အခန်း ၉၂
Vol. 10 Ch. 92
(အခန်း) ၉၂ သတင်းကောင်း နှင့် သတင်းဆိုး
မူလက ရိုအန် သည် ကားဖြင့်လိုက်ရန် ရည်ရွယ်ခဲ့လေသည်။ လူတစ်ယောက်၏ အပြေးအမြန်နှုန်းမှာ ကားတစ်စီးကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ်ချေ။ သို့သော် လမ်းမပေါ်ရှိ မီးပွိုင့်အနီကြောင့် ပိတ်ဆို့နေသော ကားတန်းကြီးကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က ထိုအကြံအစည်ကို စွန့်လွှတ်လိုက်လေသည်။
"အက်ဖ်ဘီအိုင်..."
ရိုအန် က လမ်းမပေါ်ရှိ လူများကို ဖယ်ရှားပေးရန် အသံကျယ်ကြီးဖြင့် အော်ဟစ်ရင်း အရှိန်အဟုန်ဖြင့် ပြေးလွှားနေလေသည်။
အက်ဖ်ဘီအိုင် ဆိုသော စကားလုံးကို ကြားလိုက်ရသောအခါ လမ်းသွားလမ်းလာများက မသိစိတ်၏ စေ့ဆော်မှုအရ ဘေးသို့ အလျင်အမြန် ကပ်ပေးလိုက်ကြသည်။ ထို့နောက် အသံထွက်ပေါ်လာရာ အရပ်သို့ လှည့်ကြည့်လိုက်ကြသောအခါ လူအားလုံး၏ မျက်နှာပေါ်တွင် အလွန်အံ့အားသင့်သွားသော အမူအရာများ ပြည့်နှက်သွားကြလေသည်။ အကြောင်းရင်းမှာ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသည့်တိုင်အောင် ဤမျှ လျင်မြန်စွာ ပြေးလွှားနိုင်သော အက်ဖ်ဘီအိုင် စုံထောက်ကို ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းကြောင့် ပင် ဖြစ်လေသည်။
လမ်းသွားလမ်းလာ အများစုမှာ အခြေအနေကို ပိုင်းခြားနိုင်ခြင်း မရှိသေးမီမှာပင် ရိုအန် က လေဆင်နှာမောင်း တစ်ခုကဲ့သို့ ဖြတ်သန်း တိုက်ခတ်သွားပြီး အမည်းရောင် ကျောပြင် တစ်ခုကိုသာ ချန်ရစ်ထားခဲ့လေသည်။ လူအများစုမှာ ရိုအန် ၏ မျက်နှာကိုပင် သေချာစွာ မမြင်လိုက်ရချေ။
ကျောဘက်မှ ထွက်ပေါ်လာပြီး နားထဲသို့ အဆက်မပြတ် ဝင်ရောက်လာသော ဘုရားရေ နှင့် သောက်ကျိုးနည်း ဟူသော အာမေဍိတ် အသံများကို ရိုအန် က လုံးဝ ဂရုမစိုက်တော့ချေ။ ရိုအန် က အရှေ့သို့ လျင်မြန်စွာ ပြေးလွှားနေရင်း စောစောက မြင်တွေ့လိုက်ရသော ဖရက်ဒီ ၏ ကျောပြင်ကို အခြေခံကာ ဖရက်ဒီ ၏ အပြေး အမြန်နှုန်းကို ခန့်မှန်း တွက်ချက်နေလေသည်။
နောက်တစ်စက္ကန့်တွင် ရိုအန် က လမ်းကြားကျဉ်းလေး တစ်ခု အတွင်းသို့ ပြတ်ပြတ်သားသား ကွေ့ဝင်သွားလေသည်။ ထိုလမ်းကြားထဲတွင် ချိန်းတွေ့နေသော စုံတွဲတစ်တွဲကို လန့်ဖြတ်သွားစေပြီးနောက် အလွန်အံ့အားသင့်နေသော ဖရက်ဒီ ၏ မျက်စိရှေ့သို့ ရိုအန် ၏ ပုံရိပ်က ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"သောက်ကျိုးနည်း..."
ရုတ်တရက် မျက်စိရှေ့သို့ ရောက်ရှိလာသော ရိုအန် ကို မြင်တွေ့လိုက်ရသောအခါ ဖရက်ဒီ တစ်ယောက် အလွန်အမင်း ထိတ်လန့်သွားပြီး ဆဲရေးတိုင်းထွာလိုက်လေသည်။ ထို့နောက် အလျင်အမြန် လှည့်ကာ လမ်းမကြီး၏ တစ်ဖက်ခြမ်းသို့ ပြေးရန် ပြင်ဆင်လိုက်တော့သည်။
ထိုအချိန်တွင် လမ်းမပေါ်၌ စကိတ်စီးနေသော ကလေးငယ် အချို့ ရှိနေလေသည်။ ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က သေနတ်ကို ထုတ်ယူမည့်အစား ကလေးငယ် တစ်ဦး၏ လက်ထဲမှ စကိတ်ဘုတ်ကို အလွယ်တကူ လှမ်းယူလိုက်ပြီး ဖရက်ဒီ ရှိရာသို့ အားကုန် ပစ်ပေါက်လိုက်လေသည်။
စကိတ်ဘုတ် က လေထဲတွင် လှပသော မျဉ်းကွေးကြောင်း တစ်ခုကို ရေးဆွဲသွားပြီး ဖရက်ဒီ ၏ နောက်စေ့ တည့်တည့်သို့ အတိအကျ ဝင်ရောက် မှန်ကန်သွားတော့သည်။
“ခွပ်..”
"အား..."
လေးလံသော စကိတ်ဘုတ် နှင့် အထုခံလိုက်ရသဖြင့် ဖရက်ဒီ မှာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပြီး ခြေလှမ်းများ ယိုင်နဲ့သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားတော့သည်။
"အရမ်း မိုက်တယ် ရိုအန်..."
ထိုအချိန်တွင် လေစီ လည်း အခင်းဖြစ်ပွားရာ နေရာသို့ အပြေးအလွှား ရောက်ရှိလာခဲ့ပြီ ပင် ဖြစ်လေသည်။ ရိုအန် ကို အသံကျယ်ကြီးဖြင့် ချီးကျူးလိုက်ရင်း ဖရက်ဒီ ၏ လက်နှစ်ဖက်ကို ဖမ်းဆွဲလိုက်လေသည်။ ဖရက်ဒီ ၏ ကျောပြင်ကို ဒူးဖြင့် ဖိထားလိုက်ပြီး လက်ထိတ်ကို ထုတ်ယူကာ လျင်မြန်စွာ ခတ်လိုက်တော့သည်။
"ဦးလေး..."
စကိတ်ဘုတ် က ဖရက်ဒီ ကို ဤမျှ တိကျစွာ မှန်ကန်ပြီး လဲကျသွားစေသည်ကို မြင်တွေ့လိုက်ရသောအခါ ကလေးငယ် က ရိုအန် ကို အလွန်အံ့အားသင့်သော မျက်နှာထားဖြင့် မော့ကြည့်လာလေသည်။
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က လက်လှမ်းကာ ကလေးငယ် ၏ ခေါင်းကို ပွတ်သပ်လိုက်ပြီး အံသွားများ ပေါ်လာသည်အထိ ပြုံးပြလိုက်လေသည်။
"မင်း ရဲ့ စကိတ်ဘုတ် အတွက် ကျေးဇူးတင်ပါတယ်..."
"မဟုတ်ပါဘူး စုံထောက်ကြီး ကျွန်တော် က သာ ကျေးဇူးတင် ရမှာပါ..."
