အခန်း ၉၈
Vol. 10 Ch. 98
(အခန်း) ၉၈ မက်သရူး နှင့် ဟယ်လင် သခင်မ အား စုံစမ်းခြင်း
ရုံးခန်းတံခါးဝသို့ ရောက်ရှိသွားချိန်တွင် ဗီရိုနီးစ်က အထဲမှ ထွက်လာလေသည်။
"မင်္ဂလာပါ ဌာနခွဲမှူး..."
ဗီရိုနီးစ်က ခေါင်းညိတ်ပြလိုက်ပြီး အပိုစကားများ မဆိုတော့ဘဲ ရိုအန်ကို ကျော်ကာ အရှေ့သို့ လျှောက်သွားလေသည်။
"ငါ့နောက်က လိုက်ခဲ့..."
ထိုအခြေအနေကို မြင်တွေ့လိုက်ရသောအခါ ရိုအန်လည်း အလျင်အမြန် ထက်ကြပ်မကွာ လိုက်ပါသွားတော့သည်။ သူတို့နှစ်ဦး ဓာတ်လှေကားအတွင်းသို့ ဝင်ရောက်သွားပြီးနောက် ဗီရိုနီးစ်က အပေါ်ထပ်များဆီသို့ သွားမည့်ခလုတ်ကို တိုက်ရိုက် နှိပ်လိုက်လေသည်။
ဓာတ်လှေကားတံခါး ဖြည်းညင်းစွာ ပွင့်သွားပြီးနောက် စင်္ကြံလမ်းအဆုံးရှိ အထူးကိုယ်စားလှယ်အရာရှိချုပ် ရုံးခန်း ဆိုသော စာတန်းက ရိုအန်၏ မျက်စိရှေ့သို့ ရုတ်တရက် ရောက်ရှိလာလေသည်။
ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်ခုံးများ တစ်ချက် ပင့်တက်သွားလေသည်။ စကားတစ်ခွန်းမျှ မဟရသေးမီမှာပင် ဗီရိုနီးစ်က ဓာတ်လှေကားအတွင်းမှ လျင်မြန်စွာ ထွက်ခွာသွားပြီး အထူးကိုယ်စားလှယ်အရာရှိချုပ်၏ ရုံးခန်းဆီသို့ တိုက်ရိုက် လျှောက်သွားကာ တံခါးကို ခေါက်လိုက်လေသည်။
"ခဏ စောင့်ပါ..."
ရုံးခန်းအတွင်းမှ အနည်းငယ် အသံသြရှရှရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။ ဗီရိုနီးစ်က တံခါးဝတွင် ရပ်၍ စောင့်ဆိုင်းနေသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်ကလည်း ဌာနခွဲမှူး၏ ဘေးဘက်တွင် တုံ့ဆိုင်းနေခြင်း လုံးဝမရှိဘဲ ဝင်ရပ်လိုက်လေသည်။
အချိန်တိုအတွင်းမှာပင် ရုံးခန်းတံခါး ပွင့်လာပြီး ရိုအန် လုံးဝထင်မှတ်မထားသော လူတစ်ဦးက မျက်စိရှေ့သို့ ရောက်ရှိလာတော့သည်။
"မင်္ဂလာပါ ဌာနခွဲမှူး..."
အမည်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင်ဘတ်တွင် အဖွဲ့ခေါင်းဆောင် ကတ်ပြားကို ချိတ်ဆွဲထားသော မက်သရူးက ရုံးခန်းအတွင်းမှ ထွက်လာလေသည်။ ဗီရိုနီးစ်ကို မြင်တွေ့လိုက်ရသောအခါ အလျင်အမြန် ပြုံးပြကာ နှုတ်ဆက်လိုက်ခြင်းပင် ဖြစ်လေသည်။
သို့သော် ဗီရိုနီးစ်၏ အနောက်ဘက်ရှိ ရိုအန်ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် မက်သရူး၏ မျက်နှာပေါ်ရှိ အပြုံးများက ချက်ချင်း တောင့်တင်းသွားတော့သည်။
ဗီရိုနီးစ်က ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမျှ ပြန်လည်မပြောဆိုတော့ဘဲ ရုံးခန်းအတွင်းသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားလေသည်။
ရိုအန်က ဝင်ရောက်ရန် ညွှန်ကြားချက် မရရှိထားသဖြင့် ရုံးခန်းအတွင်းသို့ ဝင်ရောက်သွားခြင်း မရှိချေ။ ထိုအစား မက်သရူးကို ခေါင်းစောင်းကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ နွေးထွေးသော အပြုံးတစ်ခုဖြင့် စကားဆိုလိုက်လေသည်။
"မင်္ဂလာပါ ခေါင်းဆောင် မက်သရူး..."
