အခန်း ၉၇
Vol. 10 Ch. 97
(အခန်း)97
လူအုပ်သည် လျှို့ဝှက်ခန်းထဲမှ လမ်းလျှောက်ထွက်လာကြသည်။ ချန်လဲ့မင်းသမီးလေးထွက်လာသည်ကို မြင်လိုက်ရသောအခါ လက်ထောက်အရာရှိမှာ စိတ်သက်သာရာရသွားတော့သည်။ သူမအဆင်ပြေသည်မှာ ကောင်းလှ၏။ သူမနောက်မှလိုက်ပါလာကြသည့် ကလေးအုပ်စုကိုသေချာမြင်လိုက်ရချိန်တွင်တော့ လက်ထောက်အရာရှိမှာ မိမိဘဝဇာတ်သိမ်းတော့မည်ဟု ခံစားလိုက်ရသည်။ ဘုန်းကြီးကျောင်းတစ်ခုတည်းတွင် ကလေးငယ်များ ဤမျှအထိ များပြားနေရသည်မှာ မည်သို့ဖြစ်နိုင်ပါသနည်း။ မကြာသေးမီက ကလေးများပျောက်ဆုံးနေခြင်းမှာ ဟုန်ဖူဘုန်းကြီးကျောင်းကြောင့်သာ ဖြစ်နေသည်လား။
ဤဟုန်ဖူဘုန်းကြီးကျောင်းမှာ လူကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေခြင်းဖြစ်ပေသည်။ လက်ထောက်အရာရှိသည် မိမိကိုယ်ကိုကြီးမားလှသောအမှုကြီးတစ်ခုထဲသို့ ဆွဲထည့်မိပြီပင်။ လက်ထောက်အရာရှိမှာမမြင်သယောင်နှင့် နေချင်သော်လည်း နောက်ဆုံးတွင်မူ သူ့ကိုယ်ကျင့်တရားမှာ ခွင့်မပြုခဲ့ပေ။ လက်ထောက်အရာရှိသည် အံတင်းတင်းကြိတ်ကာ ချန်လဲ့မင်းသမီးလေးနှင့်အတူကံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ကိစ္စရပ်မှာပေါ်ပေါက်ပြီးဖြစ်ရာ အဆုံးထိသာ ရဲဝံ့စွာရင်ဆိုင်လိုက်ခြင်းက ပိုကောင်းပေမည်။ မည်သို့ပင်ဖြစ်စေ စောစော သို့မဟုတ် နောက်ကျသေဆုံးရမည်ဖြစ်ရာ အဆုံးထိသာသည်းခံကာ လုပ်ဆောင်လိုက်ခြင်းမှာ ပိုမြတ်သေးသည်။ လက်ထောက်အရာရှိသည် မိမိအစောင့်များအား မြေပြင်ပေါ်တွင် သေလုမြောပါးဖြစ်နေကြသော ဘုန်းကြီးများကို အမြန်ဆုံးချည်နှောင်ထားရန် အမိန့်ပေးလိုက်၏။ ထို့နောက် သူသည် ယာမန်အဖွဲ့တစ်ဖွဲ့ကို မြို့တော်ရှိအကြီးအကဲထံ အစီရင်ခံရန်အတွက် ရုံးတော်သို့ပြန်လည်စေလွှတ်လိုက်သည်။ လက်ထောက်အရာရှိသည် ချန်လဲ့မင်းသမီးလေးထံသို့ ချဉ်းကပ်လာကာ ရိုသေစွာဦးညွှတ်လျက် မေးလိုက်သည်။
"မင်းသမီးလေး၊ ဟုန်ဖူဘုန်းကြီးကျောင်းက ပြစ်မှုကြီးတွေကို ကျူးလွန်ထားခဲ့ပါတယ်၊ ဒါကို အရှင်မင်းကြီးဆီ အစီရင်ခံဖို့ တစ်ယောက်ယောက်ကို စေလွှတ်သင့်လား"
"အရှင်မင်းကြီးဆိုတာ ဘယ်သူလဲ"
ရှောင်ကျိုး သူ့ကိုနားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်သည်။
