အခန်း ၉၂
Vol. 10 Ch. 92
(အခန်း)92
မကြာမီပင် စေလွှတ်လိုက်သောယာမန်များ ပြန်ရောက်လာကြ၏။
ကျန်းဖျင်၏ဖခင်ဖြစ်သူ ပြောပြချက်အရ ကျန်းဖျင်သည် မနေ့ညက သူ့သားဖြစ်သူရှိနိုင်မည့်နေရာကို ရှာဖွေတွေ့ရှိခဲ့ပုံရကြောင်း အဘိုးအိုကိုပြောခဲ့သည်ဟု သိရသည်။ ထို့ကြောင့်ပင် သူသည် အခြေအနေကိုစုံစမ်းရန် ညဥ့်နက်သန်းခေါင်ယံ၌ အပြင်သို့ထွက်သွားခဲ့ခြင်းဖြစ်သည်။ သို့သော် သူသည် မည်သည့်အခါမျှ ပြန်မလာတော့မည်ကို မည်သူကြိုတင်သိနိုင်ပါမည်နည်း။
မြို့ရိုးကျုံးတစ်လျှောက် သဲလွန်စများ သွားရောက်စုံစမ်းသော ယာမန်များလည်း ပြန်လည်ရောက်ရှိလာကြပြီ ဖြစ်သည်။ ဤမြစ်အထက်ပိုင်းသည် နာမည်ကျော်ဟုန်ဖူဘုန်းကြီးကျောင်း အပါအဝင် နေရာအတော်များများကို ဖြတ်သန်းသွားခြင်းဖြစ်ကြောင်း သိရှိရ၏။ မြစ်အထက်ပိုင်းအနီးရှိ ဒေသခံများကို မေးမြန်းကြည့်ရာတွင်လည်း ကျန်းဖျင်ကိုမြင်လိုက်ရသူ တစ်ဦးမျှမရှိချေ။
အလောင်းစစ်ဆေးရေးအရာရှိ၏ ကောက်ချက်အရ ကျန်းဖျင်သည် မကွယ်လွန်မီက အလွန်ပြင်းထန်သော အတွင်းဒဏ်ရာများကို ခံစားခဲ့ရကြောင်းသိရသည်။ သူသည် လက်ဝါးချက်ဖြင့်ရိုက်နှက်ခံရကာ မြစ်ထဲသို့ ပြုတ်ကျသွားခဲ့ခြင်းဖြစ်နိုင်သည်။ ကျန်းဖျင်၏ကိုယ်တွင်းအင်္ဂါများ ပျက်စီးသွားခဲ့သဖြင့် ရေထဲတွင် မရုန်းကန်နိုင်တော့ဘဲ နောက်ဆုံး၌ရေနစ်သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
"ဒါဆိုရင် ကျန်းဖျင်ကို လက်ဝါးတစ်ချက်တည်းနဲ့ မြစ်ထဲရောက်အောင် ရိုက်နိုင်တဲ့ ပြင်းထန်တဲ့အတွင်းအားပိုင်ရှင်ကိုရှာဖို့ လိုတာပေါ့၊ အဲဒီလူက လူသတ်သမားပဲ မဟုတ်လား"
ရှောင်ကျိုး မေးလိုက်သည်။ ထိုသို့ပြောရင်း သူမသည် မြို့ဝန်ကိုစိုက်ကြည့်လိုက်၏။
"မှန်ပါတယ်"
မြို့ဝန်က အလျင်အမြန်ပြန်ဖြေလိုက်သည်။ ရှောင်ကျိုး အမိန့်ပေးလိုက်၏။
"ဒါဆို သွားရှာလေ”
"မင်းသမီးလေး ဒီကိစ္စကလောလို့မရပါဘူး၊ ယာမန်တွေက မြစ်အနီးကရွာသားတွေကို မေးမြန်းပေမဲ့ ကျန်းဖျင်ကိုမြင်တဲ့သူ မရှိပါဘူး၊ နောက်ပြီး အလောင်းစစ်ဆေးချက်အရဆိုရင် ကျန်းဖျင်က ပြင်းထန်တဲ့အတွင်းဒဏ်ရာတွေရထားတာဆိုတော့ သူ့ကိုရိုက်ခဲ့တဲ့သူက သိုင်းပညာထူးချွန်ပြီး အရိပ်အယောင်မပြဘဲ လှုပ်ရှားနိုင်သူပဲဖြစ်ရမယ်၊ အဲဒီလိုလူမျိုးကို အချိန်တိုအတွင်းရှာဖို့ဆိုတာ မလွယ်ကူပါဘူး"
"နင် ခုနကပဲ ဟုန်ဖူဘုန်းကြီးကျောင်းရှိတယ်လို့ ပြောတယ်မလား၊ ဘာလို့ အဲဒီမှာ သွားမမေးတာလဲ"
