← Chapters

အခန်း ၉၆

Vol. 10 Ch. 96

အခန်း ၉၆

Vol. 10 Ch. 96

(အခန်း)96

ဤမြင်ကွင်းကိုမြင်လိုက်ရသောအခါ ကျောက်ဟူနှင့် အဖွဲ့သားများသည် အခြေအနေကို မသေချာသော်လည်း ရွာသူကြီးလေးနောက်သို့သာ မျက်စိစုံမှိတ်လိုက်ပါသွားကြပြီး အားသွန်ခွန်စိုက် ရှေ့သို့ပြေးဝင်သွားကြတော့သည်။ ရုံးတော်မှယာမန်များမှာ ကလေးအဖွဲ့သည် မျက်စိတစ်မှိတ်အတွင်း ဘုန်းကြီးကျောင်းအတွင်းသို့ ပြေးဝင်သွားသည်ကို ငေးကြည့်ရင်း မိမိတို့ဘဝဇာတ်သိမ်းတော့မည်ဟု ခံစားလိုက်ရ၏။

'ချန်လဲ့မင်းသမီးလေးက အမွှေးတိုင် သွားထွန်းတာမဟုတ်ဘူးလား၊ ဟုတ်တယ် မဟုတ်ဘူးလား'

သူမသည် ပြဿနာရှာရန်လာခြင်းဖြစ်ပေလိမ့်မည်။

ဇာတ်သိမ်းပြီပဲ။

ဤနေရာမှာ ကလေးများကစားစရာ နေရာမျိုးမဟုတ်ပေ။ ချန်လဲ့မင်းသမီးလေးသာ အတင်းဝင်သွားလျှင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မည်မှာ မသေချာပေ။ ချန်လဲ့မင်းသမီးလေးသာ ဤနေရာ၌ တစ်စုံတစ်ရာဖြစ်ခဲ့လျှင် အရှင်မင်းကြီးအနေနှင့် ဤရုံးတော်အမှုထမ်းများအားလုံးကို အသက်နှင့်ရင်းပြီး လျော်ကြေးပေးခိုင်းမည်မှာသေချာလှသည်။ ထိုရုံးတော်အမှုထမ်းများမှာ အရူးမီးဝိုင်းဖြစ်နေကြတော့၏။ ချက်ချင်းအသတ်ခံရခြင်းနှင့် နောက်မှ ဟုန်ဖူဘုန်းကြီးကျောင်း၏အသတ်ခံရခြင်းနှစ်ခုအနက် သူတို့သည် နောက်မှ အသတ်ခံရခြင်းကိုသာ ရွေးချယ်လိုက်ကြသည်။ လက်ထောက်အရာရှိသည် ကျန်းဖျင်ကိုစောင့်ကြည့်ရန် အမှုထမ်းအနည်းငယ်ကိုသာ အမြန်ထားခဲ့ပြီး ကျန်အမှုထမ်းအားလုံးကိုလည်း အထဲသို့ အမြန်ဝင်ရန်အမိန့်ပေးလိုက်၏။

လူအုပ်ကြီးမှာမူ အတင်းဝင်ရောက်သွားသူများသည် အာဏာရှိသောမိသားစုမှ ကလေးများသာဖြစ်မည်ဟု ထင်မှတ်နေကြပြီး ဟုန်ဖူဘုန်းကြီးကျောင်းကို အနိုင်ကျင့်ကာ မကောင်းကြံသူများဟု ယူဆနေကြသည်။ သူတို့အားလုံးသည် ဘုန်းကြီးကျောင်းအပြင်ဘက်တွင် ရပ်လျက် ပြေးဝင်သွားသူများကိုပြစ်တင်ရှုတ်ချနေကြ၏။

"ဒီကလေးတွေက ဘယ်ကရောက်လာတာလဲ၊ ဒါဗုဒ္ဓဘာသာဆိုင်ရာ မြင့်မြတ်တဲ့နေရာလေ ကစားစရာနေရာမဟုတ်ဘူး"

"မှန်တယ် မှန်တယ်၊ ဒါက သူတို့လို အခွင့်ထူးခံကလေးတွေ လာဆော့ရမယ့် နေရာမဟုတ်ဘူး"

"ဟုန်ဖူဘုန်းကြီးကျောင်းဆိုတာ ငြိမ်းချမ်းတဲ့နေရာလေ၊ သူတို့ ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ရိုင်းစိုင်းရတာလဲ"

"......."