"မင်းသမီးလေးကလည်း နောက်နေပြန်ပြီ"
"ကျွန်မ မနောက်ပါဘူး”
ရှောင်ကျိုး အလေးအနက်ထား၍ မေးမြန်းလိုက်၏။ သူမမှာ တကယ်ပင် မသိရှိရှာပေ။ လက်ထောက်အရာရှိမှာ စကားလုံးများဖြင့် တိုင်ပတ်သွားရကာ အခြားနည်းဖြင့် ပြန်လည် မေးမြန်းလိုက်သည်။
"မင်းသမီးလေး၊ ဟုန်ဖူဘုန်းကြီးကျောင်းကိစ္စကို မင်းသမီးလေးရဲ့ခမည်းတော် ဧကရာဇ်မင်းကြီးဆီ အစီရင်ခံရမလား"
ရှောင်ကျိုးသည် ခဏမျှတွေးတောလိုက်ပြီးနောက် ဧကရာဇ်မင်းကြီးမှာ သူမဖခင်ဖြစ်ကြောင်း သတိပြုမိသွား၏။
"သွားပြီး တိုင်လိုက်ကြပါ"
ရှောင်ကျိုးမှာ တစ်ကြိမ်မျှသာတွေ့ဖူးသော သူမဖခင်အပေါ်စိတ်ဝင်စားမှုမရှိကြောင်းပြသလျက် အလောင်းများ မြှုပ်နှံထားသည့်နေရာသို့ ဆက်ဦးတည်သွားလိုက်သည်။ လက်ထောက်အရာရှိတစ်ယောက် နောက်မှလိုက်ပါလာသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျိုးသည် ရှေ့တွင်စိုက်ပျိုးထားသော ပန်းပင်များကို လက်ညှိုးထိုးပြလျက်ပြောလိုက်သည်။
"ဒီပန်းခင်းတစ်ခုလုံးကို တူးဆွပစ်လိုက်”
အရာရှိမှာ အမြန်ပြန်ဖြေလိုက်သည်။
"ဒီပန်းပင်တွေက အလှကုန်နဲ့ အသားအရေထိန်းသိမ်းတဲ့ လိမ်းဆေးတွေထုတ်လုပ်ဖို့ ကုန်ကြမ်းအဖြစ် အသုံးပြုတယ်လို့ ကြားသိရပါတယ်၊ မြို့တော်က အမျိုးသမီးကြီးတွေလည်း ဒီနေရာကိုလာပြီး ငွေကုန်ခံဝယ်ယူလေ့ရှိကြပါတယ်၊ မင်းသမီးကြီးတွေတောင် ပါ,ပါတယ်၊ မင်းသမီးလေး တူးဆွပစ်တော့မှာ သေချာရဲ့လား"
အရာရှိမှာ ပို၍ပင်ထိတ်လန့်သွားတော့၏။ ချန်လဲ့မင်းသမီးလေးသည် ဟုန်ဖူဘုန်းကြီးကျောင်းကို ဖြိုဖျက်ခြင်းဖြင့်မလုံလောက်ဘဲ ယခုအခါ မြို့တော်ရှိအမျိုးသမီးအားလုံး၏ ရန်သူဖြစ်ရန် ကြိုးစားနေပါသည်လား။ ချန်လဲ့မင်းသမီးလေးသည် သူမလုပ်ဘဲ နှောင့်နှေးနေသည်ကို မြင်လိုက်ရသောအခါ သူမလက်သီးငယ်လေးကို မြှောက်လိုက်၏။ အရာရှိသည် ပေါက်ပြားကိုကောက်ကိုင်လိုက်ကာ ပန်းပင်များစိုက်ပျိုးထားသည့် ဧရိယာဆီသို့ တန်းတန်းမတ်မတ်လျှောက်သွားလိုက်သည်။ မိမိအသက်နှင့်ယှဉ်လျှင် အမျိုးသမီးများ သို့မဟုတ် မင်းသမီးများမှာ အဘယ်မှာအရေးပါ,ပါမည်နည်း။
