အခန်း ၁၁၀
Vol. 11 Ch. 110
(အခန်း) ၁၁၀ ရတနာသေတ္တာနှင့် အမှုသစ် ပေါ်ပေါက်လာခြင်း
တနင်္ဂနွေနေ့ ညပိုင်း တွေ့ဆုံပွဲ ပြီးဆုံးသွားပြီးနောက် လူ ၅ ဦးစလုံး ကိုယ်စီ အိမ်သို့ အသီးသီး ပြန်သွားကြလေသည်။
ပြီးခဲ့သည့် နေ့ရက်များအတွင်း ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များအပေါ် စနစ်မှ ရိုအန်အား အကဲဖြတ်ပေးရာတွင် အထူးကောင်းမွန်သောအဆင့် ရှိသလို ကောင်းမွန်သောအဆင့်လည်း ရှိပေသည်။
ဘဏ်ဓားပြများကို ဖမ်းဆီးနိုင်ခဲ့သော ထိုညက စနစ်မှ ပေးအပ်သော အကဲဖြတ်မှုမှာ အထူးကောင်းမွန်သောအဆင့် ဖြစ်၏။
ရတနာသေတ္တာကို ဖွင့်လိုက်ချိန်တွင် ခွန်အားတိုး ဆေးရည် ၂ ပုလင်း ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် ရိုအန် အမြဲတမ်း တောင့်တနေခဲ့သော သွေးတိတ်ဆေးရည် ၂ ပုလင်းပါ ထွက်ပေါ်လာခဲ့ချေသည်။
ယခုအချိန်တွင် ရိုအန်၏ စနစ် သိုလှောင်ခန်း ကဏ္ဍထဲ၌ ခွန်အားတိုး ဆေးရည် ၈ ပုလင်း၊ ညကြည့် ဆေးရည် ၄ ပုလင်း၊ အဆိပ်ဖြေဆေးရည် ၂ ပုလင်း၊ သွေးတိတ်ဆေးရည် ၂ ပုလင်း၊ အင်အားတိုး ဆေးရည် ၂ ပုလင်း၊ အားနည်းစေသော ဆေးရည် တစ်ပုလင်း၊ အိပ်ဆေးရည် တစ်ပုလင်း၊ ရေအောက်အသက်ရှူဆေးရည် တစ်ပုလင်းနှင့် မီးခံ ဆေးရည် တစ်ပုလင်း တို့ ရှိနေလေသည်။
သွေးတိတ်ဆေးရည်များ ပြန်လည် ထွက်ပေါ်လာခြင်းက ရိုအန်အား အလွန်အမင်း စိတ်လှုပ်ရှားသွားစေပေသည်။ အဘယ်ကြောင့်ဆိုသော် သွေးတိတ်ဆေးရည်သည် အသက်အန္တရာယ်နှင့် ကြုံတွေ့ရသည့် အရေးကြီးသော အချိန်များတွင် အသက်ကယ်တင်ပေးနိုင်သော အရာဖြစ်သောကြောင့်ပင် တည်း။
သို့သော် ရိုအန် လုံးဝ မျှော်လင့်မထားမိသောအရာမှာ တနင်္ဂနွေနေ့ ညပိုင်း ညစာစားပွဲ ပြီးဆုံးသွားချိန်တွင် စနစ်မှ ပေးအပ်သော အကဲဖြတ်မှုမှာ ကောင်းမွန်သောအဆင့် ဖြစ်နေပြီး အမေရိကန်ဒေါ်လာ ၅၀ တန် တစ်ရွက်နှင့် ၁၀၀ တန် ၂ ရွက် ထွက်ပေါ်လာခြင်းပင် ဖြစ်လေသည်။
လက်ထဲရှိ အမေရိကန်ဒေါ်လာ ၂၅၀ ကို ကြည့်ကာ ရိုအန် တစ်ယောက် နက်ရှိုင်းသော စဉ်းစားခန်းထဲသို့ ကျရောက်သွားချေသည်။
ပထမဆုံး အနေဖြင့် သေချာသည့် အချက် တစ်ချက်မှာ ဒေါ်လာ ၂၅၀ ဆိုသည်က စနစ်မှ ရိုအန်အား ဆဲဆိုနေခြင်းတော့ သေချာပေါက် မဟုတ်နိုင်ပေ။
သို့တိုင်အောင် ရတနာသေတ္တာထဲမှ မည်သည့်အကြောင်းကြောင့် အမေရိကန်ဒေါ်လာများ ထပ်မံ ထွက်ပေါ်လာရသနည်း ဆိုသည်ကို ရိုအန် နားမလည်နိုင်အောင် ဖြစ်နေမိ၏။
စနစ်ကို စတင် ရရှိခဲ့သည့် အချိန်က ရတနာသေတ္တာထဲမှ ၂၀ တန် တစ်ရွက်နှင့် ၅၀ တန် တစ်ရွက် ထွက်ပေါ်လာခဲ့ပြီးနောက်ပိုင်း ပြီးခဲ့သည့် ရက်များအတွင်း စနစ်မှ ရိုအန်အပေါ် မည်သို့ပင် အကဲဖြတ်စေကာမူ နောက်ဆုံး ဆုလာဘ်မှာ ဆေးရည်များသာ ဖြစ်ခဲ့လေသည်။
'ဒီည ငါ ပိုက်ဆံ သုံးလိုက်လို့များလား...'