ထိုစကားကို ကြားလိုက်ရသောအခါ မက်သရူး၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားလေသည်။
ရိုအန် ဤနေရာသို့ မည်သည့်အတွက်ကြောင့် ရောက်ရှိနေရသနည်း ဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်သွားရလေသည်။ သာမန် စုံထောက်ငယ်တစ်ဦးနှင့် အထူးကိုယ်စားလှယ်အရာရှိချုပ်တို့၏ ကြားတွင် ရာထူးအဆင့်အတန်း မည်မျှကွာဟနေသနည်း ဆိုသည်မှာ တွေးကြည့်ရုံဖြင့် သိနိုင်လေသည်။ သူကိုယ်တိုင် ဤနေရာသို့ ရောက်ရှိလာရခြင်းမှာပင် အထူးအကြောင်းပြချက် ရှိနေသောကြောင့်ပင် ဖြစ်လေသည်။
မက်သရူး၏ စိတ်ထဲတွင် ရိုအန် ဤနေရာသို့ ရောက်လာရခြင်းမှာ ကွင်းဆက် ဘဏ်ဓားပြတိုက်မှုကြီးကြောင့်များလား ဟု တွေးလိုက်မိသည်။ သို့သော် နောက်တစ်စက္ကန့်မှာပင် မက်သရူးက ထိုအတွေးကို ဖျောက်ဖျက်လိုက်ပြီး ခေါင်းခါယမ်းလိုက်လေသည်။ ထိုမှုခင်းကြီးကို အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးခဲ့သည်မှာ သုံးရက်ပင် မပြည့်သေးချေ။ ဤမျှ တိုတောင်းလှသော အချိန်ကာလလေးအတွင်း မည်သည့်သဲလွန်စကို ရှာဖွေနိုင်မည်နည်း။ ဗီရိုနီးစ် အနေဖြင့် ရိုအန်ကို ခေါ်ဆောင်ကာ အထူးကိုယ်စားလှယ်အရာရှိချုပ် ကိုဘတ်ထံသို့ လာရောက်တွေ့ဆုံရန် လိုအပ်ပါမည်လား။ ဒါမှမဟုတ် အမှုစုံစမ်းတဲ့ လုပ်ငန်းစဉ်ထဲမှာ အမှားအယွင်း တစ်ခုခုများ လုပ်မိသွားလို့လား ဟု ဆက်တိုက် တွေးတောနေမိသည်။ ထိုအကြောင်းကို တွေးတောမိသွားသောအခါ မက်သရူး၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားတော့သည်။
သူ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် နောက်တစ်စက္ကန့်၌ ဗီရိုနီးစ်၏ ထူးခြားသော အေးစက်စက်အသံက ရုံးခန်းအတွင်းမှ ထွက်ပေါ်လာလေသည်။
"မင်္ဂလာပါ အရာရှိချုပ်... ဟို ကွင်းဆက် ဘဏ်ဓားပြတိုက်မှုကြီးနဲ့ ပတ်သက်ပြီး ငါ့ရဲ့ လက်အောက်က စုံထောက် ရိုအန် ဂရင်းဝုဒ်ဟာ ဓားပြအဖွဲ့တွေထဲက တစ်ဖွဲ့ကို ဖမ်းဆီးမိသွားပါပြီ... ဒါပေမဲ့ အဲ့ဒီကိစ္စမှာ အခွန်ကောက်ခံရေးဌာနက လူတွေ ပါဝင်ပတ်သက်လာလို့ အဲ့ဒီအကြောင်းကို လာရောက်သတင်းပို့တာပါ..."
