အခန်း ၉၅
Vol. 10 Ch. 95
(အခန်း)95
လူအုပ်ကြီးသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကြ၏။ သူတို့မိုးမလင်းသေးဟု ထင်မှတ်ထားခဲ့ကြသော်လည်း မြို့ထဲတွင်မူ လူများဖြင့် စည်ကားနေပြီ မဟုတ်ပါလား။ ရထားလုံးသည် အရှိန်မြှင့်မောင်းနှင်လာပြီး ကျင်းကျောက်မြို့ဝန်ရုံးသို့ ရောက်ရှိလာတော့သည်။ ရှောင်ကျိုးနှင့် အဖွဲ့သားများသည် ရထားလုံးပေါ်မှခုန်ဆင်းကာ ရုံးတော်အတွင်းသို့ပြေးဝင်သွားကြ၏။ တံခါးဝရှိအစောင့်များသည် မနေ့ကချန်လဲ့မင်းသမီးနှင့် တွေ့ဆုံဖူးသဖြင့် အလျင်အမြန်ပင် အရိုအသေပေးကြလေသည်။
ရှောင်ကျိုးသည် ဟိုဟိုဒီဒီမေးမြန်းရင်း ကျန်းဖျင်အလောင်းရှိရာသို့ရောက်သွားပြီးနောက် သူမကိုယ်ရံတော်များကို ခေါ်ကာ အလောင်းတင်ထားသော ပျဉ်ချပ်ကို အပြင်သို့ထမ်းထုတ်ခိုင်းလိုက်၏။ ကျန်ရစ်ခဲ့သော အစောင့်များမှာတော့ ကြောင်အမ်းအမ်းဖြင့် ငေးကြည့်နေကြတော့သည်။
'ခုနက သူတို့မြင်လိုက်တာ မှန်ရဲ့လား၊ ချန်လဲ့မင်းသမီးက စီရင်စုရုံးထဲကိုလာပြီး အလောင်းကိုလုသွားတာလား'
ရှောင်ကျိုးသည် အမြန်ပြန်ပြေးလာပြီး အစောင့်အုပ်စုကိုပါ သူမနောက်သို့ လိုက်ခဲ့ရန် လက်ယပ်ခေါ်လိုက်၏။ အစောင့်များမှာ မလိုက်ချင်သော်လည်း ဘာကြောင့်မှန်းမသိ သူတို့ခြေထောက်များမှာတော့ နောက်ကနေလိုက်ပါသွားကြသည်။
'မသွားရဘူးလား၊ မသွားရင် မင်းကိုသယ်သွားပေးမယ့် လူသန်ကြီးနှစ်ယောက်ရှိတယ်နော်၊ ထားလိုက်ပါတော့ အသက်ကပိုအရေးကြီးတယ်'
မြို့ဝန်ရောက်လာပြီးနောက် ဗလာကျင်းနေသည့် ရုံးတော်ကြီးကိုမြင်သောအခါ ဘယ်လိုတွေးနေမည်ကို သူသိချင်နေမိသည်။ သူအနည်းငယ်ပင် မျှော်လင့်စောင့်စားနေမိတော့သည်။ လမ်းပေါ်ရှိ လူအများသည် ရှေ့ဆုံးမှထမ်းလာသော ကျန်းဖျင်၏အလောင်းကို မြင်သောအခါအံ့ဩကုန်ကြ၏။
"လူသတ်သမားကို ဖမ်းမိပြီလား"
"အစောင့်တွေ အများကြီးပါလာတာဆိုတော့ လူသွားဖမ်းတာဖြစ်ရမယ်"
ထိုသို့ဖြင့် မြို့ထဲရှိအလုပ်အားသောသူ အားလုံးသည် ဟုန်ဖူဘုန်းကြီးကျောင်းဘက်သို့ စုပြုံလိုက်ပါလာကြတော့သည်။ ပါးနပ်သောဈေးသည်အချို့ဆိုလျှင် ဈေးဗန်းများကိုယ်စီ ထမ်းကာ လူအုပ်နောက်မှလိုက်လာကြရာ အရောင်းအဝယ်လည်းမပျက်၊ ကြည့်လည်းကြည့်ရသည့်အပြင် အခြေအနေမှာ မြို့ခံလူထုကြီးမှ ဟုန်ဖူဘုန်းကြီးကျောင်းကို ဝိုင်းဝန်းတိုက်ခိုက်တော့မည့်အလား ထင်မှတ်ရပေသည်။
