အခန်း ၉၅
Vol. 10 Ch. 95
(အခန်း) ၉၅ သံသယရှိသူများကို ဖမ်းဆီးခြင်း
ရိုအန် ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ၏ ဘေးသို့ အလျင်အမြန် ကပ်သွားလိုက်လေသည်။
မိုနာ၏ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် တတိယမြောက် ဘဏ်ဓားပြတိုက်မှုတွင် ပါဝင်ခဲ့သော ဘဏ်၏ ဖောက်သည်ဆက်ဆံရေး မန်နေဂျာ တစ်ဦးဖြစ်သူ နာမစ်တ် ဆိုသူ၏ ကိုယ်ရေးအချက်အလက်များကို မြင်တွေ့လိုက်ရလေသည်။
ဖောက်သည်ဆက်ဆံရေး မန်နေဂျာ ဆိုသည်မှာ ဖောက်သည်များအား ငွေစုရန် ငွေချေးရန်နှင့် အခြားသော ဘဏ်ဝန်ဆောင်မှုများကို မိတ်ဆက်ပေးရသော အရောင်းကိုယ်စားလှယ် တစ်မျိုးပင် ဖြစ်လေသည်။
တတိယမြောက် ဓားပြတိုက်မှု ဖြစ်ပွားချိန်တွင် ထို နာမစ်တ် မှာ ဘဏ်ဧည့်ခန်းမ ဘေးဘက်ရှိ ရုံးခန်းထဲတွင် သက်ကြီးရွယ်အို တစ်ဦးအား ငွေကြေးဆိုင်ရာ ထုတ်ကုန် တစ်ခုကို မိတ်ဆက်ပေးနေခဲ့ခြင်း ဖြစ်လေသည်။
နာမစ်တ်၏ အချက်အလက်များကို အကြမ်းဖျင်း ကြည့်ရှုပြီးနောက် ရိုအန် ခေါင်းစောင်းကာ မေးမြန်းလိုက်လေသည်။
"ဒီလူ က ဘာပြဿနာ များ ရှိနေလို့လဲ..."
"ဒီ နာမစ်တ် ရဲ့ ဇနီး မှာ မောင် တစ်ယောက် ရှိတယ်..."
မိုနာ၏ လက်ချောင်း ဆယ်ချောင်းက ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ လှုပ်ရှားသွားပြီး နာမစ်တ် အမည်ရ ဖောက်သည်ဆက်ဆံရေး မန်နေဂျာ၏ လူမှုဆက်ဆံရေး ကွန်ရက်ကို အလျင်အမြန် ထုတ်ဖော်ပြသလိုက်လေသည်။
ထိုအထဲမှ နာမစ်တ် ဇနီး၏ မောင်ဖြစ်သူ၏ အချက်အလက်များက သူတို့ နှစ်ဦး၏ မျက်စိရှေ့သို့ ရောက်ရှိလာလေသည်။ မိုနာ က ထိုလူ၏ ကိုယ်ရေးအချက်အလက်များကို လက်ညှိုးထိုးပြကာ ရှင်းပြလေသည်။
"နာမစ်တ် ဇနီး ရဲ့ မောင် နာမည် က ဘရန်ဒန် တဲ့... တက္ကသိုလ် တက်တုန်း က ဂီတ နဲ့ သရုပ်ဆောင် ပညာ ကို သင်ယူ ခဲ့တယ်..."
"ဒါပေမဲ့ နောက်ပိုင်း မှာ အဲ့ဒီ ကောင် က ကျောင်း ထဲမှာ မူးယစ်ဆေး တွေ ခိုးရောင်း လို့ ကျောင်း ကနေ သတိပေး ခံရတယ်... အဲ့ဒီ နောက်ပိုင်း မှာလည်း ရန်ဖြစ် တာ တွေ ကျောင်း ထဲမှာ တခြား ကျောင်းသား တွေကို သေနတ် နဲ့ ပစ်ခတ် တာ တွေ လုပ်လို့ ကျောင်းမပြီး ခင်လေး တင် ကျောင်းထုတ် ခံလိုက်ရတယ်..."
