ထာဝရကလန်ကို အပြစ်တင်ခြင်း၊ အချိန်စီးဆင်းခြင်း
Vol. 96 Ch. 1311
အဘိုးအိုသည် နောက်သို့ ဆက်လက်ဆုတ်နေသည်။ သို့သော် သူ့မျက်လုံးထဲတွင် ကြောက်မက်ဖွယ်တိုက်ပွဲစိတ်ဆန္ဒ ပြည့်နှက်လေ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ရှေ့သို့ လက်ညွှန်သည်။ သူ လက်ညွှန်လိုက်တိုင်း သူ့ခန္ဓာကိုယ်မှ တုန်ဟည်းသံတို့ ထွက်ပေါ်လာပြီး သူသည် နေသာသောည၏စွမ်းအားကို ခုခံသည်။
ထိုအဘိုးအို၏စွမ်းအားမှာ တုန်လှုပ်ဖွယ်ရာ ကောင်း၏။ အစောကတည်းက ဝမ်လင်း၏ နေသာသောညမန္တာန်မှာ ပြီးပြည့်စုံခြင်း မရှိသည့်အတွက် အဘိုးအို ပေတစ်ထောင်ခန့် နောက်ဆုတ်ရပြီးနောက် ဤနေသာသောညမန္တာန်၏စွမ်းအားမှာ ချေဖျက်ခြင်း ခံလိုက်ရတော့သည်၊
အနီရောင်ရောင်လျှံစက်ဝန်းက အဘိုးအို ပတ်လည်တွင် သွေးကဲ့သို့ တည်ရှိနေ၏။ သူ့နောက်တွင် ဧရာမ ပုံရိပ်ယောင် အနီရောင်ရောင်လျှံစက်ဝန်းတစ်ခုပေါ်လာလေသည်။ ထိုအနီရောင်ရောင်လျှံစက်ဝန်းမှာ ပတ်ဝန်းကျင်ကို လင်းထိန်စေ၏။
အဘိုးအို၏ အမူအရာက အလွန်အမင်း လေးနက်လာ၏။ သူ့ထံမှ တုန်လှုပ်ဖွယ်ကျင့်ကြံခြင်းစွမ်းအား ထုတ်လွှတ်လာသည်။ သူသည် ရှေ့သို့တိုးဝင်လာရင်း အနီရောင်ရောင်လျှံစက်ဝန်းမှာ သွေးထက်ပိုနီလာ၏။ သူသည် ပေတစ်ထောင်အကွာကို ချက်ခြင်းလိုလို ဖြတ်သန်းလာပြီး ဝမ်လင်းထံ တရကြမ်း ဝင်ရောက်လာသည်။
ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်၏။ နေသာသောညမန္တာန်ကို အသုံးပြုပြီးသည့်နောက် သူ့ထံတွင် မူလစွမ်းအင် များစွာ မကျန်တော့ပေ။ သို့သော်ငြားလည်း သူ့မျက်လုံးက ကြောက်မက်ဖွယ် တိုက်ပွဲဆန္ဒကို ထုတ်လွှတ်လေ၏။ သူ့မျက်ခုံးနှစ်ခုကြားမှ ဥပဒေသကြယ်သည် အရူးအမူး လင်းလက်၍ မြန်ဆန်စွာ လှည့်ပတ်သည်။ ၎င်းက လှည့်ပတ်နေစဥ် လောကရှိမူလစွမ်းအင်သည် ဝမ်လင်းထံ စတင် သိပ်သည်းလာ၏။
ကောင်းကင်ဘုံဒုက္ခပထမအဆင့်တစ်ယောက်ကို သတ်ဖြတ်နိုင်ဖို့မှာ အလွန်ခက်ခဲသည်ဟု ဆိုနိုင်သည်။ သူ့ဒဏ်ရာများ ပြန်ကောင်းမွန်လာကာ သူ့ကျင့်ကြံမှုအဆင့် ချိပ်ပိတ်ထားတာကို ဖြေလျော့၍ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်သို့ ရောက်မှသာ အခွင့်အရေး ရှိနိုင်ကောင်းသည်။
သို့ရာတွင် ခုချိိန်၌ ထိုသို့ ပြုလုပ်ရန် မဖြစ်နိုင်တာ သိသာပေသည်။
