← Chapters

အခန်း ၁၀၈

Vol. 11 Ch. 108

အခန်း ၁၀၈

Vol. 11 Ch. 108

(အခန်း) ၁၀၈ လုံခြုံရေး အကြံပေးနှင့် အမှု ပြီးဆုံးခြင်း

ဖိုင်တွဲကို ဖွင့်လိုက်ရာ အတွင်း၌ စာချုပ် အထောက်အထား တစ်စောင် ပါရှိလေသည်။

"ဒါက..."

ရိုအန်က ဗီရိုနီးစ်ကို ခေါင်းစောင်းကြည့်လိုက်ပြီး အနည်းငယ် နားမလည်ဟန်ဖြင့် မေးမြန်းလိုက်၏။

"ဒါက ဓားပြတိုက် ခံခဲ့ရတဲ့ ဘဏ် တွေက အက်ဖ်ဘီအိုင် ရဲ့ အတွင်းလူ တွေကို သူတို့ ဘဏ် တွေရဲ့ လုံခြုံရေး အကြံပေး အဖြစ် ငှားရမ်း ဖို့ ပြင်ဆင် ထားတဲ့ စာချုပ် ပဲ..."

ရိုအန်၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဗီရိုနီးစ်၏ နှုတ်ခမ်းထောင့်များ မသိမသာ မြင့်တက်သွားပြီး ချိတ်ထားသော ခြေထောက်ကို ဖြုတ်ကာ ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွှတ်လျက် စကားဆိုလေသည်။

"အဲ့ဒီ အချိန် တုန်းက ဒီ ဘဏ် တွေ ဟာ ဘရိုဆန် ရဲ့ အပြင်ပန်း ကိုယ်ရေးရာဇဝင် နဲ့ သူ ဒီနှစ်တွေ အတွင်း အမှု ဖော်ထုတ် ခဲ့တဲ့ အတွေ့အကြုံ တွေကို သိရှိ သွားပြီးနောက်... ဘရိုဆန် အနေနဲ့ သတ်မှတ် ချိန် အတွင်း အမှု ဖော်ထုတ် နိုင်ဖို့ ဆိုတာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ဘူး လို့ ယူဆ ခဲ့ကြတယ်... အဲ့ဒါကြောင့် ဘဏ် တွေ ဘက်က အထူးကိုယ်စားလှယ် ဌာနမှူး ကော်ဘတ် နဲ့ အကြမ်းဖျင်း ဆွေးနွေး ပြီးတဲ့ နောက်မှာ... အမှု ဖော်ထုတ် ပြီးသွား ရင် ဘရိုဆန် ကို ဒီ ဘဏ် တွေရဲ့ လုံခြုံရေး အကြံပေး အဖြစ် ခန့်အပ် ဖို့ ပြင်ဆင် ခဲ့ကြတာ..."

အကြံပေး ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ရိုအန်၏ နှုတ်ခမ်းများ ကွေးတက်သွားပြီး မျက်ခုံးများ တစ်ချက် ပင့်တက်သွားပေသည်။

အမေရိကန်ပြည်ထောင်စုတွင် အံ့ဩဖွယ်ကောင်းလှသော တရားဝင် နိုင်ငံရေး ရန်ပုံငွေ အပြင် နိုင်ငံရေး လည်ပေါက်တံခါး ဟုခေါ်သော အခြေအနေ တစ်ရပ်လည်း ရှိနေသေးလေသည်။

ဆိုလိုသည်မှာ အမေရိကန် အစိုးရ အရာရှိ အချို့သည် အငြိမ်းစား ယူပြီးနောက် သို့မဟုတ် ရာထူးမှ ထွက်ပြီးနောက် ကုမ္ပဏီကြီးများ၊ လော်ဘီ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ အသင်းနှင့် ရှေ့နေရုံး ကဲ့သို့သော အဖွဲ့အစည်းများသို့ ဝင်ရောက်ကာ အလုပ်အကိုင် အသစ်များ ဖန်တီးကြခြင်း ပင် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ထို ကုမ္ပဏီကြီးများ၊ လော်ဘီ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ အသင်းနှင့် ရှေ့နေရုံးများမှ အရည်အချင်းရှိသူ များကိုလည်း အမေရိကန် အစိုးရမှ ခေါ်ယူကာ အစိုးရ အတွက် အလုပ်လုပ်စေပြီး အစိုးရ အရာရှိများ အဖြစ် ခန့်အပ်လေ့ ရှိပေသည်။

