← Chapters

အခန်း ၉၈

Vol. 10 Ch. 98

အခန်း ၉၈

Vol. 10 Ch. 98

(အခန်း)98

[အရင်အပိုင်းမှာ မြို့တော်ရောက်ပြီဆိုတော့ မြို့ဝန်သုံးတာအဆင်ပြေမယ်ထင်ပေမယ့် အခုကစပြီး စာအတိုင်းခရိုင်အုပ်ချုပ်ရေးမှူးသုံးပါမယ်]

လှုပ်ရှားမှုများစွာပြုလုပ်ပြီးနောက်တွင် တစ်ကျောင်းလုံးရှိပစ္စည်းများအား သိမ်းဆည်းလိုက်သဖြင့် ဟုန်ဖူဘုရားကျောင်းမှာ ခိုးရာပါပစ္စည်းလာရှာသည့် သူခိုးများပင် လက်မှိုင်ချရလောက်အောင် ဆင်းရဲသွားတော့သည်။ ပိုက်ဆံများရရှိပြီးမှသာ ရှောင်ကျိုးသည် ဆရာကြီးယန်ကို သတိရတော့၏။

"သေပါပြီ၊ ငါ ဆရာကြီးယန်ကိုမေ့နေတာ"

ရှောင်ကျိုးနှင့် အဖွဲ့သားများသည် ကျောင်းအပြင်ဘက်သို့ အပြေးအလွှား ထွက်လာကြရာ ကိုယ်ရံတော်နှစ်ဦးမှာ ဆရာကြီးယန်ကို ထမ်းစင်ဖြင့် ကျန့်ပေနယ်စားအိမ်တော်သို့ သယ်ဆောင်သွားသည်ကို တွေ့လိုက်ရသည်။ အဘွားရွှီမှာတော့ ဘေးမှနေ၍ ဟုန်ဖူဘုရားကျောင်း၏ယုတ်မာမှုများကို ငိုယိုအော်ဟစ်တိုင်တန်းနေလေသည်။ ယခုဆိုလျှင် အဘွားရွှီသွားလေရာ အရပ်တိုင်း၌ လမ်းဘေးမှငှက်များပင် ဟုန်ဖူဘုရားကျောင်းမှ ဘုန်းကြီးများ၏ ယုတ်မာမှုကို သိရှိကုန်ကြပြီဖြစ်သည်။ ကျင်းကျောက်ခရိုင်အုပ်ချုပ်ရေးမှူးသည် သတင်းကြား,ကြားချင်း အပြေးအလွှား ရောက်ရှိလာပြီး ချန်လဲ့မင်းသမီးကို မြင်သည်နှင့် အရိုအသေပေးလိုက်၏။

"ကျွန်မကတော့ မနက်ခင်းလေးတင် လူသတ်သမားကို ရှာပေးလိုက်ပြီ၊ ပျောက်နေတဲ့ကလေးတွေကိုလည်း ရှာပေးလိုက်ပြီ၊ ရှင်ကတော့ တကယ့်ကို အသုံးမကျတဲ့အရာရှိပဲ"

ရှောင်ကျိုး သူ့ကိုကြည့်ကာခေါင်းခါလျက် သက်ပြင်းချလိုက်၏။ သူမသည် ရှန်ကျစ်ယွမ်ကို လှမ်းကြည့်လိုက်ပြီး သူမအဖေမှာ အရာရှိဖြစ်ကြောင်းသတိရသွားသည်။ လီမိသားစုအိမ်တော်နှင့် ဂူထဲမှပြဿနာအားလုံးကို ရှောင်ကျိုးတို့ကိုယ်တိုင် ဖြေရှင်းခဲ့ရသည် မဟုတ်ပါလား။ ထိုအရာရှိများ ဤမျှအသုံးမကျလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ရှန်ကျစ်ယွမ်သည် ရွာလူကြီးလေး၏အထင်အမြင်သေးသောအကြည့်ကို မြင်သောအခါ သူမအဖေကို ချက်ချင်းသတိရသွားပြီး ကာကွယ်ပြောဆိုတော့သည်။

"ငါ့အဖေက ငါ့အဖေ၊ ငါက ငါပဲ၊ ငါကတော့ ငါ့အဖေလိုအသုံးမကျတဲ့သူ ဖြစ်မှာမဟုတ်ဘူး"