ဝမ်လင်း၏မျက်လုံးက တလက်လက်ဖြစ်နေ၏။ အဘိုးအို အနားရောက်လာသည့်အခါ သူသည် လက်မြှောက်၍ ဝေ့ယမ်းသည်။ သူ ဝေ့ယမ်းလိုက်သည့်အခါ သူ့အောက်ရှိ ပုံရိပ်ယောင်ပင်လယ်ပြင်ထံမှ ခွန်အားတစ်ခု မြင့်တက်လာသည်။
တစ်ချိန်တည်းမှာ ဝမ်လင်း၏စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။ ထိုပုံရိပ်မှာ အဆုံးမဲ့ပင်လယ်ပြင်ထက်ရှိ ဧရာမကျောက်တံခါးချပ်တစ်ခု ဖြစ်လေသည်။ ယင်းက မိုးထိမြင့်မားကာ ရှေးဟောင်းအော်ရာကို ပေးစွမ်းနေသည်။
၎င်းပုံရိပ်မှာ လေကောင်းကင်ဘုံနယ်မြေထဲရှိ တံခါးချပ် ဖြစ်ပေသည်။
ယင်းပုံရိပ် သူ့စိတ်ထဲတွင် ပေါ်လာနေရင်း သူ့အတွေးစဥ်အားလုံးကို အစားထိုးနေရာယူသည်။ သူ့ညာလက်ဝေ့ယမ်းမှုနှင့်အတူ သူသည် ဆန်းကြယ်သောနည်းလမ်းတစ်ခုမှတစ်ဆင့် သူ့ပုံရိပ်ကို လောကသို့ ခင်းကျင်းထုတ်ဖော်သည်။
သူ့ညာလက်ကို ဝေ့ယမ်းနေရင်း ပင်လယ်ပြင်ဟာ လှိုင်းထန်လာပြီး ဧရာမရေဝဲကတော့တစ်ခု ပေါ်လာသည်။ မြေပြင်ထုသည် တုန်ဟီးကာ တဝုန်းဝုန်းမြည်ဟည်းလျက် ပင်လယ်ပြင်ထံမှ ဧရာမကျောက်တံခါးကြီးတစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာသည်။ ဤအခိုက်တွင် သည်မြင်ကွင်းက သူ့စိတ်ထဲကအတိုင်း ချွတ်ဆွတ်တူလေ၏၊
ထိုတံခါးကြီးပေါ်လာချိန်တွင် ရှင်းပြရန်ခက်သောဖိအားတစ်ခုသည် လောကတွင် ထွေးခြုံလာသည်။ ယင်းက နေသာသောညမန္တာန်ကြောင့် မိန်းမောနေသော ကျင့်ကြံသူများကို တုန်လှုပ်စွာ သတိပြန်ဝင်လာစေသည်။ သို့ရာတွင် ခဏတာသာ သတိပြန်ဝင်လာပြီးနောက် သူတို့သည် တဖန် တုန်လှုပ်ရပြန်သည်။ ပင်လယ်ပြင်ထက်ရှိ ကျောက်တံခါးကြီးကို ကြည့်ကာ အချိန်အသိအာရုံက သူတို့၏စိတ်ထဲတွင် ပြည့်နှက်လာလေ၏။
တိုးဝင်လာသော အဘိုးအိုသည်ပင် ရုတ်တရက် ရပ်တန့်ကာ ပင့်သက်ရှိုက်မိ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန် ပြည့်နှက်သည်။ သူက နေသာသောညမန္တာန်ကို ဝမ်လင်း၏အကန့်အသတ်ဟု ထင်ထားခဲ့၏။ သို့ရာတွင် သည်ကျောက်တံခါးကို ကြည့်နေရင်း သူသည် တုန်လှုပ်ရသည်။ သူ့ကျင့်ကြံမှုအဆင့်ဖြင့် သူသည် အချိန်စွမ်းအားကို ပိုရှင်းလင်းစွာ ခံစားနိုင်၏။ သူသည် မကောင်းသောခံစားမှုတစ်ခုကို ရနေသည်။
"ဒီလူ့ရှိမှာ အစွမ်းထက်မန္တာန်တွေ ဘယ်လောက်များ ပိုင်ဆိုင်ထားတာလဲ။ သူ ဒီကို ရောက်လာကတည်းက ဘယ်ရတနာလက်နက်ကိုမှ အသုံးမပြုသေးဘူး။ သူဟာ မန္တာန်တွေကိုပဲ အသုံးပြုခဲ့တယ်။ မန္တာန်သပ်သပ်နဲ့ ဒီလောက် အစွမ်းရှိနေပုံထောက်တော့ သူဟာ တော်ရုံတန်ရုံ အစွမ်းထက်တာ မဟုတ်တော့ဘူး..."