ကွန်ပျူတာထဲရှိ အချက်အလက်များကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။
ဤကောင်မှာ ခေတ်ကာလကို မှားယွင်းစွာ မွေးဖွားလာခဲ့သူ ဖြစ်ကြောင်း အလွန် ထင်ရှားလှလေသည်။ အကယ်၍ ထိုလူသာ နောက်ထပ် ဆယ်နှစ်ကျော်ခန့် အကြာတွင် မွေးဖွားလာခဲ့ပါက တက္ကသိုလ် အတွင်း၌ မူးယစ်ဆေးဝါး ရောင်းချခြင်းမှာ မည်သည့် ပြဿနာမျှ ဖြစ်လာမည် မဟုတ်ချေ။
ကျောင်းအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်ခြင်း ကိစ္စအတွက် ဆိုလျှင်လည်း အခင်းဖြစ်ပွားပြီးနောက် ဘရန်ဒန် အနေဖြင့် သီးခြား အချိန်ကာလများတွင်သာ ဖောက်ပြန်တတ်သော ရောဂါ တစ်မျိုး ရှိနေကြောင်းနှင့် မိမိကိုယ်ကို လိင်စိတ်ခံယူမှု ကွဲပြားသူ (LGBT) တစ်ဦး ဖြစ်ကြောင်း အကြောင်းပြချက် ပေးလိုက်မည် ဆိုပါက အထူး ကျွမ်းကျင်သူ အချို့ကို ငှားရမ်း ဖြေရှင်းလိုက်ရုံဖြင့် ဘရန်ဒန် အနေဖြင့် ကျောင်းထုတ်ခံရမည် မဟုတ်သည့်အပြင် ပညာသင်ဆုပင် ရရှိသွားနိုင်သေးလေသည်။
"ဒီ ကောင် က စောစောက နင် ပြောခဲ့တဲ့ သရုပ်ဆောင် အတွေ့အကြုံ ရှိဖူး တဲ့ သူ ပဲ... အဲ့ဒါကြောင့် ငါ သူ့ရဲ့ လူမှု ဆက်ဆံရေး ကို ဆက်ပြီး စုံစမ်း ကြည့်လိုက်တယ်..."
မိုနာ က ဆက်လက် ရှင်းပြလေသည်။
"ပဉ္စမမြောက် အမှု နဲ့ ဆဋ္ဌမမြောက် အမှု တွေ ဖြစ်ပွား တဲ့ အချိန် တုန်းက နာမစ်တ် က ဘဏ် မှာ အလုပ်ဆင်း နေတယ်... ပြစ်မှု ကျူးလွန် ဖို့ အချိန် လုံးဝ မရှိဘူး... အဲ့ဒါကြောင့် သူ က ဓားပြ တွေ ထဲက တစ်ယောက် လုံးဝ မဖြစ်နိုင် ဘူး... အဲ့ဒါနဲ့ ငါ က ဘရန်ဒန် ရဲ့ ပတ်ဝန်းကျင် က ဆွေမျိုး တွေ သူငယ်ချင်း တွေကို စတင် စစ်ဆေး ကြည့်လိုက်တယ်... အဲ့ဒီ မှာ ဒီလာနို ဆိုတဲ့ ကောင် က ဘရန်ဒန် နဲ့ ငယ်ငယ်လေး ကတည်းက အတူတူ ကြီးပြင်း လာတဲ့ သူ ဆိုတာ ကို သွားတွေ့တယ်..."