အကြံပေး ဆိုသည်မှာ ထို နိုင်ငံရေး လည်ပေါက်တံခါး အတွင်းမှ အရေးကြီးသော ရာထူး တစ်ခု ပင် ဖြစ်လေသည်။

ထို ရာထူး သည် အတိအကျ မည်သည့် အလုပ်ကို လုပ်ရသနည်း ဆိုသည်ကို မည်သူကမျှ ရှင်းလင်းစွာ မပြောပြနိုင်ချေ။ သို့သော် လူတိုင်း သိထားသည့် အချက်မှာ အကြံပေးကို ငှားရမ်းသူသည် အကြံပေးအား လစာငွေ အမြောက်အမြား မဖြစ်မနေ ပေးချေရမည် ဟူသောအချက် ပင် ဖြစ်လေသည်။

သေချာသည်မှာ ဘရိုဆန်၏ လုံခြုံရေး အကြံပေး ရာထူးမှာ နိုင်ငံရေး လည်ပေါက်တံခါး အဆင့်အထိ သေချာပေါက် ရောက်ရှိနိုင်မည် မဟုတ်ပေ။ သို့သော် သူသာ လုံခြုံရေး အကြံပေး ဖြစ်လာပါက ဘဏ်များထံမှ အကြံပေးခ ကို သေချာပေါက် ရရှိမည် ဖြစ်ချေသည်။

ဤနေရာသို့ တွေးမိသွားသောအခါ ရိုအန်က အနည်းငယ် ရိပ်မိသွားပြီး ဗီရိုနီးစ်ကို ခေါင်းမော့ကြည့်လိုက်၏။

ဗီရိုနီးစ်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး အေးအေးဆေးဆေးပင် ဆက်လက် စကားဆိုလေသည်။

"ဒါပေမဲ့ သတ်မှတ် ထားတဲ့ အချိန် အတွင်း ဘရိုဆန် ဟာ အမှု ကို အောင်မြင်စွာ မဖော်ထုတ် နိုင်ခဲ့ဘူး... အဲ့ဒါကြောင့် လုံခြုံရေး အကြံပေး ဆိုတဲ့ အလုပ် ကိုလည်း ဘရိုဆန် ရမသွား ခဲ့ဘူး... ဒါပေမဲ့ ဘဏ် တွေ ဘက်က ဒီ စာချုပ် ကို ပြန်မသိမ်း သွားဘဲ... ဘယ်သူ ကများ ဒီ အမှု ကို ဖော်ထုတ် နိုင်မလဲ ဆိုတာ ကို စောင့်ကြည့် ပြီးတော့... အဲ့ဒီ လူ ကို လုံခြုံရေး အကြံပေး အဖြစ် ခန့်အပ် ဖို့ ဆုံးဖြတ် ခဲ့ကြတယ်... အခု ဒီ အမှု ကို မင်း က ဖော်ထုတ် နိုင်ခဲ့ပြီ ဆိုတော့... ဒီ အကြံပေး ရာထူး က သဘာဝကျကျ ပဲ မင်း ပိုင်ဆိုင် တဲ့ အရာ ဖြစ်လာတာပေါ့..."

ဗီရိုနီးစ်၏ စကားကို ကြားလိုက်ရသောအခါ ရိုအန်၏ မျက်လုံးများ ချက်ချင်း အရောင်တောက်သွားတော့သည်။ နှုတ်ခမ်းကို သပ်လိုက်ပြီး ပြုံးလျက် စကားဆိုလေသည်။

"ခေါင်းဆောင် ရဲ့ ထောက်ခံ အားပေး မှု အတွက် အရမ်း ကို ကျေးဇူးတင်ပါတယ်..."