မကြာမီ ရှောင်ကျိုးနှင့် အဖွဲ့သားများသည် အစောင့်များ၏ဦးဆောင်မှုဖြင့် ဟုန်ဖူဘုန်းကြီးကျောင်းတံခါးဝသို့ ရောက်ရှိလာကြ၏။ တံခါးဝမှ ဘုန်းကြီးသည် ဤမျှများပြားသောလူအုပ်ကြီးကိုမြင်သောအခါ အံ့အားသင့်သွားရသည်။ သူတို့ဘုန်းကြီးကျောင်းမှာ နာမည်ကြီးသော်လည်း ဤမျှအထိ လူအုပ်ကြီး တစ်ခါမျှမလာဖူးချေ။ ရှေ့ဆုံးမှအလောင်းကို မြင်လိုက်ရသောအခါတွင်မူ ထိုဘုန်းကြီးသည် လူအုပ်ကို အမြန်ဟန့်တားလိုက်တော့၏။
" ဒကာ ဒကာမတို့ ဒါဘာအဓိပ္ပာယ်လဲ၊ ဘာလို့ လူသေကြီးကို ဒီယူလာပြီး ကျောင်းတော်ရဲ့အေးချမ်းမှုကို နှောင့်ယှက်ရတာလဲ"
ထိုဘုန်ကြီးမှာ လက်အုပ်ချီလျက်မေးလိုက်၏။ သူ့မျက်နှာတွင် ဟန်ဆောင်ထားသော်လည်း စိုးရိမ်တုန်လှုပ်မှုများ ရောယှက်နေပေသည်။ ရှောင်ကျိုးမှာ ကျန်းဖျင်ကို လက်ညှိုးထိုးပြကာဆိုလိုက်၏။
"ရှင်တို့ဟုန်ဖူဘုရားကျောင်းက လူသေကို ပြန်ရှင်အောင်လုပ်ပေးနိုင်တယ်လို့ကြားတယ်၊ ဒီမှာ အလောင်းယူလာပြီ၊ လူတိုင်းမြင်ရအောင် သူ့ကို အခုပြန်ရှင်အောင်လုပ်ပေးပါ"
ထိုစကားကိုကြားရုံမျှဖြင့် ပတ်ဝန်းကျင်ရှိ လူထုကြီးမှာ ချက်ချင်းပင် တက်ကြွသွားကြတော့သည်။ သူတို့သည် ဘုန်းကြီးကျောင်းရှေ့သို့ တိုးဝှေ့လာကြပြီး ဒူးထောက်လက်အုပ်ချီလျက် ဆုတောင်းကြတော့၏။ သန့်ရှင်းသော ဘုန်းကြီးတစ်ပါးအနေဖြင့် တန်ခိုးတော်သုံး၍ သနားစရာကောင်းသော ကျန်းဖျင်ကိုပြန်ရှင်ခွင့်ပေးရန် တတွတ်တွတ် ရွတ်ဆိုနေကြလေသည်။
"ဆရာတော်ဘုရား၊ ကျန်းဖျင်က တကယ်သနားဖို့ကောင်းတာပါ၊ မိန်းမကသေ ကလေးကပျောက်ပြီး အိမ်မှာလည်း ဖျားနာနေတဲ့အဖေအိုကြီးပဲ ကျန်ပါတော့တယ်၊ သူကိုယ်တိုင်လည်း သနားစရာကောင်းအောင် သေဆုံးသွားရရှာတာပါ"
"ဟုတ်ပါတယ်၊ အသက်တစ်ချောင်းကို ကယ်တင်တာက ဘုံခုနစ်ဆင့်ဘုရားတည်တာထက် မြတ်ပါတယ်"
