အပိုင်း(၁၃၁၂)
Vol. 96 Ch. 1312
ထာဝရကလန်၏ မြင့်မြတ်သောအကြီးအကဲဖြစ်သူ ဤအဘိုးအိုသာ သူ့အသိဥာဏ်များ ဆုံးရှုံးသွားတာ မဟုတ်ပေ။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သိန်းနီးပါးမှာလည်း အလားတူ ခံစားရလေသည်။
နေသာသောည၏စွမ်းအားကြောင့် သည်ကျင့်ကြံသူများအားလုံး တုန်လှုပ်ခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် အချိန်စီဆင်းမှုကိုပါ ထပ်မံခံစားလိုက်ရသည့်အခါ သူတို့ကြောက်ရွှံ့မှုမှာ ပြောနေစရာပင် မလိုတော့ပေ။
လူတိုင်းသည် ဝမ်လင်းကို ထိတ်လန့်ခြင်းကြီးစွာ ကြည့်လိုက်ကြ၏။
သူသည် တိုက်ပွဲတစ်ပွဲတည်းဖြင့် ကျော်ကြားလာခဲ့ပေပြီ။
ချက်ခြင်းလိုလို လူတိုင်းသည် မူလကလန်နှင့် မူလကလန်၏လုဇီဟောင်တို့ အကြောင်းကို သိသွားကြပြီ ဖြစ်သည်။
ဖန်ဟိုင်၏စိတ်ထဲရှိ မကျေမနပ်မှုလည်း ပျက်စီးသွားခဲ့လေပြီ။ သူသည် သူ့စိတ်ထဲရှိ ကြောက်လန့်မှုကို အတင်းဖိနှိပ်ထာရသည်။ သူသည် ဝမ်လင်း၏ နေသာသောညနှင့် အချိန်စီးဆင်းခြင်း မန္တာန်တို့၏ စွမ်းပကားကို ကိုယ်တိုင်တွေ့မြင်ခဲ့ကာ ဦးရေပြားပါ ထုံထိုင်းမိရ၏၊ ထိုမန္တာန်များသာ သူ့ထံ ပစ်မှတ်ထား ဦးတည်ခဲ့ပါက သံသယမရှိ သေဆုံးရမည်ကို သူ နားလည်ထားသည်။
ထာဝရကလန်၏ အကြီးအကဲများသည်လည်း သူ့လို အတွေးရှိကြ၏။ သူတို့အားလုံးသည် ပျက်စီးသွားသောစင်မြင့်ထက်တွင် မားမားမတ်မတ် ရှိနေသော ဝမ်လင်းကို ကြောက်လန့်တကြား ကြည့်၍ ငြိမ်သက်နေကုန်သည်။
ထည်ဝါသိမ်မွေ့ခြင်းနှင့်ဆန်းကြယ်ခြင်း။
ထိုစကားလုံးများဖြင့်သာ ဝမ်လင်း လူတိုင်းကို တုန်လှုပ်စေမှုအား ဖော်ပြနိုင်ပေမည်။ မည်သူကမျှ ