အခန်း ၉၁
Vol. 10 Ch. 91
(အခန်း) ၉၁ ဓားပြများက နယူးယောက်ရဲတပ်ဖွဲ့ဝင်များလား
လေစီ၏စကားကို ကြားလိုက်ရသောအခါ သြဂတ်စ်က လုံခြုံရေးကင်မရာမှတ်တမ်းကို ကြည့်ရှုရင်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားလေသည်။ လက်ခုပ်ကို အားပါးတရ တီးလိုက်ပြီးနောက် အက်ဖ် စာလုံးဖြင့် စတင်သော ဆဲရေးတိုင်းထွာမှု တစ်ခုကို အသံကျယ်ကြီးဖြင့် ပြုလုပ်လိုက်တော့သည်။
"ဘာသဘောလဲ..."
မိုနာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်က ဗီဒီယိုမှတ်တမ်း ခြောက်ခုစလုံးကို ထုတ်ယူလိုက်လေသည်။ ဓားပြများ ဘဏ်အတွင်းသို့ မဝင်ရောက်မီ အချိန်ကာလရှိ အလွန်တိုတောင်းသော ဗီဒီယိုအပိုင်းအစများကို အနှေးပြကွက်ဖြင့် ဖွင့်ပြကာ မိုနာ၏ မျက်စိရှေ့တွင် တစ်ခုချင်းစီ ရှင်းလင်းပြသလိုက်တော့သည်။
ပထမဆုံး ဓားပြတိုက်မှု လေးခုမှ ဓားပြများ၏ ဘဏ်အပြင်ဘက် လမ်းလျှောက်သည့် ကိုယ်ဟန်အမူအရာကို ပုံမှန်ဟု သတ်မှတ်မည်ဆိုပါက။
ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် အမှုမှ ဓားပြနှစ်ဦး၏ လမ်းလျှောက်သည့် ပုံစံမှာ ပထမ ဓားပြအဖွဲ့နှင့် နှိုင်းယှဉ်ပါက အရှေ့သို့ ခြေလှမ်းလှမ်းသည့် အခါတိုင်း ဒူးခေါင်းများက အပြင်ဘက်သို့ ပိုမို ကားထွက်နေလေသည်။
ဘဏ်၏ တံခါးမကြီးကို ဖွင့်ကာ ဧည့်ခန်းမ အတွင်းသို့ ဝင်ရောက်သွားပြီးနောက်မှသာ ထို နောက်ဆုံး ဓားပြနှစ်ဦး၏ လမ်းလျှောက်သည့် ကိုယ်ဟန်အမူအရာမှာ အရှေ့ပိုင်းမှ ဓားပြများနှင့် တူညီသွားခြင်းပင် ဖြစ်လေသည်။
အလွယ်တကူ ဆိုရလျှင် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် အမှုမှ ဓားပြများသည် ဘဏ်ဧည့်ခန်းမ အတွင်းရှိ လုံခြုံရေးကင်မရာ မှတ်တမ်းများတွင် သူတို့၏ ပုံရိပ်ကို အရှေ့ပိုင်းမှ ဓားပြများနှင့် ပိုမို တူညီသွားစေရန်အတွက် သူတို့၏ လမ်းလျှောက်သည့် ပုံစံကို တမင်တကာ သက်သက် ဟန်ဆောင် ဖုံးကွယ်ထားခဲ့ကြခြင်းပင် ဖြစ်လေသည်။
လုံခြုံရေးကင်မရာ မှတ်တမ်းကို ကြည့်ရှုပြီးနောက် မိုနာမှာ ပါးစပ်ကို လက်ဖြင့်အုပ်ကာ အလွန်အံ့အားသင့်သွားသော မျက်နှာထားဖြင့် ရိုအန်ကို ခေါင်းစောင်းကြည့်လိုက်လေသည်။
ရိုအန်အနေဖြင့် အတုခိုးတုပ ပြစ်မှုကျူးလွန်သူများကို သက်သေပြနိုင်မည့် သဲလွန်စကို အမှန်တကယ် ရှာဖွေတွေ့ရှိသွားလိမ့်မည်ဟု မိုနာ လုံးဝ ထင်မထားခဲ့ချေ။ ထိုမျှမက ထိုသဲလွန်စမှာ ၂ စက္ကန့်ပင် မပြည့်သော ဗီဒီယိုမှတ်တမ်းလေး တစ်ခုအတွင်း၌ ရှိနေခြင်းပင် ဖြစ်လေသည်။