ကလေးငယ် ၏ မျက်နှာပေါ်တွင် အလွန် ဝမ်းသာပျော်ရွှင်နေသော အပြုံးများ ပေါ်ထွက်လာပြီး ရိုအန် ၏ လက်မောင်းကို အားပါးတရ ပုတ်လိုက်ကာ ဝမ်းသာအားရ စကားဆိုလေသည်။
"အခုတော့ အဖေ ကို စကိတ်ဘုတ် အသစ် တစ်ခု ဝယ်ခိုင်း ဖို့ ခိုင်လုံ တဲ့ အကြောင်းပြချက် ရသွားပြီ..."
“.....”
ကလေးငယ် ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် တစ်ယောက် ပြောစရာ စကားပင် ဆွံ့အသွားရလေသည်။
အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်း။
လေစီ နှင့်အတူ စစ်ကြောရေး အခန်း အတွင်းသို့ ဝင်ရောက်လာပြီးနောက် ကုလားထိုင်ပေါ်တွင် လက်ထိတ်ခတ်ခံထားရသော ဖရက်ဒီ ကို ရိုအန် ကြည့်လိုက်လေသည်။ စစ်ကြောရေး အခန်း အတွင်းသို့ ရောက်ရှိလာချိန်မှစ၍ ဖရက်ဒီ မှာ စကားတစ်ခွန်းမျှ မဟဘဲ နှုတ်ဆိတ်နေခဲ့လေသည်။ ရိုအန် က ပြုံးရွှင်သော မျက်နှာထားဖြင့် ဖရက်ဒီ ကို ကော်ဖီ တစ်ခွက် ကမ်းပေးလိုက်ပြီး မေးမြန်းလိုက်လေသည်။
"ဘယ်လိုလဲ ဖရက်ဒီ ခေါင်း နာနေတုန်း ပဲလား..."
နောက်စေ့မှ မခံမရပ်နိုင်အောင် နာကျင်နေသော ဖရက်ဒီ က ရိုအန် ကို မျက်စောင်းတစ်ချက် ပြင်းပြင်းထိုးလိုက်ပြီး စကားပြန်မပြောဘဲ ကော်ဖီခွက်ကို ယူကာ တစ်ငုံ သောက်လိုက်လေသည်။ ထို့နောက် ဖော်ပြ၍ မရနိုင်လောက်အောင် ခါးသက်လှသော အရသာက ပါးစပ် အတွင်း၌ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
"တော်တော် ခါးတယ် မဟုတ်လား..."
ဖရက်ဒီ ၏ ရှုံ့မဲ့သွားသော မျက်နှာ အမူအရာကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က လက်ထဲရှိ ဖိုင်တွဲကို ဖွင့်လိုက်ပြီး ပြုံးလျက် စကားဆိုလေသည်။
"မင်း ကို ပိုပြီး ခါးသီး စေမယ့် သတင်းဆိုး တစ်ခု ပြောပြ ရဦးမယ် စောစောက မင်း ကို ပစ်ပေါက် လိုက်တဲ့ စကိတ်ဘုတ် က ကျိုးပဲ့ ပျက်စီး သွားပြီ အဲ့ဒါကြောင့် အဲ့ဒီ ကလေးငယ် ကို စကိတ်ဘုတ် အသစ် တစ်ခု ပြန်ဝယ် ပေးဖို့ မင်း မှာ တာဝန် ရှိတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ဖရက်ဒီ ၏ မျက်နှာကြွက်သားများ တဆတ်ဆတ် တုန်ခါသွားပြီး ဒေါသကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့လုနီးပါး ဖြစ်သွားရလေသည်။ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးမှသာ ရင်ထဲမှ ပေါက်ကွဲချင်နေသော ဒေါသကို ဖိနှိပ်ထားနိုင်ခဲ့လေသည်။
ရိုအန် က ဖရက်ဒီ ၏ အတွေးကို ခန့်မှန်းမိသွားပြီး လက်နှစ်ဖက်ကို ဖြန့်ကားကာ ဆက်လက် ပြုံးလျက် စကားဆိုလေသည်။
"အဲ့ဒီ ကလေးငယ် က တော်တော် လိမ္မာ ပါတယ် အရမ်း ဈေးကြီး တဲ့ စကိတ်ဘုတ် တွေကို မရွေးချယ် ဘဲ ဒေါ်လာ ၂၀၀၀၀ တန် တဲ့ စကိတ်ဘုတ် တစ်ခု ကိုပဲ ရွေးချယ် ခဲ့တယ် အဲ့ဒီ ပိုက်ဆံ တွေကို မင်း ရဲ့ ငွေစာရင်း ထဲက နေ ဖြတ်တောက် သွားလိမ့်မယ်..."