"ဒါပေမဲ့ ဒီလာနို က တက္ကသိုလ် မတက် ခဲ့ဘူး... အထက်တန်း ကျောင်း ပြီးတာ နဲ့ စစ်တပ် ထဲ ဝင်သွား ခဲ့တယ်... နောက်ပိုင်း မှာ ဘာ အကြောင်းရင်း ကြောင့် မှန်း မသိဘဲ စစ်တပ် ကနေ ထွက်ပြီး အိမ်ပြန် လာခဲ့တယ်... အိမ်ပြန် ရောက်ပြီးတဲ့ နောက်ပိုင်း မှာ ဒီလာနို ဟာ အရက်မူး ပြီး လူရိုက် မှု ၆ ကြိမ် နဲ့ အရက်မူး ပြီး ကားမောင်း မှု ၂ ကြိမ် ကြောင့် ထောင်ကျ ခဲ့ဖူးတယ်... လွန်ခဲ့တဲ့ အချိန်ကာလ လေး တုန်းက မှ ထောင် ကနေ လွတ်လာ တာ..."
ထို အချက်အလက်များကို ကြည့်ရှုပြီးနောက် ရိုအန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားလေသည်။
"အမှု ဖြစ်ပွား ပြီးတဲ့ နောက်မှာ အက်ဖ်ဘီအိုင် က လျှို့ဝှက် ကင်မရာ ထဲက လုံခြုံရေး ဗီဒီယို မှတ်တမ်း ကို တစ်စုံ သာ ကူးယူ သွားခဲ့တာ... ဘဏ် ဘက်မှာ လည်း မူရင်း မှတ်တမ်း တွေ ကျန်ရှိ နေသေးတယ်... နာမစ်တ် ရဲ့ ဘဏ်မန်နေဂျာ ရာထူး နဲ့ ဆိုရင် အက်ဖ်ဘီအိုင် နဲ့ နယူးယောက် ရဲတပ်ဖွဲ့ တွေ ထွက်သွား ပြီးတဲ့ နောက်မှာ လုံခြုံရေး ဗီဒီယို မှတ်တမ်း ကို တိတ်တဆိတ် ကူးယူ ဖို့ ဆိုတာ သိပ်ခက်ခဲ တဲ့ ကိစ္စ မဟုတ်ဘူး... ဒီ ဘရန်ဒန် နဲ့ ဒီလာနို တို့ က နာမစ်တ် ကနေ တစ်ဆင့် လုံခြုံရေး ဗီဒီယို မှတ်တမ်း တွေကို အလွယ်တကူ ရယူ နိုင်တယ်..."
"မှန်တယ်..."
လေစီ နှင့် မိုနာ တို့ ပြိုင်တူ ခေါင်းညိတ်လိုက်ကြလေသည်။
ရိုအန် က ကွန်ပျူတာထဲရှိ အချက်အလက်များကို အချိန်အတန်ကြာ သေချာစွာ ကြည့်ရှုပြီးနောက် မေးစေ့ကို ပွတ်သပ်ကာ မေးမြန်းလိုက်လေသည်။
"အခြား အချက်အလက် တွေ ရော ရှိသေးလား... ဒီလောက် လေး နဲ့ တော့ သူတို့ ကို တိုက်ရိုက် ပြစ်မှတ် ထားဖို့ မလုံလောက် သေးဘူး... ဘာပဲဖြစ်ဖြစ် ဒါတွေ အားလုံး က တစ်ဆင့်ခံ သက်သေ အထောက်အထား တွေ သက်သက် ပဲ လေ..."
"ရှိတယ်..."