ဘေးနားရှိ လေစီက ဓားပြများကို ဆဲရေးတိုင်းထွာပြီးနောက် ရိုအန်ကို အံ့အားသင့်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်လေသည်။
မိုနာနှင့် မတူညီသည့် အချက်မှာ လေစီက ရိုအန်၏ အသေးစိတ် ဂရုစိုက်မှုနှင့် လေ့လာစူးစမ်းနိုင်စွမ်းကို အလွန်အမင်း အံ့ဩမှင်သက်နေခြင်းပင် ဖြစ်လေသည်။
သြဂတ်စ်က သူ၏ ဗိုက်ရွှဲရွှဲကြီးကို ပုတ်လိုက်ပြီး ပါးစပ်ကြီး ဖြဲကာ ပြုံးလိုက်လေသည်။
ရိုအန်က မိမိကို လုံးဝ စိတ်ပျက်စေမည် မဟုတ်ကြောင်း သြဂတ်စ် အစကတည်းက သိရှိထားပြီး ဖြစ်လေသည်။
"ငါတို့ ဆက်ပြီး ဘယ်လို လုပ်ကြမလဲ..."
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မိုနာက မသိစိတ်၏ စေ့ဆော်မှုအရ ရိုအန်ကို ခေါင်းစောင်းကြည့်လိုက်လေသည်။ ပြဿနာ တစ်စုံတစ်ရာ တွေ့ရှိပါက ရိုအန်ထံမှ အဖြေရှာတတ်သည့် အကျင့်တစ်ခု မိုနာ့ထံတွင် ကိန်းအောင်းနေပြီပင် ဖြစ်လေသည်။
"ဒီ အမှု ကို အတုခိုး ပြီး ကျူးလွန် သူ တွေ ရှိနေတယ် ဆိုတာ ကို သိသွားရင်တောင် မှ ငါတို့ အနေနဲ့ တစ်ဖက်လူ ကို ရှာတွေ့ နိုင်ပါ့မလား..."
လုံခြုံရေးကင်မရာ မှတ်တမ်းများမှာ အလွန်တိုတောင်းလွန်းလှလေသည်။ တတိယမြောက် အမှုမှလွဲ၍ ကျန်ရှိသော အမှုများ၏ ဗီဒီယိုမှတ်တမ်းများမှာ ၁၀ စက္ကန့်ဝန်းကျင်ခန့်သာ ရှိလေသည်။
ယခုအချိန်တွင် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် အမှုမှာ အမှန်တကယ်ပင် အတုခိုးတုပ ပြစ်မှုကျူးလွန်ထားခြင်း ဖြစ်ကြောင်း သိရှိသွားခဲ့လျှင်တောင်မှ လုံခြုံရေးကင်မရာ မှတ်တမ်းများမှတစ်ဆင့် နောက်ထပ် သဲလွန်စများကို ဆက်လက် ရှာဖွေနိုင်မည် မဟုတ်တော့ချေ။
အခင်းဖြစ်ပွားရာ နေရာရှိ မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များကို စတင် စစ်ဆေးခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။
သို့သော် ထိုမျက်မြင်သက်သေများမှာ အထိတ်တလန့် ဖြစ်ထားခဲ့ကြသူများ ဖြစ်သဖြင့် သူတို့၏ ထွက်ဆိုချက်များထဲတွင် အကြမ်းဖျင်း အခြေအနေများသာ ပါဝင်လေသည်။ လူတစ်ဦးဦးက အသေးစိတ် အချက်အလက် အချို့ကို ထုတ်ဖော် ပြောဆိုလာလျှင်တောင်မှ ထိုစကားများမှာ အမှန်လား အမှားလား ဆိုသည်ကို ခွဲခြားသိမြင်ရန် လုံးဝ မဖြစ်နိုင်တော့ချေ။
ဘေးနားရှိ လေစီ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားလေသည်။
"အကယ်၍ တစ်ဖက်လူ က သာ အတုခိုး ပြီး ကျူးလွန် ခဲ့တာ ဆိုရင် အဲ့ဒီ လူတွေ က အရှေ့ပိုင်း က ဓားပြတိုက်မှု တွေ ရဲ့ အသေးစိတ် အခြေအနေ တွေကို အရမ်း ကို ရှင်းရှင်းလင်းလင်း သိထားတယ် ဆိုတဲ့ သဘော မဟုတ်ဘူးလား..."