"မင်း ကို သောက်ကျိုးနည်း ပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဖရက်ဒီ ၏ နှုတ်ခမ်းများ တုန်ယင်သွားပြီး ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ဘဲ ကျယ်လောင်စွာ ဆဲရေးတိုင်းထွာ လိုက်လေသည်။
"ဘယ်လို စကိတ်ဘုတ် မျိုး က ဒေါ်လာ ၂၀၀၀၀ တောင် တန်ရတာလဲ ပြီးတော့ အဲ့ဒီ စကိတ်ဘုတ် ကို ဖျက်ဆီး လိုက်တာ က မင်း လေ ငါ က နစ်နာ သူ ပါကွ..."
"ဒေါ်လာ ၂၀၀၀၀ တည်း ပါ ဘယ်လို ပဲ ဖြစ်ဖြစ် မင်း ပေးနိုင် တာပဲ လေ..."
ရိုအန် က ပြုံးလျက် ခေါင်းခါယမ်းလိုက်လေသည်။ ဘေးနားရှိ လေစီ က ဖိုင်တွဲထဲမှ ဓာတ်ပုံ အချို့ကို ထုတ်ယူကာ ဖရက်ဒီ ၏ မျက်စိရှေ့သို့ ပစ်ချလိုက်ပြီး လေးနက် တည်ကြည်သော မျက်နှာထားဖြင့် မေးမြန်းလိုက်လေသည်။
"ဒီ ပိုက်ဆံ တွေ က ဘယ်လို ဖြစ်ရတာလဲ..."
ဓာတ်ပုံများ ထဲတွင် လေစီ က ဖရက်ဒီ ကို ဖမ်းဆီးပြီးနောက် ဖရက်ဒီ ၏ အိမ်သို့ သွားရောက် ရှာဖွေစဉ် ဧည့်ခန်းရှိ စားပွဲအောက် ကြမ်းပြင် အောက်မှ ရှာဖွေ တွေ့ရှိခဲ့သော ဒေါ်လာ ၁၀၀၀၀၀ ပင် ဖြစ်လေသည်။ ထို ငွေကြေးများမှာ ဖရက်ဒီ ၏ မည်သည့် ဘဏ်အကောင့် တွင်မှ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ဤမျှ လျှို့ဝှက်စွာ ဖုံးကွယ်ထားသဖြင့် တရားမဝင် ရရှိလာသော ငွေကြေးများ ဖြစ်ကြောင်း အလွန် ထင်ရှားလှလေသည်။
စားပွဲပေါ်ရှိ ဓာတ်ပုံများကို မြင်တွေ့လိုက်ရသောအခါ ဖရက်ဒီ ၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားလေသည်။ ကုလားထိုင် နောက်မှီကို ပြန်လည် မှီချလိုက်ပြီး မျက်နှာထား တင်းမာသွားကာ စကားတစ်ခွန်းမျှ မဟတော့ချေ။
"မပြောဘူး ဆိုတဲ့ သဘော လား..."
