းစားနေမိတော့သည်။ သူသည် မိမိအိမ်တော် ပျက်စီးကာ သားမယားနှင့်ကွဲကွာပြီး ရာထူးမှထုတ်ပယ်ခံရမည်ကို လုံးဝမလိုလားပါချေ။

​မြို့ဝန်သည် အပြုံးမျက်နှာဖြင့် အလျင်အမြန် ရှေ့သို့လှမ်းလာကာ ခါးကို ကိုင်းညွှတ်လျက် အရိုအသေပေးရင်း နူးညံ့သောအသံဖြင့်ဆိုလိုက်၏။

"ကျွန်တော်မျိုး ချန်လဲ့မင်းသမီးကို ဂါရဝပြုပါတယ်၊ မင်းသမီးလေး ကျန်းမာချမ်းသာပါစေ"

​မြေပြင်ပေါ်ရှိအလောင်းကို တစ်ချက်ကြည့်ပြီးနောက် မြို့ဝန်မှအမြန်ပင်ထပ်လောင်းပြောကြားလိုက်ပြန်သည်။

"မင်းသမီးလေး ဒီနေရာကနေထွက်ခွာသင့်ပါပြီ၊ ဒီအလောင်းက မင်းသမီးလေးကို ထိတ်လန့်သွားစေမှာစိုးရိမ်မိလို့ပါ"

​ရှောင်ကျိုးသည် ခေါင်းကိုအသာမော့ကာ မြို့ဝန်၏ပုခုံးကို သူမလက်ကလေးဖြင့် ပုတ်လိုက်၏။ သူမသည် ရင့်ကျက်သူတစ်ဦးကဲ့သို့ ပုံဖော်ရန်အစွမ်းကုန် ကြိုးစားသော်လည်း ထွက်လာသော အသံမှာ ကလေးသံလေးသာဖြစ်နေပေသည်။

​"မလိုပါဘူး၊ ငါက မကြောက်ဘူး၊ ရှင်သာ ရှင့်အလုပ်ကို ကောင်းကောင်းလုပ်ပြီး ဒီအလောင်းက ဘယ်သူလဲ၊ ဘာကြောင့် သေရတာလဲဆိုတာကိုပဲ ရှာဖွေပေးရင်ရပြီ"

​မြို့ဝန်မှာ ရိုသေစွာဖြင့် ချက်ချင်း ပြန်လည်လျှောက်တင်လေသည်။

"မင်းသမီးလေး စိတ်ချပါ၊ ကျွန်တော်မျိုး အစွမ်းကုန်ကြိုးစားပါမယ်၊ မြေကြီးကို သုံးပေအထိတူးရရင်တောင် ဒီကိစ္စရဲ့ အမှန်တရားကိုရှာဖွေပြီး မင်းသမီးလေးရဲ့ မျှော်လင့်ချက်တွေကို အကောင်အထည်ဖော်ပေးပါမယ်”

​ထိုသို့ပြောပြီးနောက် သူသည် အရှင်မင်းကြီးအနေဖြင့် အမှားရှာစရာ မရှိစေရန်အတွက် ဤအမှုကိုကိုင်တွယ်ဖြေရှင်းရန် အပြည့်အဝအာရုံစိုက်လိုက်တော့၏။

အဓိကခန်းမအတွင်းရှိ ယာမန်များနှင့် မြို့ခံများသည်လည်း အခြေအနေကို သဘောပေါက်သွားကြပြီး ချန်လဲ့မင်းသမီးအား အလျင်အမြန်ဦးညွှတ်ကုန်ကြသည်။

​မြို့ခံလူထုမှာ အလွန်ပင်စိတ်လှုပ်ရှားနေကြ၏။ ဤကလေးမလေးမှာ အရှင်မင်းကြီး၏အသစ်တွေ့ရှိထားသော သမီးတော်ဖြစ်ပြီး ကွမ်ယင်မယ်တော်နှင့်တူသော မိဖုရားခေါင်ကြီး၏သမီးတော်ဖြစ်သည်ဟု ကြားသိထားကြပေသည်။

​ရှောင်ကျိုးမှာ လူတိုင်းမှသူမအားကြည့်နေကြသည်ကို မြင်သောအခါ ခဏမျှ စဉ်းစားပြီးဆိုလိုက်၏။

"နင်တို့တွေ တကယ့်ကိုတော်ကြတာပဲ"

​မြို့တော်တွင် သူရဲဘောကြောင်သူများသာရှိသည်မဟုတ်ကြောင်း ရှောင်ကျိုး ခံစားလိုက်ရသည်။ ထိုစကားကိုကြားသောအခါ ပြည်သူများသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကိုကော့လိုက်မိကြတော့၏။