"မင်း ပြောတာ မှန်ပါတယ်..."
ရိုအန်က ကွန်ပျူတာထဲရှိ ဆက်လက် ဖွင့်ပြနေသော ဗီဒီယိုမှတ်တမ်းကို လက်ညှိုးထိုးပြကာ စကားဆိုလေသည်။
"အတုခိုး တဲ့ သူတွေ က ဓားပြ တွေ ရဲ့ အရပ်အမောင်း ကိုယ်အလေးချိန် ဝတ်စားဆင်ယင်မှု နဲ့ ပြစ်မှု ကျူးလွန် တဲ့ လုပ်ငန်းစဉ် တွေကို မဖြစ်မနေ သိထားဖို့ လိုအပ်တယ်..."
"ပဉ္စမမြောက် အမှု နဲ့ စတုတ္ထမြောက် အမှု ကြားက အချိန် ကွာဟချက် က သိပ်မကြာ ဘူး တစ်ပတ် တောင် မပြည့် တဲ့ အချိန်ကာလ လေး ပဲ ရှိတယ် အချိန် က အရမ်း ကို ကပ်လွန်း နေတယ်..."
"ဒီလောက် တိုတောင်း တဲ့ အချိန် အတွင်း မှာ သူတို့ တွေ က ပထမ ဓားပြ အဖွဲ့ ကို ဒီလောက် တောင် ဆင်တူ အောင် အတုခိုး နိုင်တယ် ဆိုကတည်းက နောက်ကွယ် မှာ အကြိမ်ပေါင်း များစွာ လေ့ကျင့် ခဲ့ရမှာ သေချာတယ်..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ အခန်းတွင်းရှိ လူအားလုံးက ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ လေစီက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် လေသံတိုးတိုးဖြင့် စကားဆိုလေသည်။
"အရှေ့ပိုင်း က အမှု လေးခု စလုံး ရဲ့ အသေးစိတ် အခြေအနေ တွေကို သေသေချာချာ သိနိုင် တဲ့ သူတွေ က အမှတ် ၁၄ စုံစမ်းစစ်ဆေးရေး အဖွဲ့ က စုံထောက် တွေ က လွဲရင် နယူးယောက် ရဲတပ်ဖွဲ့ ပဲ ရှိတော့တယ်..."
ဘဏ်များ ဓားပြတိုက်ခံရပြီးနောက် အရေးပေါ် အချက်ပေး ခေါင်းလောင်းကို နှိပ်လိုက်ချိန်တွင် အက်ဖ်ဘီအိုင် ဘက်မှ သတင်းရရှိမည် ဖြစ်သော်လည်း အခင်းဖြစ်ပွားရာ ဘဏ်သို့ ပထမဆုံး ရောက်ရှိလာမည့် သူများမှာ နယူးယောက် ရဲတပ်ဖွဲ့ဝင်များ သာလျှင် ဖြစ်လေသည်။
မည်သို့ပင်ဆိုစေ နယူးယောက် ရဲတပ်ဖွဲ့တွင် လမ်းမများထက်၌ ကင်းလှည့်နေသော ရဲအရာရှိများ ရှိနေလေသည်။ ထို့အပြင် အခင်းဖြစ်ပွားရာ နေရာ၏ လုံခြုံရေးနှင့် စည်းကမ်းကို ထိန်းသိမ်းရခြင်းမှာလည်း သူတို့၏ အဓိက တာဝန်များထဲမှ တစ်ခုပင် ဖြစ်လေသည်။
"ဘာ..."