ရှောင်ကျိုးက သဲလွန်စရှာရန်သွားခဲ့ကြသော ယာမန်အုပ်စုကိုကြည့်ကာ မေးလိုက်သည်။
"မင်းသမီးလေး ဟုန်ဖူဘုန်းကြီးကျောင်းဆိုတာ ကျွန်တော်မျိုးတို့ စိတ်တိုင်းကျ ဝင်ရောက်စုံစမ်းလို့ရတဲ့နေရာမျိုး မဟုတ်ပါဘူး”
"ဘာလို့ စစ်ဆေးလို့မရတာလဲ"
ရှောင်ကျိုး နားမလည်နိုင်ဟန်ဖြင့်မေးလိုက်၏။
"ဟုန်ဖူဘုန်းကြီးကျောင်းမှာ ယုံကြည်ကိုးကွယ်သူတွေ အများကြီးရှိပါတယ်၊ နောက်ပြီး အဲဒီကျောင်းက ချန်ရှန်းခန်းမရဲ့ ကျောထောက်နောက်ခံရှိတယ်လို့ ကြားဖူးပါတယ်၊ အရှင်မင်းကြီးတောင် အလွယ်တကူမငြိုငြင်ရဲတဲ့နေရာမျိုးကို ကျွန်တော်မျိုးတို့က ဘယ်လိုလုပ်သွားစော်ကားရဲမှာလဲ"
ယာမန်များက ငိုမဲ့မဲ့မျက်နှာဖြင့်ဆိုကြလေသည်။
"ချန်ရှန်းခန်းမဆိုတာ ဘာကြီးလဲ"
ရှောင်ကျိုးအနေဖြင့် ဤကဲ့သို့သော နေရာမျိုးကို ပထမဦးဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
"မင်းသမီးလေးက ချန်ရှန်းခန်းမအကြောင်း မကြားဖူးဘူးလား၊ ကျွန်တော်မျိုးတို့ တုရှားနိုင်ငံရဲ့မင်းဆရာကြီးဆိုရင်လည်း ချန်ရှန်းခန်းမကလာတာပါ၊ ချန်ရှန်းခန်းမဆိုတာ နိုင်ငံကြီးလေးနိုင်ငံရဲ့ အထက်မှာရှိနေတာမလို့ နိုင်ငံတိုင်းရဲ့ မင်းဆရာကြီးတွေက ချန်ရှန်းခန်းမရဲ့အဖွဲ့ဝင်တွေချည်းပါပဲ၊ တော်ဝင်မိသားစုဝင်တွေတောင် ချန်ရှန်းခန်းမကလူတွေကို တော်တော်လေးသတိထားကြရတာပါ၊ ဝတ်စုံဖြူနန်းဆောင်ရဲ့သြဇာက တစ်လောကလုံးမှာပျံ့နှံ့နေပြီး ထူးခြားတဲ့စွမ်းရည်ရှိသူတွေနဲ့ သိုင်းပညာအရမ်းထူးချွန်တဲ့သူတွေ အများကြီးရှိပါတယ်"
ထိုစကားပြောသောယာမန်သည် ချန်ရှန်းခန်းမကို အလွန်အမင်းအထင်ကြီးလေးစားနေဟန်ဖြင့် ခေါင်းကို အသာမော့ကာပြောလာသည်။
မင်းသမီးလေးက ဆူပူသောင်းကျန်းပြီး ဟုန်ဖူဘုန်းကြီးကျောင်းကို သွားစုံစမ်းရန် ဇွတ်အတင်းခိုင်းစေမည်ကို စိုးရိမ်သဖြင့် မြို့ဝန်ကအလျင်အမြန်အာမခံလိုက်၏။
"မင်းသမီးလေး မိုးချုပ်နေပါပြီ၊ အိမ်တော်ကိုပဲ အရင်ပြန်ကြွပါဦး၊ အမှုကိစ္စ ပေါ်ပေါက်လာပြီး လူသတ်သမားကို ဖမ်းမိတာနဲ့ မြို့ဝန်ရုံးကနေ မင်းသမီးလေးဆီကို လူလွှတ်ပြီး ချက်ချင်း အကြောင်းကြားပါ့မယ်"
မြို့ဝန်၏ယုံကြည်ချက်ရှိသော အမူအရာကိုမြင်သောအခါ ရှောင်ကျိုးသည် သူ လူသတ်သမားကို သေချာပေါက် ဖမ်းနိုင်လိမ့်မည်ဟု ထင်မှတ်သွားပေသည်။ သူမသည်လည်း အိမ်တော်သို့ပြန်ကာ ကျင့်ရှင်းကို ချန်ရှန်းခန်းမအကြောင်း သွားရောက်မေးမြန်းချင်နေပြီ ဖြစ်သည်။