အဘိုးအိုသည် အသက်ဝဝရှုသွင်းမိ၏။ သူ့မျက်လုံးထဲရှိ တိုက်ပွဲဆန္ဒမှာလည်း ပိုအားကောင်းလာသည်။ ထာဝရကလန်မှာ သူ့အဆင့်အတန်းအရ သူသည် နောက်ဆုတ်၍ မဖြစ်တော့ပေ။
ထို့အပြင် သူသည် ဤတံခါးပေါ်လာချိန်တွင် လောကသည် အနည်းငယ်ပြောင်းလဲသွားတာကို ခပ်ရေးရေး ခံစားမိလျှင်ပင် သူ့ကျင့်ကြံမှုအဆင့်က မတိုက်ခိုက်ဘဲ သူ့ကို နောက်ဆုတ်ဖို့ ခွင့်ပြုမည် မဟုတ်ပါ။
ကျောက်တံခါးသည် ပင်လယ်ပြင်ကို ချိုးဖျက်ချိန်တွင် ဝမ်လင်းသည် မလှုပ်ရှားပေ။ သို့သော် ကျောက်တံခါးက သူ့ကို ကောင်းကင်ထက်သို့ မြန်ဆန်စွာ ပင့်တင်ပေးလေ၏။ သူက သက်ရှိအားလုံးကို အပေါ်စီးက ကြည့်နေသည့်အလားပင်။
ဝမ်လင်း၏မျက်လုံးတို့က လုံးဝတည်ငြိမ်နေပေသည်။ မည်သည့်စိတ်ခံစားချက်မှ ရှိမနေပေ။ သို့သော် သူ့ထံမှ အထီးကျန်မှုကို ပေးစွမ်းလျက် ရှိသည်။ ထိုအော်ရာမှာ လေကောင်းကင်ဘုံနယ်မြေထဲက အတိုင်းပင်။ ကျောက်တံခါး ပေါ်ထွက်လာသော တစ်ချိန်တည်းမှာပင် လေပြင်းတစ်ခုသည် ပင်လယ်ပြင်ကို ဖြတ်သန်းကာ တံခါးကို ကျော်လွန်ပြီး လောကတွင် လှည့်ပတ်သည်။
ကျောက်တံခါးပေါ်ရှိ ဝမ်လင်း၏ပုံရိပ်မှာ သာ၍ အထီးကျန်ဆန်မှုကို ခံစားရလေ၏။ သူသည် လောက၏အထွတ်အဖျားတွင် တစ်ကိုယ်တည်း ရပ်နေသည့်အလား အလွန်အမင်း ထီးတည်းဖြစ်ဟန် ထင်မှတ်ရလေသည်။
ထီးတည်းဖြစ်မှုခံစားချက်သည် အထီးကျန်မှုထက်ပင် ပိုအားကောင်းနေ၏။ ယင်းခံစားမှုက သူနှင့် နှစ်ပေါင်းများစွာ အဖော်မွန် ဖြစ်ခဲ့သည့်အလား။
ဆံဖြူအဘိုးအို၏ပုံရိပ်သည် အနားရောက်လာနေရင်း သူ့ပတ်လည်ရှိ အနီရောင်ရောင်လျှံစက်ဝန်းမှာ တောက်ပလင်းထိန်သည်။ သူ့နောက်မှ အနီရောင်ရောင်လျှံစက်ဝန်းသည် အဖျက်အစီးအားတစ်ခုနှင့်အတူ ဝမ်လင်းထံ သက်ဆင်းလာသည်။
အဘိုးအိုသည် ရှေ့ဆက်တိုးလာရင်း ပင်လယ်ပြင်သည် အော်မြည်ကာ လှိုင်းထန်လာ၏။ ပြိုင်ပွဲစင်မြင့်မှာ စတင်ကြေမွကာ ပျက်စီးလာသည်။
ဂြိုဟ်၏နေရာအစိတ်အပိုင်းငယ်တစ်ခုစာ နေရာယူထားသော ထိုစင်မြင့်သည် ကျောက်မှုန့်သဲမှုန့်များအဖြစ် ပျက်စီးသွားခဲ့ပေပြီ။ အဘိုးအို တိုးဝင်လာစဥ် ကောင်းကင်သည်ပင် အက်ကြောင်းများနှင့် ပြည့်နှက်ရလေ၏။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ လူတိုင်းနီးပါး၏မျက်ခုံးနှစ်ခုကြား၌ တော်ပသောအနီရောင်အစက်တစ်ခု ပေါ်လာခြင်းတည်း။ ထိုအစက်များက သွေးနီရောင်ရှိကာ သူတို့ခန္ဓာကိုယ်များ၏ သွေးအဆီအနှစ်များအလား။