​မင်းသမီးလေးမှ အလောင်းအားကြည့်နေသည်ကို အားလုံးသတိပြုမိကြပေသည်။ မြို့ဝန်သည် ချက်ချင်းပင် မေးခွန်းများ စတင်မေးမြန်းလေသည်။

"ခုနမြို့ခံတစ်ယောက်က ဒီအလောင်းက ဘယ်သူလဲဆိုတာသိတယ်လို့ ပြောခဲ့တယ်နော်၊ အဲဒီလူ ရှေ့ထွက်လာပြီး ပြောပြစမ်း"

​မြို့ခံတစ်ဦးသည် ချက်ချင်းရှေ့သို့ထွက်လာကာ လျှောက်တင်၏။

"ဒီလူက သကြားရုပ်ရောင်းတဲ့အဘိုးကြီးကျန်းရဲ့သား ကျန်းဖျင်ပါ၊ ကျွန်တော်မျိုးက သူ့အိမ်နီးချင်းပါ၊ လွန်ခဲ့တဲ့ရက်ပိုင်းကတင် ကျန်းဖျင်ကိုမြင်လိုက်ပါသေးတယ်"

​"သူ့မိသားစုမှာ ဘယ်သူတွေရှိသေးလဲ"

မြို့ဝန်မှ မေးလိုက်၏။

​"မြို့ဝန်ဗျ ကျန်းဖျင်မှာ အရင်ကဇနီးနဲ့ သားတစ်ယောက်ရှိပါတယ်၊ ဒါပေမဲ့ သူ့ဇနီးက လွန်ခဲ့တဲ့နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပြီး သားလေးတစ်ယောက်ပဲ ကျန်ရစ်ခဲ့တာပါ၊ အရင်ရက်ပိုင်းကတော့ သူ့သားလေးပါ လူကုန်ကူးသူတွေရဲ့ဖမ်းဆီးခြင်းခံလိုက်ရတယ်လို့ ကြားရပါတယ်၊ ကျန်းဖျင်နဲ့သူ့အဖေက မနေ့တစ်နေ့ကတင် အာဏာပိုင်တွေဆီ လာရောက်အမှုဖွင့်ခဲ့ကြပါသေးတယ်"

​"ဟုတ်ပါတယ် ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း ကြားလိုက်ပါတယ်၊ ကျန်းဖျင်က တကယ်သနားဖို့ကောင်းတာပါ၊ အခုတော့ သူနဲ့သူ့ဖခင်ပဲအိမ်မှာ ကျန်ပါတော့တယ်၊ ကလေးကို အခုထိ ရှာမတွေ့သေးဘူးလို့ကြားပြီးကတည်းက အဘိုးကြီးကျန်းကတော့ စိုးရိမ်စိတ်နဲ့ ဖျားနာနေပါတယ်"

​"ကျန်းမိသားစုမှာ ရန်ငြိုးရှိတဲ့သူရှိသလား"

မြို့ဝန်မှ ဆက်လက်မေးမြန်း၏။

​"မရှိပါဘူး၊ ကျန်းဖျင်နဲ့သူ့အဖေက တကယ့်ကို စိတ်ကောင်းရှိသူတွေမလို့ တခြားသူတွေနဲ့ ပဋိပက္ခဖြစ်လေ့မရှိပါဘူး၊ ဖြစ်ခဲ့ရင်တောင် ဒါကသာမန်ကိစ္စလေးတွေပါပဲ၊ အိမ်နီးချင်းအချင်းချင်း နည်းနည်းပါးပါးစကားများတာမျိုးကတော့ ရှောင်လွှဲလို့မရနိုင်ဘူးလေ"

​"မနေ့က ကျန်းဖျင်ကိုမြင်လိုက်တဲ့သူရှိလား"

မြို့ဝန်သည် ကျန်းဖျင်ကိုသိသော မြို့ခံအချို့ကို မေးမြန်းလိုက်သည်။ အမျိုးသမီးတစ်ဦးက လျှောက်တင်လိုက်၏။

"မြို့ဝန်ရှင့် ကျွန်မအမျိုးသားက မနေ့ညက ကျန်းဖျင်အပြင်ထွက်သွားတာကို မြင်လိုက်တယ်လို့ပြောပါတယ်"

​"မင်းကကျန်းဖျင်ရဲ့ အိမ်နီးချင်းလား"