ဦးနှောက်ထဲတွင် ထိုအတွေး ပေါ်ထွက်လာပြီး မကြာမီမှာပင် ရိုအန်က ထိုအတွေးကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လိုက်ချေသည်။
ယခင် နေ့ရက်များကလည်း ရိုအန် အနေဖြင့် နေ့စဉ် ပိုက်ဆံ သုံးစွဲခဲ့သည်သာ ဖြစ်သဖြင့် ရတနာသေတ္တာထဲမှ အမေရိကန်ဒေါ်လာများ ပြန်လည် ထွက်ပေါ်လာရခြင်းမှာ ထိုအကြောင်းရင်းကြောင့် လုံးဝ မဖြစ်နိုင်ပေ။
ထို့နောက် ယနေ့ညတွင် ရိုအန်က သြဂတ်စ်အား အရက်တိုက်လိုက်သောကြောင့်များလား ဟု ထပ်မံ မှန်းဆကြည့်မိလေသည်။
သို့သော် စက္ကန့်အနည်းငယ်ခန့် တွေးတောပြီးနောက် ရိုအန်က ထိုအတွေးကိုလည်း ဖယ်ရှားလိုက်ပြန်၏။
အခြားသူကို အရက်တိုက်ရုံမျှဖြင့် ရတနာသေတ္တာထဲမှ အမေရိကန်ဒေါ်လာများ ထွက်လာမည် ဆိုပါလျှင် ယုတ္တိမတန်လှပေ။ ဦးနှောက်ထဲရှိ စနစ်မှာ အပြင်ပန်းကြည့်လျှင်သာ ရိုးရှင်းနေသော်လည်း အတွင်းပိုင်း ယုတ္တိဗေဒ ဆင်ခြင်မှုများမှာ အလွန် ချောမွေ့သဖြင့် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သော အခြေအနေမျိုး လုံးဝ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ချေ။
နောက်ဆုံးတွင် ရိုအန်က အကြည့်များကို ဘေးနားရှိ ပြက္ခဒိန်ပေါ်သို့ လွှဲပြောင်းလိုက်လေသည်။
'ငါ ဒီကမ္ဘာကို ကူးပြောင်းလာပြီး စနစ်ကို စတင် ရရှိခဲ့တဲ့ ပထမဆုံးနေ့ကနေ တွက်ရင်... ဒီနေ့က အတိအကျ ၁၅ ရက်မြောက်နေ့ပဲ...'
ရိုအန်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပေသည်။ အကယ်၍ စနစ်၏ ရတနာသေတ္တာသည် ၁၅ ရက်လျှင် တစ်ကြိမ် အမေရိကန်ဒေါ်လာများ ထုတ်ပေးတတ်သည် ဆိုပါက ယခုအခြေအနေမှာ ယုတ္တိတန်သော အကြောင်းပြချက် တစ်ခု ရှိသွားပြီ ဖြစ်လေသည်။
ထိုအချက်ကို တွေးမိသွားသောအခါ ရိုအန်က ပြက္ခဒိန်ပေါ်တွင် အဝိုင်း တစ်ခုကို ပြတ်ပြတ်သားသား တားလိုက်ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
"နောက်ထပ် ၁၄ ရက် နေရင် စနစ် ရဲ့ ရတနာသေတ္တာထဲကနေ ဘာတွေ ထွက်လာမလဲ ဆိုတာကို စောင့်ကြည့်ရဦးမယ်..."