ဖရက်ဒီ ၏ အမူအရာကို မြင်တွေ့လိုက်ရသောအခါ လေစီ ၏ မျက်နှာထား ပိုမို လေးနက် တင်းမာလာလေသည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ အခြေအနေမှာ ဤမျှလောက်အထိ ဆိုးရွားခြင်း မရှိသေးသဖြင့် ရိုအန် က လက်ယမ်းပြကာ လေစီ ၏ ဒေါသကို အလျင်အမြန် တားဆီးလိုက်လေသည်။
လေစီ က ရိုအန် ကို ခေါင်းစောင်း ကြည့်လိုက်လေသည်။ လေစီ ၏ မျက်လုံးများ အတွင်း၌ မေးခွန်းထုတ်လိုသော အရိပ်အယောင်များ ပေါ်ထွက်နေလေသည်။
'နင် ဘယ်လို ဆက်လုပ် မှာလဲ...'
ရိုအန် ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။ ဖရက်ဒီ ၏ မျက်စိရှေ့ရှိ ဓာတ်ပုံများကို ပြန်လည် သိမ်းဆည်းလိုက်ပြီး အသာအယာ ချောင်းဟန့်လိုက်လေသည်။ ထို့နောက် ဖရက်ဒီ ၏ မျက်နှာကို စူးစိုက် ကြည့်နေသော်လည်း ပါးစပ်မှမူ လေစီ ကို ရည်ရွယ်၍ စကားဆိုလိုက်လေသည်။
"ဒီ ပိုက်ဆံ တွေ က တရားဝင် လမ်းကြောင်း ကနေ ရလာတာ မဟုတ်ဘူး ဆိုတာ တော့ သေချာတယ် ဒါဆိုရင် မစ္စတာ ဖရက်ဒီ အနေနဲ့ ဒေါ်လာ ၁၀၀၀၀၀ တောင် ရနိုင်မယ့် တရားမဝင် လမ်းကြောင်း တွေ က ဘာတွေ များ ဖြစ်နိုင် မလဲ..."
လေစီ က ခေါင်းစောင်းသွားပြီး နားမလည်နိုင်သဖြင့် ပြန်လည် ဖြေကြားခြင်း မရှိခဲ့ချေ။ ဖရက်ဒီ ၏ မျက်နှာပေါ်တွင်လည်း အထင်အမြင် သေးသော အမူအရာများ ပေါ်ထွက်နေလေသည်။ ရိုအန် က ခပ်ဟဟ ရယ်မောလိုက်ပြီး ဆက်လက် စကားဆိုလေသည်။
"မူးယစ်ဆေး ရောင်းတာ ပြန်ပေးဆွဲ တာ လုပ်ကြံ သတ်ဖြတ် တာ ဘဏ် ဓားပြတိုက် တာ သတင်း အချက်အလက် တွေ ခိုးရောင်း တာ ဒါတွေ ပဲ ရှိမှာပေါ့..."
အရှေ့ပိုင်းမှ စကားလုံးများက ဖရက်ဒီ ၏ မျက်နှာပေါ်တွင် မည်သည့် အပြောင်းအလဲ ကိုမျှ မဖြစ်ပေါ်စေခဲ့ချေ။ အထူးသဖြင့် ဘဏ် ဓားပြတိုက်ခြင်း ဆိုသော စကားလုံးတွင် ပို၍ သိသာ ထင်ရှားနေသဖြင့် ရိုအန် ၏ မျက်မှောင်များ ချက်ချင်း ကြုတ်သွားလေသည်။ သို့သော် ဖရက်ဒီ ၏ မျက်နှာကို ဆက်လက် စူးစိုက် ကြည့်ရှုနေရင်း အေးဆေး တည်ငြိမ်စွာဖြင့် ဆက်လက် စကားဆိုလေသည်။
"လူမိုက် ဂိုဏ်း လိမ်လည် တာ လောင်းကစားရုံ လူကုန်ကူး တာ ဗုံး လူသတ် တာ..."
အရှေ့ပိုင်းမှ စကားလုံးများတွင် ဖရက်ဒီ ထံမှ မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့သော်လည်း ရိုအန် က ဗုံး ဆိုသည့် စကားလုံးကို ပြောလိုက်ချိန်တွင် ဖရက်ဒီ ၏ မျက်လုံးများက မသိမသာ ညာဘက်သို့ တစ်ချက် လှုပ်ရှားသွားလေသည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ မျက်နှာပေါ်တွင် အပြုံး တစ်ခု ပေါ်ထွက်လာတော့သည်။
"သြော် ဗုံး တွေ နဲ့ ပတ်သက် ဆက်နွှယ် နေတာ ကိုး..."
