အခန်း ၁၀၀
Vol. 10 Ch. 100
(အခန်း)100
ကျောင်းထိုင်ဆရာတော်သည် မိမိနှာခေါင်းနှင့် ပါးစပ်အတွင်းသို့ အမည်မသိအရည်များ စီးဝင်လာသည်ကို အကူအညီမဲ့စွာ ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။ အညစ်အကြေးများမှာ အဆက်မပြတ်စီးကျနေဆဲ ဖြစ်၏။ ဆရာတော်သည် ဤအိမ်တော်ထဲတွင် သိုင်းဆရာကြီးများ ရှိ၊ မရှိကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဤကလေးတစ်သိုက်ကို သတ်ပစ်ရန်သာ စိတ်ပိုင်းဖြတ်လိုက်တော့သည်။ ကျောက်ဟူ နှင့် အဖွဲ့သားများသည် မီးရှူးမီးပန်း၏ပြင်းအားကို အံ့ဩနေတုန်းမှာပင် အိမ်သာကျင်းထဲမှ ထွက်လာသည့်အလား တစ်ကိုယ်လုံးပေရေနေသော လူတစ်ယောက် သူတို့ထံပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
"ဝေါ့ ကျောက်ဟူ ဝေါ့ နင်ဘာကို ဖောက်ခွဲလိုက်တာလဲ ဝေါ့”
ကလေးများမှာ အလန့်တကြား ထွက်ပြေးကြတော့သည်။
"အားးးး ဝေါ့ နံလိုက်တာ၊ ဝေါ့ အနားမလာနဲ့ဦး”
"ကျောက်ဟူ နင်တော့သွားပြီ ဝေါ့၊ နင်အိမ်သာထဲက အညစ်အကြေးတွေကို အကုန်ပေါက်ကွဲအောင် လုပ်လိုက်တာပဲ ဝေါ့"
တစ်အိမ်တော်လုံးတွင် ဝေါ့ခနဲအန်ချင်စိတ်ကို အောင့်ထားရသောအသံများဖြင့် ပြည့်နှက်သွားတော့သည်။
"မင်းတို့အကုန်လုံး သေဖို့သာပြင်ထားကြ"
ဆရာတော်၏ဟိန်းဟောက်သံကြီးက ကလေးများထံ ဦးတည်လာ၏။
"ဒီအညစ်အကြေးကြီးက စကားတောင် ပြောတတ်သေးတယ်ဟ၊ အားးး ကြောက်စရာကြီး”
ကလေးများမှာ ပိုထိတ်လန့်ကာပြေးကြပြန်သည်။ ထိုအညစ်အကြေးသရဲမှာ ဇွဲမလျှော့ဘဲ လိုက်နေသဖြင့် ရှောင်ကျိုးလည်း မနေနိုင်တော့ဘဲ ကျောက်ခဲတစ်လုံးကိုကောက်ကာ ထိုသူ့ခေါင်းတည့်တည့်သို့ ပစ်ပေါက်လိုက်တော့၏။ ဆရာတော်မှာ မျက်လုံးများမဖွင့်နိုင်ရာ ခေါင်းကိုအရှိန်ဖြင့် အမှန်တကယ် အပေါက်ခံလိုက်ရကာ နေရာမှာတင် ထပ်မံသတိလစ်သွားပြန်သည်။ ဆူညံသံများကြောင့် အိမ်တော်ရှိလူများ အိမ်သာအနီးသို့ရောက်လာကြရာ အဘွားရွှီမှာ ပထမဆုံးရောက်လာသူဖြစ်၏။ သူမသည် အနံဆိုးကြီးကိုရှူမိလိုက်သည်နှင့် ဒေါသတောက်လောင်သွားတော့၏။ ဤကလေးဆိုးများသည် သောင်းကြမ်းရင်းစည်းလွတ်ဘောင်လွတ်ဖြစ်ကာ ယခုတော့ အိမ်သာကိုပင် ပစ်မှတ်ထားနေကြပြီပင်။ ကစားနည်းမျိုးစုံရှိသည့်ကြားမှ ဤကဲ့သို့ရွံ့စရာကောင်းသည်ကိုရွေးခဲ့ကြသည်။