ဗီရိုနီးစ်၏ နှုတ်ခမ်းထောင့်များ မသိမသာ ကွေးတက်သွားပြီး အကြမ်းဖျင်း မှာကြားချက် အချို့ကို ပြောဆိုလိုက်၏။ ရိုအန်အား ဤစာရွက်စာတမ်းကို သေချာစွာ သိမ်းဆည်းထားရန်နှင့် နောက်ပိုင်း ဘဏ်မှ ဆုကြေးငွေများ ပေးချေသည့်အခါ ဤစာချုပ်ကို လာရောက် လက်မှတ်ရေးထိုးမည့်သူ ရှိလာမည် ဖြစ်ကြောင်း အသိပေးလိုက်လေသည်။

ထို့နောက် ဗီရိုနီးစ်က လက်ယမ်းပြကာ ရိုအန်အား သူမ၏ ရုံးခန်းအတွင်းမှ ထွက်ခွာနိုင်ပြီ ဖြစ်ကြောင်း အချက်ပြလိုက်ပေသည်။ သူမ အနေဖြင့် ကွင်းဆက် ဘဏ်ဓားပြတိုက်မှုကြီးကို ဖော်ထုတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း အထူးကိုယ်စားလှယ် ဌာနမှူး ကော်ဘတ်ထံသို့ ယခုပင် သွားရောက် အစီရင်ခံရမည် ဖြစ်လေသည်။

အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ပြန်ရောက်လာသောအခါ ခေါင်းဆောင် သြဂတ်စ်သည် ရက်ဒ်နှင့် လေစီတို့ကို ခေါ်ဆောင်ကာ အစည်းအဝေးခန်း အတွင်းသို့ သွားရောက်ရန် ပြင်ဆင်နေလေသည်။ မနက်ဖြန် ကယ်လီဖိုးနီးယား ပြည်နယ်သို့ သွားရောက်ပြီးနောက် ဒေသခံ အက်ဖ်ဘီအိုင် ဌာန အချို့နှင့် ချိတ်ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို စီစဉ် ညွှန်ကြားရန် ပင် ဖြစ်ပေသည်။

"ခေါင်းဆောင်... ဒီ စစ်ဆင်ရေး မှာ ကျွန်တော် လည်း ပါဝင် ချင်ပါတယ်..."

ထိုသတင်းကို ကြားလိုက်ရသောအခါ ရိုအန်က မိမိ၏ အလုပ်ခုံပေါ်သို့ ဖိုင်တွဲကို ချက်ချင်း ပစ်တင်လိုက်ပြီး သြဂတ်စ်ကို ပြုံးလျက် စကားဆိုလေသည်။

"ကျွန်တော် ပြည်နယ် ကျော်ပြီး တရားခံ သွားမဖမ်း ဖူးသေးလို့ပါ..."

အက်ဖ်ဘီအိုင် အနေဖြင့် ပြည်နယ်ကျော်၍ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် လူဖမ်းဆီးရမည့် စစ်ဆင်ရေး များနှင့် ပတ်သက်လာပါက ဒေသခံ အထူးစစ်ဆင်ရေး တပ်ဖွဲ့၏ အကူအညီကို ရယူလေ့ ရှိကြပေသည်။ သက်ဆိုင်ရာ သက်သေ အထောက်အထားများ ရှာဖွေရာတွင်လည်း ဒေသခံ မှုခင်း သဲလွန်စ စစ်ဆေးရေး ဌာနမှ ကူညီ ထောက်ပံ့ပေးလေ့ ရှိလေသည်။

ထို့ကြောင့် ရိုအန်တို့ အနေဖြင့် ထိုနေရာသို့ သွားရောက်ကာ စစ်ဆင်ရေးကို ကြီးကြပ်ပေးရန်နှင့် တရားခံ အပါအဝင် သက်ဆိုင်ရာ သက်သေ အထောက်အထား များကို အန္တရာယ် ကင်းကင်းဖြင့် ပြန်လည် သယ်ဆောင်လာရန်သာ တာဝန် ရှိပေသည်။