ထိုစကားကို ကြားလိုက်ရသောအခါ မူလက အရောင်တောက်နေသော မက်သရူး၏ မျက်လုံးအိမ်များ ချက်ချင်း ကျဉ်းမြောင်းသွားတော့သည်။ ရိုအန်ကို ကြည့်နေသော သူ၏မျက်နှာပေါ်တွင်လည်း မယုံကြည်နိုင်သော အမူအရာများ ပြည့်နှက်သွားလေသည်။
ရိုအန်က စကားတစ်ခွန်းမျှ မဟတော့ဘဲ မျက်နှာပေါ်ရှိ အပြုံးကိုသာ ပိုမို နွေးထွေးလာအောင် ဖန်တီးလိုက်လေသည်။
ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ထိပ်ပြောင်စပြုနေသော ကိုဘတ်မှာ ဗီရိုနီးစ်၏ စကားကို ကြားလိုက်ရသောအခါ ကြောင်အမ်းအမ်း ဖြစ်သွားရလေသည်။ ထို့နောက် လက်ထဲရှိ လက်မှတ်ထိုးရာတွင် သုံးသော မှင်တံကို ချထားလိုက်ပြီး ခေါင်းမော့ကာ သံသယဖြစ်စွာဖြင့် မေးမြန်းလိုက်လေသည်။
"ဓားပြအဖွဲ့တွေထဲက တစ်ဖွဲ့ကို ဖမ်းမိသွားတယ် ဟုတ်လား... အဲ့ဒီစကားက ဘာအဓိပ္ပာယ်လဲ..."
"အသေးစိတ် အခြေအနေတွေကိုတော့ ရိုအန် ဂရင်းဝုဒ် ကိုယ်တိုင် ရှင်းပြတာ ပိုကောင်းပါလိမ့်မယ်..."
ဗီရိုနီးစ်က ခေါင်းခါယမ်းလိုက်ပြီး ဤမှုခင်းကြီးကို ရိုအန် ကိုယ်တိုင် ဦးဆောင် စုံစမ်းခဲ့ခြင်းဖြစ်သဖြင့် သူကိုယ်တိုင် ရှင်းပြခြင်းကသာ ပို၍ သင့်လျော်မည်ဖြစ်ကြောင်း အကြံပြုလိုက်လေသည်။
ကိုဘတ်က ဗီရိုနီးစ်ကို အဓိပ္ပာယ်ပါပါ တစ်ချက် စိုက်ကြည့်လိုက်လေသည်။ စားပွဲပေါ်ရှိ ဖိုင်တွဲကို ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ မှီချကာ ခေါင်းညိတ်လိုက်လေသည်။
"ဒီ ရိုအန် ဂရင်းဝုဒ် ဆိုတဲ့ စုံထောက်လည်း ရောက်နေပြီ မဟုတ်လား... သူ့ကို အထဲဝင်လာခိုင်းလိုက်..."
ဗီရိုနီးစ်က ခေါင်းညိတ်လိုက်ပြီး တံခါးပေါက်ဆီသို့ လှည့်ကြည့်လိုက်လေသည်။ မက်သရူး တစ်ယောက် ထိုနေရာတွင် ရပ်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်သွားတော့သည်။
"မက်သရူး... ရိုအန်ကို အထဲဝင်လာခိုင်းလိုက်... မင်း ထွက်သွားတဲ့အခါ ကျရင်လည်း တံခါးကို သေချာပိတ်သွားဖို့ မမေ့နဲ့ဦး..."
မက်သရူး တစ်ယောက် ပြောစရာစကားပင် ဆွံ့အသွားရလေတော့သည်။
မက်သရူး ပြန်လည် ဖြေကြားခြင်း မပြုမီမှာပင် တံခါးဝတွင် ရပ်နေသော ရိုအန်က ဝတ်ဆင်ထားသော ဝတ်စုံကို အနည်းငယ် သပ်ရပ်အောင် ပြင်ဆင်လိုက်လေသည်။ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး နေရောင်ခြည်ကဲ့သို့ တောက်ပသော အပြုံးကို ဖန်တီးကာ မက်သရူး၏ အရှေ့သို့ လျှောက်သွားပြီး လေသံတိုးတိုးဖြင့် စကားဆိုလိုက်လေသည်။
"လမ်းလေး နည်းနည်းလောက် ဖယ်ပေးပါ ခေါင်းဆောင် မက်သရူး... အရာရှိချုပ်က ကျွန်တော့်ကို အထဲဝင်လာဖို့ ခေါ်နေလို့ပါ..."
"ငါ..."
ထိုစကားကို ကြားလိုက်ရသောအခါ မက်သရူး၏ မျက်နှာမှာ အလွန် ကြည့်ရဆိုးသွားတော့သည်။
သို့သော် ရုံးခန်းအတွင်းရှိ ကိုဘတ်၏ အာရုံစိုက်မှုက သူတို့ထံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မျက်လုံးထောင့်မှ မြင်တွေ့လိုက်ရသောအခါ မက်သရူးက အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ပြီး ရင်ထဲမှ ဒေါသများကို အလျင်အမြန် ဖိနှိပ်လိုက်လေသည်။ ဘေးသို့ ဖယ်ကာ ကိုယ်ကို အနည်းငယ် စောင်းပေးလိုက်ပြီး ရိုအန်ကို ရုံးခန်းအတွင်းသို့ ဝင်ရောက်ရန် အချက်ပြလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."
