အခန်း ၉၃
Vol. 10 Ch. 93
(အခန်း)93
"ကျွန်တော်လည်းလိုက်မယ်၊ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး"
ကလေးများမှာ အလွန်တရာစိတ်လှုပ်ရှားနေကြ၏။ ဤကဲ့သို့အံ့သြဖွယ်ကောင်းသောကိစ္စမျိုးကို သူတို့ကိုယ်တိုင်လိုက်ကြည့်ရန် ဆုံးဖြတ်ထားကြသည်။
"ဟုန်ဖူဘုန်းကြီးကျောင်းက လူကိုပြန်ရှင်အောင်လုပ်နိုင် မလုပ်နိုင်ဆိုတာ အသာထားဦး၊ လူတစ်ယောက်ကိုပြန်ရှင်အောင်လုပ်ဖို့ ဘယ်လောက်အထိ ကုန်ကျမလဲဆိုတာပဲ စဉ်းစားကြည့်၊ ဒါက လက်ဖျောက်တစ်ချက်တီးရုံနဲ့ ဖြစ်နိုင်တဲ့ကိစ္စလို့ ထင်နေတာလား၊ နောက်ပြီး ဟုန်ဖူဘုန်းကြီးကျောင်းကလူတွေက မင်းတို့ကိုအဖက်တောင် လုပ်မှာမဟုတ်ဘူး"
ကျင့်ရှင်းသည် ထိုကလေးများကို စိတ်အေးအေးထားရန်နှင့် သူတို့အိပ်မက်ထဲမှ နိုးထလာစေရန် ရေအေးဖြင့်ပက်သကဲ့သို့ ပြောဆိုလိုက်၏။
'သတိကပ်ကြစမ်းပါ'
"ငါက မင်းသမီးတစ်ပါးပဲဟာကို ဘာလို့ ငါ့ကိုအဖက်မလုပ်ရမှာလဲ"
မင်းသမီးဆိုသည့်ဂုဏ်ပုဒ်မှာ လူအများလေးစားရမည့် အဆင့်အတန်းဟု ပြောခဲ့သည်လေ။
"မင်းက အရှင်မင်းကြီးမဟုတ်သရွေ့တော့ မင်းသမီးတစ်ပါးဆိုတာ သူတို့အတွက် အရေးတယူလုပ်စရာမဟုတ်ဘူး၊ ဟုန်ဖူဘုန်းကြီးကျောင်းမှာ တော်ဝင်ဆွေမျိုးတွေနဲ့ အရာရှိကြီးတွေဆိုတာမှအလျှံအပယ်ပဲ"
"ငါဂရုမစိုက်ဘူး သွားမှာပဲ"
ရှောင်ကျိုးသည် တစ်ခါဆုံးဖြတ်ပြီးလျှင် မည်သူမျှပြောင်းလဲ၍ မရနိုင်ချေ။
"အင်း ဟုန်ဖူဘုန်းကြီးကျောင်းက လူတွေကိုဆင်းရဲဒုက္ခကနေ ကယ်တင်ပေးတဲ့ ဘုရားလောင်းတွေလို့ နင်ပြောခဲ့တယ်မလား၊ ကျန်းဖျင်ကလည်း ပြည်သူထဲက တစ်ယောက်ပဲလေ၊ ဘာလို့ သူ့ကိုကျတော့ မကယ်ပေးနိုင်ရမှာလဲ"
ကျင့်ရှင်းသည် ကလေးအုပ်စုကိုတစ်ဖန်ပြန်၍ လိမ်ညာနေခြင်းသာဖြစ်မည်ဟု သူမခံစားနေရ၏။
"မင်းတို့ တကယ်သွားမှာလား"
ကျင့်ရှင်း မေးလိုက်သည်။ ကလေးတစ်သိုက်လုံး အလျင်အမြန်ခေါင်းငြိတ်ပြကြ၏။
"ကောင်းပြီလေ၊ ဒါဆိုရင်တော့ မနက်ဖြန်ကျရင် ငါ့ကိုချင်းရှန်းကျောင်းက တာအိုဆရာလို့မပြောရဘူးနော်"
ကျင့်ရှင်းသည် အပြင်၌ပြဿနာရှာသည့်အခါ သူ့ဆရာသမားများနှင့် ဂိုဏ်းသားများကို ထိခိုက်မည်စိုးသဖြင့် ကြိုတင်မှာကြားထားလိုက်၏။