​"ဟုတ်ပါတယ်၊ ကျွန်မတို့အိမ်ကလည်း ကျန်းဖျင်အိမ်နဲ့ နီးပါတယ်၊ မနေ့ညက ကျွန်မအမျိုးသားပြောတာတော့ ကျန်းဖျင်က ကလေးပျောက်တာနဲ့ ပတ်သက်ပြီး တကယ့်ကို စိတ်စွဲလမ်းနေတာတဲ့၊ ညဘက်ကြီးအိပ်ရမယ့်အစား ကလေးကို လိုက်ရှာဖို့အပြင်ထွက်သွားခဲ့တာပါ"

​အားလုံး သက်ပြင်းချမိကြ၏။ ကျန်းဖျင်မှာ မကြာသေးမီက စိတ်ဒဏ်ရာများစွာရထားသဖြင့် မနေ့ညက အပြင်ထွက်စဉ် စိတ်လွတ်ကိုယ်လွတ်ဖြစ်ကာ မြစ်ထဲသို့ မတော်တဆပြုတ်ကျသွားခဲ့ခြင်းလော။ ကျန်းဖျင်သည် ရေကူးတတ်သည်ဟု ဆိုသော်လည်း စိတ်ဓာတ်ကျကာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ခြင်းများလားဟု တွေးတောနေကြတော့သည်။

​ကျင်းကျောက်မြို့ဝန်သည် အလောင်းကို စစ်ဆေးရန် အလောင်းစစ်ဆေးရေးအရာရှိကို ခေါ်ယူလိုက်ပြီးနောက် အလောင်းသည် မည်သည့်နေရာမှမျောပါလာသည်ကို စုံစမ်းရန် ယာမန်များကို စေလွှတ်လိုက်၏။ ထို့ပြင်ကျန်းဖျင်အိမ်သို့သွား၍ အခြေအနေကို စုံစမ်းရန်အတွက်လည်း အခြားသူများကို မြို့ခံများနှင့်အတူ လွှတ်လိုက်ပြန်သည်။

​ထိုကိစ္စများကိုစီစဉ်ပြီးနောက် မြို့ဝန်သည် ထိုနေရာ၌ရှိနေဆဲဖြစ်သော ချန်လဲ့မင်းသမီးကိုကြည့်ကာ အလျင်အမြန် မေးမြန်းလိုက်သည်။

"ချန်လဲ့မင်းသမီးလေး အမှုနဲ့ပတ်သက်တဲ့သတင်းတစ်ခုခုရတာနဲ့ မင်းသမီးလေးဆီကို ချက်ချင်းအကြောင်းလာကြားပေးပါ့မယ်"

​"ဘယ်လောက်ကြာမှာလဲ"

ရှောင်ကျိုးက စနစ်မှပေးထားသည့် အချိန်မှာ နှစ်ရက်သာဖြစ်ကြောင်း သတိရကာမေးလိုက်၏။

​"ဆယ်ရက်အတွင်းမှာ အမှန်တရားကို ရှာဖွေဖော်ထုတ်ပြီး မင်းသမီးလေးဆီကို ချက်ချင်းအကြောင်းကြားပါ့မယ်"

မြို့ဝန်က အာမခံလိုက်သည်။ ​သူသည် ဤမင်းသမီးလေး အမြန်ဆုံးအိမ်ပြန်သွားရန်သာ ဆုတောင်းနေမိ၏။ ဤမင်းသမီးလေးကိုမြင်နေရသရွေ့ သူ့ရာထူးမှာ မမြဲတော့သကဲ့သို့ ခံစားနေရသောကြောင့်ဖြစ်သည်။

​"မရဘူး၊ အများဆုံးနှစ်ရက်ပဲ"

​လူသတ်သမားကိုရှာရန် ဆယ်ရက်ကြာမည်ဟုကြားသောအခါ ရှောင်ကျိုး ချက်ချင်းခေါင်းခါလိုက်၏။ ဆယ်ရက်ဆိုလျှင် အရာအားလုံးနောက်ကျသွားပေလိမ့်မည်။

​"နှစ်....နှစ်ရက် မင်းသမီးလေး၊ ဒါက.... ဒါမဖြစ်နိုင်တာပဲ၊ ဒီလူက ရေထဲ မတော်တဆပြုတ်ကျတာလားဆိုတာကို အသာထားဦး၊ သူ့ရဲ့ဘယ်သူဘယ်ဝါဖြစ်ကြောင်းနဲ့ မကြာသေးခင်က ဘယ်တွေသွားခဲ့လဲဆိုတာကိုရှာဖို့တင် ရက်ပေါင်းများစွာကြာနိုင်ပါတယ်"