ထိုလူများသည် ကျန်းဖျင်ကို တကယ်ပင် ကယ်တင်စေလိုကြသော်လည်း အများစုမှာတော့ ဟုန်ဖူဘုန်းကြီးကျောင်း၏လူသေကို ပြန်ရှင်စေသောအစွမ်းကို ကိုယ်တိုင်မြင်တွေ့လိုကြခြင်းသာဖြစ်သည်။ ဘုန်းကြီးဖြစ်သူမှာတော့ ဒေါသထွက်သွား၏။ ဤကလေးမလေးမှာ တမင်သက်သက် လာရောက်ပြဿနာရှာခြင်းဖြစ်ကြောင်း သူသိလိုက်ပြီဖြစ်သည်။ ဘုန်းကြီးသည် လျှို့ဝှက်နက်နဲသော ဟန်ပန်ကိုဖမ်းလိုက်ပြီး မိန့်ကြားလိုက်၏။
"ကိုယ်တော်တို့ ဟုန်ဖူဘုန်းကြီးကျောင်းက ရေစက်ရှိတဲ့သူတွေကိုသာ ကယ်တင်တာပါ၊ ဒီလူကတော့ ကိုယ်တော်တို့ကျောင်းတော်နဲ့ ရေစက်မပါသလို ကိုယ်တော်တို့အနေနဲ့လည်း ကောင်းကင်ဘုံရဲ့ အလိုတော်ကိုမဆန့်ကျင်ရဲပါဘူး"
ကျောက်ဟူမှာ တည်ငြိမ်စွာဖြင့်ပြန်မေးလိုက်သည်။
"ခင်ဗျားတို့ ဘုရားကျောင်းက ကောင်းကင်ဘုံရဲ့ ဥပဒေသတွေကိုတောင် မဆန့်ကျင်ရဲဘူးဆိုမှတော့ ဘယ်လိုကောင်းချီးမင်္ဂလာတွေကို ဖြန့်ဝေနေတာလဲ"
ဘေးတွင်ရပ်နေသော မြို့ဝန်ရုံးအရာရှိသည် ဤသခင်လေးများ၏စကားကြောင့် ဟုန်ဖူဘုန်းကြီးကျောင်းမှ ဘုန်းကြီးများကို စော်ကားမိမည်စိုးသဖြင့် ချွေးပြန်နေတော့၏။ လက်ထောက်အရာရှိသည် အခြေအနေကို ထိန်းသိမ်းရန် အကြောင်းအရာပြောင်းလိုက်သည်။
"ဆရာတော်ဘုရား ကျွန်တော်မျိုးတို့က ကျင်းကျောက်မြို့ဝန်ရုံးက အရာရှိတွေပါ၊ ကျန်းဖျင်သေဆုံးတဲ့အမှုကို စုံစမ်းစစ်ဆေးဖို့ရောက်လာတာမလို့ ကူညီပေးပါဦး"
ဘုန်းကြီးကလည်း ရှောင်ကျိုးတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"အစိုးရအမှုဆိုရင်တော့ ဟုန်ဖူဘုန်းကြီးကျောင်းက ပူးပေါင်းပါဝင်ပါ့မယ်၊ ကျောင်းထိုင်ဆရာတော်ကို သွားလျှောက်လိုက်ဦးမယ်"
ထို့နောက် ကျောင်းထဲဝင်သွားပါတော့သည်။ မကြာခင်မှာပင် ဝတ်ရုံအနီခြုံထားသည့် ကျောင်းထိုင်ဆရာတော် ဟွေ့မင်ထွက်လာ၏။ ဆရာတော်သည် ရှောင်ကျိုးကိုမြင်မြင်ချင်းမှာပင် အံ့ဩသွားသည်။ သူမဘေးပတ်လည်တွင် ထူးခြားသည့်မြူခိုးများနှင့် အင်မတန်ကြီးမားသည့်ကံကြမ္မာအရှိန်အဝါများကိုမြင်နေရ၍ ဖြစ်၏။ သူသည် ထိုလျှို့ဝှက်ချက်ကိုသိချင်ဇောဖြင့် ရှောင်ကျိုးကို စိုက်ကြည့်နေမိသည်။ ရှောင်ကျိုးသည် အကြည့်ခံရခြင်းကြောင့် စိတ်မသက်မသာဖြစ်လာပြီး သူမစိတ်စွမ်းအင်နှင့် ဆရာတော်ကို ခပ်ပြင်းပြင်းလေး ထိုးနှက်လိုက်တော့သည်။ ဆရာတော်ခမျာ မည်သည်ကိုမျှမသိလိုက်ရဘဲ မျက်လုံးပြူးပြီး လဲကျကာ သတိလစ်သွားပါတော့သည်။ အားလုံးသည် ပါးစပ်အဟောင်းသားဖြစ်နေ၏။