"သဘောတူတယ်"
ဆယ်ကျော်သက်တစ်ယောက်နှင့် ကလေးခြောက်ယောက်တို့၏ အစည်းအဝေးမှာ ကျေနပ်စွာဖြင့် ပြီးဆုံးသွားတော့၏။ သို့သော် သူတို့ အောင်ပွဲမခံနိုင်သေးမီမှာပင် ဆရာကြီးရွှီရောက်ရှိလာသည်။ ကလေးတစ်သိုက်မှာ ချက်ချင်းပင်တန်းစီရပ်လိုက်ကြ၏။ အကယ်၍ သူတို့မတွေ့ချင်ဆုံးသူကိုမေးလျှင် ဆရာကြီးရွှီသည် ပထမဆုံး ဖြစ်ပေလိမ့်မည်။
"ဒီနေ့ နေ့လယ်က ဘယ်တွေသွားနေကြတာလဲ"
ဆရာကြီးရွှီ ထိုအုပ်စုကိုစိုက်ကြည့်လျက် မေးလိုက်၏။ ရှောင်ကျိုးမျက်လုံးလေးများမှာ ဟိုဟိုဒီဒီဝေ့ဝဲသွားသည်။ ထို့နောက် ယွိဟွာကိုလက်ညှိုးထိုးပြကာ တည်ငြိမ်သော လေသံဖြင့်ဆိုလိုက်သည်။
"ယွိဟွာရဲ့ဥတွေ အပြင်မှာကျန်ခဲ့လို့ သွားကောက်တာပါ၊ နှမြောစရာကြီးလေ"
'ဟင်'
ဘေးမှငေးကြည့်နေသော ယွိဟွာသည် ရုတ်တရက် အပြစ်ပုံချခံလိုက်ရသဖြင့် ဝေခွဲမရဖြစ်ကာ ဘဲကဲ့သို့အသံမျိုးဖြင့် အော်လိုက်လေသည်။
"..."
"ယွိဟွာရဲ့ဥတွေက မြို့တော်အထိ ရောက်နေတာလား"
"ဆရာကြီးရွှီက ဘယ်လိုသိတာလဲ၊ ဆရာကြီးလည်း အပြင်ထွက်ခဲ့တာလား"
ရှောင်ကျိုးနှင့် အခြားသူများမှာ ဆရာကြီးရွှီ ဤမျှသတင်းနားစွင့်နိုင်သည်ကို အံ့ဩသွားကြကုန်၏။
"ငါတစ်ယောက်တည်း သိတာမဟုတ်ဘူး၊ မြို့တော်တစ်ခုလုံး သိနေတာ၊ မြစ်ထဲကနေ အလောင်းတစ်လောင်းတောင် ဆယ်ယူခဲ့တယ်လို့ ကြားတယ်၊ ဘာတွေဖြစ်ခဲ့တာလဲ"
ဆရာကြီးရွှီ မေးလိုက်သည်။ ထိုသို့မေးမှပင် အားလုံးသဘောပေါက်သွားကြတော့၏။ သူတို့သည် ဆရာကြီးရွှီကို ဝိုင်းအုံလျက် ယနေ့ဖြစ်ပျက်ခဲ့သမျှကို တတွတ်တွတ်ပြောပြကြတော့သည်။ ပြောပြီးသောအခါတွင်မှ သူတို့တစ်ခုခု မေ့နေသကဲ့သို့ ခံစားလိုက်ရ၏။
"ရွာလူကြီး ကျွန်တော်တို့တစ်ခုခုမေ့နေသေးလား"
ကျောက်ဟူ မေးလိုက်သည်။ အားသို့နှင့် အခြားသူများမှာလည်း ပတ်ဝန်းကျင်ကို လိုက်ကြည့်ကြ၏။
"ရွာလူကြီး၊ ရွာလူကြီး ငှားထားတဲ့ ကိုယ်ရံတော်နှစ်ယောက်ရော ဘယ်မှာလဲ"
"ဟုတ်သားပဲ၊ ငါ့ကိုယ်ရံတော်တွေ ဘယ်ရောက်ကုန်ပြီလဲ"