သေချာသည်မှာ ဓားပြများကို နယူးယောက်သို့ ဖမ်းဆီး ခေါ်ဆောင်လာရာတွင် ရိုအန်၊ ရက်ဒ်နှင့် လေစီ တို့ သုံးဦးတည်း သာ သေချာပေါက် မဟုတ်ချေ။ ဤကဲ့သို့သော အခြေအနေမျိုး အတွက် အက်ဖ်ဘီအိုင် တွင် အထူး လေယာဉ် စီစဉ်ထားရှိပြီး လေယာဉ် အတွင်း၌ သင့်လျော်သော လက်နက်ကိုင် အင်အားများလည်း ပါဝင်လေသည်။

ရိုအန်၏ တောင်းဆိုမှုကို သြဂတ်စ်က စက္ကန့်အနည်းငယ်မျှ စဉ်းစားခန်း ဝင်ပြီးနောက် သဘောတူလိုက်တော့သည်။

အက်ဖ်ဘီအိုင် အတွက်မူ ပြည်နယ်ကျော်၍ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ခြင်းမှာ ပုံမှန် ကိစ္စရပ် တစ်ခုသာ ဖြစ်ပေသည်။ ဤ စစ်ဆင်ရေးမှာ အတော်လေး ရိုးရှင်းပြီး လူဖမ်းရုံသာ ဖြစ်သဖြင့် ရိုအန်ကို ပြည်နယ်ကျော် တရားဥပဒေ စိုးမိုးရေး ၏ အခြေအနေ အတိအကျကို ခံစား သိရှိစေခြင်းကလည်း ကောင်းမွန်လှ၏။ နောင်တစ်ချိန် ဤကဲ့သို့သော အခြေအနေမျိုး နှင့် ရင်ဆိုင်ရပါက သူ၏ စွမ်းဆောင်ရည် ကို ပိုမို တိုးတက်လာစေရန် အထောက်အကူ ပြုနိုင်မည် ဖြစ်လေသည်။

သူတို့ လေးဦးသည် အစည်းအဝေးခန်း အတွင်း၌ အချိန်အတန်ကြာ ဆွေးနွေး တိုင်ပင် ခဲ့ကြလေသည်။ အဓိကအားဖြင့် သြဂတ်စ် က ရှင်းပြနေပြီး ရိုအန်၊ ရက်ဒ်နှင့် လေစီ တို့က နားထောင် နေကြခြင်း ပင် ဖြစ်ချေသည်။

အစည်းအဝေး ပြီးဆုံးသွားသောအခါ ရိုအန်က ခေါင်းဆောင် သြဂတ်စ်၏ ရုံးခန်း အတွင်းသို့ အရင် သွားရောက်လိုက်ပြီး စောစောက နားမလည်ခဲ့သော အသေးစိတ် အချက်အလက် အချို့ကို အကြမ်းဖျင်း မေးမြန်း ဆွေးနွေးလိုက်လေသည်။ ထို့နောက်မှသာ မိမိ၏ အလုပ်ခုံသို့ ပြန်လည် ရောက်ရှိလာတော့၏။

"ရိုအန်..."

မိမိ၏ ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်ပြီး အကြောပင် မဆန့်ရသေးမီ မိုနာက ဟီးဟီးဟားဟား ရယ်မောလိုက်ပြီး ယင်ကောင်များ လက်ပွတ်သကဲ့သို့ လက်နှစ်ဖက်ကို ပွတ်သပ်ကာ အနီးသို့ တိုးကပ်လာချေသည်။

မိုနာ၏ ခေါ်သံကို ကြားလိုက်ရသဖြင့် ရိုအန်က တစ်ဖက်လူကို ချက်ချင်း ခေါင်းစောင်း ကြည့်လိုက်လေသည်။ သို့သော် သူမ၏ ပုံစံကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားပြီး အလိုအလျောက် သိစိတ်ဖြင့် ကုလားထိုင်ကို အနောက်သို့ အနည်းငယ် ဆုတ်လိုက်ကာ စကားဆိုလိုက်ပေသည်။

"မိုနာ... မင်း ဘာလုပ် မလို့လဲ..."