တနင်္လာနေ့မှာ ရုံးပိတ်ရက် ဖြစ်သဖြင့် ရိုအန် တစ်ယောက် တစ်နေ့တာလုံး ဂရင်းဝစ်ချ် ရပ်ကွက်ရှိ တိုက်ခန်းငယ်လေးတွင် ပြင်ဆင်ရေး ကုမ္ပဏီမှ အလုပ်လုပ်နေသည်ကို ကြီးကြပ်နေခဲ့လေသည်။
တာဝန်ခံ၏ ပြောကြားချက်အရ နောက်ထပ် ရက် ၃၀ အကြာတွင် ဤတိုက်ခန်းငယ်လေးမှာ လုံးဝ ပြင်ဆင် ပြီးစီးသွားမည်ဟု ခန့်မှန်းရပေသည်။
ထိုနေ့ ညပိုင်းတွင် စနစ်မှ ရိုအန်အား အကဲဖြတ်ပေးရာ၌ အောင်မြင်သောအဆင့် ဖြစ်ပြီး ခွန်အားတိုး ဆေးရည် ၂ ပုလင်း ထွက်ပေါ်လာကာ အမေရိကန်ဒေါ်လာများ ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ချေ။
ရိုအန် ခေါင်းညိတ်လိုက်လေသည်။ နောက်ထပ် ၁၄ ရက် အကြာတွင် မိမိ၏ မှန်းဆချက် မှန်မမှန် ဆိုသည်ကို သိရှိရတော့မည် ဖြစ်၏။
အင်္ဂါနေ့ ဂျေးကော့ ဖက်ဒရယ် ရုံးအဆောက်အအုံ။
"မင်္ဂလာနံနက်ခင်းပါ ရိုအန်..."
ကားပါကင် အတွင်း၌ ရိုအန် တစ်ယောက် ရှက်ဗရိုလက် ကားထဲမှ ထွက်လာချိန်တွင် ရက်ဒ် ကလည်း ကားမောင်း၍ ဤနေရာသို့ ရောက်ရှိလာလေသည်။
"မင်္ဂလာနံနက်ခင်းပါ ရက်ဒ်... ငါ့ ဘေးနားမှာ နေရာလွတ် တစ်ခု ရှိသေးတယ်..."
ရိုအန် က လက်ယမ်းပြကာ နှုတ်ဆက်လိုက်ပြီး ရက်ဒ် ၏ ကားကို ရှက်ဗရိုလက်၏ ဘေးတွင် ရပ်ရန် အချက်ပြလိုက်၏။ ထို့နောက် သူတို့ ၂ ဦး ဖက်ဒရယ် ရုံးအဆောက်အအုံ အတွင်းသို့ အတူတကွ ဝင်ရောက်လာခဲ့ကြလေသည်။
"ရက်ဒ်... မင်း ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေ က သိပ်မကောင်းဘူး လို့ ငါ ခံစားနေရတယ်..."
ဓာတ်လှေကား အတွင်း၌ ရက်ဒ် တစ်ယောက် မကြာခဏ သမ်းဝေနေသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားပေသည်။
"မနေ့ညက သေချာ မနားလိုက်ရဘူးလား..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ ရက်ဒ် က နောက်တစ်ကြိမ် ထပ်၍ သမ်းဝေလိုက်ပြီး စကားဆိုလေသည်။
"မနေ့ညက အိပ်တာ နည်းနည်း နောက်ကျသွားလို့ပါ..."
"ကောင်းပြီလေ..."
ရက်ဒ် အနေဖြင့် ဆက်လက် ရှင်းပြလိုသော ဆန္ဒမရှိသည်ကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ကလည်း ဆက်လက် မေးမြန်းခြင်း မပြုတော့ပေ။ ဓာတ်လှေကား တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် သူတို့ ၂ ဦး အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ရုံးခန်း အတွင်းသို့ အတူတကွ ဝင်ရောက်သွားကြလေသည်။
ထို့နောက် ရိုအန် အံ့အားသင့်သွားရသောအရာမှာ ယခင် နေ့ရက်များက နံနက်ခင်းတိုင်း စားပွဲပေါ်တွင် မှောက်အိပ်လေ့ရှိသော လေစီ မှာ ယနေ့တွင် လန်းဆန်းတက်ကြွစွာဖြင့် သူမ၏ အလုပ်ခုံတွင် ထိုင်ကာ ကွန်ပျူတာ ကီးဘုတ်ကို တဖျပ်ဖျပ် ရိုက်နှိပ်နေခြင်းပင် ဖြစ်ချေသည်။
မိမိ၏ အလုပ်ခုံတွင် ဝင်ထိုင်ကာ အိပ်မောကျသွားတော့မည့် ရက်ဒ် ကို တစ်လှည့်၊ အားအင်အပြည့်ဖြင့် လန်းဆန်းနေသော လေစီ ကို တစ်လှည့် ကြည့်ပြီးနောက် ရိုအန်၏ မျက်ခုံးများ တစ်ချက် ပင့်တက်သွားရလေသည်။
'ဒီလူ ၂ ယောက်... ဝိညာဉ်တွေများ လဲလှယ်ထားကြသလား...'