ကလေးတစ်သိုက်မှာ ခွေးတိုးပေါက်မှ အိမ်တော်ထဲသို့ တိုးဝင်လာခဲ့ကြစဉ် အပြင်မှ ကိုယ်ရံတော်နှစ်ဦးကိုလုံးဝ မေ့ကျန်ခဲ့ခြင်းပင်။ သူတို့သည် အလျင်အမြန် ခွေးတိုးပေါက်ရှိရာသို့ ပြေးသွားကြတော့၏။ ကျောက်ဟူမှ ပထမဆုံးတိုးထွက်သွားခဲ့သည်။ အရပ်ရှည်ရှည် ဗလတောင့်တောင့် ကိုယ်ရံတော်ကြီးနှစ်ဦးမှာ ခွေးတိုးပေါက်ဘေး၌ သနားစဖွယ် ဆောင့်ကြောင့်ထိုင်နေကြသည်ကို တွေ့လိုက်ရ၏။ အခြားသူများလည်း တိုးထွက်လာကြသည်။ သူတို့မျက်နှာထားကိုမြင်သောအခါ ရှောင်ကျိုးမှာ အားနာနာဖြင့် ခေါင်းကုတ်လျက်ပြောလိုက်၏။
"အားနာလိုက်တာ ငါမေ့သွားလို့ပါ၊ ဒီခွေးတိုးပေါက်က နင်တို့ဝင်ဖို့အတွက် အရမ်းကျဉ်းနေတယ်မဟုတ်လား"
ထိုသို့ပြောကာ ကိုယ်ရံတော်နှစ်ဦးကို အိမ်တော်တံခါးမကြီးမှတစ်ဆင့် ခေါ်ဆောင်လာခဲ့သည်။ ခြံဝင်းအတွင်း ရောက်သောအခါ သူ့ထက်ဗလတောင့်သော ထိုလူနှစ်ဦးကိုကြည့်၍ ကျောက်တာ့လန်မှာ စိတ်ပျက်သွားတော့၏။ သူ့ကိုယ်သူရွာသားများထက် သာလွန်စေသောအရာမှာ သူ့ကြွက်သားကြီးများဖြစ်သော်လည်း ယခု ဤတံတိုင်းကြီးနှစ်ခုကဲ့သို့ လူနှစ်ဦးရှေ့တွင်မူ သူအားနည်းနေသည်။
ကျောက်တာ့လန်သည် ထိုနှစ်ဦးကို စေ့စေ့စိုက်ကြည့်နေသော်လည်း ထိုလူအေးကြီးနှစ်ဦးမှာမူ ဘာမျှသတိမထားမိကြချေ။ သူတို့စဉ်းစားနေသည်မှာ မင်းသမီးလေးမှ ထမင်းကျွေးမည်ဟုပြောထားသော်လည်း ယနေ့တွင် ဘာမျှမကူညီနိုင်ခဲ့သဖြင့် ထမင်းကျွေးပါဦးမည်လောဆိုသည့်အချက်သာဖြစ်သည်။ ရှောင်ကျိုးနှင့် အဖွဲ့သားများမှာ ထိုလူများကိုခေါ်လာပြီးနောက် ပြေးထွက်ရန်ကြိုးစားကြ၏။
"ရပ်စမ်း"
ဆရာကြီးရွှီ ဒေါသတကြီးဖြင့်ဟန့်တားလိုက်သည်။
"ဒီနေ့အတွက် ပေးထားတဲ့အိမ်စာတွေရော ပြီးကြပြီလား"
ကျောက်ဟူ ဘေးမှလူများကို အသံတိုးတိုးနှင့် ကပ်မေးလိုက်၏။
"ဆရာကြီးရွှီ ဘယ်တုန်းက အိမ်စာပေးလိုက်တာလဲ၊ ငါမသိပါလား"
"ငါလည်း မသိဘူး၊ ဆရာကြီး အမှတ်မှားနေတာလည်း ဖြစ်နိုင်တာပဲ"
ဖက်တီးလေးသည် မျှော်လင့်ချက်အနည်းငယ်နှင့် ပြောနေသည်။
"မင်းတို့အားလုံး မရေးရသေးဘူးဆိုတော့ ငါစိတ်အေးသွားပြီ"
ထျဲနျိုသည် သူ့ရင်ဘတ်ကိုပုတ်ကာ ပြောလေ၏။ သူတစ်ယောက်တည်း မရေးရသေးသည်မဟုတ်၍ ကျေနပ်နေခြင်းဖြစ်သည်။
"မနေ့က ပေးလိုက်တာလေ၊ ငါနဲ့ရှောင်ကျိုးကတော့ ဒီမနက်တင်အပြီးရေးလိုက်ပြီ"
ရှန်ကျစ်ယွမ်မှာ ရှောင်ကျိုးလက်ကိုကိုင်ရင်း ပြောလိုက်၏။