ရိုအန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး ရုံးခန်းအတွင်းသို့ ဝင်ရောက်သွားလေသည်။ ထို့နောက် ရုံးခန်း တံခါးမကြီးကိုပါ တစ်ပါတည်း ပိတ်လိုက်လေသည်။
တံခါးပိတ်သွားသော အရှိန်မှာ အနည်းငယ် မြန်ဆန်လွန်းသဖြင့် မက်သရူး၏ နှာခေါင်းကို တိုက်မိလုနီးပါး ဖြစ်သွားရလေသည်။ ထိုအခြေအနေက သူ၏ မျက်နှာကို ဒေါသကြောင့် နီရဲသွားစေတော့သည်။
ဆဲရေးတိုင်းထွာမှုများစွာက မက်သရူး၏ လည်ချောင်းဝတွင် တစ်ဆို့နေလေသည်။ သို့သော် ရုံးခန်းအတွင်းရှိ ကိုဘတ်ကို ထောက်ထား၍ အပြင်သို့ ထုတ်ဖော် ဆဲဆိုခြင်း မပြုရဲခဲ့ချေ။
သို့သော် သူ၏ မျက်နှာအရောင်မှာမူ နီရဲရာမှတစ်ဆင့် ခရမ်းရင့်ရောင်သို့ တိုက်ရိုက် ပြောင်းလဲသွားတော့သည်။
စင်္ကြံလမ်းပေါ်ရှိ မက်သရူး၏ အခြေအနေကို ရိုအန် လုံးဝ မသိရှိခဲ့ပေ။ သိရှိခဲ့လျှင်လည်း ဂရုစိုက်မည် မဟုတ်ချေ။ အကြောင်းရင်းမှာ ယခုအချိန်တွင် အထူးကိုယ်စားလှယ်အရာရှိချုပ် ကိုဘတ်၏ အကြည့်များက သူ၏ အပေါ်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့်ပင် ဖြစ်လေသည်။
"မင်္ဂလာပါ အရာရှိချုပ်... ကျွန်တော်က အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အမြဲတမ်း စုံထောက် ရိုအန် ဂရင်းဝုဒ် ပါ..."
အလုပ်စားပွဲအရှေ့ရှိ ဗီရိုနီးစ်၏ ဘေးဘက်သို့ လျှောက်သွားလိုက်ပြီးနောက် ရိုအန်က မျက်နှာပေါ်တွင် အပြုံးတစ်ခုကို ဖန်တီးကာ ကိုဘတ်ကို လေးလေးစားစား နှုတ်ဆက်လိုက်လေသည်။
ရိုအန်၏ မတ်မတ်ရပ်နေသော ကိုယ်ဟန်နှင့် ချောမောသော မျက်နှာကို မြင်တွေ့လိုက်ရသောအခါ ကိုဘတ်၏ ရင်ထဲတွင် မူလက ရှိနေသော မကျေနပ်မှု အနည်းငယ်မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်ထွက်လာပြီး တိုက်ရိုက်ပင် မေးမြန်းလိုက်လေသည်။
"အမှုရဲ့ အခြေအနေကို အကြမ်းဖျင်း ရှင်းပြပါဦး..."
"ဟုတ်ကဲ့ပါ အရာရှိချုပ်..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီး အပိုစကားများ မပြောတော့ဘဲ အမှုကို အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ထံသို့ လွှဲပြောင်းပေးပြီးနောက် စုံထောက်များ အားလုံး၏ ကြိုးစားအားထုတ်မှုများ၊ အမှုအပေါ် ခန့်မှန်းတွက်ချက်မှုများနှင့် ဖမ်းဆီးရေး လုပ်ငန်းစဉ်များကို တစ်ဖက်လူအား ရှင်းလင်း တင်ပြလိုက်လေသည်။
နောက်ဆုံးတွင် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ အနေဖြင့် အရှေ့ပိုင်းမှ ဓားပြတိုက်မှု လေးခုနှင့် ပတ်သက်သော အရေးကြီး သဲလွန်စများကို ရရှိထားပြီးဖြစ်ကြောင်းနှင့် သတ်မှတ်ထားသော အချိန်ကာလအတွင်း အမှုကို အောင်မြင်စွာ ဖော်ထုတ်နိုင်မည်ဟု အပြည့်အဝ ယုံကြည်ကြောင်း ဆက်လက် ပြောဆိုလိုက်လေသည်။
"အရမ်း ကောင်းတယ်..."