အရာရှိသည် ပေါက်ပြားကိုမြှောက်၍ အသည်းအသန်တူးဆွနေတော့သည်။ မင်းသမီးလေး၏လက်သီးမှာ အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှ၏။ ထိုဘုန်းကြီးများပင် လက်သီးတစ်ချက်တည်းဖြင့် သတိမေ့မြောသွားခဲ့ရသည်မဟုတ်ပါလား။ သူကဲ့သို့သော လူအိုကြီးတစ်ဦးသာ ထိုးနှက်ခံရပါက မိမိဘိုးဘေးထံသို့ သွားရောက်တွေ့ဆုံရပေလိမ့်မည်။ အခြားယာမန်များမှာလည်း ချန်လဲ့မင်းသမီးလေး၏လက်သီးငယ်လေးကို မြင်လိုက်ကြသည်။ သူတို့သည် မြေကြီးတူးရန် ကိရိယာများကို ချက်ချင်းပင်ရှာဖွေကြတော့၏။ လူတိုင်းမှာ တစ်ယောက်ထက်တစ်ယောက် အလုပ်ပိုကြိုးစားနေကြသည်။ မိမိတို့ကိုယ်တိုင် မြေပြင်ပေါ်တွင် လဲလျောင်းနေရမည်ကို အလွန်ပင် ကြောက်ရွံ့နေကြ၏။
"နေဦး၊ ငါ တစ်ခုခုကိုတူးမိလိုက်ပြီ ထင်တယ်"
ယာမန်အစောင့်သည် တူးဆွရင်း အရိုးအပိုင်းအစတစ်ခုပေါ်လာအောင် တူးမိလိုက်သောအခါ အလွန်တရာကြောက်လန့်သွားပြီး မြေကြီးပေါ်သို့ ပြိုလဲသွားခဲ့ရသည်။
"အ.... အ.... အလောာင်း"
"ငါ.... ငါလည်း အရိုးတွေတူးမိလိုက်တယ်၊ အရိုးတွေပဲ"
"ငါ.... ငါ့ဆီမှာလည်း တစ်ခုရှိနေတယ်"
"ဒီမှာလည်း ရှိနေတယ်”
"......"
ယာမန်များမှာ ကြောက်လန့်တုန်လှုပ်ကာ ချွေးများဖြင့်ရွှဲစိုနေကြသည်။ ပန်းပင်များကြားတွင်ရပ်နေရသည်မှာ ခြေထောက်များပင် အားမရှိတော့သကဲ့သို့ခံစားရ၏။ သူတို့သည် သေဆုံးသွားသူ၏အရိုးများပေါ်တွင် ရပ်နေမိခြင်းဖြစ်သည်။
"ငါ တစ်ခုခုကိုနင်းမိလိုက်ပြီထင်တယ်"
အချို့သော ယာမန်များမှာ ကြောက်လန့်လွန်းသဖြင့် မျက်လုံးကို ဖုံးအုပ်ကာ ဘုန်းကြီးကျောင်းအပြင်ဘက်သို့ ပြေးထွက်သွားကြ၏။ သူတို့မျက်နှာများမှာ ဖြူဖျော့နေပြီး မတ်တပ်ရပ်ရင်းပင် ထိန်းမနိုင်သိမ်းမရဖြစ်နေကြသည်။
"ဘာတွေဖြစ်နေတာလဲ"
လူထုကြီးမှာ တစ္ဆေကိုမြင်လိုက်ရသည့်အလားဖြစ်နေသော ယာမန်များကိုကြည့်ကာ နားမလည်နိုင်ဟန်ဖြင့် မေးမြန်းလိုက်၏။
"ဝင်ပြီး ကြည့်လိုက်ကြရအောင်”
လူအုပ်စုသည် အဖွဲ့လိုက်ဝင်ရောက်လာကြသည်။ ချည်နှောင်ခံထားရသည့် ဘုန်းကြီးများကိုကြည့်ရင်း ဒေါသထွက်နေသော မြို့ခံတစ်ဦးမှာအော်ဟစ်လိုက်၏။
"နင်တို့လိုလူယုတ်မာတွေက ဘယ်လိုလုပ်ပြီး ဘုန်းကြီးတွေကို ဒီလိုမျိုး စော်ကားရတာလဲ၊ မိုးကြိုးပစ်ခံရမှာ မကြောက်ကြဘူးလား”
"နင်တို့က ဟုန်ဖူဘုန်းကြီးကျောင်းကိုတောင် ဖြိုဖျက်လိုက်သေးတယ်၊ နင်တို့....."