မြို့ဝန်သည် ဤမင်းသမီးလေးမှာ အရှင်မင်းကြီးက သူ့ကိုပြဿနာရှာရန် လွှတ်လိုက်ခြင်းဖြစ်မည်ဟု ခံစားလိုက်ရသည်။ မဟုတ်လျှင် ဘာကြောင့် ဤမျှအထိ ခက်ခဲသောတောင်းဆိုမှုကို လုပ်ရမည်နည်း။

​"ဒါက မတော်တဆပြုတ်ကျတာပဲဖြစ်ဖြစ်၊ လူသတ်မှုပဲဖြစ်ဖြစ် သွားစုံစမ်းလေ၊ ပြီးတော့ ကျန်းဖျင်နဲ့ သူ့အဖေက သူတို့ကလေးလူကုန်ကူးခံရတာကို အမှုလာဖွင့်ထားတာသိရဲ့လား"

ရှောင်ကျိုး မေးလိုက်၏။ ​မြို့ဝန်မှာ စကားများ ထစ်ကုန်တော့သည်။

"အဲဒါက အစိုးရရုံးအလုပ်တွေဆိုတာ အရင်လာတဲ့အမှုကို အရင်ကိုင်တွယ်ရတဲ့ အစီအစဉ်ရှိပါတယ်၊ မကြာသေးခင်က အမှုတွေကလည်းများနေတော့ လူအင်အားမလုံလောက်တာနဲ့ တခြားအမှုတွေကို အရင်ပြီးအောင်လုပ်နေရလို့ပါ"

ရှောင်ကျိုးမှ စိုက်ကြည့်နေသည်ကိုမြင်သောအခါ မြို့ဝန်အသံမှာ တဖြည်းဖြည်းတိုးဝင်သွားတော့သည်။

ယာမန်အုပ်စုကြီး ထိုနေရာ၌ရပ်နေသည်ကိုမြင်သောအခါ ရှောင်ကျိုးမေးလိုက်၏။

"ဒီမှာ လူတွေအများကြီးရှိနေတာပဲ မဟုတ်လား၊ ဘာလို့ သူတို့ကအားနေတာလဲ"

​ထိုသို့ပြောပြီးနောက် ရှောင်ကျိုးသည် လူတိုင်းကို ငေးငိုင်မနေဘဲ အလုပ်လုပ်ရန် တိုက်တွန်းလေတော့သည်။ ထို့ကြောင့် ကျင်းကျောက်မြို့ဝန်ရုံးတစ်ခုလုံးရှိ လူတိုင်းမှာ တာဝန်ကိုယ်စီရသွားကြတော့၏။

​မြို့ဝန် : ‘.....’

​ယခင်က ပျင်းရိလေးတွဲနေသောအစိုးရရုံးမှာ ယခုအခါတွင်တော့ လူတိုင်း အလုပ်များကာ တက်ကြွလှုပ်ရှားနေသည့်နေရာတစ်ခု ဖြစ်သွားတော့သည်။

​အလုပ်ခို၍ မရတော့ပေ။ မင်းသမီးလေးပြောသွားသည်မှာ ပြတ်သားလွန်းလှ၏။

သူမသည် အလုပ်မပြီးသေးပါက မနက်ဖြန်ညကျလျှင် မြို့ဝန်အိမ်သို့လာပြီး ရင်ဖွင့်စကားပြောဦးမည်ဟု ပြောခဲ့၏။

​အရှင်မင်းကြီးဆီ တိုင်တန်းရန်ကြံစည်နေသည်ဟု မြို့ဝန်ကထင်မှတ်နေ၏။

အပြင်ပန်းကြည့်လျှင် အရှင်မင်းကြီးက ထိုမင်းသမီးလေးကို သိပ်တန်ဖိုးမထားသလိုပင် ဘွဲ့အမည်နှင့် အိမ်တော်ပေးပြီးသည်မှစ၍ တစ်ခါမှပင်ဆင့်ခေါ်ခြင်းမရှိခဲ့ပေ။ အစပိုင်းတွင် အားလုံးက မျက်နှာသာမရဟု ထင်နေကြသော်လည်း ယခုအခါ ထိုအရာများက သရုပ်ဆောင်နေသည်မှန်း အားလုံးသိသွားကြလေပြီပင်။ အရှင်မင်းကြီးက လူဆိုးများကိုဖမ်းရန် မင်းသမီးလေးကို ထောင်ချောက်အနေဖြင့် တမင်လွှတ်ထားခြင်းဖြစ်သည်။ ယခုအခါ ကျင်းကျောက်မြို့ဝန်ရုံးအလှည့် ရောက်လာပြီဖြစ်၏။ ယခုတစ်ကြိမ်တွင်တော့ မည်သူကံဆိုးမည်ဆိုသည်ကို စောင့်ကြည့်ရဦးပေမည်။

All Chapters