လေစီ၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ်၏ ပြုံးဖြဲနေသော ပါးစပ်ကြီးမှာ ချက်ချင်း ပိတ်ကျသွားတော့သည်။ ထို့နောက် လေးနက် တည်ကြည်သော မျက်နှာထားဖြင့် လေစီကို ခေါင်းစောင်းကြည့်လိုက်လေသည်။
"မင်း သေချာ လို့လား..."
နယူးယောက် ရဲတပ်ဖွဲ့ဝင်များကို စွပ်စွဲ ပြစ်တင်ခြင်းမှာ အလွန် ကြီးလေးသော ကိစ္စရပ် တစ်ခုပင် ဖြစ်လေသည်။
နယူးယောက် ရဲတပ်ဖွဲ့မှာ လူအင်အား အလွန် ကြီးမားလှပြီး ရဲတပ်ဖွဲ့ဝင် အင်အား ၃ သောင်းကျော်ခန့် ရှိလေသည်။ ရန်ပုံငွေ အသုံးစရိတ် မှာလည်း အလွန် များပြားလှပြီး ရဲတပ်ဖွဲ့များ၏ ရန်ပုံငွေ ခွဲဝေမှုနှင့် သုံးစွဲမှု စာရင်းတွင် ဖက်ဒရယ် ပြည်ထောင်စု တစ်ခုလုံး၌ နံပါတ်တစ် နေရာတွင် ရပ်တည်နေလေသည်။
ထိုမျှမက ရဲတပ်ဖွဲ့ဝင်များသည် အက်ဖ်ဘီအိုင် ကဲ့သို့သော အဖွဲ့အစည်းများနှင့် ရင်ဆိုင်ရချိန်တိုင်း အလွန် စည်းလုံး ညီညွတ်တတ်ကြသဖြင့် ၁၀၀ ရာခိုင်နှုန်း သေချာသော တိုက်ရိုက် သက်သေ အထောက်အထားများ မရရှိဘဲ အက်ဖ်ဘီအိုင် အနေဖြင့် သူတို့ကို အလွယ်တကူ ထိပါး စွက်ဖက်မည် မဟုတ်ချေ။
"နယူးယောက် ရဲတပ်ဖွဲ့ ဆိုတာ က ရှုထောင့် တစ်ခု ကနေ ကြည့်ရင် ပါ..."
ဘေးနားရှိ ရိုအန်က ခေါင်းခါယမ်းလိုက်လေသည်။ နယူးယောက် ရဲတပ်ဖွဲ့ဝင်များသည် နောက်ဆုံး ဓားပြတိုက်မှု နှစ်ခုမှ ဓားပြများ ဖြစ်နိုင်ချေ အလွန် နည်းပါးကြောင်း ရိုအန် ကောင်းစွာ ယုံကြည်ထားလေသည်။
"နယူးယောက် ရဲတပ်ဖွဲ့ တွေ အပြင် အရှေ့ပိုင်း က အမှု လေးခု ဖြစ်ပွား တဲ့ အချိန် တုန်းက ဘဏ် ထဲမှာ ပိတ်လှောင် ခံထားရတဲ့ မျက်မြင် သက်သေ တွေ ဘဏ်ဝန်ထမ်း တွေ ဘဏ် လုံခြုံရေး ဝန်ထမ်း တွေ နဲ့ ဘဏ်မန်နေဂျာ တွေ အကုန်လုံး က လည်း ပြစ်မှု ကျူးလွန် နိုင်တဲ့ အခွင့်အရေး ရှိနေကြတာ ပဲ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ သြဂတ်စ်၏ မျက်မှောင်ကြုတ်ထားမှုမှာ အနည်းငယ် ပြေလျော့သွားလေသည်။ လေစီကလည်း ခေတ္တမျှ စဉ်းစားခန်း ဝင်ပြီးနောက် ခေါင်းညိတ်လိုက်လေသည်။
မိုနာက ရိုအန်ကို ခေါင်းစောင်းကြည့်လိုက်လေသည်။ ရိုအန်က ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် အမှုများ၏ ထွက်ဆိုချက်များကို ကောက်ယူကာ အကြမ်းဖျင်း လှန်လှောကြည့်ရှုလိုက်ပြီးနောက် ဆက်လက် စကားဆိုလေသည်။
"ဒါကြောင့် ငါတို့ ရဲ့ နောက်ထပ် တာဝန် က အဲ့ဒီ လူတွေ အားလုံး ကို သေသေချာချာ စစ်ဆေး ဖို့ ပဲ..."