ရိုအန်၏ စကားသံ အဆုံးတွင် မိုနာ က ခေါင်းညိတ်လိုက်လေသည်။ ကီးဘုတ်ပေါ်တွင် လက်ချောင်းများ လျင်မြန်စွာ လှုပ်ရှားသွားပြီးနောက် ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် အသစ် ထွက်ပေါ်လာသော အချက်အလက်များကို လက်ညှိုးထိုးပြကာ ရှင်းပြလေသည်။
"ဒီ ဒီလာနို ရဲ့ မိသားစု မှာ ရေခဲမုန့် ဆိုင် တစ်ဆိုင် ရှိတယ်... လွန်ခဲ့တဲ့ အချိန်ကာလ တစ်ခု တုန်းက ဒေဝါလီ ခံရလုနီးပါး ဖြစ်ခဲ့ဖူးတယ်... ဒါပေမဲ့ မကြာသေးခင် အချိန် အတွင်း မှာ အဲ့ဒီ ရေခဲမုန့် ဆိုင် တွေ က ဘဏ် ကနေ ငွေချေး တာ မရှိဘဲ တခြား သူတွေ ဆီ လည်း ရောင်းမပစ် ဘဲ တခြား သူတွေ ဆီက ငွေကြေး ထောက်ပံ့ မှု လည်း မရှိဘဲ နဲ့ ရုတ်တရက် ဆိုင် ပိတ် ပြီး ပြန်လည် မွမ်းမံ ပြင်ဆင် တဲ့ အလုပ် တွေကို စတင် နေကြတယ်... ဒါတင် မကသေးဘူး အဲ့ဒီ ဘရန်ဒန် ဆိုတဲ့ ကောင် က လည်း သူ့ရဲ့ စီးပွားရေး အခြေအနေ နဲ့ ဆိုရင် လုံးဝ ဝယ်နိုင်စွမ်း မရှိတဲ့ ကားသစ် တစ်စီး ကို မကြာသေးခင် က မှ ငွေသား အပြည့် ပေးပြီး ဝယ်ယူ ထားသေးတယ်..."
"ရေခဲမုန့် ဆိုင် တွေ က လည်း ငွေမည်း ခဝါချ ဖို့ အတွက် တော်တော်လေး လွယ်ကူ တဲ့ နေရာ တွေ ပဲ..."
ကွန်ပျူတာ မျက်နှာပြင် ပေါ်ရှိ ဘရန်ဒန် ကားသစ် ဝယ်ယူစဉ်က ဓာတ်ပုံ နှင့် ဒီလာနို ၏ ကိုယ်ရေးအချက်အလက် ဓာတ်ပုံ ထဲရှိ ပြုံးနေသော မျက်နှာကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ခေါင်းညိတ်လိုက်လေသည်။ တုံ့ဆိုင်းနေခြင်း လုံးဝ မရှိဘဲ နေရာမှ မတ်တပ်ရပ်ကာ လက်နက်တပ်ဆင်ရေး အခန်းဆီသို့ လျှောက်သွားလိုက်ပြီး တစ်ချိန်တည်းမှာပင် လေစီ ကို စကားဆိုလိုက်လေသည်။
"အထူး စစ်ဆင်ရေး တပ်ဖွဲ့ ကို အကြောင်းကြား လိုက်... ငါတို့ အခု ချက်ချင်း အဲ့ဒီ ပါရမီရှင် နှစ်ယောက် ဆီ သွားပြီး စကား သွားပြော ကြမယ်..."
ဤ စစ်ဆင်ရေးတွင် အဖွဲ့ သုံးဖွဲ့ ခွဲ၍ လှုပ်ရှားကြမည် ဖြစ်လေသည်။ မိုနာ က ဖောက်သည်ဆက်ဆံရေး မန်နေဂျာ နာမစ်တ် ကို သွားရောက် ဖမ်းဆီးရန် တာဝန်ယူပြီး လေစီ က ဘရန်ဒန် ကို ဖမ်းဆီးရန် တာဝန်ယူမည် ဖြစ်ကာ ရိုအန် က ဒီလာနို ကို ဖမ်းဆီးရန် တာဝန် ယူထားလေသည်။
သူတို့ သုံးဦးစလုံး၏ နောက်ကွယ်တွင် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၏ ကျောထောက်နောက်ခံ ရှိနေလေသည်။ ခရက်ဒစ်ကတ် မှတ်တမ်းများ အရ ဒီလာနို က ယနေ့ သူ၏ အိမ်တွင် ပါတီပွဲ တစ်ခု ကျင်းပနေပြီး ဘရန်ဒန် လည်း ထို ပါတီပွဲသို့ တက်ရောက်နေကြောင်း သိရှိရလေသည်။ ထို့ကြောင့် လေစီ နှင့် ရိုအန် တို့ တစ်ဖွဲ့တည်း ပေါင်းကာ ဒီလာနို ၏ အိမ်သို့ အတူတကွ သွားရောက်ကြလေသည်။