"ငါလည်း ဒီမနက်ပဲရေးပြီးသွားပြီ၊ မနေ့က ဒီနေ့စစ်မယ်လို့ ဆရာကြီးပြောတာကို နင်တို့မကြားလိုက်ကြဘူးလား"
အားသို့လည်း ဝင်ပြောသည်။ အိမ်စာမလုပ်ရသေးသည့် သုံးယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ဆွံ့အကုန်ကြတော့၏။ ထိုအရာသည် အမှန်တကယ် ကိုယ့်ကိုကိုယ်ပြန်ဆန်းစစ်ရမည့် မေးခွန်းပင်။ ကံဆိုးစွာနှင့် ထိုသုံးယောက်သည် မြင်းထိုင်ထိုင်ရန် ထပ်မံအပြစ်ပေးခံလိုက်ရပြန်သည်။
"မနက်ဖြန် ဟုန်ဖူဘုန်းကြီးကျောင်းကို သွားမယ်ဆိုတာ ဟုတ်လား"
ဆရာကြီးရွှီမှ ကလေးများကိုမေးလိုက်၏။ ရှောင်ကျိုး ချက်ချင်းခေါင်းငြိတ်ပြပြီး ပြန်မေးလေသည်။
"ဆရာကြီး၊ ဟုန်ဖူဘုန်းကြီးကျောင်းက ဘုန်းကြီးတွေက တကယ်ပဲ လူသေကို ပြန်ရှင်အောင် လုပ်ပေးနိုင်တာလား"
ဆရာကြီးရွှီ နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။
"အဲဒါလူတွေရဲ့ အသိဉာဏ်နည်းမှုပဲ၊ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ နာကျင်ခြင်းနဲ့ သေဆုံးခြင်းဆိုတာ သဘာဝတရားရဲ့ ဖြစ်စဉ်ပဲ၊ ဘယ်သူမှ ပြောင်းလဲလို့မရဘူး၊ ဟုန်ဖူဘုန်းကြီးကျောင်းက ကံကြမ္မာကို ဆန့်ကျင်နိုင်တယ်လို့ထင်နေတာလား၊ မင်းတို့ကလေးတွေ ဒီလိုဟာမျိုးတွေကို မယုံကြနဲ့"
"ကျွန်မတို့ မယုံပါဘူး သိချင်ရုံသက်သက်ပါ"
ထိုအခါမှ ဆရာကြီးရွှီလည်းစိတ်အေးသွားရရှာ၏။
"ဒါပေမဲ့ ဒီနေ့မြို့တော်ထဲက လူအများစုက ကျန်းဖျင်ရဲ့အလောင်းကိုမြင်ခဲ့ကြတာဆိုတော့ မနက်ဖြန် အလောင်းကို ဘုန်းကြီးကျောင်းသယ်သွားတဲ့အခါ အဲဒီလူတွေ အကုန်လုံးလိုက်ကြည့်ကြမှာ သေချာတယ်၊ ဒုက္ခရောက်နေသူတွေကို ကယ်တင်ပါတယ်ဆိုတဲ့ ဘုန်းကြီးတွေ ဒီကိစ္စကိုဘယ်လိုကိုင်တွယ်မလဲဆိုတာ ငါတော့ကြည့်ချင်သေးတယ်"
ဆရာကြီးရွှီ သူ့မုတ်ဆိတ်ကိုသပ်ရင်း တခြားလူ ဒုက္ခရောက်သည်ကိုကြည့်ချင်သည့်ပုံစံနှင့် ပြောလိုက်သည်။
"ဆရာကြီးက ဟုန်ဖူဘုန်းကြီးကျောင်းနဲ့ ရန်ငြိုးရှိလို့လား"
ရှန်ကျစ်ယွမ် မေး၏။ ဆရာကြီးရွှီပုံစံမှာ ဟုန်ဖူဘုန်းကြီးကျောင်းကို တကယ့်ကို အရှက်ကွဲစေချင်နေသည့်ပုံပင်။