လူအုပ်ကြီး၏အသံများမှာ အတက်အကျရှိနေပြီး မကျေနပ်မှုများနှင့် ဒေါသများဖြင့်ပြည့်နှက်နေသည်။ အဘွားအိုရွှီသည် ရွာသူကြီးလေးကို မြို့ခံများဆဲရေးနေသည်အား ကြားလိုက်ရသောအခါ အလွန်တရာဒေါသထွက်သွားရ၏။

"ဘာဖြစ်နေကြတာလဲ၊ နင်တို့တွေလည်း ခုနက အပြင်မှာဆူညံပူညံလုပ်နေကြတာပဲလေ၊ အခု ဟုန်ဖူဘုန်းကြီးကျောင်းက လူကယ်တင်နေတာဆိုရင် နင်တို့တွေကငြိမ်းချမ်းရေးကို ဖျက်ဆီးတာ မဟုတ်ဘူးလား၊ ပြီးတော့ ဟုန်ဖူဘုန်းကြီးကျောင်းက ဒုက္ခတွေကို ကယ်တင်တဲ့ဘုရားလောင်းအရှင်ပါဆို အခုဘာဖြစ်သွားတာလဲ၊ နင်တို့တွေ ခုနကဒီမြင့်မြတ်တဲ့နေရာကို ဒူးထောက်ပြီး တောင်းဆိုနေတာ မဟုတ်လား၊ ဒါပေမဲ့ နင်တို့ရဲ့ အထက်တန်းစားဘုန်းကြီးတွေက ကျန်းဖျင်ရဲ့ အသက်ကိုမကယ်တင်နိုင်ခဲ့ဘူးမဟုတ်လား၊ ကံကြမ္မာဟုတ်လား ဘယ်လိုကံကြမ္မာမျိုးလဲ၊ ဟုန်ဖူဘုန်းကြီးကျောင်းကိုဖွင့်ပြီး ပိုက်ဆံရှာဖို့ စွမ်းရည်သာမရှိရင် ဘယ်လိုဗုဒ္ဓဘာသာ မြင့်မြတ်တဲ့နေရာမျိုးလဲ၊ ငါတို့ဒီနေရာကို မနက်စောစောကတည်းကရောက်နေတာ၊ တစ်နေကုန်စောင့်နေရတာတောင် ဒီဘုန်းကြီးတွေက ဘာလို့အခုထိ ထွက်မလာကြသေးတာလဲ၊ ငါထင်တာတော့ သူတို့ကနင်တို့လိုသာမန်လူတွေကို လုံးဝအထင်မကြီးကြတာပဲ၊ ပြီးတော့ နင်တို့က သူတို့ကိုကိုးကွယ်နေသေးတယ်၊ ဘာလဲ ဒီဘုန်းကြီးတွေက နင်တို့ရဲ့အဘိုး ဒါမှမဟုတ် အဖေဖြစ်နေလို့လား၊ ဟုန်ဖူဘုန်းကြီးကျောင်းမှာ ဘယ်လိုမသမာမှုတွေဖြစ်နေလဲဆိုတာ ဘယ်သူသိမှာလဲ၊ ကျောင်းထိုင်ဘုန်းကြီးတစ်ယောက်တည်းတောင် လမ်းလျှောက်ရင်း မူးလဲနိုင်သေးတာပဲ၊ ဒီလောက်အားနည်းတဲ့ ဘုန်းကြီးတစ်ပါးတောင် ကျောင်းထိုင်ဘုန်းကြီးဖြစ်နိုင်တယ်ဆိုရင် ဟုန်ဖူဘုန်းကြီးကျောင်းက မကောင်းဘူးဆိုတာ သေချာတယ်၊ နောက်ပြီးတစ်ခုပြောဦးမယ်၊ နင်တို့ထဲက ဘယ်သူမဆို ငါ့ရဲ့ရွာသူကြီးလေးအကြောင်း တစ်ခွန်းပဲဆက်ပြောကြည့်စမ်း၊ ငါ နင်တို့ပါးကို ရိုက်ပစ်မယ်"