"ကောင်းပြီလေ၊ နင်တို့ဆီက သတင်းကောင်းကို ငါစောင့်နေမယ်၊ တကယ်လို့ မနက်ဖြန်အထိ ရှာမတွေ့သေးရင်တော့ နင့်အိမ်အထိငါလာရှာမှာနော်"
ထိိုသို့ပြောကာ ရှောင်ကျိုးသည် လက်ဝှေ့ယမ်းပြလျက် လူအုပ်စုကို ဦးဆောင်၍ အိမ်တော်သို့ပြန်ခဲ့လေတော့သည်။ အကယ်၍ သူတို့အမြန်မပြန်ပါက ဆရာကြီးရွှီထွက်လာပြီး ဖမ်းဆီးတော့မည် မဟုတ်ပါလား။
ချန်လဲ့မင်းသမီးထွက်ခွာသွားသောအခါမှသာ ကျင်းကျောက်မြို့ဝန်သည် သက်ပြင်းကို အားပါးတရချနိုင်တော့သည်။
‘သွားပြီ။ သွားပြီဆိုတော့လည်း ကောင်းတာပေါ့’
ရှောင်ကျိုးကတော့ သူမ၏နဂိုဗီဇအတိုင်း စပ်စုချင်စိတ်များတားမရအောင် ဖြစ်နေလေပြီ။
မြို့ဝန်အတွေးမှာတော့
"ဒီကလေးမလေးက ခဏတာစိတ်ကူးပေါက်လို့ လုပ်တာနေမှာပဲ၊ ရက်နည်းနည်းကြာရင် မေ့သွားမှာပါ"
ထိုကဲ့သို့ထင်ပြီး အိမ်ပြန်နားလိုက်သလို ရဲမက်တွေလည်း အလုပ်တွေပစ်ပြီး လူစုခွဲလိုက်ကြ၏။ သို့သော် ရှောင်ကျိုးနှင့် အဖွဲ့သားများသည် ခွေးတိုးပေါက်မှ အိမ်တော်ထဲကိုပြန်ဝင်ပြီး ကျင့်ရှင်းထံ ချန်ရှန်းခန်းမအကြောင်း သွားမေးကြပြန်သည်။
ကျင့်ရှင်းမှာ တရားထိုင်နေရာမှနေ မျက်လုံးဖွင့်ကြည့်ပြီး ကလေးများကို ရှင်းပြလိုက်၏။
"လောကမှာတော့ ချန်ရှန်းခန်းမဆိုတာ လျှို့ဝှက်ချက်တွေနဲ့ မျှော်လင့်ချက်တွေပြည့်နှက်နေတဲ့ နေရာပေါ့၊ လူတိုင်းက အသက်ရှည်ရှည်နေချင်ကြတယ်၊ ထာဝရအသက်ရှင်ချင်ကြတယ်လေ၊ ချန်ရှန်းခန်းမက အဲဒီမျှော်လင့်ချက်တွေကိုပေးနိုင်တယ်လို့ နာမည်ကြီးတာ"
"ဒါဆို အဲဒီနေရာက တကယ်ပဲလူတွေကို ထာဝရအသက်ရှင်အောင် လုပ်ပေးနိုင်တာလား"
ကလေးများက စူးစမ်းလိုစိတ်ဖြင့်မေးလိုက်ကြသည်။ ကျင့်ရှင်း ခေါင်းခါပြပြီး
"ငါလည်း မသိဘူး၊ ဒါပေမဲ့သေသွားတဲ့ ဆွေမျိုးတွေ ပြန်ရှင်လာတာကို ကိုယ်တိုင်မြင်ခဲ့ရတယ်လို့ပြောတဲ့သူတွေတော့ရှိတယ်၊ နောက်ပြီးချန်ရှန်းခန်းမကို စော်ကားတဲ့သူတွေကလဲ ကြောက်စရာကောင်းတဲ့အဆုံးသတ်နဲ့ ရင်ဆိုင်ရတယ်လို့လည်း ကြားဖူးတယ်"
သူက ဆက်လက်ပြီး မနာလိုဖြစ်သည့်လေသံနှင့်ပြောပြရှာ၏။
"ငါတို့တုရှားနိုင်ငံက ဟုန်ဖူဘုန်းကြီးကျောင်းကိုပဲ ကြည့်လေ၊ နေ့တိုင်း အရာရှိကြီးတွေနဲ့ သူဌေးတွေ အဲဒီမှာအမွှေးတိုင်ထွန်းဖို့ တန်းစီနေကြတာ၊ အဲဒီကဘုန်းကြီးတွေက တကယ့်ကို တန်ခိုးကြီးတယ်လို့ပြောကြတယ်၊ သူတို့တွေ တော်တော်ချမ်းသာမှာပဲ"