"သူတို့ တွေ ရဲ့ မကြာသေးခင် အချိန် အတွင်း က စီးပွားရေး အခြေအနေ တွေမှာ ထူးခြား တဲ့ အပြောင်းအလဲ တွေ များ ရှိနေမလား ဆိုတာ ကို လေ့လာ ကြည့်ရမယ်..."
"အရှေ့ပိုင်း က အမှု လေးခု အတွက် ကတော့ ငါတို့ ဒီ အမှု နှစ်ခု ရဲ့ အခြေအနေ တွေကို ရှင်းရှင်းလင်းလင်း သိရတဲ့ အချိန် ကျမှ သာ ဆက်ပြီး စုံစမ်း စစ်ဆေး ကြတာပေါ့..."
"ကောင်းပါပြီ..."
ရိုအန်၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် သြဂတ်စ်၏ မျက်နှာမည်းမည်းကြီးထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာတော့သည်။ ဗိုက်ရွှဲရွှဲကြီးကို ပင့်ကာ ကုလားထိုင်ပေါ်မှ မတ်တပ်ရပ်လိုက်ပြီး အနောက်ဘက်တွင် ထိုင်နေသော နည်းပညာ ကျွမ်းကျင်သူများထံသို့ လက်ဝါးကြီးကို ဝှေ့ယမ်းကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ငါတို့ ဆက်ပြီး အခွန် ကောက်ခံရေး ဌာန ရဲ့ အလုပ် ကို ဝင်လုပ် ကြရတော့မယ်..."
"အရှေ့ပိုင်း က အမှု လေးခု ရဲ့ အခင်းဖြစ်ပွားရာ နေရာ မှာ ရှိနေခဲ့တဲ့ လူ တိုင်း ကို သေသေချာချာ စစ်ဆေး ကြစမ်း သူတို့ ရဲ့ မကြာသေးခင် အချိန် က စီးပွားရေး အခြေအနေ တွေကို မဖြစ်မနေ အသေအချာ စုံစမ်း ဖော်ထုတ် ရမယ်..."
တစ်ချိန်တည်းမှာပင် သြဂတ်စ်က နယူးယောက် ရဲတပ်ဖွဲ့ ဆိုသည့် သဲလွန်စကိုလည်း လွယ်လွယ်နှင့် လက်မလွှတ်ခဲ့ချေ။ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ အကြည့်များကို ဝီလျံထံသို့ လွှဲပြောင်းလိုက်လေသည်။
"မင်း အမှု မှတ်တမ်း တွေကို သွားပြီး စစ်ဆေး ကြည့်လိုက် အရှေ့ပိုင်း က ဓားပြတိုက်မှု လေးခု ရဲ့ ဖိုင်တွဲ တွေကို ဝင်ရောက် ကြည့်ရှု ခဲ့တဲ့ နယူးယောက် ရဲတပ်ဖွဲ့ဝင် တွေ ဘယ်သူ တွေ ရှိလဲ ဆိုတာ ကို ရှာဖွေ ပါ ပုံမှန် မဟုတ်တဲ့ ဝင်ရောက် ကြည့်ရှု မှု အကြိမ်အရေအတွက် တွေကို တွေ့ရင် ငါ့ဆီ ကို ချက်ချင်း သတင်းပို့ ပါ..."