အမည်းရောင် အက်စ်ယူဗီ ကားကြီးက လမ်းမပေါ်တွင် အရှိန်အဟုန်ဖြင့် ဖြတ်သန်း ပြေးလွှားနေလေသည်။
ကားရှေ့ခန်း ယာဉ်မောင်းဘေးတွင် ထိုင်နေသော လေစီ က ရင်ဘတ်ပေါ်ရှိ ထိုင်ခုံခါးပတ်ကို ပွတ်သပ်လိုက်ပြီး ကျည်ကာအင်္ကျီ အသံဖမ်းဗုံး နှင့် ကျည်ပိုဆံ့သော ကျည်အိမ်အရှည် များကို တပ်ဆင်ထားဆဲ ဖြစ်သော ရိုအန် ကို ခေါင်းစောင်း ကြည့်လိုက်လေသည်။ အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် လေစီ က မေးမြန်းလိုက်လေသည်။
"ရိုအန်... ကား ကို နည်းနည်း လောက် နှေးနှေး မောင်းလို့ မရဘူးလား... ကျည်ကာ အင်္ကျီ က ကားတိုက် လို့ ရလာမယ့် ဒဏ်ရာ တွေကို ကာကွယ် မပေးနိုင် ဘူး နော်..."
"ငါ့ ရဲ့ ကားမောင်း တဲ့ ကျွမ်းကျင်မှု ကို ယုံကြည် ပါ လေစီ ရယ်..."
ရိုအန် က စတီယာရင်ကို လှည့်ကာ အက်စ်ယူဗီ ကားကြီးကို နောက်ထပ် လမ်းဆုံ တစ်ခု အတွင်းသို့ ကွေ့ဝင်လိုက်ပြီး တစ်ချိန်တည်းမှာပင် ပါးစပ်ကြီး ဖြဲကာ ပြုံးလိုက်လေသည်။
"ပြီးတော့ နာရီ အနည်းငယ် နေရင် ငါတို့ အလုပ် ဆင်းရတော့မယ် လေ... ဓားပြ တွေကို မြန်မြန် ဖမ်းမိ တာ နဲ့ အလုပ် မြန်မြန် ဆင်းရမှာ ပေါ့... ဒီနေ့ အလုပ် ကို မနက်ဖြန် အထိ ဆွဲမထား တာ က မှန်ကန် တဲ့ ဘဝ နေထိုင်မှု သဘောတရား တစ်ခု ပဲ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ လေစီ၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားပြီး ဆက်လက် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ရိုအန် က ကားကို လမ်းဘေးသို့ ထိုးရပ်လိုက်လေသည်။ လေစီ ကို လှည့်ကြည့်ကာ အသာအယာ ပြုံးလိုက်လေသည်။
"အိုကေ... ငါတို့ ရောက်ပြီ..."
လေစီ တစ်ယောက် ပြောစရာ စကားပင် ဆွံ့အသွားရလေသည်။
လက်ရှိ အချိန်တွင် ဒီလာနို နေထိုင်သော နေရာမှာ ဘရွတ်ကလင် မြို့ပေါ် ရပ်ကွက်တွင် တည်ရှိပြီး လှပသော နှစ်ထပ် တိုက်အိမ် တစ်လုံး ပင် ဖြစ်လေသည်။
ထို အချိန်၌ တိုက်အိမ် အတွင်းတွင် အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားသော လူငယ် အချို့က တေးဂီတ အသံများ နှင့်အတူ ကခုန် လှုပ်ရှားနေကြလေသည်။ စကားစမြည် ပြောဆိုရာတွင် အဆင်ပြေသွားပါက တစ်ခါတစ်ရံ အပေါ်ထပ်ရှိ အိပ်ခန်းများဆီသို့ သွားရောက်ကာ ခန္ဓာဗေဒ တည်ဆောက်ပုံများ အကြောင်းကို အတူတကွ လေ့လာ ဆွေးနွေးတတ်ကြသေးလေသည်။
"ညီအစ်ကို မောင်နှမ တွေ အားလုံး ပဲ..."