ကျင့်ကြံသူအချို့သာ သူတို့၏ မူလစွမ်းအင်ကို လှည့်လည်ပြီး အနီရောင်အစက် မထွက်ပေါ်လာအောင် ခုခံလိုက်နိုင်သည်။
ထိုသွေးစက်က အဘိုးအို၏ဥပဒေသ ဖြစ်သည်။ ဤတွင် သူ့ကျင့်ကြံမှုအဆင့်မှာ ပေါက်ကွဲထွက်လာ၏။ သူ့ကျင့်ကြံမှုစွမ်းအားက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအပေါ်ပါ သက်ရောက်မှု ရှိသည်။
အဘိုးအိုသည် မာန်သွင်းကာ ဝမ်လင်းရှိ တိုးဝင်လာသည်။ သို့ရာတွင် သူ အနားရောက်လာချိန်၌ ဝမ်လင်းက မျက်လုံးပွင့်လာသည်။ သူ့အကြည့်က ထိုအဘိုးအိုပေါ်သို့ ကျရောက်သွား၏။
ဝမ်လင်း၏အကြည့် ကျရောက်လာသည်နှင့် အဘိုးအို၏စိတ်မှာ တုန်လှုပ်ရသည်။ သူသည် လောက၏သေးငယ်သောပြောင်းလဲမှုကို အခု ပိုရှင်းရှင်းလင်းလင်း ခံစားမိသည်။
"အချိန်စီးဆင်းခြင်း..." ဝမ်လင်း၏အသံက တည်ငြိမ်သလို တိုးလျ၏။ သို့ရာတွင် ဤတွင် သူ့စကားလုံးများက အဘိုးအို၏စိတ်ထဲ တိုးဝင်ကာ သူ့မှတ်ဥာဏ်များအပေါ် သက်ရောက်လေသည်။ ထိုအဖြစ်က အဘိုးအိုကို ချက်ခြင်း ရပ်တန့်သွားစေသည်။ သူ့မျက်လုံးထဲတွင် ရှုပ်ထွေးရုန်းကန်မှုတို့ ပြည့်နှက်လာသည်။
အချိန်စီးဆင်းခြင်းမန္တန်သည် ခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဥ်တို့ကို တိုက်ခိုက်ခြင်း မဟုတ်ပေ။ မှတ်ဥာဏ်များကိုသာ တိုက်ခိုက်ခြင်း မည်၏။
ထာဝရကလန်သို့ လာရောက်နေစဥ်အတွင်း ဝမ်လင်းသည် အချိန်စီးဆင်းခြင်းမှာ ခုနစ်ရောင်စုံလောက၌ အဘိုးအို အသုံးပြုခဲ့သော တာအိုပြန့်ကြဲခြင်းမန္တာန်နှင့် အတော်လေး အလားသဏ္ဍာန်တူကြောင်း တွေ့ရှိခဲ့ပေသည်။
အသက်တစ်ခါရှုခြင်းက နှစ်တစ်ရာနောက်ပြန်ရောက်ခြင်း ဖြစ်လေ၏။
လောကသည် ထာဝရအဆုံးမရှိဟု မှတ်ထင်ရသည်။ အချိန်စီးဆင်းခြင်းသည် ငြိမ်သက်စွာဖြင့်သာ တိတ်တဆိတ် ဖြတ်သန်းနေသည်။ အသက်တစ်ခါရှုချိန်၊ နှစ်ခါရှုချိန်...မျက်စိတစ်မှိတ်အတွင်း အသက်ဆယ်ခါရှုချိန် ကုန်လွန်စီးဆင်းသည်။
အဘိုးအို၏မျက်နှာပေါ်ရှိ အရေးအကြောင်းများသည် အတော်လေး လျော့ပါးလာသလို သူ့မျက်လုံးထဲရှိ ရုန်းကန်မှုမှာ ပိုပြင်းထန်လာသည်။ သည်အခိုက်တွင် သူသည် သူ့မှတ်ဥာဏ်များအတွင်း နစ်မြုပ်ကာ စာအုပ်တစ်အုပ်ကို လှန်လိုက်သကဲ့သို့ နှစ်တစ်ထောင်အချိန်သည် စီးဆင်းလေ၏။