ဘေးတွင်ရပ်နေသော အုပ်ချုပ်ရေးမှူးမှာတော့ မင်းသမီးလေး၏စကားများကြောင့် အောင့်သက်သက်ဖြစ်နေရှာသည်။ သူလည်း စုံစမ်းစစ်ဆေးမှုမလုပ်ချင်သည်မဟုတ်‌ပေ။ မြို့တော်ဆိုသည်မှာ အချိန်မရွေးအသတ်ခံရနိုင်သော အန္တရာယ်များသည့်နေရာဖြစ်၏။ ဘုရင်မင်းမြတ်ပင်လျှင် ရမ်းရမ်းကားကားမလုပ်ရဲသောနေရာတွင် သူကဲ့သို့ အရာရှိလေးမှာ အဘယ့်ကြောင့်ရှေ့ထွက်ရဲပါမည်နည်း။ ထိုမင်းသမီးလေး ဟုန်ဖူဘုရားကျောင်းကို ဖျက်ဆီးလိုက်သဖြင့် ချန်ရှန်းခန်းမမှာ သူမကို အလွတ်ပေးမည်မဟုတ်ပေ။ မင်းသမီးလေးလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်သင့်သည်ဟု သူထင်သည်။ ရှောင်ကျိုးမှာ အုပ်ချုပ်ရေးမှူးအားကြည့်ကာ ဆက်ပြော၏။

"ရှင်အလုပ်တွေကို မြန်မြန်ပြီးအောင် လုပ်တာကောင်းမယ်၊ အခုထိ ကောင်းကောင်းမလုပ်နိုင်သေးဘူးဆိုရင်တော့ ရှင့်ရာထူးကို ကျွန်မယူပြီး အားသို့ကိုပေးထိုင်လိုက်မယ်၊ သူက ရှင့်ထက် ပိုတော်မယ်လို့ ကျွန်မထင်တယ်"

အားသို့လည်း ချက်ချင်း ခေါင်းညိတ်၏။ သူသည် ထိုရာထူးကိုလိုချင်နေသူဖြစ်သည်။ အုပ်ချုပ်ရေးမှူးမှာတော့ တစ်ယောက်မှာပြောရဲပြီး နောက်တစ်ယောက်မှာကြံစည်ရဲသည်ကို ကြည့်ကာ ကြောင်အမ်းအမ်းဖြစ်နေရ၏။ မင်းသမီးလေး တကယ်ပဲ ပုန်ကန်မည့်အလုပ်မျိုးကို လုပ်နိုင်မည်လောဟု သူ သံသယဝင်မိသွားသည်။ အုပ်ချုပ်ရေးမှူးသည် ကြောက်ကြောက်လန့်လန့်ဖြင့် အစွမ်းကုန်ကြိုးစားပါမည်ဟု ကတိပေးလိုက်၏။ အရှင်မင်းကြီးသည် သူ့အားမကျေနပ်သဖြင့် ရာထူးမှဖြုတ်ချရန် အကြောင်းပြချက်ရှာနေသည်ဟု သူထင်သည်။ အုပ်ချုပ်ရေးမှူးလည်း အကြောက်ကြောက် အလန့်လန့်ဖြင့် အလုပ်လုပ်ရန်အမြန်ထွက်သွားတော့သည်။ ရှောင်ကျိုးတို့လည်း ဆရာကြီးယန်ကို အမြန်သယ်ကာ ဦးလေးချင်းကိုရှာရန် အိမ်သို့ပြန်လာခဲ့ကြ၏။ လမ်းခုလတ်တွင် အားသို့မှာ ရွာလူကြီးလေးကို မေးလိုက်သည်။

"ရွာလူကြီးလေးက တကယ်ပဲ ကျွန်တော့်ကို အုပ်ချုပ်ရေးမှူးရာထူးပေးနိုင်တာလား"

ရှောင်ကျိုး ခေတ္တစဉ်းစားပြီးပြောလိုက်သည်။

"နင်က သူ့ထက် ပိုအသုံးဝင်မယ်လို့ ငါထင်တယ်"