အဘွားရွှီသည် သင့်တော်သောတုတ်ကိုလှည့်ပတ်ရှာပြီး အနီးရှိတံမြက်စည်းကိုဆွဲကာ ထျဲနျိုနှင့် ကျောက်ဟူတို့ကို လိုက်ရိုက်တော့သည်။ ဤနှစ်ယောက်ကသာ ဤကဲ့သို့အိမ်သာထဲရှိရွံ့စရာများနှင့် ကစားရန်စိတ်ဝင်စားကြပေလိမ့်မည်ဟု သူမထင်၏။
"ဒီလောက်ကစားနည်းတွေစုံနေတာကို ဘာလို့ရွံစရာကောင်းတာတွေကိုမှ ကစားရတာလဲ၊ ပြီးတော့ ရွာလူကြီးလေးကိုပါ ခေါ်လာရတယ်လား၊ နင်တို့နှစ်ယောက်က တုတ်တောင်းနေတာပဲ ဝေါ့ ဒီနေ့တော့ နင်တို့ကို အသေရိုက်မယ်၊ ဒါကြီးက နံလိုက်တာ ဝေါ့"
အဘွားရွှီမှာ ဆိုးရွားသောအနံ့ကြောင့် သူမပါးစပ်ပင် မဖွင့်နိုင်တော့ပေ။ သူမသည် ဘာမှမပြောတော့ဘဲ တံမြက်စည်းဖြင့်သာ ဆော်ပလော်တီးလိုက်တော့၏။
ကျောက်ဟူမှာတော့ မခံမရပ်နိုင်ဖြစ်နေရှာ၏။ ဒီလောက်မှောင်မည်းနေတာကို ဒီအတိုင်းပစ်ချရုံနဲ့ အိမ်သာကျင်းထဲကျပြီး ချီးသရဲထွက်လာလိမ့်မယ်လို့ဘယ်သူကထင်မှာလဲ။
အိုး ဟုတ်သားပဲ ချီးသရဲဟ
"အဘွားရွှီ၊ ကျွန်တော် မဟုတ်ပါဘူး၊ အိမ်သာထဲမှာ သရဲရှိနေတာဗျ၊ ချီးသရဲကနတ်ဆိုးဖြစ်သွားတာ၊ အဲ့သရဲကအိမ်သာထဲမှာခိုးဆော့နေတာလေ၊ ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ဘူး"
ကျောက်ဟူမှာ သတိလစ်နေသော ဆရာတော်ကို လက်ညှိုးထိုးပြကာ အပြစ်လွှဲချလိုက်သည်။ အနံ့ကြောင့် ပျို့တက်နေသော အဘွားရွှီမှာ ကျောက်ဟူပြသည့်နေရာကိုကြည့်လိုက်သောအခါ သူမဗိုက်ထဲမှ အစာများပင်ပြန်ထွက်လာမတတ် ခံစားလိုက်ရ၏။ မျက်နှာကြီး ပြာနှမ်းသွားကာ တံမြက်စည်းကို ပစ်ချပြီး သူမရွာလူကြီးလေးဆီသို့ ပြေးသွားတော့သည်။
တံတိုင်းပေါ်တွင် နှာခေါင်းကိုပိတ်ကာ မျက်နှာလေးရှုံ့မဲ့၍ ဆောင့်ကြောင့်ထိုင်နေသော ရှောင်ကျိုးကိုကြည့်ပြီး အဘွားရွှီမှာ ရင်ကျိုးရပြန်၏။ သုမ၏ရွာလူကြီးလေးသည် ဤမျှအသက်ငယ်ငယ်လေးဖြင့် ဒုက္ခခံနေရပြီပင်။ ဒီအစုတ်အပြတ်တွေက သူမရွာလူကြီးလေးကို မူးနောက်အောင်လုပ်နေတာပဲ။