ရိုအန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မသိမသာ မတ်မတ် ထိုင်လိုက်မိသော ကိုဘတ်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် လက်ယမ်းပြကာ စကားဆိုလိုက်လေသည်။
"ကောင်းပြီ... မင်း အပြင်ကို ထွက်သွားလို့ ရပြီ..."
"ဟုတ်ကဲ့ပါ အရာရှိချုပ်..."
ရိုအန်က ပြတ်ပြတ်သားသား ပြန်လည် ဖြေကြားလိုက်ပြီး ဘေးတွင် ရပ်နေသော ဗီရိုနီးစ်ကို ခေါင်းညိတ်ပြလိုက်လေသည်။ ထို့နောက် တုံ့ဆိုင်းနေခြင်း လုံးဝမရှိဘဲ လှည့်ကာ ရုံးခန်းအတွင်းမှ ချက်ချင်း ထွက်ခွာသွားလေတော့သည်။
ရုံးခန်းတံခါးကို ဆွဲဖွင့်လိုက်သောအခါ မက်သရူး၏ အရိပ်အယောင်ကို လုံးဝ မတွေ့ရတော့ချေ။
သို့သော် အလွန် အကဲခတ်တတ်သော ရိုအန်က ရုံးခန်း၏ မျက်နှာချင်းဆိုင် နံရံပေါ်တွင် လက်သီးဖြင့် ထိုးထားသော အရာတစ်ခု ရှိနေပြီး ထိုလက်သီးရာအတွင်း၌ သွေးစအနည်းငယ် ပေကျံနေသည်ကို မြင်တွေ့လိုက်ရလေသည်။
ရိုအန်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး တိတ်တဆိတ် ပြုံးလိုက်လေသည်။ ထို့နောက် တံခါးကို ပိတ်ကာ အပြင်ဘက်တွင် ရပ်၍ စောင့်ဆိုင်းနေလေသည်။
ရုံးခန်းအတွင်း၌ ကိုဘတ်က မှင်တံကို ခေါက်လိုက်ပြီး ခေါင်းညိတ်ကာ စကားဆိုလေသည်။
"တကယ်ကို အရည်အချင်းရှိတဲ့ လူငယ်လေးပဲ..."
ဗီရိုနီးစ်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည်။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် ကိုဘတ်က လက်ယမ်းပြကာ စကားဆိုလိုက်လေသည်။
"ဒီအမှုကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာသာ အောင်မြင်စွာ ဖော်ထုတ်နိုင်မယ် ဆိုရင် စည်းမျဉ်းစည်းကမ်းတွေနဲ့ မဆန့်ကျင်တဲ့ မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူလိုက်မယ်..."
"ကျေးဇူးတင်ပါတယ် အရာရှိချုပ်..."
မိမိ အလိုရှိသော အဖြေကို ရရှိသွားသဖြင့် ဗီရိုနီးစ်၏ ညာဘက် လက်သန်းလေး တစ်ချက် တုန်ခါသွားလေသည်။ ခေါင်းညိတ် အသိအမှတ်ပြုလိုက်ပြီးနောက် ရုံးခန်းအတွင်းမှ ချက်ချင်း ထွက်ခွာလာခဲ့တော့သည်။
ရုံးခန်းတံခါး ဖြည်းညင်းစွာ ပိတ်သွားပြီးနောက် ကိုဘတ်က မှင်တံကို ပစ်ချလိုက်ပြီး ခန္ဓာကိုယ်ကို နောက်သို့ မှီကာ မျက်လုံးများကို မှိတ်၍ အနားယူ နေလေတော့သည်။
ကိုဘတ်က ရိုအန် ဂရင်းဝုဒ် ၏ နာမည်ကို စိတ်ထဲမှ ရေရွတ်လိုက်လေသည်။
ဗီရိုနီးစ်မှာ သူမ၏ ရုံးခန်းဆီသို့ ပြန်သွားပြီး ရိုအန်လည်း အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်းဆီသို့ ပြန်လည် ရောက်ရှိလာလေသည်။ ရုံးခန်းအတွင်းသို့ ရောက်သည်နှင့် တပြိုင်နက် လေစီက အလျင်အမြန် ခရီးဦးကြို ပြုလာပြီး ပြုံးလျက် စကားဆိုလေသည်။
"နာမစ်တ်ရဲ့ ထွက်ဆိုချက် အရ ဆိုရင်တော့... ဘရန်ဒန်က သာ အမှုနှစ်ခုစလုံးရဲ့ တကယ့် ကြိုးကိုင်သူ လို့ ပြောနေတယ်..."