အားသို့ စိုးရိမ်တကြီးဖြင့်ပြန်ပြော၏။

"ဒါပေမဲ့ ရွာလူကြီးလေးအဖေက သဘောတူပါ့မလား"

"သူ သဘောမတူရင် ငါတို့လုယူကြတာပေါ့"

"ဘာကိုလုမှာလဲ"

"အရာရှိရာထူးတွေကို လုမှာလေ၊ ဘယ်သူရ,ရ ရတာပဲလေ၊ နင့်အရည်အချင်းနဲ့ နင်ရတာပဲ၊ ဘာလို့ နင်က အုပ်ချုပ်လို့မရ,ရမှာလဲ"

"နေပါဦး မင်းတို့ရဲ့ပုန်ကန်ချင်တဲ့ စိတ်ကူးတွေက မျိုးဆက်ကိုးဆက် အသတ်ခံရနိုင်တယ်နော်"

ကျင့်ရှင်းမှာ ဥပဒေနားမလည်သော ဤကလေးတစ်သိုက်ကိုကြည့်ကာ ပြောလိုက်၏။

"မျိုးဆက်ကိုးဆက် အသတ်ခံရတယ်ဆိုတာ ဘာလဲ"

ကလေးများမှာ စပ်စုကြပြန်သည်။

"မင်းတို့ တစ်မိသားစုလုံးခေါင်းဖြတ်ခံရမှာကို ပြောတာ"

"ဒါပေမဲ့ ငါ့အဖေက မင်းကြီးလေ၊ ဒါဆို ငါ့အဖေပါ အသတ်ခံရမှာလား"

ရှောင်ကျိုးပြန်မေးရာ ကျင့်ရှင်းဆွံ့အသွားတော့သည်။

"မဟုတ်ဘူး၊ နင့်ခေါင်းလေးပဲ ပြုတ်သွားမှာ"

ကျင့်ရှင်းသည် ဤသို့သောဘုရင်ကို စော်ကားသည့် အကြောင်းအရာများအား ဆက်မပြောလိုတော့ပေ။ သူသည် အိတ်ထဲမှပိုက်ဆံများကို စမ်းကြည့်ရင်း ချမ်းသာသောသူ့ဘဝကိုသာ စိတ်ကူးယဉ်နေတော့သည်။ အိမ်တော်သို့ပြန်ရောက်သောအခါ အားလုံးသည် ပထမဆုံးအနေဖြင့် ချင်းရွှီကိုအပြေးအလွှား ရှာဖွေကြလေတော့၏။ ကျောက်ဟူလည်း သူ့ဗိုက်ကိုအထိုးခံထားရသည်ကို နောက်ကျမှသတိရ၍အော်ဟစ်ပြီး ပြေးလာတော့သည်။

"ဦးလေးချင်း ဦးလေးချင်း၊ ကျွန်တော့်ကို ကယ်ပါဦး”

ဦးလေးချင်းမှာ အသံကြားရုံနဲ့တင် ထိုကလေး အကောင်းတိုင်းရှိသေးမှန်း သိလိုက်၏။ သို့သော် မြေပြင်ပေါ်မှ သေအံ့ဆဲဆဲလဲနေသည့်လူနှင့် ဒဏ်ရာကိုယ်စီရထားကြသည့် ကလေးတစ်သိုက်ကိုကြည့်ပြီး မည်သည့်နေရာမှ စကုရမည်ကိုပင် မသိတော့ပေ။ နောက်ဆုံးတွင် အသက်အန္တရာယ်အရှိဆုံးလူကို အရင်စစ်ဆေးပေးလိုက်ရသည်။ အားသို့မှာ သူတွေ့ခဲ့သည့်စာရင်းစာအုပ်ကို ဆရာကြီးရွှီဆီအမြန်ပေးလိုက်၏။ ဆရာကြီးရွှီမှာ စာအုပ်ထဲတွင်ရေးထားသည်များအား မြင်လိုက်ရချိန်တွင်တော့ ဒေါသထွက်လွန်း၍ သွေးအန်မတတ်ဖြစ်သွားရသည်။ စာအုပ်ကြီးသည်လည်း လက်ထဲတွင်ပင် တဆတ်ဆတ်တုန်လို့နေ၏။ နန်းတွင်းမှအနားယူထားသည့် ဆရာကြီးရွှီသည် ဟုန်ဖူဘုန်းကြီးကျောင်း၏ယုတ်မာမှုများကို အစီရင်ခံရန် မနက်ဖြန် နန်းတွင်းညီလာခံကို ကိုယ်တိုင်တက်ရောက်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။