"ရွာလူကြီးလေး သူကကြောက်ပြီး သတိလစ်သွားတာထင်တယ်"
ကျောက်ဟူ တံတွေးမြိုချရင်းပြောလိုက်သည်။ လူကို အဝေးမှကြည့်ရုံဖြင့် သတိလစ်အောင်လုပ်နိုင်သည့် ထိုပညာရပ်ကို သူလည်းတအားသင်ချင်နေပြီဖြစ်၏။ ရှောင်ကျိုးသည် အနားရှိယာမန်များကို လေသံတိုးတိုးဖြင့် အပြစ်ကင်းစင်သော မျက်နှာလေးနှင့် ပြောလိုက်သည်။
"ဟုန်ဖူဘုန်းကြီးကျောင်းရဲ့ ကျောင်းထိုင်ဆရာတော်က ကျန်းမာရေး သိပ်မကောင်းဘူးထင်တယ်၊ လမ်းလေးနည်းနည်းလျှောက်တာနဲ့တင် မူးလဲသွားတာပဲ"
ယာမန်အစောင့် : ဒီလိုလုပ်လဲရတယ်ပေါ့
ယာမန်အစောင့်မှာ မြေကြီးပေါ်လဲကျနေသောဘုန်းကြီးအား ထူးဆန်းသောအကြည့်ဖြင့်ကြည့်လိုက်၏။ အနားရှိ ဘုန်းကြီးများမှာတော့ သတိပြန်ကပ်လာကာ အံ့ဩတကြီးဖြင့် သူတို့ဆရာတော်အား ဘုန်းကြီးကျောင်းထဲအမြန်သယ်သွားကြတော့သည်။
စနစ် : [ မင်းပဲ သူ့ကိုရိုက်ချလိုက်တာ မဟုတ်လား ]
ရှောင်ကျိုး : "သူက ငါ့ကိုစိုက်ကြည့်နေတာကိုး၊ စိတ်အနှောင့်အယှက်ဖြစ်လို့လေ၊ ငါ့ဝမ်းကွဲအစ်ကိုက ပြောဖူးတယ်၊ ဒီလိုလူထူးလူဆန်းတွေနဲ့တွေ့ရင် ရိုက်ပစ်ရမယ်တဲ့”
စနစ် : [သူက ဘုန်းကြီးလေ]
ရှောင်ကျိုး : "အဲ့တော့ ဘာဖြစ်လဲ”
စနစ် : [ သူက မင်းရဲ့လျှို့ဝှက်ချက်တွေကိုမြင်အောင်ကြည့်နေတာ၊ မင်း သူ့ကို ရိုက်ချလိုက်တာလည်း ကောင်းပါတယ်လေ]
ရှောင်ကျိုးသည် စနစ်ကို ကျန်းဖျင်အားပြန်ရှင်အောင်လုပ်ပေးရန် တောင်းဆိုသော်လည်း စနစ်မှာမလုပ်ပေးနိုင်ကြောင်းငြင်းလိုက်သဖြင့် ရှောင်ကျိုးလေး စိတ်ဆိုးပြီး စနစ်ကိုကျိန်ဆဲရန် ပြင်ပါတော့သည်။ စနစ်မှာလည်း ကလေးနှင့် စကားမများချင်သဖြင့် အလိုအလျောက် ပိတ်သွားလေ၏။
ပျင်းလာသည်နှင့် ရှောင်ကျိုးလည်း အထဲရှိလူများ ဘာလုပ်နေကြသည်ကို သိချင်စိတ်နှင့် သူမစိတ်စွမ်းအင်ကိုသုံးပြီး အထဲကိုစစ်ဆေးကြည့်လိုက်သည်။ သူမမြင်လိုက်ရသည်ကတော့ ဘုန်းကြီးတစ်စုဝိုင်းရံထားသည့်ကြားမှာ လှဲလျောင်းနေသော ကျောင်းထိုင်ဆရာတော်ပင်ဖြစ်သည်။ ထိုအခါ ရှောင်ကျိုးလည်း ရူးကြောင်ကြောင်ထိုကျောင်းထိုင်ဆရာတော်ကြီးကို သူမစိတ်စွမ်းအင်နှင့် နောက်တစ်ကြိမ်ထပ်တို့လိုက်သည်။