မကြာမီ အိမ်တော်ရှိအခြားလူများလည်း ရောက်ရှိလာကြပြီး တံတိုင်းပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ နှာခေါင်းပိတ်ထားသော ကလေးတစ်သိုက်နှင့် မြေပြင်ပေါ်မှ အနံ့ဆိုးကြီးကိုမြင်လိုက်ရတော့သည်။ အဘွားရွှီလည်း သူမတစ်ယောက်တည်း ဤဒုက္ခကိုမခံနိုင်သဖြင့် အားလုံးကို လက်ညှိုးထိုးပြကာ မျှဝေခံစားစေလိုက်ပါတော့၏။
ရောက်ရှိလာသော လူအုပ်ကြီးမှာ သူတို့မျက်လုံးများ ညစ်ညမ်းသွားသလိုခံစားလိုက်ရပြီး မျက်လုံးများမရှိသည်ကပင် ပိုကောင်းနေသလိုပင်။ နောက်ဆုံးတွင် အိမ်တော်ထိန်းမှာ သတိအရင်ဝင်လာပြီး အိမ်သာနှင့် ကြမ်းပြင်တစ်ခုလုံးကို ဆေးကြောသန့်စင်ရန်၊ မြေကြီးပေါ်က အညစ်အကြေးသရဲကိုလည်း ရေနှင့်ထိုးဆေးပြီး ကျန့်ပေနယ်စားအိမ်တော်၏ရေအိမ်ကိုကစားစရာအဖြစ်သုံးရန် မည်သည့်လူပျက်က ရဲတင်းလွန်းသည်ကိုအဖြေရှာဖို့အမိန့်ပေးလိုက်ပါသည်။ အစေခံများ ရေနှင့်ဝိုင်းဆေးလိုက်သည့်အခါတွင် မြေပြင်ပေါ်မှ လူ၏ရုပ်သွင်အစစ်အမှန် ပေါ်လာပါတော့၏။ ကျင့်ရှင်းသည် သိချင်စိတ်ဖြင့်လှမ်းကြည့်ပြီး ရွံရှာလွန်း၍ ကလေးများဆီတီးတိုးပြောလာသည်။
"ဟုန်ဖူဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်မှာ ဒီလိုထူးထူးဆန်းဆန်းဝါသနာရှိလိမ့်မယ်လို့ ငါတစ်ခါမှမတွေးဖူးဘူး၊ ငါ.... ငါတောင်မှ ဒီဘုန်းကြီးတွေကို အားကျခဲ့မိသေးတယ်၊ အား ငါ့မျက်လုံးတွေမသန့်တော့ဘူး၊ အမြန်ဆေးမှဖြစ်မယ်"
ထိုသို့ပြောကာ ကြောက်လန့်နေသော ယုန်တစ်ကောင်လို နှာခေါင်းကိုအုပ်ပြီး သူ့အခန်းဆီအမြန်ပြေးသွားကာ အော်ပြောလိုက်သည်။
"မြန်မြန် မြန်မြန် ဒီနိမ့်ကျတဲ့တာအိုဆရာအတွက် ရေနွေးပြင်ပေးကြပါဦး"
ရှောင်ကျိုးနှင့် တခြားကလေးများလည်း အခန်းထဲသို့ အပြိုင်အဆိုင်ပြေးဝင်သွားကြပြီး အော်ဟစ်ကြတော့၏။
"ရေချိုးမယ် ရေချိုးမယ်၊ ငါရေချိုးချင်တယ်"
တရားခံဖြစ်သည့် ဆရာတော်ကိုမူ သေချာဆေးကြောတုပ်နှောင်ပြီး မနက်ဖြန်ရောက်လျှင် ကျင်းကျောက်စီရင်စုရုံးသို့ပို့ရန် စီစဉ်လိုက်ကြသည်။ ရှောင်ကျိုးလေးသည် တစ်ကိုယ်လုံးကို အားရပါးရပွတ်တိုက်ဆေးကြောပြီးသော်လည်း လေထုထဲတွင်အနံ့ဆိုးများ ရှိနေသယောင် ခံစားနေရ၏။
မဖြစ်တော့ဘူ။
သူမသည် ဤအိမ်တော်တွင် တစ်စက္ကန့်တောင် ထပ်မနေနိုင်တော့ဟုတွေးမိကာ အိမ်ပေါ်မှဆင်းရန် ဆုံးဖြတ်လိုက်သည်။
အရမ်းနံစော်နေတာပဲ။