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ အံ့ဩသွားကြ၏။

"မဖြစ်နိုင်တာ၊ ဒီအရူးမက ဘယ်ကရောက်လာတာလဲ အရမ်းကိုမောက်မာတာပဲ၊ ပြီးတော့ ဆဲတာလည်း ကျွမ်းကျင်လိုက်တာ"

စကားအနည်းငယ်မျှသာ အပြန်အလှန် ပြောဆိုရသေးသော်လည်း ဤအဘွားအိုမှာမူ စကားတစ်ဒါဇင်ကျော်ပြောဆိုလိုက်လေသည်။ အချို့လူများမှာ ပြန်လည်ဆဲဆိုရန်ကြိုးစားသော်လည်း အဘွားအိုလက်ထဲရှိ အုတ်ခဲကိုမြင်လိုက်ရသောအခါ ဤအရူးမနှင့် အချိန်မဖြုန်းတော့ဘဲ လွှတ်ပေးရန်သာ ဆုံးဖြတ်လိုက်ကြ၏။ အဘွားအိုရွှီသည် အေးစက်စက်ဖြင့်နှာခေါင်းရှုံ့လိုက်ပြီး အပြင်ဘက်ရှိ ဆူညံနေသော လူအုပ်ကြီးကို ထိန်းချုပ်လိုက်သည်။

ကျောင်းအတွင်းတွင်မူ ရှောင်ကျိုးပြေးဝင်သွားသည်နှင့် တစ်ပြိုင်နက် ကျွမ်းကျင်သူအချို့သည် ဘယ်နေရာမှန်းမသိပေါ်လာကြပြီး သူမဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာကြ၏။ ရှောင်ကျိုးသည် သူမဆီသို့တိုးဝင်လာသောလက်သီးကိုကြည့်ရင်း သူမလက်သီးငယ်လေးကို တည်ငြိမ်စွာဆန့်ထုတ်လိုက်ပြီး တစ်ဖက်လူ၏လက်သီးကို အပြင်းအထန် ပြန်လည်ထိုးလိုက်သည်။ တစ်ဖက်လူသည် ကြီးမားလှသောအားတစ်ခုကို ခံစားလိုက်ရပြီးနောက် သူသည် နံရံအချို့ကိုဖြတ်ကျော်ကာ လွင့်စင်သွားခဲ့ပြီး သတိမေ့မြောသွားတော့၏။

အခြားသော ကျွမ်းကျင်သူများမှာ ဤမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် တစ်စက္ကန့်မျှအံ့ဩသွားကြသော်လည်း ချက်ချင်းပင် သူမသည် အဆင့်မြင့် ကိုယ်ခံပညာရှိသော ကလေးငယ်တစ်ဦးဖြစ်ကြောင်း သဘောပေါက်သွားကြသည်။ ထို့ကြောင့် သူတို့အားလုံးသည် ရှောင်ကျိုးရှိရာသို့ အလုအယက်ပြေးဝင်သွားကြတော့သည်။

ရှောင်ကျိုးသည် အဘွားအိုရွှီတစ်ယောက် မထွက်ခွာမီ သူမအိတ်ထဲသို့ ထည့်ပေးလိုက်သော အုတ်ခဲကို တိတ်တဆိတ်ထုတ်ယူလိုက်၏။ ထို့နောက် အုတ်ခဲကိုကိုင်ကာ မုန်လာဥကိုထုသကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ရိုက်နှက်လိုက်ရာ လူများမှာ တစ်ဦးပြီးတစ်ဦး သတိမေ့မြောသွားကြတော့သည်။ သူတို့နှင့်အတူ မည်သည့်နေရာမှရောက်လာမှန်းမသိသော ကြက်တစ်ကောင်လည်းရောနေပြီး သူတို့မျက်လုံးများကိုသာ အဓိကထား၍ တိုက်ခိုက်နေကြ၏။ ကျောင်းအတွင်းရှိ အခြားဘုန်းကြီးများမှာ တစ်စုံတစ်ယောက်မှ ပြဿနာလာရှာနေသည်အားမြင်သောအခါ လက်နက်များကို အလျင်အမြန်ဆွဲယူလိုက်ကြသည်။