"တစ်ခုခုတော့ မှားနေပြီ၊ ဘာလို့ဟုန်ဖူဘုန်းကြီးကျောင်းမှာ ကလေးတွေ ဒီလောက်တောင် များနေရတာလဲ"
မျက်စိလျင်သော မြို့ခံတစ်ဦးမှာ စုပြုံနေသောကလေးများကို သတိပြုမိသွားပြီး တစ်စုံတစ်ရာလွဲချော်နေကြောင်း ချက်ချင်းပင်ရိပ်မိလိုက်သည်။
"အဲဒါ ကျန်းဖျင်ရဲ့သားမဟုတ်ဘူးလား၊ သူက ဟုန်ဖူဘုန်းကြီးကျောင်းမှာ ဘာလုပ်နေတာလဲ"
မကြာသေးမီနှစ်များအတွင်း ကလေးများ အဆက်မပြတ်ပျောက်ဆုံးနေခြင်းမှာ ဟုန်ဖူဘုန်းကြီးကျောင်းကြောင့်သာ ဖြစ်နေသည်လား။ ဤအကြောင်းကို ကြားလိုက်ရသောအခါ ယာမန်တစ်ဦးမှာ ချက်ချင်းပင်သဘောပေါက်သွားပြီးပြောလိုက်သည်။
"ကျန်းဖျင်က သူ့သား ဟုန်ဖူဘုန်းကြီးကျောင်းကို ပြန်ပေးဆွဲခံထားရတာသိလို့ ညကထွက်သွားခဲ့တာဖြစ်မယ်၊ အဲဒါကြောင့်ပဲ ကျန်းဖျင်က ဟုန်ဖူဘုန်းကြီးကျောင်းရဲ့ဘုန်းကြီးတစ်ပါး တွန်းချတာခံလိုက်ရပြီး ရေနစ်သေခဲ့ရတာပေါ့"
"ဘာရယ် ဟုန်ဖူဘုန်းကြီးကျောင်းက ဘုန်းကြီးတွေက လူသတ်မှုတောင် ကျူးလွန်ကြတာလား"
လူထုကြီးမှာ မယုံနိုင်စရာဖြစ်နေကြ၏။ အချို့မြို့ခံများသည် ယာမန်များ တစ်စုံတစ်ခုကို တူးဆွနေသည်အားမြင်လိုက်ရပြီး အမြန်ပင်ပြေးသွားကြသည်။ သူတို့တူးဖော်ထားသော အရိုးများနှင့် အလောင်းများကိုမြင်လိုက်ရသောအခါတွင်မူ အချို့သူတို့မှာ သည်းမခံနိုင်တော့ဘဲ ကြောက်ရွံ့နေကြသော ယာမန်များနည်းတူ မျက်နှာများဖြူဖျော့လျက် ကျောင်းအပြင်ဘက်သို့ ပြေးထွက်သွားကြပြီး တိုင်လုံးကိုမှီရင်း ထိန်းမနိုင်သိမ်းမရ အန်နေကြတော့၏။ ပိုရဲရင့်သည်ဟုထင်ရသော သာမန်လူများပင် ခြေလက်များအားမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။ ဟုန်ဖူဘုန်းကြီးကျောင်းတွင် ကလေးငယ်များစွာကို ပိတ်လှောင်ထားသည်အားအံ့ဩရမည်လား။ သို့မဟုတ် ဤနေရာတွင် အလောင်းများစွာရှိနေသည်ကို အံ့ဩရမည်လားပင် မဝေခွဲနိုင်ဖြစ်နေကြ၏။ လူထုကြီးသည် သူတို့ယုံကြည်ကိုးကွယ်မှုများ ပြိုလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