ရှောင်ကျိုးသည် သူမစိတ်ထဲမှစနစ်ကို မေးလိုက်သည်။
"စနစ် လောကမှာ တကယ်ပဲထာဝရအသက်ရှင်နိုင်တဲ့သူရှိလို့လား"
စနစ် : [ သခင်မလေး သိပ္ပံပညာကို ယုံကြည်ရမယ်လေ ]
ရှောင်ကျိုး ပြန်ပက်လိုက်၏။
"ဒါဆို ငါကဒီကိုဘယ်လိုရောက်လာတာလဲ၊ ဒါသိပ္ပံပညာနဲ့မှ မကိုက်ညီတာ၊ စနစ် နင်ကရော ဘယ်ကလာတာလဲ၊ ဘာလို့ နင့်အသံကို ငါတစ်ယောက်တည်း ကြားနေရတာလဲ"
စနစ် : [ ကျွန်တော်တို့စနစ်အတွင်းက ကိစ္စတွေကိုတော့ စပ်စုလို့မရပါဘူး]
ရှောင်ကျိုး ဆုံးဖြတ်လိုက်သည်။
"ဒါဆိုရင်တော့ မနက်ဖြန်ဟုန်ဖူဘုန်းကြီးကျောင်းကို သွားကြမယ်"
သူမသည် အမှန်တကယ်လူများကို ပြန်ရှင်အောင် လုပ်ပေးနိုင်မလားဆိုသည်ကို သိချင်နေလေ၏။ ကျန်းဖျင်အလောင်းကို ထိိုဘုန်းကြီးကျောင်းဆီ သယ်သွားပြီး ဘုန်းကြီးများသည် အမှန်တကယ်အစွမ်းထက်သည်လားဆိုသည်ကို စမ်းသပ်ကြည့်ရန်ပင်ကြံစည်နေလေသည်။
ကျင့်ရှင်းကတော့ ရှောင်ကျိုးတို့အကြံကိုကြားပြီး ချက်ချင်းငြင်းလိုက်လေ၏။
"ငါတော့ မလိုက်ဘူး၊ မြို့ထဲကတခြားနေရာဆိုရင်တော့ မင်းတို့နဲ့လိုက်ပြီး အပျော်ကြည့်ဦးမယ်၊ ဒါပေမဲ့ ဟုန်ဖူဘုန်းကြီးကျောင်းတော့ မဟုတ်ဘူး၊ မင်းတို့ပြဿနာရှာရင် ငါကူညီနိုင်မှာ မဟုတ်ဘူး"
ရှောင်ကျိုးမေးလိုက်သည််။
"ငါတို့က သူငယ်ချင်းတွေမဟုတ်ဘူးလား"
"အဲလောက်ကြီးလည်း မရင်းနှီးပါဘူး"
ကျင့်ရှင်းကမူ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် ဝါဒကိုချက်ချင်းလက်ကိုင်ထားပြီး အမြန်နောက်ဆုတ်ကာ အကွာအဝေးထားလိုက်သည်။
ဒီလူဆိုးလေးတွေက ရောက်တဲ့နေရာတိုင်းမှာ ပြဿနာကတော့ရှာကိုရှာတတ်ကြတာလေ။ တကယ်လို့ သူတို့သာဟုန်ဖူဘုန်းကြီးကျောင်းမှာ ပြဿနာသွားရှာကြမယ်ဆိုရင် သူတို့ကိုကယ်တင်ပေးနိုင်မယ့်စွမ်းအားလည်း သူ့မှာမရှိသလို သူပါဆွဲနှစ်ခံရမလားဆိုတာ စိတ်ပူစရာပဲ။
"ဒါနဲ့ မင်းတို့ကဟုန်ဖူဘုန်းကြီးကျောင်းကို ဘာလို့သွားချင်ရတာလဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ထာဝရအသက်ကိုရချင်နေကြပြီလား"
"အဲဒီမှာ လူတွေကိုတကယ်အသက်ပြန်သွင်းပေးနိုင်တာ ဟုတ်မဟုတ်သိချင်လို့လေ၊ မနက်ဖြန်ကျရင် ကျန်းဖျင်ရဲ့အလောင်းကိုထမ်းပြီး ဟုန်ဖူဘုန်းကြီးကျောင်းကိုသွားမလို့၊ သူတို့တွေလူကို ဘယ်လိုအသက်ပြန်ရှင်အောင်လုပ်ပေးမလဲဆိုတာ ကြည့်ချင်တယ်၊ ငါတစ်ခါမှမမြင်ဖူးသေးဘူး"
ရှောင်ကျိုး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။