"ကောင်းပါပြီ..."
ဝီလျံက လေးနက် တည်ကြည်သော မျက်နှာထားဖြင့် အားပါးတရ ခေါင်းညိတ်လိုက်ပြီးနောက် လှည့်ကာ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်း အတွင်းမှ ထွက်ခွာသွားလေသည်။
သြဂတ်စ်၏ ညွှန်ကြားချက်များ အဆုံးသတ်သွားသည်နှင့် တပြိုင်နက် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့ တစ်ခုလုံး အလုပ်ရှုပ်သွားကြလေတော့သည်။ ရိုအန် ကမူ...
ကော်ဖီ တစ်ငုံ သောက်လိုက်ပြီးနောက် လုံခြုံရေးကင်မရာ မှတ်တမ်းများကို ဆက်လက် ကြည့်ရှုနေလေသည်။
နှစ်နာရီကျော်ခန့် အကြာတွင် အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ နည်းပညာ ကျွမ်းကျင်သူ အချို့က သံသယရှိသူ စာရင်း တစ်ခုကို ပြုစုပြီးစီးသွားကြလေသည်။
ထိုစာရင်းထဲတွင် အရှေ့ပိုင်းမှ ဓားပြတိုက်မှု လေးခုတွင် ပါဝင်ခဲ့သော ဓားပြများနှင့် အရပ်အမောင်း ကိုယ်အလေးချိန် စသည့် အခြေခံ အချက်အလက်များ ဆင်တူသော လူများ အားလုံး ပါဝင်နေလေသည်။
ထိုမျှမက ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် အမှုများ ဖြစ်ပွားချိန်တွင် ထိုလူများ အားလုံးတွင် အခင်းဖြစ်ပွားရာ နေရာ၌ မရှိကြောင်း ခိုင်လုံသော သက်သေ အထောက်အထား လုံးဝ မရှိခဲ့ကြချေ။
သံသယရှိသူ စာရင်းထဲတွင် အရှေ့ပိုင်းမှ အမှု လေးခု၏ အခင်းဖြစ်ပွားရာ နေရာရှိ မျက်မြင်သက်သေများ ဘဏ်ဝန်ထမ်းများ၏ ဆွေမျိုးများ နှင့် ဘဏ် လုံခြုံရေး ဝန်ထမ်းများလည်း ပါဝင်နေလေသည်။
'ဟင်...'
စာရင်းထဲတွင် ပထမဆုံး ဓားပြတိုက်ခံခဲ့ရသော ဘဏ်မှ လုံခြုံရေး ဝန်ထမ်း ပါဝင်နေသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားလေသည်။
မှတ်တမ်းများအရ ဘဏ် လုံခြုံရေး ဝန်ထမ်း ဖရက်ဒီ သည် ငယ်စဉ်က စစ်တပ်ထဲတွင် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်လေသည်။ ဘဏ်မှ ရရှိသော လစာမှာ သာမန်မျှသာ ဖြစ်ပြီး သူ၏ လူနေမှု အဆင့်အတန်း မှာလည်း အမြဲတမ်း ပုံမှန် အခြေအနေတွင်သာ ရှိနေခဲ့လေသည်။
မကြာသေးမီက သူသည် ကားအသစ် လဲလှယ်ခြင်း သို့မဟုတ် အိမ်အသစ် ဝယ်ယူခြင်းများ မရှိခဲ့သော်လည်း အလုပ်ဆင်းချိန်များတွင် ကုန်ကျစရိတ် အလွန် မြင့်မားသော အချွတ်အပြဲ ကပြဖျော်ဖြေသည့် ဘား တစ်ခုသို့ စတင် သွားရောက်လာခဲ့လေသည်။
ထို့အပြင် ပဉ္စမမြောက်နှင့် ဆဋ္ဌမမြောက် ဓားပြတိုက်မှုများ ဖြစ်ပွားခဲ့သော နေ့များတွင် သူသည် ဘဏ်သို့ အလုပ်မဆင်းဘဲ ခွင့်ယူထားခဲ့လေသည်။
ဤအရာများမှာ ဖရက်ဒီ အနေဖြင့် ယခင်က တစ်ခါမှ မပြုလုပ်ဖူးသော ကိစ္စရပ်များပင် ဖြစ်လေသည်။
ဘေးနားရှိ လေစီက မှတ်တမ်းထဲရှိ အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားသော်လည်း ရိုအန်ကို ခေါင်းစောင်းကြည့်လိုက်လေသည်။
"ဒီ လုံခြုံရေး ဝန်ထမ်း ကို သွားပြီး စုံစမ်း ကြည့်ရမလား..."