တစ်ဖက်မှာလည်း သခင်မကြီးနှင့် တခြားအဒေါ်များရောက်လာကြပြီး ရှောင်ကျိုးလေး ဘာမျှမဖြစ်သည်ကိုမြင်မှ သက်ပြင်းချနိုင်ကြ၏။ သူမမြေးလေးအိမ်တော်ရောက်ချိန်မှစ၍ သူမလေးအားစည်းကမ်းတင်းကြပ်မထားခဲ့ပေ။ ထောင်ယွမ်ရွာတွင် သူမနေခဲ့သလို နေနိုင်ပြီး သူမဖကျနပ်သည်ကိုလုပ်နိုင်၏။ သို့သော် ဤကလေးတစ်သိုက်မှာ ဤကဲ့သို့စိတ်လှုပ်ရှားမှုအပြည့်နှင့်နေ့ရက်တိုင်းကိုဖြတ်သန်းနေကြမည်ဟု ထင်မထားခဲ့ကြပေ။ အိမ်တော်ရှိလူကြီးများမှာတော့ နေ့တိုင်းရင်တမမဖြစ်နေရတော့သည်။

အိမ်တော်ထဲရှိလူများသည် မင်းသမီးလေး ဟုန်ဖူဘုန်းကြီးကျောင်းတွင် ပြဿနာသွားရှာသည်ဆိုကတည်းက ချွေးပြန်နေကြသည်။ သခင်မကြီးသည် သူမအားသွားကူရန် အိမ်တော်မှကိုယ်ရံတော်များကို အမြန်စုစည်းခဲ့‌သော်လည်း ပြန်ရောက်လာသော ကိုယ်ရံတော်များပြန်ပြောပြချက်အရ မင်းသမီးလေးမှာ အကုန်လုံးကို တစ်ယောက်တည်း ကိုင်တွယ်သွားသည်ဟုပြောလာမည်ကို မည်သူထင်ထားမည်နည်း။ သခင်မကြီးမှာ သူမမြေးမလေးသည် မည်မျှအစွမ်းထက်သည်ကို အသစ်တစ်ဖန် နားလည်သွားရ၏။

နန်းတော်ထဲတွင်တော့ ဧကရာဇ်အိပ်ဆောင်အပြင်ဘက်မှ မိန်းမစိုး၏စူးရှရှအသံကြောင့် မျက်စိမှိတ်၍ အနားယူနေသောဧကရာဇ်ခမျာလန့်နိုးသွားရသည်။

"ဘာဖြစ်တာလဲ၊ တိုင်းပြည်ပျက်တော့မှာမလို့ ဒီလောက်အော်နေကြတာလား”

ဧကရာဇ်သည် အလဲလဲအပြိုပြိုဖြင့်ပြေးဝင်လာသော မိန်းမစိုးအား မှုန်ကုပ်ကုပ်ဖြင့်ကြည့်လိုက်သည်။

"ဘာကိစ္စလဲ"

မိန်းမစိုးသည် ဟုန်ဖူဘုန်းကြီးကျောင်းတွင် ဖြစ်ပျက်ခဲ့သမျှကို အစီရင်ခံသည့်အခါ ဧကရာဇ်သည် သူ့နားကိုမယုံနိုင်အောင် ဖြစ်သွားရ၏။

"ဘာပြောတယ် ပြန်ပြောစမ်း”

"ချန်လဲ့မင်းသမီးက ဟုန်ဖူဘုန်းကြီးကျောင်းကို ဖျက်ဆီးပစ်လိုက်ပါပြီ ”

မင်းကြီးသည် ချက်ချင်းထထိုင်လိုက်ပြီး မေးလေသည်။

"ဟုန်ဖူဘုန်းကြီးကျောင်းက သိုင်းပညာရှင်တွေ အပြင်ရောက်နေကြလို့လား"