အဘိုးအို၏ကျင့်ကြံမှုသာ ရွှေ့လျားသွားခြင်း မဟုတ်ပါ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးနီးပါး၏ မှတ်ဥာဏ်များလည်း အတူတူသာ ဖြစ်၏။ အသက်ဆယ်ခါရှုချိန်အတွင်း နှစ်တစ်ထောင် အချိန်မှာ စီးဆင်းကုန်လွန်သွားသည်၊
ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ်အသက်ဆယ်ခါရှုချိန် ကုန်လွန်သွားပြန်၏။
နှစ်ပေါင်းနှစ်ထောင်မှတ်ဥာဏ်များသည် အပြေးအလွှား ကုန်ဆုံးလေ၏။ တိုတောင်းသော အသက်အခါနှစ်ဆယ်ရှုချိန်အတွင်းမှာ အဘိုးအိုသည် နှစ်ပေါင်းနှစ်ထောင်မှတ်ဥာဏ်များကို ဆင့်ခေါ်စဥ်းစားနေလျက် သူသည် ရုန်းကန်နေရ၏။
သူ့ကျင့်ကြံမှုအဆင့်သည် တဖြည်းဖြည်း ဖိနှိပ်ခြင်း ခံရကာ သူ့အသက်ကြီးရင့်မှု လျော့ပါးပြီး ပျောက်ကွယ်လာ၏။ အဘိုးအိုသည် လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်က ဟင်းလင်းပြင်အက်ကြောင်းတွင်း သေဆုံးခဲ့သော သူ့ချစ်တပည့်တစ်ယောက်ကို တွေ့မြင်သည်။ သူသည် နတ်ဆိုးကလန်တွင် သားရဲလှိုင်းများနှင့် တိုက်ခိုက်နေသည်။ သူသည် ဓါးကျိုးတစ်လက်ကို တွေ့မြင်၏။
ထိုဓါးကျိုးကို တွေ့မြင်သည့်အခါ အတိတ်တုန်းက ဝမ်းနည်းမှုသည် သူ့စိတ်နှလုံးထဲတွင် ပြန်ပေါ်လာသည်။ သူသည် သူ ကောင်းကင်ဘုံဒုက္ခပထမအဆင့်ကို မရောက်ရှိခင် လွန်ခဲ့သောနှစ်ပေါင်း လေးထောင်၊ငါးထောင်တို့ကို ပြန်အမှတ်ရနေသည်။ သူသည် ပထမကောင်းကင်ဘုံဒုက္ခ၏ တိုက်စားဖျက်စီးမှုကို တံခါးပိတ်ကျင့်ကြံကာ ခုခံနေချိန် ဖြစ်သည်။
သူ့မှတ်ဥာဏ်များသည် ရွှေ့လျားနေရင်း သူသည် အတိတ်ကို ပြန်ရောက်သွားဟန် တူ၏။ သူ့ခန္ဓာကိုယ်မှာ ပထမကောင်းကင်ဘုံဒုက္ခကို ဖြတ်သန်းနေစဥ် နာကျင်မှုတို့ ပြည့်နေသည်။ သူ့ကျင့်ကြံမှုအဆင့်မှာလည်း လွန်ခဲ့သောနှစ်ပေါင်းငါးထောင်မှ အဆင့်ထိ လျော့ကျကာ အလျင်အမြန် လွင့်ပျောက်နေသည်။
သူသည် နာကျင်စွာ၊လက်မခံနိုင်စွာ ဟစ်အော်နေသော သူ့ကိုယ်သူကိုယ် မြင်သည်။ ထိုဟစ်အော်သံမှာ သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လျက် ရှိပြီး သူ့မျက်လုံးထဲရှိ ရုန်းကန်မှုက ပိုပြင်းထန်လာသည်။
"ငါဟာ နှစ်ပေါင်း (၁၉၀၀၀ ) ကျင့်ကြံခဲ့တယ်။ ပထမကောင်းကင်ဘုံဒုက္ခကို အညံ့ခံဖို့ ငါ ငြင်းဆန်ခဲ့တယ်။ ငါဟာ မရေမတွက်နိုင်တဲ့သူတွေကို သတ်ခဲ့ပြီး သွေးဥပဒေသကို နားလည်ခဲ့တယ်။ ငါဟာ ငါ့ကိုယ်ငါ ဒီလိုပုံစံမျိုးနဲ့ သေဆုံးသွားဖို့ ခွင့်မပြုဘူး..."