စကားပြောပြီးမှသာ ရိုအန် တစ်ယောက် ရုတ်တရက် သတိဝင်လာလေသည်။

'နေပါဦး... ငါ က ဘာကို ကြောက်စရာ အကြောင်း ရှိလို့လဲ...'

"ဘာ ကိစ္စ မှ မရှိပါဘူး... မေးစရာ မေးခွန်း လေး တစ်ခု ရှိလို့ပါ..."

မိုနာက မျက်နှာပွင့်လန်းစွာ ပြုံးလိုက်ပြီး သူမ၏ ကုလားထိုင်ကို ရိုအန်၏ အနီးသို့ လျင်မြန်စွာ ရွှေ့လိုက်ကာ လေသံတိုးတိုးဖြင့် မေးမြန်းလိုက်ချေသည်။

"ဒီ ဘဏ် ဓားပြတိုက်မှု အမှု ပြီးသွား ရင်... ဆုကြေးငွေ က ဘယ်လောက် ရမလဲ..."

ရိုအန်က မိုနာကို တစ်ချက် စွေကြည့်လိုက်ပြီး ဖုံးကွယ်ထားခြင်း မရှိဘဲ ခြောက်သိန်း ဟူသော ကိန်းဂဏန်းကို တိုက်ရိုက်ပင် ပြောပြလိုက်လေသည်။

"ဘာ..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ မိုနာ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ပါးစပ်ကို အုပ်ကာ အံ့ဩတကြီး ရေရွတ်လိုက်ပေသည်။

"ဘဏ် တစ်ခု တည်း ကနေ ခြောက်သိန်း တောင် ရမှာလား..."

"ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ... ဘဏ် တစ်ခု ကို တစ်သိန်း နဲ့... ဘဏ် ခြောက်ခု ပေါင်းမှ ခြောက်သိန်း ရမှာပါ..."

ရိုအန်က မျက်လုံးလှန်ပြလိုက်လေသည်။

"အဲ့ဒီ ဘဏ် တွေရဲ့ အခြေအနေ ကို မင်း မသိလို့လား... တစ်သိန်း ဆိုတာ တောင် သူတို့ အသား ကို လှီးဖြတ် ယူနေရ သလိုပဲ..."

"အဲ့ဒါ လည်း မနည်းတော့ ပါဘူး..."

“ဟီးဟီ….”

ထိုစကားကို ကြားလိုက်ရသောအခါ မိုနာက ဟီးဟီးဟားဟား ပြုံးလိုက်လေသည်။ ဘယ်နေရာမှန်း မသိသော နေရာမှ ဂဏန်းတွက်စက် တစ်လုံးကို ထုတ်ယူလာပြီး တဂျောက်ဂျောက် မြည်အောင် စတင် တွက်ချက် နေတော့ချေသည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ နှုတ်ခမ်းထောင့်များ တဆတ်ဆတ် တုန်ခါသွားရပေသည်။

'မိုနာ တစ်ယောက် ဒီလောက် တောင် ငွေလို နေတာလား...'

မကြာမီမှာပင် အလုပ်ဆင်းချိန်သို့ ရောက်ရှိလာပြန်လေသည်။

မနက်ဖြန် ခရီးထွက်ရမည့် အကြောင်းရင်းကြောင့် လေစီ တစ်ယောက် ရှားရှားပါးပါး တည်ငြိမ် သွားခဲ့လေသည်။ ညဘက်တွင် အရက်ဘားများသို့ သွားရောက် အပျော်ရှာခြင်း မပြုတော့ဘဲ အိမ်သို့ ပြန်ကာ တစ်ညတာ ကောင်းစွာ အနားယူခဲ့ချေသည်။

ရက်ဒ် မှာလည်း ယခင်အတိုင်းပင် ဇနီးနှင့် ကလေးများရှိရာ အိမ်သို့ ပြန်သွားခဲ့လေသည်။ ရိုအန် တစ်ယောက် မိုနာ၏ အိမ်သို့ သွားရောက်ကာ ထမင်း အလကား ဝင်စားရန် စိတ်ကူးခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