"မင်္ဂလာနံနက်ခင်းပါ ရိုအန်..."
ရုံးခန်း အတွင်းသို့ ဝင်ရောက်လာသော ရိုအန် ကို မြင်တွေ့လိုက်ရသောအခါ လေစီ က ခေါင်းမော့ကာ နှုတ်ဆက်လိုက်၏။
ထို့နောက် ရိုအန် ပြန်လည် ဖြေကြားခြင်းကို မစောင့်တော့ဘဲ လေစီ က သူမ လက်ထဲရှိ လက်ပ်တော့ကွန်ပျူတာကို ရိုအန် အား ပြသလိုက်ပြီး မေးမြန်းလိုက်ချေသည်။
"ဖရက်ဒီ ဆီကနေ တစ်ဆင့် ငါတို့ ရှာတွေ့ခဲ့တဲ့ အလိုရှိနေတဲ့ တရားခံပြေး ကို မှတ်မိသေးလား..."
"သေချာတာပေါ့..."
ရိုအန် ခေါင်းညိတ်လိုက်လေသည်။ ဖရက်ဒီ ဆိုသည်မှာ ယခင်က သူ၏ စကိတ်ဘုတ်ဖြင့် ရိုက်နှက်ခြင်းကို ခံခဲ့ရသော ကံဆိုးမိုးမှောင်ကျသူ ပင် ဖြစ်၏။
ထိုသူမှာ ဘဏ်ဓားပြ မဟုတ်သော်လည်း တစ်စုံတစ်ဦးက ဗုံးပြုလုပ်ရန် သူ့ကို ဆက်သွယ်ခဲ့ဖူးလေသည်။
အမှု ပြီးဆုံးသွားပြီးနောက် ရိုအန် က ဖရက်ဒီ ပြောပြခဲ့သော အချက်အလက်များကို ကွန်ပျူတာထဲသို့ ရိုက်ထည့်ကြည့်ရာ ဗုံးပြုလုပ်ရန် လာရောက် ငှားရမ်းသူမှာ အက်ဖ်ဘီအိုင် ၏ သတင်းအချက်အလက် သိုလှောင်ရုံ အတွင်း၌ မှတ်တမ်းတင်ထားသော တရားခံပြေး တစ်ဦး ဖြစ်နေကြောင်း ရှာဖွေတွေ့ရှိခဲ့ပေသည်။
သြဂဒန် စကော့... ဖမ်းဆီးနိုင်ပါက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၄ သိန်း သတ်မှတ်ထားသူ ဖြစ်လေသည်။
"မနေ့ညက ငါ အပြင်ထွက်ပြီး ကစားတဲ့ အချိန်တုန်းက... မြေအောက် ကလပ် တစ်ခု ထဲမှာ သြဂဒန် နဲ့ အရမ်း တူတဲ့ လူ တစ်ယောက် ကို တွေ့ခဲ့တယ်..."
လေစီ ၏ စကားကို ကြားလိုက်ရသောအခါ ရိုအန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မေးမြန်းလိုက်ချေသည်။
"တကယ်ကြီး သြဂဒန် ဟုတ်လို့လား..."
"မနေ့ကတော့ ငါ လည်း သေချာ မပြောနိုင်ခဲ့ဘူး... ဒါပေမဲ့ အခုတော့ အဲ့ဒီလူ ဟာ သူ တကယ် ဖြစ်တယ် ဆိုတာ ငါ အသေအချာ အတည်ပြုနိုင်ပြီ..."
ရိုအန်၏ မျက်နှာပေါ်ရှိ အမူအရာကို မြင်တွေ့လိုက်ရသောအခါ လေစီ က လက် ၂ ဖက်ကို ဖြန့်ကားလိုက်ပြီး ရှင်းပြလေသည်။
"မနေ့ညက ငါ အဲ့ဒီကို သွားကတဲ့ အချိန်တုန်းက လူဖြူ တစ်ယောက် က လူ တစ်အုပ် ကို ခေါ်ပြီး ကလပ် ရဲ့ အတွင်းပိုင်း ထဲကနေ ထွက်လာတာကို တွေ့လိုက်ရတယ်..."