"ဟမ့် သူတို့ရဲ့ဟန်ဆောင်မှုတွေကို ငါကြည့်မရတာလေ၊ သူတို့အကြောင်းမပြောကြနဲ့တော့၊ ဟန်ဆောင်ကောင်းတဲ့ လူတစ်စုပဲ လာ ထမင်းသွားစားကြမယ်၊ မင်းတို့အစ်မရှောင်ရှောင် ဘာတွေချက်ထားလဲ သွားကြည့်ရအောင်"
ဆရာကြီးရွှီမှာ ရှန်ကျစ်ယွမ်၏မေးခွန်းကို တိုက်ရိုက်မဖြေဘဲ လူစုခွဲလိုက်လေသည်။ ကလေးများသည်လည်း အမှတ်တကယ်ပါးနပ်ကြ၏။
"ဝါး မွှေးနေတာပဲ"
ဖက်တီးလေးနှင့် သူ့သူငယ်ချင်းများသည် အပြစ်ပေးခံနေရသည်ကို ချက်ချင်းရပ်ပြီး ထမင်းစားသည့်နေရာကို ပြေးသွားကြတော့သည်။ ဆရာကြီးရွှီလည်း မမြင်ချင်ယောင်ဆောင်ပေးလိုက်၏။ ကလေးများမှာ ခုံပေါ်တက်ရန်လုနေကြသည်ကိုကြည့်ပြီး အဘွားရွှီမှာ ရှီကျိုးခေါင်းကိုအသာပုတ်ရင်း ပြောလိုက်သည်။
"ဒီကလေးတွေကတော့ အစားပုတ်လေးတွေပဲ"
နေ့လယ်ခင်းတစ်ခုလုံး အပြင်လျှောက်သွားနေကြသည့် ကလေးများသည် အလွန်ဗိုက်ဆာနေကြ၍ အားရပါးရ စားကြတော့၏။ သို့သော် သူတို့ထက်ပိုဗိုက်ဆာသည့်သူများရှိနေပါသေးသည်။ ရှောင်ကျိုးသည် အံ့ဩတကြီးနှင့် သူတို့ကိုကြည့်နေမိ၏။
"ဒီကိုယ်ရံတော်အသစ်နှစ်ယောက်က ဘယ်နှပန်းကန်တောင် စားလိုက်တာလဲ"
"သူတို့က အများကြီးစားလို့ ဒီလောက်တောင်ဗလတောင့်နေတာလား"
အားလုံးထမင်းစားခြင်းကို ခဏရပ်ပြီး ကိုယ်ရံတော် ဗလကြီးနှစ်ယောက်ကို ကြည့်နေကြသည်။
"ဒီလောက်အများကြီးစားတာ ဗိုက်နာမှာ မစိုးရိမ်ဘူးလား"
အဘွားရွှီ စိုးရိမ်တကြီးမေးရှာ၏။ သူတို့နှစ်ယောက်သည် အနည်းဆုံးလူဆယ်ယောက်စာလောက်ကို စားပစ်လိုက်ခြင်းဖြစ်သည်။ ကိုယ်ရံတော်နှစ်ယောက်သည် အားနာသွားကြပြီး ခေါင်းကုတ်ရင်းပြောလေ၏။
"ကျွန်တော်တို့ညီအစ်ကိုတွေက ငယ်ငယ်ကတည်းက အစားကြီးကြတာပါ"
သူတို့အများကြီးစားသည့်အတွက် အိမ်ရှင်မလိုလားမည်ကို စိုးရိမ်နေကြသည်။
"နင်တို့က ထမင်းကျွေးရုံနဲ့ရပြီလို့ ဘာလို့ပြောတာလဲဆိုတာ အခုမှသိတော့တယ်"
အားသို့ အံ့ဩတကြီးကြည့်နေမိ၏။
"ကျွန်တော်တို့ အများကြီးစားပေမဲ့ တအားသန်မာပါတယ်၊ အလုပ်လည်း အများကြီး လုပ်ပေးနိုင်ပါတယ်"
ကိုယ်ရံတော်များမှာ သူတို့ကိုအလုပ်မှ ထုတ်ပစ်မည်စိုး၍ အမြန်ပြောကြလေသည်။
"ဘယ်လောက်တောင်သန်မာလို့လဲ"
ရှောင်ကျိုး စိတ်ဝင်တစားမေးလိုက်၏။
ဒီကမ္ဘာမှာ သူမလိုမျိုးလူတစ်ယောက်ရှိနေတာဖြစ်နိုင်မလား။