သူမှတ်မိသည်မှာ ဟုန်ဖူဘုန်းကြီးကျောင်းတွင် အစွမ်းထက်သည့်သူအများကြီးရှိပြီး ကျောင်းထိုင်ဆရာတော်ကလည်း ချန်ရှန်းနန်းတော်၏တပည့်ဖြစ်၍ စစ်တုရင်ကွက်များ၊ အစီအရင်များနှင့် လူသတ်နိုင်ပေ၏။ သိုင်းပညာရှင်အုပ်စုတစ်စုသည် ကျောင်းတွင်းသို့စုံစမ်းရန် တစ်ကြိမ်ဝင်ရောက်ခဲ့သော်လည်း ကျောင်းထိုင်မှ အစီအရင်တစ်ခုကိုပေါ့ပေါ့ပါးပါးချလိုက်သည်နှင့် သိုင်းပညာရှင်များအားလုံး ပိတ်မိကာသေဆုံးကုန်ကြသည်။ ထိုအချိန်မှစ၍ ဟုန်ဖူဘုန်းကြီးကျောင်းတွင်းသို့ မည်သူမှကျူးကျော်ဝင်ရောက်ခြင်းမပြုရဲကြတော့ပေ။

"အားလုံး အဖမ်းခံလိုက်ရပါပြီ၊ ဟုန်ဖူကျောင်းက ဘုန်းကြီးတွေအကုန်လုံး အခုခရိုင်ရုံးတော်အကျဉ်းထောင်ထဲ အကျဉ်းချထားပါတယ်"

ဧကရာဇ်မှာ အင်မတန်ထိတ်လန့်သွားပြီး မတ်တပ်ပင်ရပ်လိုက်မိသည်။

"ဟုန်ဖူကျောင်းရဲ့ ကျောင်းထိုင်ကရော"

"သူ့ကိုလဲ ဖမ်းခေါ်သွားကြပါပြီ"

မိန်းမစိုးမှာ အထိတ်ထိတ်အလန့်လန့်ဖြင့် ပြောလာ၏။

"ကျောင်းထိုင်ဆရာတော်ကလည်း ကျန်းမာရေးသိပ်မကောင်းဘူးလို့ကြားတယ်၊ ဘုန်းကြီးကျောင်းတံခါးကနေ ထွက်လာကစမှာပဲ မူးလဲသွားပါတယ်တဲ့"

ဧကရာဇ်သည် အခန်းထဲတွင် ဟိုလျှောက်ဒီလျှောက်နှင့် စိတ်လှုပ်ရှားပြီး လက်ဝါးချင်းပွတ်နေတော့သည်။ သူအိပ်မက်မက်နေသည်ပင်ထင်မိ၍ ပေါင်ကို ဆိတ်ကြည့်လိုက်ရာ အော်လိုက်ရသည်။

"အာ့ တကယ်ကြီးပဲဟ”

ဧကရာဇ် အိပ်ဆောင်အတွင်းရှိ လူအားလုံးကို ထွက်သွားရန် လက်ဟန်ပြလိုက်သည်။ ချက်ချင်းပင် လျှို့ဝှက်အစောင့်တစ်ဦး ပေါ်လာ၏။

"ယင်ယိ ဟုန်ဖူဘုန်းကြီးကျောင်းကို ခုချက်သွားပြီး စာရင်းစာအုပ်တွေကို သွားရှာကြ၊ ပြီးတော့ ကျန့်ပေနယ်စားအိမ်တော်ကို ကိုယ်ရံတော်တွေလွှတ်ပြီး ချန်လဲ့မင်းသမီးကို ကာကွယ်ပေးလိုက်၊ ချန်ရှန်းနန်းတော်ကလူတွေ ဒီသတင်းကြားရင် သူမကိုရန်ပြုလာနိုင်တယ်”

"အမိန့်အတိုင်းပါ"

ယင်ယိထွက်သွားပြီးနောက်မှာတော့ ဧကရာဇ်မှ ခဏတာငြိမ်သက်နေစဉ် မိန်းမစိုးမှာပြန်ဝင်လာပြီး ကြင်ယာတော်မှ ဝင်ရောက်တွေ့ဆုံခွင့်တောင်းခံနေကြောင်း လျှောက်တင်လာသည်။

All Chapters