လူတိုင်း၏အာရုံစိုက်မှုမှာ ရုပ်အလောင်းများ တူးဖော်နေခြင်းအပေါ်တွင်ရှိနေစဉ် ရှောင်ကျိုးသည် ယွိဟွာနှင့်အတူ အခန်းတိုင်းတွင် ပစ္စည်းများကို တိတ်တဆိတ်စုဆောင်းလျက် အလုပ်ရှုပ်နေတော့၏။ ယခုအခါ သူမသည် ငွေကြေးများကို တရားဝင်နှင့် ကျိုးကြောင်းဆီလျော်စွာရယူနိုင်ပြီဖြစ်သည်။ ရှောင်ကျိုးအမြင်တွင် ဤသည်မှာ ယနေ့အတွက် သူမဆုလာဘ်ပင်ဖြစ်သည်။ စနစ်သည် ပိုင်ရှင်၏သိုလှောင်အိတ်ထဲရှိ ရွှေငွေရတနာများကိုငေးကြည့်နေ၏။ ပိုင်ရှင်ကို ငွေကြေးရှာဖွေရန် မတိုက်တွန်းရသေးခင်မှာပင် သူမသည်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာတော့မည်မှာ အဘယ်ကြောင့်နည်း။ ပိုင်ရှင်မှာ ဤလုပ်ငန်းကို ရေရှည်လုပ်ကိုင်ရန်စီစဉ်နေသည်များလား။
လုပ်ငန်းမှာ ပိုမိုစနစ်တကျဖြစ်လာနေချေပြီ။ ကျောက်ဟူနှင့် အဖွဲ့သားများသည် နောက်ဆုံးတွင် ရွာသူကြီးလေးကို ရှာတွေ့သွားသည်။ ရလဒ်မှာ ရွာသူကြီးလေးသည် ငွေပုံကြီးကိုရှာဖွေကာ သူမအိတ်ထဲသို့ထည့်နေသည်အား မြင်လိုက်ရခြင်းပင်ဖြစ်၏။ ကျောက်ဟူနှင့် အဖွဲ့သားများ၏မျက်ဝန်းများမှာ တောက်ပသွားသည်။ သူတို့သည် ချက်ချင်းအတုယူကာ အခန်း၏ထောင့်တိုင်းကို စတင်ရှာဖွေကြတော့သည်။ သူတို့သည် အိပ်ရာအောက်၊ အမိုးစွန်းများအထိ တစ်နေရာမျှချန်မထားဘဲရှာဖွေကြသည်။
"ဝါး ဘုန်းကြီးလုပ်တာက ဒီလောက်တောင် အကျိုးအမြတ်များတာလား၊ ငါ့အဖေကိုလည်း ဘုန်းကြီးလုပ်ခိုင်းလိုက်ရင် ကောင်းမယ်"
ရှာတွေ့ထားသော ရွှေငွေရတနာများကို ကြည့်ရင်း ကျောက်ဟူမျက်ဝန်းများမှာ တလက်လက် တောက်ပနေ၏။
"ဒီစကားကိုသာ နင့်အဖေကြားရင် နင့်ကို ရိုက်သတ်လိမ့်မယ်"
ကျင့်ရှင်းသည် ထုပ်ပိုးထားသော အထုပ်ကြီးတစ်ခုကိုတွေ့ရှိသွားပြီး ရှာတွေ့ထားသမျှ ငွေ၊ ရွှေ၊ ငွေတုံးများနှင့် လက်ဝတ်ရတနာများကိုထည့်ကာ ပုခုံးပေါ်လွယ်လိုက်သည်။
"ငါတို့ပြန်ရောက်ရင် ပျက်စီးယိုယွင်းနေတဲ့ တာအိုကျောင်းကို လုံးဝပြုပြင်လိုက်မယ်၊ ပြီးတော့ ဆရာနဲ့ ဆရာတူအစ်ကိုတွေ အမြဲအသားစားနိုင်အောင် ဟင်းချက်တဲ့သူကိုငှားမယ်"