ထိုစကားကို ကြားလိုက်ရသောအခါ ဖရက်ဒီ မှာ မျက်နှာသေဖြင့် ဆက်လက် နေထိုင်နေသော်လည်း ပုံမှန်မဟုတ်သော အသက်ရှူနှုန်းများ နှင့် ကိုယ်ဟန် အနေအထားကို ပြောင်းလဲချင်သော်လည်း အတင်းအကျပ် အောင့်အည်း သည်းခံနေသည့် တုံ့ဆိုင်းမှုများက ရိုအန် ၏ မျက်နှာပေါ်ရှိ အပြုံးကို ပိုမို တောက်ပ လာစေလေသည်။
စောစောက ဓာတ်ပုံထဲရှိ ငွေကြေးများကို လေစီ ကိုယ်တိုင် ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး မှုခင်း သဲလွန်စ စစ်ဆေးရေး ဌာန က ဖရက်ဒီ ၏ အိမ်ကို သွားရောက် ရှာဖွေထားခြင်း မရှိသေးချေ။ ထို့ကြောင့် ရိုအန် က ဖိုင်တွဲကို ပြန်လည် သိမ်းဆည်းလိုက်ပြီး နေရာမှ မတ်တပ်ရပ်ကာ ဖရက်ဒီ ကို ကြည့်၍ အေးဆေး တည်ငြိမ်စွာဖြင့် စကားဆိုလေသည်။
"အိုကေ စစ်ကြောရေး ပြီးဆုံး ပါပြီ မှုခင်း သဲလွန်စ စစ်ဆေးရေး ဌာန ကို ဆက်သွယ် ပြီး ဖရက်ဒီ ရဲ့ အိမ် ကို အခု ချက်ချင်း သွားရောက် ရှာဖွေ ခိုင်းလိုက်ပါ အဲ့ဒီ မှာ ဗုံး ဒါမှမဟုတ် ဗုံး လုပ်တဲ့ ကုန်ကြမ်း ပစ္စည်း တွေ နဲ့ ပတ်သက် တဲ့ သဲလွန်စ လေး တစ်ခု တွေ့တာ နဲ့..."
ထိုနေရာသို့ ရောက်သောအခါ ရိုအန် က စားပွဲကို အားပါးတရ ရိုက်ချလိုက်လေသည်။
“ဘုန်း..”
ထွက်ပေါ်လာသော အသံကျယ်ကြီးက လေစီ ကို လန့်ဖြတ်သွားစေရုံသာမက ခေါင်းငုံ့ကာ တုံ့ဆိုင်းနေသော ဖရက်ဒီ ကိုလည်း တစ်ကိုယ်လုံး တုန်ယင်သွားစေပြီး မသိစိတ်၏ စေ့ဆော်မှုအရ ရိုအန် ကို ခေါင်းမော့ ကြည့်လိုက်မိလေသည်။
ယခုအခါ ရိုအန် ၏ မျက်နှာပေါ်တွင် မည်သည့် အပြုံးမျှ မရှိတော့ဘဲ မျက်လုံးများ အတွင်း၌ အေးစက်သော အလင်းတန်းများ ဖြာထွက်နေလေသည်။ အသံမှာလည်း အလွန် အေးစက် ပြတ်သားနေလေသည်။
"တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ် တစ်လျှောက်လုံး မှာ မစ္စတာ ဖရက်ဒီ ဟာ အက်ဖ်ဘီအိုင် ရဲ့ ဖမ်းဆီး မှုကို ပြင်းပြင်းထန်ထန် ခုခံ ခဲ့တဲ့ အပြင် စစ်ကြောရေး လုပ်တဲ့ အချိန် မှာလည်း အက်ဖ်ဘီအိုင် ရဲ့ မေးခွန်း တွေကို ပြန်လည် ဖြေကြား ဖို့ ငြင်းဆန် ခဲ့ပြီး ခေါင်းမာ တဲ့ သဘောထား တွေကို ဆက်တိုက် ပြသ ခဲ့တယ် ဒီ ကိစ္စ တွေ အားလုံး ကို တရားသူကြီး ဆီ ငါ အကုန်လုံး အတိအကျ သတင်းပို့ သွားမယ် ဘာမှ အမှားအယွင်း မရှိဘူး ဆိုရင် မင်း ရဲ့ လက်ကျန် ဘဝ တစ်လျှောက်လုံး ကို ဖက်ဒရယ် ပြည်ထောင်စု ရဲ့ အလုံခြုံဆုံး လို့ နာမည်ကြီး တဲ့ အကျဉ်းထောင် ထဲမှာ ပဲ ကုန်ဆုံး သွားရလိမ့်မယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ ဖရက်ဒီ ၏ မျက်နှာ အမူအရာ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ရိုအန် နှင့် လေစီ တို့ စစ်ကြောရေး အခန်း အတွင်းမှ ထွက်ခွာသွားရန် ပြင်ဆင်ပြီး တံခါးကို ပိတ်လုနီးပါး အချိန်တွင် ဖရက်ဒီ တစ်ယောက် ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ဘဲ အလောတကြီး အော်ဟစ်လိုက်တော့သည်။
"မင်းတို့ ရဲ့ မေးခွန်း တွေကို ငါ ဖြေပါ့မယ်..."
လေစီ ၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး စစ်ကြောရေး အခန်း အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် ရိုအန် က စစ်ကြောရေး အခန်း၏ တံခါးကို ဆွဲကိုင်လိုက်ပြီး ဖရက်ဒီ ကို လုံးဝ ဂရုမစိုက်တော့ဘဲ တံခါးကို အားပါးတရ ပိတ်ချလိုက်တော့သည်။
“ဒုန်း..”
စစ်ကြောရေး အခန်း အတွင်းမှ သဲ့သဲ့မျှ ထွက်ပေါ်လာသော အော်ဟစ်သံများကို ကြားလိုက်ရသောအခါ အခြေအနေကို ကောင်းစွာ သဘောပေါက်သွားသော လေစီ က ပြုံးလျက် ရိုအန် ၏ လက်မောင်းကို ပုတ်လိုက်လေသည်။
"ရိုအန် နင့် ရဲ့ ဒီ လှည့်ကွက် ကြီး က တော်တော်လေး ကို ရိုးအီ နေပြီ နော်..."
"ရိုးအီ နေတာ တွေ ဘာတွေ အရေးမကြီး ပါဘူး အသုံးဝင် ရင် ပြီးတာ ပဲ လေ..."