ကျောက်ဟူနှင့် အဖွဲ့သားများ ကျောင်းထဲသို့ပြေးဝင်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ စကားတစ်ခွန်းမျှ မဆိုတော့ဘဲ တိုက်ပွဲထဲသို့ချက်ချင်း ပါဝင်သွားကြတော့၏။ အလွန်ကျွမ်းကျင်သော ဘုန်းကြီးများနှင့်ယှဉ်လျှင် ကျောက်ဟူနှင့် သူငယ်ချင်းများမှာ အားနည်းလွန်းနေသည်။ မကြာမီမှာပင် ကျောက်ဟူသည် တစ်ချက်တည်းနှင့် မြေပြင်ပေါ်သို့လဲကျသွားခဲ့ရသည်။ ထိုဘုန်းကြီးမှာ အပြုံးဖြင့်ပြောလိုက်၏။

"ကောင်လေး၊ ဟုန်ဖူဘုန်းကြီးကျောင်း ရဲ့ငြိမ်းချမ်းရေးကို ဖျက်ဆီးရဲတယ်ပေါ့၊ ဒီနေ့က မင်းရဲ့နောက်ဆုံးနေ့ပဲ"

ထို့နောက် သူသည် ကျောက်ဟူ၏လည်ပင်းဆီသို့ လက်ညှိုးထိုးလိုက်သည်။ ကျောက်ဟူ တည်ငြိမ်စွာဖြင့် သူ့လျှပ်စစ်ဒုတ်ကို ထုတ်လိုက်ပြီး မိမိဆီသို့ဦးတည်လာနေသည့် လက်ညှိုးဆီသို့ ချိန်ရွယ်လိုက်သည်။ ထိုဘုန်းကြီးသည် မျက်နှာပေါ်မှအပြုံးပင်မပျက်သေးဘဲ တစ်ကိုယ်လုံးတုန်တက်သွားကာ သတိလစ်သွားတော့သည်။ ထိုဘုန်းကြီးမှ မိမိအပေါ်သို့ လဲကျတော့မည်ကို မြင်သောအခါ ကျောက်ဟူမှာ မြေပြင်ပေါ်တွင်အမြန်လိမ့်လိုက်ပြီး ယခင်နေရာမှ ဖယ်ခွာလိုက်သည်။ ဘုန်းကြီး၏လက်ဝါးချက် ထိမှန်ထားသည့် ကျောက်ဟူမှာ နာကျင်လွန်းသဖြင့် မျက်နှာပျက်သွားရသည်။

"ငါ့ ဗိုက်ကို ထိုးရဲတယ်ပေါ့၊ ဒါကိုခံလိုက်စမ်း"

ထိုသို့ပြောပြီးနောက် သူသည် မည်သည့်နေရာမှမှန်းမသိသော အုတ်ခဲတစ်ချပ်ကိုကောက်ကိုင်လိုက်ပြီး ဘုန်းကြီးထံသို့ ပစ်ပေါက်လိုက်သည်။ ကိုယ်ခံပညာတွင် ထူးချွန်သည်ဟု နာမည်ကျော်ကြားသော ဘုန်းကြီးမှာမူ အုတ်ခဲများကြောင့် ခေါင်းမူးပြီး ဘာလုပ်ရမှန်းမသိတော့ပေ။