အဘိုးအိုက ထိုကဲ့သို့ အော်ဟစ်လိုက်ရင်း သူ့ပတ်လည်မှ အက်သံကို ကြားရသည်။ အဘိုးအိုသည် သွေးအန်ကာ နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူသည် အချိန်စီးဆင်းခြင်းမန္တာန်ကို ချိုးဖျက်လေ၏။
သူ နောက်ဆုတ်နေရင်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏မျက်ခုံးနှစ်ခုကြားမှ အစက်အပြောက်များအားလုံး တဖျပ်ဖျပ်ဖြစ်ကာ အဘိုးအိုထံ ပျံသန်းသည်။ သို့ရာတွင် အဘိုးအို၏မျက်နှာသည် ဖြူရောနေသည်။ သူသည် နောက်ဆုတ်နေရင်း ဝမ်လင်းကို တုန်လှုပ်ထိတ်လန့်စွာ ကြည့်သည်။
"ဒါက ဘာမန္တာန်မျိုးလဲ..." သူသည် သူ့ဘဝတွင် ဤမျှ အံ့ဖွယ်ကောင်းသောမန္တာန်မျိုးကို မမြင်ဖူးပေ။ ထိုမန္တာန်မှာ သူ စိတ်ကူးနိုင်သည်ထက် ပိုလေ၏။ သူသည် အရေးတကြီး အခိုက်အတန့်တွင် ထိုမန္တာန်ကို ချိုးဖျက်ပြီး လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းသို့ အချိန်ပြန်စီးဆင်းခြင်းကို ဟန့်တားခဲ့ခြင်းသာ မပြုလုပ်နိုင်ခဲ့ပါက အကျိုးဆက်ကို တွေးကြည့်ဖို့ပင် ကြောက်မိရသည်။
ပထမဆုံးအကြိမ်အဖြစ် သူသည် ဝမ်လင်းမှာ အလွန်လေးနက်ထည်ဝါသူဟု ခံစားရ၏။ သူသည် ဝမ်လင်းကို သင်ခန်းစာပေးရန် စိတ်ကူးလည်း ဆက်မရှိတော့ဘဲ ရှိန်သွားခဲ့ပေပြီ။
ဝမ်လင်း၏မျက်လုံးတို့မှာ တည်ငြိမ်နေ၏။ သို့သော် သူက သက်ပြင်းချမိသည်။ သူက အချိန်စီးဆင်းခြင်းကို ခုမှ နားလည်ခါစ ဖြစ်၍ ပြီးပြည့်စုံစွာ အသုံးမပြုနိုင်သေးပေ။ ထို့အပြင် သူ့ထံ၌ မူလစွမ်းအင်များစွာကျန်ရှိမနေတော့ဘဲ တစ်ဖက်လူကလည်း အားကောင်းလှ၏။ အချိန်နှစ်ငါးထောင် နောက်ပြန်စီးဆင်းစေခြင်းက သူ့အကန့်အသတ် ဖြစ်သည်။ ထို့ကြောင့် သူသည် အဘိုးအိုကို ပိတ်လှောင်ထားနိုင်ခြင်း မရှိချေ။
သို့ရာတွင် ဝမ်လင်းသည် ဤမန္တာန်က ထိုအဘိုးအိုကို ထိတ်လန့်ကြောက်ရွှံ့စေလိမ့်မည်ဟု ယုံကြည်ထားသည်။
***