ရိုအန် က ပခုံးတွန့်လိုက်လေသည်။ ဖရက်ဒီ အနေဖြင့် ဖမ်းဆီး မခံရမီ ကတည်းက အကျဉ်းထောင် အတွင်း၌ တစ်သက်လုံး နေထိုင်သွားရန် ပြင်ဆင်ထားခြင်း မရှိခဲ့ပါက မိမိ၏ ကံကြမ္မာကို အသုံးချပြီး ရိုအန် ပြောသော စကားများ မှန်မမှန် လောင်းကြေးထပ်ဝံ့မည် မဟုတ်ကြောင်း ရိုအန် ကောင်းစွာ သိရှိထားလေသည်။ အလွန် သိသာထင်ရှားသော အချက်မှာ ဒေါ်လာ ၁၀၀၀၀၀ ဆိုသည့် ပမာဏလေး က ဖရက်ဒီ ၏ လက်ကျန် ဘဝ တစ်လျှောက်လုံး နှင့် ရိုအန် ကို လောင်းကြေးထပ်ရန် မလုံလောက်ခြင်း ပင် ဖြစ်လေသည်။
တစ်နာရီကျော်ခန့် အကြာတွင် လေစီ နှင့် မိုနာ တို့ စစ်ကြောရေး အခန်း အတွင်းမှ ထွက်လာခဲ့ကြလေသည်။ လေစီ က ဖိုင်တွဲ တစ်ခုကို ရိုအန် ထံသို့ ပစ်ပေးလိုက်ပြီး ခန္ဓာကိုယ်ကို အကြောဆန့်ကာ အေးဆေး တည်ငြိမ်စွာဖြင့် စကားဆိုလေသည်။
"ဖရက်ဒီ က ပဉ္စမမြောက် နဲ့ ဆဋ္ဌမမြောက် ဘဏ် ဓားပြတိုက်မှု တွေမှာ ပါဝင် ခဲ့တဲ့ ဓားပြ မဟုတ်ဘူး အဲ့ဒီ အမှု နှစ်ခု ဖြစ်ပွား တဲ့ အချိန် တုန်းက သူ က လူတစ်စု နဲ့ အတူ ဗုံး လုပ်ဖို့ ကိစ္စ တွေကို ဆွေးနွေး နေတာ လို့ ထွက်ဆို တယ် ပြစ်မှု ကျူးလွန် ဖို့ အချိန် လုံးဝ မရှိခဲ့ဘူး တဲ့ သေချာတာ ပေါ့ သူ ပြောတဲ့ စကား တွေ အမှန် ဖြစ်ကြောင်း သက်သေပြ ဖို့ အတွက် ဗုံး လုပ်ချင် နေတဲ့ အဲ့ဒီ လူစု ကို ဖမ်းဆီး ဖို့ အတွက် ဖရက်ဒီ က ငါတို့ ကို ကူညီ ပေးဖို့ ဆန္ဒ ရှိနေတယ်..."
"အိုကေ..."
ရိုအန် ခေါင်းညိတ်လိုက်ပြီး ဖရက်ဒီ ပြောပြသော ဗုံးပြုလုပ်မည့် သူများ၏ အချက်အလက်များကို ကွန်ပျူတာ အတွင်းသို့ ထည့်သွင်း ရှာဖွေလိုက်ရာ အလိုရှိနေသော ရာဇဝတ်ကောင် တစ်ဦး၏ ဓာတ်ပုံ က မျက်စိရှေ့တွင် ရုတ်တရက် ပေါ်ထွက်လာတော့သည်။
အလိုရှိ ရာဇဝတ်ကောင် ၏ ဓာတ်ပုံ အောက်ရှိ ဂဏန်းများကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာပြီး ဘေးနားရှိ စုံထောက်များကို အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"အားလုံး ပဲ နားထောင် ကြ သတင်းဆိုး ကတော့ ဖရက်ဒီ ဟာ ဘဏ် ဓားပြ မဟုတ်ဘူး ဆိုတာ ပဲ သတင်းကောင်း ကတော့ ဒီ တစ်ပတ် ထဲမှာ ငါတို့ အဖွဲ့ အပို ဆုကြေးငွေ အများကြီး ထပ်ရ တော့မယ် ဆိုတာ ပဲ..."
ရိုအန် ၏ နောက်ဆက်တွဲ စကားများကို ကြားလိုက်ရသောအခါ အမှတ် ၅ စုံစမ်းစစ်ဆေးရေး အဖွဲ့မှ စုံထောက်များ အားလုံး ပါးစပ်ကြီး ဖြဲကာ ရယ်မောလိုက်ကြလေသည်။ ရိုအန် က စကားများ ဆက်လက် ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် မိုနာ က ရိုအန် ၏ လက်မောင်းကို ရုတ်တရက် ဆွဲလိုက်ပြီး နားနား ကပ်ကာ လေသံတိုးတိုးဖြင့် စကားဆိုလေသည်။
"ရိုအန် သတင်း အသစ် တစ်ခု ထပ်ရ ထားတယ်…”