နားကွဲမတတ် ဆူညံနေသော တေးဂီတ အသံများ ကြားတွင် ဘရန်ဒန် က ဆွဲဆောင်မှု ရှိသော လူဖြူ မိန်းကလေး တစ်ဦးကို ရင်ခွင်ထဲတွင် ပွေ့ဖက်ထားပြီး ညာဘက်လက်ဖြင့် ဘီယာပုလင်း တစ်ပုလင်းကို မြှောက်ကိုင်ထားလေသည်။ အသံကုန် ဟစ်အော်လိုက်ပြီးနောက် အခင်းဖြစ်ပွားရာ နေရာရှိ လူအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်လေသည်။ ထို့နောက် ကျန်လက်တစ်ဖက်ဖြင့် ဒီလာနို ကို လက်ညှိုးထိုးပြကာ စကားဆိုလေသည်။
"ဒီ ပါတီပွဲ ရဲ့ ပိုင်ရှင် ကို ငါတို့ ကျေးဇူးတင် လိုက်ကြရအောင်... ဒီလောက် ပြည့်စုံ ကောင်းမွန် တဲ့ ပါတီပွဲ ကြီး ကို ကျင်းပ ပေးတဲ့ ငါ့ ရဲ့ ညီအစ်ကို ဒီလာနို ကို အထူး ပဲ ကျေးဇူးတင်ပါတယ် ကွာ..."
"ဒီလာနို ကို ဂုဏ်ပြု ပါတယ်..."
ဘရန်ဒန် ၏ စကားကို ကြားလိုက်ရသောအခါ စံအိမ် အတွင်းရှိ လူငယ်များ အားလုံး ပြိုင်တူ သြဘာပေး ဟစ်အော်လိုက်ကြလေသည်။ လက်ထဲရှိ အရက်ခွက်များကို မြှောက်ကိုင်ကာ စံအိမ်၏ လှေကားထစ်တွင် ရပ်နေသော ဒီလာနို ထံသို့ ဂုဏ်ပြုလိုက်ကြပြီးနောက် အားလုံး ပြိုင်တူ ခေါင်းမော့ကာ လက်ထဲရှိ အရက်များကို တစက်မကျန် မော့သောက်ရန် ပြင်ဆင်လိုက်ကြတော့သည်။
ထိုအချိန်မှာပင်...
"ဝုန်း..."
"အက်ဖ်ဘီအိုင်..."
နားကွဲမတတ် ဆူညံစွာ ထွက်ပေါ်လာသော တံခါးမကြီး ပြိုကျသံ နှင့် အက်ဖ်ဘီအိုင် များ၏ အော်ဟစ် အချက်ပေးသံ များက အခင်းဖြစ်ပွားရာ နေရာရှိ လူအားလုံးကို အလွန်အမင်း ထိတ်လန့်သွားစေတော့သည်။
အသံထွက်ပေါ်လာရာ အရပ်သို့ သူတို့ အားလုံး ပြိုင်တူ လှမ်းကြည့်လိုက်သောအခါ လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်များက လက်နက်များကို ကိုင်ဆောင်ကာ စံအိမ် အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာကြပြီး အခင်းဖြစ်ပွားရာ နေရာရှိ လူအားလုံးကို အလယ်တွင် ဝိုင်းရံ ပိတ်ဆို့ လိုက်ကြပြီ ပင် ဖြစ်လေသည်။
"အား..."