ရှောင်ကျိုးသည် အဝတ်အစားများကိုထုပ်ကာ အိတ်ကလေးကိုပခုံးတွင်လွယ်ပြီး အခန်းပြင်ကို ချက်ချင်းထွက်လာ၏။
"ရွာလူကြီးလေး ဘယ်သွားမလို့လဲ"
ရွာလူကြီးလေးဆံပင်အား ကူစည်းပေးရန်လာသော ရှန်ကျစ်ယွမ်မှာ ရွာလူကြီးလေးမှအိတ်လေးလွယ်၍ဒေါသတကြီးခြေဆောင့်နေသည်ကိုမြင်သော်မေးလိုက်သည်။
"ငါ လေကောင်းလေသန့်သွားရှူမလို့"
ရှောင်ကျိုး ထိုစကားပြောကာ နောက်လှည့်မကြည့်ဘဲ ထွက်သွား၏။ သူမမျက်ဝန်းအစုံမှာလဲ ထိုအစီအစဉ်အတိုင်းလုပ်ရန်ပြတ်သားနေသည်။
"နေဦး ကျွန်တော်လည်းလိုက်မယ်”
ကျောက်ဟူနှင့် အဖွဲ့သားများလည်း အဝတ်အစားများကောက်သိမ်းပြီး နောက်မှ တကောက်ကောက်လိုက်သွားကြလေသည်။ ဤသို့ဖြင့် ညသန်းခေါင်ကြီးတွင် ကျန့်ပေနယ်စားအိမ်တော်မှာ မီးထိန်ထိန်လင်းနေပြီး အစေခံများသည်လည်း ပျာပန်းခတ်ကုန်ကြတော့၏။
ထိုစဉ် ရှောင်ကျိုးတို့အဖွဲ့မှာ အိမ်တောမထဲမှထွက်လာပြီး တည်းခိုရန် တည်းခိုခန်းတစ်ခုကိုရှာလိုက်ကြသည်။ ချက်ချင်းဆိုသလို ကျန့်ပေနယ်စားအိမ်တော်မှတစ်ယောက်ပြီးတစ်ယောက် တည်းခိုခန်းဆီရောက်လာကြ၏။
မေးမနေပါနဲ့တော့။ သူတို့အိမ်မှာ အချိန်အကြာကြီးနေခဲ့ရလို့ ခံစားချက်နဲ့မြင်ကွင်းပြောင်းဖို့လိုလို့ပါ။
ခြံဝင်းအား သန့်ရှင်းရေးလုပ်ရန် ကျန်ခဲ့သော ကံဆိုးသည့်အစေခံများမှလွဲ၍ တစ်အိမ်လုံးအပြင်ထွက်အိပ်ကြသည်ဖြစ်၍ တည်းခိုခန်းပိုင်ရှင်သည် ပျော်မဆုံးဖြစ်နေတော့သည်။
ဘေးအိမ်မှယုံနင်နယ်စားမှာတော့ ကံမကောင်းရှာပေ။ သူသည် သစ်သားကုတင်ပေါ်တွင်လဲလျောင်းရင်း ငါဘယ်နေရာမှာမှားသွားလို့ ထိုကဲ့သို့ဆင်းရဲတွင်းနက်နေရသည်လဲဟု တွေးနေတုန်းမှာပင် နှာခေါင်းထဲသို့ မအီမသာအနံ့ဆိုးကြီးတစ်ခု တိုးဝင်လာပါသည်။ ယုံနင်နယ်စားသည် သည်းမခံနိုင်တော့ဘဲ တံခါးဆီသို့ ထကာအော်လိုက်၏။
"ဘာလဲ၊ အခုဆို အိမ်သာဆေးမယ့်သူတောင် မရှိတော့ဘူးလား၊ မင်းတို့ရဲ့ အလုပ်စာချုပ်တွေ ဒီနယ်စားလက်ထဲမှာရှိသေးတယ်ဆိုတာမမေ့နဲ့”
သို့သော် လစာလည်းမရ၊ ညသန်းခေါင်တိုင် အိပ်စရာနေရာလည်းမရှိသည့်အပြင် သခင်ဖြစ်သူမှလဲအလွတ်ပေးမခံရသေးသည့် အစေခံများသည် မျက်နှာအပျက်ပျက်နှင့် ပြန်ဖြေလေသည်။
"သခင်ကြီး အဲဒီအနံ့က ဘေးအိမ်ကျန့်ပေနယ်စားအိမ်တော်ဘက်ကလာတာပါ"