"အဲ့ဒီအချိန် တုန်းက မီးရောင် တွေက အရမ်း စူးလွန်းနေတော့... အရှေ့ဆုံး က လျှောက်လာတဲ့ လူ ကို မျက်မှန်းတန်း မိသလိုပဲ လို့ ခံစားလိုက်ရတယ်... ဒါပေမဲ့ ဘယ်နေရာ မှာ မြင်ဖူးခဲ့လဲ ဆိုတာကိုတော့ စဉ်းစား လို့ မရခဲ့ဘူး..."
"တစ်ဖက်လူ အဲ့ဒီ နေရာ ကနေ ထွက်သွား တဲ့ အချိန် ကျမှ ငါ ရုတ်တရက် သတိရသွားတာ... အရင်က မင်း ရဲ့ ကွန်ပျူတာ ထဲမှာ သူ့ ရဲ့ ဓာတ်ပုံ ကို မြင်ဖူး ခဲ့တယ် ဆိုတာကို လေ..."
"ဒါပေမဲ့ ငါ အပြင်ဘက် ကို ပြေးထွက် သွားတဲ့ အချိန် မှာတော့ သြဂဒန် တို့ လူစု က ကားမောင်း ပြီး ကလပ် ကနေ ထွက်သွား ကြပြီ... ငါ တစ်လှမ်း နောက်ကျ သွားခဲ့တယ်..."
"ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မနေပါနဲ့ လေစီ... ဒါက မင်း အပြစ် မှ မဟုတ်တာ... ကလပ် ထဲက မီးရောင် တွေ အရမ်း စူးနေတဲ့ အချိန် မျိုးမှာ သြဂဒန် ရဲ့ မျက်နှာ ကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ ဆိုတာ လုံလောက်တဲ့ အခက်အခဲ တစ်ခု ပဲလေ..."
ရိုအန် က လေစီ ၏ ပခုံးကို ပုတ်ပေးလိုက်လေသည်။ ဤကိစ္စမှာ သေချာပေါက် လေစီ ၏ အမှား မဟုတ်ပေ။
လေစီ က ပခုံးတွန့်လိုက်ပြီး အပိုစကားများ ဆက်မပြောတော့ဘဲ ကွန်ပျူတာထဲရှိ အချက်အလက်များကို လက်ညှိုးထိုးပြကာ ဆက်လက် စကားဆိုလိုက်၏။
"ဒါပေမဲ့ ကံကောင်း တာ တစ်ခု ကတော့ မနေ့ညက သြဂဒန် တို့ စီးသွားတဲ့ ကား ရဲ့ နံပါတ်ပြား ကို ငါ စုံစမ်း နိုင်ခဲ့တယ်... ကား နံပါတ်ပြား နဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်း တွေ ကို အခြေခံ ပြီး... သူတို့ အခု လက်ရှိ ရှိနေတဲ့ နေရာ ကို ငါ စောစောကလေး တင် ရှာတွေ့ သွားခဲ့ပြီ..."
လက်ပ်တော့ကွန်ပျူတာ ထဲရှိ လိပ်စာနှင့် ဓာတ်ပုံများကို မြင်တွေ့လိုက်ရသောအခါ ရိုအန် ပါးစပ်ကြီးဖြဲ၍ ပြုံးလိုက်လေသည်။ တစ်စုံတစ်ခု ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် သြဂတ်စ် ၏ ရင်းနှီးကျွမ်းဝင်နေသော အသံကျယ်ကြီးက အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တံခါးဝမှ ထွက်ပေါ်လာချေသည်။
"မင်္ဂလာနံနက်ခင်းပါ... စုံထောက်ကြီး များ နဲ့ အမျိုးသမီး လေးများ ခင်ဗျာ..."