ကျင့်ရှင်း ပျော်ရွှင်စွာပြောလိုက်၏။ ဖက်တီးလေးမှာ သူရှာတွေ့ထားသော ငွေများကိုကြည့်ရင်း ပြောလိုက်သည်။
"ငါ့အဖေက အမြဲပြောတယ်၊ ငွေရှာဖို့ ဘယ်လောက်တောင် ပင်ပန်းရတယ်၊ ဝမ်မိသားစုအတွက် ဒီလောက်ချမ်းသာအောင်စုဆောင်းဖို့ ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့တယ်တဲ့၊ သူ ငါ့ကိုလိမ်နေတာဖြစ်ရမယ်၊ ဒီငွေတွေရှာရတာ အရမ်းလွယ်တာပဲ၊ ငါယူလာတဲ့ငွေတွေက အဆပေါင်းများစွာပိုများတယ်"
လက်ထဲရှိလက်ဝတ်ရတနာများကိုကြည့်ရင်း ရှန်းယီကျစ်သက်ပြင်းချလိုက်သည်။
"မှန်တယ်၊ ငါ့အဖေက အမြဲပြောတယ်၊ စီရင်စုရုံးက ဆင်းရဲပြီး လစာတောင်မပေးနိုင်ဘူးတဲ့၊ ငါထင်တာတော့ ငါ့အဖေက အလုပ်ကိုကြိုးစားမလုပ်တာ ဖြစ်မယ်၊ သူသာ ငါ့လောက်ငွေရှာနိုင်ရင် စီရင်စုရုံးကလစာကို နှစ်ဆတိုးပေးနိုင်မှာ"
လူအုပ်စုသည် ငွေကြေးများစွာပိုင်ဆိုင်ရမည့်အိပ်မက်များထဲတွင် နစ်မွန်းနေကြ၏။
"ရှီအန်း နင်ဘာလုပ်နေတာလဲ"
အားသို့သည် ရှာဖွေနေရင်း ရှီအန်းကိုကြည့်လိုက်ရာ နံရံတစ်ခုကိုငေးမောနေသည်အား တွေ့လိုက်ရသည်။
"ဒီနံရံမှာ လျှို့ဝှက်ခန်းတစ်ခုရှိတယ်၊ ဒါပေမဲ့ ခလုတ်ကိုရှာမတွေ့ဘူး”
ရှီအန်းမှာ နံရံအပိုင်းအစတစ်ခုကို ခေါက်ရင်းပြောလိုက်၏။ ဤစကားကို ကြားလိုက်ရသောအခါ ရှောင်ကျိုးသည် လူအုပ်ကိုဘေးသို့တွန်းဖယ်လိုက်သည်။ ရှီအန်းခေါက်လိုက်သည့် နေရာဆီသို့ သူမလက်ညှိုးကိုထိုးသွင်းလိုက်၏။ နံရံတွင် အပေါက်တစ်ခုပွင့်လာပြီး စာရင်းစာအုပ်များစွာ ပြုတ်ကျလာသည်။ ရှောင်ကျိုးသည် ၎င်းကို တစ်ချက်မျှသာကြည့်လိုက်ပြီး စိတ်ဝင်စားမှုမရှိပေ။ အားသို့သည် စာရင်းစာအုပ်ကိုဖွင့်ကြည့်ပြီး တစ်နေရာကို လက်ညှိုးထိုးကာပြောလိုက်သည်။
"ရှန်းယွမ်မြို့ ဒါမန်ချန်းမိသားစုရဲ့အိမ် မဟုတ်ဘူးလား"
အားသို့သည် စာအုပ်ကိုအလျင်အမြန် ကောက်ယူလိုက်ပြီး ပြောလိုက်သည်။
"တခြားအကြောင်းအရာတွေကိုတော့ ငါလည်း သေချာမနားလည်ပေမဲ့ ဆရာကြီးရွှီနဲ့ ဟုန်ဖူဘုန်းကြီးကျောင်းတို့ကြားမှာ အငြိုးအတေးရှိနေတယ်လို့ ငါခံစားရတယ်၊ ဒီစာအုပ်တွေကို ဆရာကြီးရွှီဆီကိုနောက်မှ ငါပေးလိုက်မယ်"