တစ်ခဏ အတွင်းမှာပင် အခင်းဖြစ်ပွားရာ နေရာရှိ မိန်းမပျိုလေးများ က လူသားများ၏ အသံကြိမ်နှုန်း မည်မျှအထိ မြင့်မားနိုင်ကြောင်းကို အားလုံးသိအောင် အပြိုင်အဆိုင် အော်ဟစ် ပြသနေကြတော့သည်။
လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော ရိုအန် က စံအိမ် ဧည့်ခန်းမ အတွင်းသို့ ဝင်ရောက်လာပြီး ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ အပိုစကားများ မပြောတော့ဘဲ နံရံဘေးရှိ ပန်းအိုး တစ်လုံးကို ကောက်ယူကာ ကြမ်းပြင်ပေါ်သို့ အားပါးတရ ရိုက်ခွဲပစ်လိုက်တော့သည်။
"ခွမ်း..."
ပန်းအိုး ကွဲအက်သွားသော အသံက အခင်းဖြစ်ပွားရာ နေရာရှိ လူငယ်များ အားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေသည်။ ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ၏ နှုတ်ခမ်းထောင့်များ အောက်သို့ ကွေးကျသွားပြီး အလွန် အေးစက်သော မျက်နှာထားဖြင့် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်လေသည်။
"ဒီ စစ်ဆင်ရေး က မင်းတို့ အများစု နဲ့ ဘာမှ မသက်ဆိုင် ဘူး... မင်းတို့ ရဲ့ အထိတ်တလန့် လှုပ်ရှားမှု တွေ ကြောင့် ထိခိုက် ဒဏ်ရာ မရစေနဲ့... အခု ယောက်ျား လေး တွေ ဘယ်ဘက် မှာ ရပ်... မိန်းကလေး တွေ ညာဘက် မှာ ရပ်... အခြား လိင်စိတ်ခံယူမှု ရှိသူတွေ အလယ် မှာ ရပ်ကြစမ်း..."
ရိုအန် ထံသို့ အကြည့်များ ရောက်ရှိသွားချိန်တွင် အသံကုန် ဟစ်အော်နေကြသော မိန်းကလေးများ အထဲမှ အချို့မှာ အလျင်အမြန်ပင် အော်ဟစ်ခြင်းကို ရပ်တန့်လိုက်ကြလေသည်။ ဆက်လက် အော်ဟစ်နေကြဆဲ ဖြစ်သော မိန်းကလေးများကို ဘေးနားရှိ သူငယ်ချင်းများက လက်မောင်းကို ဆွဲကာ တားဆီးလိုက်ကြပြီး ရိုအန်၏ မျက်နှာကို သေချာစွာ ကြည့်ရှုလိုက်ပြီးနောက် သူတို့လည်း ချက်ချင်း အော်ဟစ်ခြင်းကို ရပ်တန့်သွားကြတော့သည်။
ရိုအန်၏ စကားကို ကြားလိုက်ရပြီးနောက် ထို မိန်းကလေးများမှာ အခင်းဖြစ်ပွားရာ နေရာရှိ အမျိုးသားများထက် ပိုမို တက်ကြွစွာဖြင့် ရိုအန် နှင့် အနီးဆုံး ဖြစ်သော ဧည့်ခန်း၏ ညာဘက်ခြမ်းသို့ အပြေးအလွှား သွားရောက် ရပ်တန့်လိုက်ကြလေသည်။
ရိုအန်၏ အနောက်ဘက်တွင် ရပ်နေသော လေစီ က ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ မကျေမနပ်ဖြင့် အေးစက်စွာ နှာမှုတ်လိုက်လေသည်။ ရိုအန် ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ဧည့်ခန်း အတွင်းရှိ အမျိုးသားများကို ကြည့်ကာ မေးမြန်းလိုက်လေသည်။
"ဘရန်ဒန် ဘယ်မှာလဲ..."
အက်ဖ်ဘီအိုင် များ မည်သည့်အတွက်ကြောင့် ဤနေရာသို့ ဝင်ရောက် စီးနင်းရသနည်း ဆိုသည်ကို အလွန် သံသယ ဖြစ်နေကြသော လူအုပ်ကြီးမှာ လေစီ၏ စကားကို ကြားလိုက်ရသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။ ထို့နောက် လူအုပ်၏ ထောင့်တစ်နေရာတွင် ပုန်းကွယ်နေပြီး ခေါင်းငုံ့ကာ မိမိ၏ တည်ရှိမှုကို ဖုံးကွယ်ရန် ကြိုးစားနေသော ဘရန်ဒန် ထံသို့ ပြိုင်တူ လှမ်းကြည့်လိုက်ကြတော့သည်။
"ကောင်းတယ်..."