ရိုအန် လှည့်ကြည့်လိုက်သောအခါ သြဂတ်စ် က မိုနာ ကို ခေါ်ဆောင်၍ အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ အတွင်းသို့ နောက်တစ်ကြိမ် အတူတကွ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရပေသည်။
မိုနာ က ရိုအန် ကို နှုတ်ဆက်လိုက်ပြီး လက်ပ်တော့ကွန်ပျူတာ ကို ပိုက်ကာ မိမိ၏ အလုပ်ခုံသို့ ပြန်လည် ဝင်ထိုင်လိုက်၏။ သြဂတ်စ် ကမူ ဖိုင်တွဲ ၂ ခုကို ဆွဲလျက် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ရုံးခန်း၏ အရှေ့ဘက် အကျဆုံး နေရာသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေသည်။
"အားလုံးပဲ ဂုဏ်ယူပါတယ်... ပျော်ရွှင်စရာ ကောင်းတဲ့ ရုံးပိတ်ရက် တွေ ကုန်ဆုံး သွားခဲ့ပါပြီ... ဒီနေ့ မှာ ငါတို့ တွေ အမှုသစ် တစ်ခု ကို ထပ်ပြီး လက်ခံ ရရှိထားတယ်..."
ဖိုင်တွဲများထဲမှ တစ်ခုကို ဝီလျံ ထံသို့ ကမ်းပေးလိုက်ပြီး အတွင်းရှိ အချက်အလက်များကို အားလုံးထံ ဝေငှခိုင်းလိုက်လေသည်။ ထို့နောက် သြဂတ်စ် က အခြား ဖိုင်တွဲ တစ်ခုကို ဖွင့်ကာ အသံကျယ်ကြီးဖြင့် ဖတ်ပြလိုက်ချေသည်။
"ဘရွတ်ကလင်း အထက်ပိုင်း ရပ်ကွက် က အီဗန်ဒါ ဒေးဗစ် ဟာ မနေ့ညက ကံဆိုးမိုးမှောင်ကျ စွာနဲ့ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွား ခဲ့ပြီး ပွဲချင်းပြီး သေဆုံး သွားခဲ့တယ်..."
"ဒီ အမှု ကို နယူးယောက် ရဲတပ်ဖွဲ့ က မတော်တဆ မှု အဖြစ် သတ်မှတ် ထားတယ်... ဒါပေမဲ့ ငါ့ ရဲ့ အထက်လူကြီး ဖြစ်တဲ့ ဌာနခွဲမှူး ဗီရိုနီးစ် က... ဒီ အမှု ရဲ့ ရုပ်အလောင်း စစ်ဆေးချက် မှတ်တမ်း နဲ့ နယူးယောက် ရဲတပ်ဖွဲ့ ရဲ့ အစီရင်ခံစာ အပါအဝင် အားလုံး ကို ငါတို့တွေ အသေးစိတ် စုံစမ်း စစ်ဆေး ဖို့ ညွှန်ကြား ထားတယ်..."
သြဂတ်စ် ၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံထောက်များ အားလုံး မျက်မှောင်များ ပြိုင်တူ ကြုတ်သွားကြလေသည်။ လေစီ က လက်ထောင်ကာ မေးမြန်းလိုက်၏။
"ခေါင်းဆောင်... ယာဉ်တိုက်မှု က ငါတို့ရဲ့ လုပ်ငန်း တာဝန် နယ်ပယ် ထဲမှာ မပါဝင် ဘူး ထင်တယ်..."
"မင်း ပြောတာ မှန်တယ်..."
သြဂတ်စ် ပြန်လည် ဖြေကြားခြင်းကို မစောင့်တော့ဘဲ ဗီရိုနီးစ် ၏ အေးစက်စက် အသံက အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၏ တံခါးပြင်ပမှ ထွက်ပေါ်လာချေသည်။
"မင်္ဂလာပါ ခေါင်းဆောင်..."
ဗီရိုနီးစ် က လက်ယမ်းပြကာ လူတိုင်းအား နှုတ်ဆက် စကားများ ဆက်ပြောနေရန် မလိုတော့ကြောင်း အချက်ပြလိုက်လေသည်။ ထို့နောက် ရုံးခန်း၏ အရှေ့ဘက် အကျဆုံး နေရာသို့ လျှောက်သွားကာ လေးနက် တည်ကြည်သော မျက်နှာထားဖြင့် အားလုံးကို ကြည့်၍ စကားဆိုလိုက်၏။
"ဒါပေမဲ့ ဒီ တစ်ကြိမ် အမိန့် က ဝါရှင်တန် ဌာနချုပ် ကနေ တိုက်ရိုက် ဆင်းလာတာ ဖြစ်ပြီး... အမြင့်ဆုံး ဦးစားပေး အဆင့် သတ်မှတ် ထားတယ်..."
ထိုစကားကို ကြားလိုက်ရသောအခါ အမှတ် ၅ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လူတိုင်း၏ မျက်နှာထားများ ချက်ချင်း လေးနက် တည်ကြည် သွားကြတော့လေသည်။