"သေချာတာ ပေါ့..."
ရိုအန် ခေါင်းညိတ်လိုက်ပြီး စာရင်းကို သေချာစွာ သိမ်းဆည်းလိုက်လေသည်။ နေရာမှ မတ်တပ်ရပ်ကာ လေစီကို ခေါ်ဆောင်၍ လက်နက် တပ်ဆင်ရေး အခန်းဆီသို့ လျှောက်သွားလိုက်လေသည်။
"ဖရက်ဒီ တစ်ယောက် ငွေကြေး လိုအပ် နေလို့ ညဘက် တွေမှာ အချွတ်အပြဲ ဘား ကို သွားပြီး အချိန်ပိုင်း လုံခြုံရေး ဝင်လုပ် နေတာ လား ဒါမှမဟုတ် နယူးယောက် မြို့ ရဲ့ ညဘဝ ကို သက်သက် သွားရောက် ခံစား နေတာ လား ဆိုတာ ကို သွားပြီး အတည်ပြု ကြည့်ကြတာပေါ့..."
ပထမဆုံး ဓားပြတိုက်ခံခဲ့ရသော ဘဏ်။
အမည်းရောင် အက်စ်ယူဗီ ကားကြီးက ဖြည်းညင်းစွာ ရပ်တန့်သွားလေသည်။ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ရိုအန်နှင့် လေစီတို့ ကားပေါ်မှ ဆင်းလာကြပြီးနောက် တံခါးမကြီးကို တွန်းဖွင့်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။ ထိုအချိန်တွင် ဗိုက်ရွှဲရွှဲနှင့် အသက်အရွယ် ကြီးရင့်သော လူမည်း လုံခြုံရေး ဝန်ထမ်း တစ်ဦးက အလျင်အမြန် ခရီးဦးကြို ပြုလာလေသည်။
"မင်္ဂလာပါ စုံထောက် တို့..."
အသက်အရွယ် ကြီးရင့်သော လူမည်း လုံခြုံရေး ဝန်ထမ်းက ရိုအန်နှင့် လက်ဆွဲ နှုတ်ဆက်လိုက်ပြီး သူတို့ နှစ်ဦးကို ဧည့်ခန်းမရှိ ဧည့်သည် နားနေဆောင်သို့ လက်ယမ်းကာ ခေါ်ဆောင်သွားလေသည်။ ထို့နောက် ပြုံးလျက် မေးမြန်းလိုက်လေသည်။
"စုံထောက် တို့ ဘာများ အကူအညီ လိုအပ် လို့ပါလဲ ခင်ဗျာ..."
တစ်ဖက်လူနှင့် လက်ဆွဲ နှုတ်ဆက်ပြီးနောက် ရိုအန်က အပိုစကားများ မပြောတော့ဘဲ တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။
"ဖရက်ဒီ အခု ဘယ်မှာ ရှိနေလဲ ဆိုတာ ကို သိပါရစေ သူ ဒီနေ့ အလုပ် မဆင်း ဘူးလား..."
"သူ ကော်ဖီ သွားဝယ် နေပါတယ် အခုလောက် ဆို ပြန်ရောက် တော့မှာပါ..."
ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ သက်ကြီးရွယ်အို လူမည်း လုံခြုံရေး ဝန်ထမ်းက ပြုံးလိုက်ပြီး ဘဏ်၏ မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင်ကို လက်ညှိုးထိုးပြကာ ဖြေကြားလေသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအချိန်၌ ဘဏ် လုံခြုံရေး ဝတ်စုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်း လူဖြူ အမျိုးသား တစ်ဦးက ကော်ဖီ နှစ်ခွက်ကို ကိုင်ဆောင်ကာ ဘဏ်အတွင်းသို့ ဝင်ရောက်လာလေသည်။ သက်ကြီးရွယ်အို လူမည်းက ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ချက်ချင်း လက်ဝှေ့ယမ်းကာ လှမ်းခေါ်လိုက်လေသည်။
"ဖရက်ဒီ မင်း ကို လာရှာ တဲ့ လူတွေ ရှိတယ်..."
ရိုအန်နှင့် လေစီတို့က ထိုစကားကို ကြားလိုက်ရသောအခါ ဖရက်ဒီ ရှိရာသို့ အကြည့်များကို ချက်ချင်း လွှဲပြောင်းလိုက်ကြလေသည်။
ဖရက်ဒီက လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ရိုအန်နှင့် လေစီတို့ကို မြင်တွေ့လိုက်ရသောအခါ သူ၏ မျက်နှာပေါ်ရှိ အပြုံးများ ချက်ချင်း တောင့်တင်းသွားတော့သည်။ ထို့နောက် တုံ့ဆိုင်းနေခြင်း လုံးဝ မရှိတော့ဘဲ လက်ထဲရှိ ကော်ဖီများကို ဘေးသို့ လွှင့်ပစ်လိုက်ကာ လှည့်၍ အပြေးအလွှား ထွက်ပြေးတော့သည်။
"သောက်ကျိုးနည်း..."
တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ လှည့်၍ ထွက်ပြေးသွားသော ဖရက်ဒီ၏ ကျောပြင်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်နှင့် လေစီတို့ ပြိုင်တူ တီးတိုး ဆဲရေးတိုင်းထွာ လိုက်ကြပြီး နေရာမှ အလျင်အမြန် ထကာ နောက်သို့ လိုက်လံ ဖမ်းဆီးကြလေတော့သည်။
ဘဏ်၏ အပြင်ဘက်နှင့် မျက်နှာချင်းဆိုင်ရှိ ကော်ဖီဆိုင် ကြားတွင် အလွန် ကျယ်ဝန်းသော လမ်းမကြီး တစ်ခု ရှိလေသည်။ ရိုအန်နှင့် လေစီတို့ ဘဏ်အတွင်းမှ ပြေးထွက်လာချိန်တွင် ဖရက်ဒီမှာ ကားတိုက်ခံရမည့် အန္တရာယ်ကိုပင် ဂရုမစိုက်တော့ဘဲ လမ်းမကြီး၏ တစ်ဖက်ခြမ်းသို့ အရှိန်အဟုန်ဖြင့် ပြေးလွှား ရောက်ရှိနေပြီပင် ဖြစ်လေသည်။
"မင်း က ဘယ်ဘက် က သွား ငါ က ညာဘက် က နေ သွားမယ်..."
အရှိန်အဟုန်ဖြင့် ထွက်ပြေးနေသော ဖရက်ဒီ၏ ကျောပြင်ကို မြင်တွေ့လိုက်ရသောအခါ လေစီက တုံ့ဆိုင်းမနေတော့ဘဲ ရိုအန်ကို လှည့်၍ စကားတစ်ခွန်း ပြောလိုက်ပြီးနောက် အမြန် ပြေးလွှား လိုက်လံ ဖမ်းဆီးလေတော့သည်။
"ကောင်းပါပြီ..."
ရိုအန်က အပိုစကားများ မပြောတော့ဘဲ အခြား လမ်းကြောင်း တစ်ခုဆီသို့ ပြတ်ပြတ်သားသား ပြေးထွက်သွားလေတော့သည်။