တစ်ဖက်တွင်လည်း အားသို့၊ ထျဲနျို နှင့် ဖက်တီးလေးတို့သည် အစောင့်နှစ်ဦးနောက်တွင် ပုန်းကွယ်နေရင်းမှ ခုန်ပေါက်ကာ ရန်သူများကို ဓားဖြင့် တိုက်ခိုက်နေကြရာ သူတို့ဆီသို့ ချဉ်းကပ်လာသောဘုန်းကြီးမှာ အကူအညီမဲ့ဖြစ်နေရသည်။ ရှီအန်းနှင့် ရှန်းယီကျစ်တို့သည် ခန္ဓာကိုယ်တွင် ဝှက်ထားသောလက်နက်များကို အသုံးပြုကာ လူအုပ်ကြားထဲမှနေ၍ ဘုန်းကြီးများထံသို့ အရှိန်အဟုန်ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြ၏။ ဘုန်းကြီးသည် ကျင့်ရှင်း၏အားနည်းလှသော ကိုယ်ခံပညာကိုမြင်သောအခါ ကလေးကိုသာ ဓားစာခံအဖြစ်ဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။

ကျင့်ရှင်း : ‘...’

ကျင့်ရှင်းသည် ရှောင်ကျိုးအနီးသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ ကျင့်ရှင်းကို ဖမ်းဆီးရန် ချဉ်းကပ်လာသော ဘုန်းကြီးအုပ်စုမှာ ရှောင်ကျိုးရိုက်ချက်ကြောင့် သတိမေ့သွားကြရ၏။ ရုံးတော်မှအမှုထမ်းများမှာ အထဲသို့ဝင်သွားလျှင် ဒဏ်ရာရကာ အသတ်ခံရမည်ဟု ထင်ထားသော်လည်း ဤကလေးငယ်များမှာ ဤမျှအစွမ်းထက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။ ရုတ်တရက်ပင် သူတို့သွေးများဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဤမျှနိမ့်ကျသော ရုံးတော်အမှုထမ်းများမှာ တစ်နေ့တွင် ဟုန်ဖူဘုန်းကြီးကျောင်းမှ ဘုန်းကြီးတစ်ပါးအား တိုက်ခိုက်နိုင်ခဲ့သည်မှာ သူတို့တစ်သက်တာလုံး ဂုဏ်ယူဝင့်ကြွားစရာ ဖြစ်ပေလိမ့်မည်။

တံခါးကိုရိုက်ချိုးပြီးနောက် ရှောင်ကျိုးသည် ဆရာကြီးယန်အကျဉ်းချခံထားရသည့်နေရာသို့ ဦးတည်သွားလိုက်သည်။ သူမသည် စက်ခလုတ်ကို ရှာမတွေ့သဖြင့် လျှို့ဝှက်အခန်းကိုဖွင့်လို့မရဘဲဖြစ်နေသည်။

'ကိစ္စမရှိဘူး'

ရှောင်ကျိုးသည် နံရံကိုထိုးလိုက်ရုံဖြင့် နံရံများပြိုကျကာ မြေကြီးများလဲပြိုကျသွားတော့၏။ မိမိတို့သခင်မလေး လျှို့ဝှက်ခန်းဆီသို့ ဦးတည်သွားသည်ကိုမြင်သောအခါ အစောင့်နှစ်ဦးမှာ အလျင်အမြန် လိုက်ပါသွားကြသည်။ ရှောင်ကျိုးသည် စိတ်စွမ်းအင်၏လမ်းညွှန်မှုအတိုင်း အောက်သို့ဆင်းသွားခဲ့၏။ မကြာမီပင် သူတို့သည် လက်ဝါးကပ်တိုင်တွင် ချည်နှောင်ခံထားရသော ဆရာကြီးယန်ကို တွေ့ရှိလိုက်ကြသည်။

"ဆရာကြီးယန်၊ ဆရာကြီး"

ရှောင်ကျိုး အကြိမ်ကြိမ်ခေါ်ဆိုသော်လည်း မည်သူမျှပြန်မဖြေကြပေ။

"သူ သေသွားတာမဟုတ်ဘူးမလား"

အစောင့်မှာ သူ့အသက်ရှူသံကို အလျင်အမြန် စစ်ဆေးလိုက်သည်။

"အသက်ရှူနေပါသေးတယ်"