'ငါ့ကို လာကြည့်ဦးလေ၊ ငါ့ကို လာကြည့်ဦး ရော့ ရော့ ရော့ ရော့ ရော့'
သူမဘာသာ တိုးတိုးလေးရေရွတ်နေလိုက်သည်။
ဆရာတော်များအသည်းအသန် ကြိုးစားပြီးမှ သတိပြန်ရလာသောကျောင်းထိုင်ခမျာ မျက်လုံးလေးတစ်စက္ကန့်ပြည့်အောင်ပင် မဖွင့်လိုက်ရဘဲ ထပ်မေ့လဲသွားရှာပြန်သည်။ ဒီတစ်ကြိမ်မှာတော့ ပိုပြီးအိပ်မောကျသွားသလို သတိလစ်သွားခဲ့ပြီး ဘယ်အချိန်မှ ပြန်နိုးလာမည်ကို မည်သူမှမသိနိုင်တော့ပေ။
ရှောင်ကျိုးမှ ကျောင်းထဲသို့ဆက်ကြည့်လိုက်ရာ သူမမျက်လုံးလေးများ တောက်ပသွားလေသည်။
"ပိုက်ဆံတွေ အများကြီးပဲ"
‘လိုချင်လိုက်တာ လိုချင်လိုက်တာ လိုချင်လိုက်တာ’
ဥပဒေလည်းမဖောက်ဖျက်ဘဲ ထိုပိုက်ဆံများအား မိမိပိုင်ဆိုင်မှုအဖြစ် မည်ကဲ့သို့လုပ်ရမည်ကို ရှောင်ကျိုးလေး စဉ်းစားနေလေ၏။
'ငါ့ရဲ့ဝမ်းကွဲအစ်မသာ ဒီမှာရှိရင် သေချာပေါက်သိမှာပဲ၊ သူက တက္ကသိုလ်ကျောင်းသူဆိုတော့ ငါ့ထက် အများကြီးပိုတတ်တာပေါ့'
ရှောင်ကျိုး သူမစိတ်စွမ်းအင်ကို ဘုရားကျောင်းအတွင်းထဲအထိ ဆက်ပြီးဖြန့်ကျက်စူးစမ်းလိုက်သည်။
'ဟမ် ကြမ်းပြင်အောက်က အခေါင်းကြီးလား'
သူမစိတ်စွမ်းအင်မှာ မြေအောက်ထဲအထိဆင်းကြည့်လိုက်သည့်အခါတွင်တော့ထိတ်လန့်သွားခဲ့ရသည်။
'အမလေး ကြောက်စရာကြီး'
မြေအောက်ခန်းထဲတွင် ပြန့်ကျဲနေသည့် အလောင်းများကို တွေ့လိုက်ရသဖြင့် ရှောင်ကျိုးလန့်သွားရ၏။ သို့သော် သူမဆက်ပြီး စူးစမ်းကြည့်သည့်အခါ ပိုပြီးအံ့ဩစရာကောင်းသည်ကို တွေ့လိုက်ရပြန်သည်။
"ဒါ....ဒါဆရာကြီးယန် မဟုတ်လား"
ဆရာကြီးယန်သည် တစ်ကိုယ်လုံး ဒဏ်ရာများနှင့် လက်ဝါးကပ်တိုင်တွင် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရ၏။
'ဘယ်သူလဲ၊ ငါ့ဆရာကို ဘယ်သူက ဒီလောက်တောင် ရဲရဲတင်းတင်းနှိပ်စက်နေတာလဲ'
ရှောင်ကျိုးသည် ဒေါသများတောက်လောင်လာပြီး သူမကိုယ်လုံးလေးသည် လေပြင်းတစ်ချက် တိုက်ခတ်လိုက်သလိုမျိုး ဘုရားကျောင်းအတွင်းထဲကို ဝူးခနဲပြေးဝင်သွားပါတော့သည်။