ဧည့်ခန်း အတွင်းရှိ လူအုပ်ကြီးကို ချီးကျူး စကား ဆိုလိုက်ပြီးနောက် လေစီ က ဘရန်ဒန် ကို လူအုပ်ထဲမှ ဆွဲထုတ်လိုက်ပြီး လက်ထိတ် ကို ထုတ်ယူကာ လျင်မြန်စွာ ခတ်လိုက်တော့သည်။
စံအိမ် ဧည့်ခန်းမ အတွင်းရှိ များပြားလှသော သေနတ်များကို မြင်တွေ့လိုက်ရသောအခါ ဘရန်ဒန် မှာ အရက် အနည်းငယ် မူးနေသော်လည်း ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် ပြန်လည် ခုခံရန် မဝံ့မရဲ ဖြစ်သွားရလေသည်။
သို့သော် ဘရန်ဒန် ၏ ပါးစပ်မှမူ အက်ဖ်ဘီအိုင် များက လူများကို အကြောင်းမဲ့ ဖမ်းဆီးနေကြောင်းနှင့် ကိုယ်တိုင် မည်သည့် ပြစ်မှု ကိုမျှ ကျူးလွန်ထားခြင်း မရှိကြောင်း စသဖြင့် အဆက်မပြတ် အော်ဟစ် ရေရွတ်နေလေသည်။
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရိုအန် က အပိုစကားများ မပြောတော့ဘဲ အေးစက်သော လေသံဖြင့် မေးမြန်းလိုက်လေသည်။
"ဒီလာနို ဘယ်မှာလဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ဘရန်ဒန် ၏ မျက်လုံးအိမ်များ အတွင်း၌ ထိတ်လန့်သွားသော အရိပ်အယောင် တစ်ချက် ဖြတ်ပြေးသွားလေသည်။ သို့သော် ဟန်ဆောင် တည်ငြိမ်စွာဖြင့် ခေါင်းခါယမ်းကာ စကားဆိုလေသည်။
"ငါ မသိဘူး..."
ဧည့်ခန်းမ အတွင်းရှိ လူအုပ်ကြီး ကလည်း ဘေးဘီဝဲယာ သို့ လှည့်ပတ် ကြည့်ရှုလိုက်ကြသော်လည်း ဒီလာနို ၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရှိရချေ။
ထိုအချိန်မှာပင် အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် အချို့က အပေါ်ဝတ် အင်္ကျီ နှင့် ဘောင်းဘီတို များကိုသာ ဝတ်ဆင်ထားသော လူငယ် အချို့ကို ခေါ်ဆောင်ကာ ဒုတိယထပ် မှ ဆင်းလာကြပြီး ရိုအန် ကို ခေါင်းခါယမ်းပြကာ စကားဆိုလေသည်။
"အပေါ်ထပ် မှာ ရှာမတွေ့ ဘူး..."
လက်နက်ကိရိယာ အပြည့်အစုံ တပ်ဆင်ထားသော အခြား အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင် အချို့ ကလည်း မြေအောက်ခန်း လှေကား မှ တက်လာကြပြီး ခေါင်းခါယမ်းပြလေသည်။
"မြေအောက်ခန်း ထဲမှာ လည်း မရှိဘူး..."
ထိုစကားကို ကြားလိုက်ရသောအခါ လေစီ၏ မျက်မှောင်များ တင်းတင်း ကြုတ်သွားလေသည်။ စောစောက သူတို့ စံအိမ်၏ အပြင်ဘက်တွင် ရှိနေစဉ်က ဤလူအုပ်ကြီး၏ အော်ဟစ်သံများကို သေချာပေါက် ကြားခဲ့ရသည် မဟုတ်ပါလား။