နောက်တစ်နေ့ နံနက်စောစောတွင် ရိုအန်တို့ သုံးဦးသည် အက်ဖ်ဘီအိုင်၏ အထူး လေယာဉ်ကို စီးနင်းကာ ဖက်ဒရယ် တိုက်ကြီး၏ အခြား တစ်ဖက်စွန်းတွင် ရှိသော ကယ်လီဖိုးနီးယား ပြည်နယ်သို့ ထွက်ခွာသွားကြလေသည်။

၆ နာရီ ကြာပြီးနောက် သူတို့ သုံးဦးသည် ကယ်လီဖိုးနီးယား ပြည်နယ်သို့ အောင်မြင်စွာ ရောက်ရှိသွားကြလေသည်။ ဒေသခံ အက်ဖ်ဘီအိုင် ဌာနများနှင့် ချိတ်ဆက်မှု အပြီးသတ်ပြီးနောက် ပစ်မှတ် သုံးဦး ရှိရာသို့ တိုက်ရိုက် ဦးတည် သွားကြတော့ချေသည်။

ရိုအန်က အထူးစစ်ဆင်ရေး တပ်ဖွဲ့ကို ခေါ်ဆောင်ကာ ပင်လယ်ပြင်ပေါ်တွင် မျောပါနေသော ဟိုဆေး ထံသို့ တိုက်ရိုက် ဦးတည်သွားလေသည်။ ရက်ဒ် ကလည်း အခြား အထူးစစ်ဆင်ရေး တပ်ဖွဲ့ တစ်ဖွဲ့ကို ခေါ်ဆောင်ကာ အိုင်ဇက် နေထိုင်ရာ စံအိမ်ဆီသို့ သွားရောက်ခဲ့ပေသည်။

လေစီ၏ ပစ်မှတ်မှာ ရွှေရောင်အလင်း ရုပ်ရှင် ကုမ္ပဏီ သူဌေး ဟင်နရီ မစ်ချယ် ပင် ဖြစ်လေသည်။ ထို့ကြောင့် သူမသည် အထူးစစ်ဆင်ရေး တပ်ဖွဲ့ကို မခေါ်ဆောင်တော့ဘဲ ဒေသခံ အက်ဖ်ဘီအိုင် ၏ စီးပွားရေး မှုခင်းများကို တာဝန်ယူရသော ဌာနကို ခေါ်ဆောင်ကာ ရွှေရောင်အလင်း ရုပ်ရှင် ကုမ္ပဏီ အတွင်းသို့ ဝင်ရောက် စီးနင်းခဲ့လေသည်။

ရိုအန်နှင့် ရက်ဒ် တို့၏ စစ်ဆင်ရေးမှာ အလွန် ချောမွေ့လှပေသည်။ ဇိမ်ခံ သင်္ဘောပေါ်ရှိ ဟိုဆေး မှာ ပင်လယ်ထဲသို့ ခုန်ချကာ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရိုအန်က ပေါင်ကို သေနတ်ဖြင့် တစ်ချက် ပစ်ခတ်လိုက်သဖြင့် ဇိမ်ခံ သင်္ဘော၏ အစွန်းနှင့် နဖူး တိုက်မိကာ သတိလစ် မေ့မြော သွားခဲ့ချေသည်။

စံအိမ် အတွင်း၌ လူအများအပြား ပါဝင်သော လိင်ပိုင်းဆိုင်ရာ အပျော်အပါး ပွဲများကို ကျင်းပနေသည့် အိုင်ဇက် မှာလည်း ရုတ်တရက် ဝင်ရောက်လာသော ရက်ဒ် တို့အဖွဲ့ကြောင့် လန့်ဖျပ်သွားပြီး ခန္ဓာကိုယ် တစ်ချက် တုန်ယင်သွားကာ အားလုံးကို ဝန်ခံသွားတော့လေသည်။