"ခွေးအချင်းချင်း ကိုက်ကြတာပါပဲ ကွာ..."
ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်က ခေါင်းခါယမ်းလိုက်လေသည်။
သူတို့ သုံးဦးအနက် မည်သူက တကယ့် ကြိုးကိုင်သူ ဖြစ်သည်ဆိုသည်ကို ရိုအန် လုံးဝ ဂရုမစိုက်တော့ပေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးကို ဖမ်းဆီးမိပြီးပြီဖြစ်ရာ တရားသူကြီးအနေဖြင့် မည်သို့ ပြစ်ဒဏ်ချမှတ်မည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်လေသည်။ ရိုအန်အနေဖြင့် ဘဏ်မှ ပေးအပ်မည့် ဆုကြေးငွေများ မိမိ၏ ဘဏ်အကောင့်အတွင်းသို့ မည်သည့်အချိန်တွင် ဝင်လာမည်ကိုသာ အာရုံစိုက်နေတော့သည်။
ထို တိုက်ခန်းငယ်လေးကို ပြင်ဆင်မွမ်းမံပြီးနောက်တွင် ရိုအန်၏ လက်ထဲ၌ ငွေကြေးများစွာ ကျန်ရှိတော့မည် မဟုတ်ချေ။
"ဒါဆို ငါတို့ ဆက်ပြီး ဘယ်လို လုပ်ကြမလဲ ရိုအန်..."
ရိုအန်က ဤကိစ္စကို လုံးဝ ဂရုမစိုက်ကြောင်း မြင်တွေ့လိုက်ရသောအခါ လေစီက ပခုံးတွန့်လိုက်ပြီး ခေါင်းစောင်း မေးမြန်းလိုက်လေသည်။
"ဟို ဟယ်လင် သခင်မကို သွားဖမ်းကြမလား..."
"နေပါဦး... မနက်ဖြန်မှ သွားကြတာပေါ့..."
ရိုအန်က ခေါင်းခါယမ်းလိုက်ပြီး နံရံပေါ်ရှိ နာရီကို လက်ညှိုးထိုးပြကာ စကားဆိုလေသည်။
"အလုပ်ဆင်းတဲ့ အချိန်တောင် ရောက်နေပြီပဲ..."
'ငါ မှတ်မိတာ မမှားဘူး ဆိုရင်... နော်တန်က ငါ့ကို ထမင်းဝယ်ကျွေးမယ်လို့ ကတိပေးထားတယ် ထင်တယ်...'
နောက်တစ်နေ့တွင် ဟယ်လင် သခင်မ ရှိရာ အချွတ်အပြဲ ကလပ်သို့ ရောက်ရှိသွားကြလေသည်။
"တောင်းပန်ပါတယ် စုံထောက်တို့ ရယ်..."
ရုံးခန်းအတွင်း၌ ဘဏ်ဓားပြများနှင့် ပတ်သက်၍ လေစီ၏ မေးမြန်းမှုကို ကြားလိုက်ရသောအခါ အသက် ၅၀ ကျော်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း ဆွဲဆောင်မှု ရှိနေဆဲဖြစ်သော ဟယ်လင် သခင်မက ခြေချိတ်ထိုင်လိုက်ပြီး ဖြည်းညင်းစွာ စကားဆိုလေသည်။
"အဲ့ဒီ ဘဏ်ဓားပြတွေရဲ့ ကိစ္စကို ကျွန်မ တကယ်ပဲ ဘာမှ မသိရပါဘူး... မင်းတို့ လူမှားနေပြီ ထင်တယ်..."
" သေချာလို့လား..."
ထိုစကားကို ကြားလိုက်ရသောအခါ လေစီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။ ရိုအန်ကမူ ဘေးတွင် ထိုင်လျက် ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မဆိုဘဲ နှုတ်ဆိတ်နေလေသည်။
သူသည် ယမန်နေ့က စနစ်မှ ရရှိခဲ့သော ဆုလာဘ်များကို စစ်ဆေး ကြည့်ရှုနေခြင်းပင် ဖြစ်လေတော့သည်။