ရှောင်ကျိုးသည် သူ့ကိုချည်နှောင်ထားသော သံကြိုးများအားလုံးကိုဆွဲဖြုတ်လိုက်သည်။ အစောင့်နှစ်ဦးမှာ ဒဏ်ရာများဖြင့် ပြည့်နှက်နေသောလူကိုကြည့်ကာ သစ်သားပြားတစ်ခုရှာလိုက်ပြီး ဆရာကြီးယန်ကို ဂရုတစိုက် တင်ဆောင်ကာ မလိုက်ကြ၏။ ရှောင်ကျိုးနားရွက်များမှာ တုန်ခါသွားသည်။

အခြားလူတွေ ရှိနေသေးတာလား။ ရှောင်ကျိုးသည် အစောင့်များအား လူကိုအပြင်သို့ အရင်သယ်ထုတ်သွားရန် ညွှန်ကြားလိုက်သည်။ သူမသည် ထောင်ထဲသို့ လမ်းလျှောက်ဝင်သွားလိုက်သည်။ အတွင်းတွင် ကလေးများအုပ်စုကိုပိတ်လှောင်ထား၏။ ရှောင်ကျိုးသည် ရှန်းယွမ်မြို့နှင့် လိုဏ်ဂူထဲရှိ ကလေးများကို ရုတ်တရက်အမှတ်ရသွားသည်။

'ဒီအုပ်စုအားလုံးက တစ်ဖွဲ့တည်းဖြစ်နေတာများလား'

'လူကုန်ကူးတဲ့သူတွေ အားလုံးသေရမယ်'

ဤကလေးငယ်များသည် အပြင်မှဆူညံသံများကိုကြားရသဖြင့် ကြောက်လန့်တုန်ရင်နေကြသည်။ သူတို့သည် မိန်းကလေးငယ်တစ်ယောက်ဖြစ်ကြောင်းမြင်လိုက်ရသောအခါမှ နောက်ဆုံးတွင် သက်ပြင်းချနိုင်ကြတော့သည်။

'သူမကလည်း သူတို့လိုပဲအဖမ်းခံရတာလား သနားစရာကောင်းလိုက်တာ'

ရှောင်ကျိုးသည် အကျဉ်းခန်းဆီသို့ လျှောက်သွားကာ တံခါးပေါ်ရှိ သော့ခတ်ထားသောနေရာများကို အလျင်အမြန် ရိုက်ချိုးလိုက်သည်။ ထိုနေရာတွင် ငေးငိုင်စွာရပ်နေဆဲဖြစ်သော ကလေးကို တစ်ချက်ကြည့်လိုက်၏။

"သွားကြစို့၊ နင်တို့ကို လက်စားချေဖို့ ငါခေါ်သွားမယ်"

ကလေးငယ်များသည် ထိုမိန်းကလေးငယ်ပြောလိုက်သည့်စကားကို သေချာကြားလိုက်ရမှသာ သတိပြန်ဝင်လာကြသည်။

"လက်စားချေမယ် ဟုတ်လား"

ကလေးငယ်တစ်ဦးမှာ တိုးညင်းစွာမေးလိုက်၏။

"အတိအကျပဲ၊ မနက်ဖြန်ကျရင် သူတို့ကို သေသေချာချာရိုက်နှက်ကြမယ်"

ရှောင်ကျိုးမှာ ကလေးငယ်များကို သူမနောက်မှလိုက်လာရန် ခေါ်လိုက်သည်။ ကလေးငယ်များသည် သူမကို အလျင်အမြန်ကျေးဇူးတင်စကားဆိုလိုက်ကြပြီး ကလေးအုပ်စုမှာ မိန်းကလေးငယ်၏အနောက်မှ ကပ်လျက်လိုက်ပါလာကြ၏။ သူတို့သည် မည်းနက်သောသံရည်ဖြင့် ပြုလုပ်ထားသည်ဟုဆိုကြသည့် အကျဉ်းခန်းတံခါး၏သော့ခလောက်ကို မိန်းကလေးငယ်မှ အသာဆွဲဖြုတ်လိုက်သည်ကို မျက်မြင်ကိုယ်တွေ့မြင်တွေ့လိုက်ကြရသည်။ ကလေးများသည် ရှောင်ကျိုးကိုကြည့်ရင်း မျှော်လင့်ချက်ကိုမြင်တွေ့လိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။

All Chapters