ထိုကိစ္စများ ပြီးစီးသွားပြီးနောက် သူတို့ နှစ်ဦး၏ နေအိမ်များကို သေချာစွာ ဝင်ရောက် ရှာဖွေရာတွင် ရှင်းလင်း ဖျောက်ဖျက် ရန် ကျန်ရှိနေသေးသော အမေရိကန် ဒေါ်လာ အချို့ကို အက်ဖ်ဘီအိုင် တို့ ရှာဖွေ တွေ့ရှိခဲ့ကြပေသည်။

ယခုအခါ လူသက်သေ နှင့် သက်သေခံ ပစ္စည်းများ အားလုံး ပြည့်စုံသွားပြီ ဖြစ်လေသည်။ ရိုအန်နှင့် ရက်ဒ် တို့သည် သက်ဆိုင်ရာ သက်သေ အထောက်အထားများကို စနစ်တကျ စီမံ ခန့်ခွဲပြီးနောက် နောက်တစ်နေ့တွင် ထိုလူနှစ်ဦးကို အက်ဖ်ဘီအိုင် ၏ တရားခံများ ဖမ်းဆီး ခေါ်ဆောင်ရာ အထူး လေယာဉ် အတွင်းသို့ တိုက်ရိုက် ပစ်ထည့်လိုက်ကြတော့၏။

ရွှေရောင်အလင်း ရုပ်ရှင် ကုမ္ပဏီ ဘက်ရှိ အခြေအနေများမှာမူ အနည်းငယ် ရှုပ်ထွေးနေလေသည်။ စာရင်းဇယား များကို အချိန်တို အတွင်း စစ်ဆေး ရှင်းလင်း၍ မရနိုင်သဖြင့် ရိုအန်နှင့် ရက်ဒ် တို့မှာ တတ်နိုင်သည့် နည်းလမ်း မရှိတော့ဘဲ နယူးယောက်သို့ အရင် ပြန်လာခဲ့ကြရပေသည်။

သို့သော် မည်သို့ပင် ဆိုစေကာမူ ဤ ဘဏ် ဓားပြတိုက်မှု ကြီးမှာ ဤနေရာတွင် လုံးဝ အပြီးသတ် ပြီးဆုံးသွားပြီ ပင် ဖြစ်လေသည်။ သြဂတ်စ် ကလည်း ကတိဖျက်ခြင်း မရှိဘဲ လာမည့် တနင်္လာနေ့တွင် အားလုံးကို အနားယူခွင့် ပေးပြီး အင်္ဂါနေ့ ကျမှသာ အလုပ်ဆင်းရန် နေရာတွင်ပင် ကြေညာလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်..."

အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံထောက်များ အားလုံး အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကြပြီး သြဂတ်စ် နှင့် ရိုအန် တို့ကို ရူးသွပ်မတတ် လက်ခုပ်တီး အားပေးကြတော့ချေသည်။

ဤကိစ္စကို ကြားသိလိုက်ရပြီးနောက် အမှတ် တစ်ဆယ့်လေး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ မက်သရူး ၏ လက်သီးနှစ်ဖက် တင်းတင်းဆုပ် ထားမိပြီး မျက်လုံးများ နီရဲ သွားတော့လေသည်။

အထူးကိုယ်စားလှယ် ဌာနမှူး ကော်ဘတ် သည် ရုံးခန်း အတွင်း၌ ထိုင်လျက် ထိုနေ့က သူ၏ တောင်းဆိုချက် အရ ဗီရိုနီးစ် တင်ပြလာသော စာသားများဖြင့် ရေးသားထားသည့် အမှု ဆိုင်ရာ အစီရင်ခံစာ ကို ကြည့်ရှုရင်း မျက်ခုံးများ တစ်ချက် ပင့်တက်သွားပေသည်။

အချိန်အတန်ကြာ စဉ်းစားခန်း ဝင်ပြီးနောက် ရိုအန်၏ နာမည် ပေါ်တွင် အမှန်ခြစ် လေး တစ်ခုကို ဖြည်းညင်းစွာ ခြစ်လိုက်တော့လေသည်။

All Chapters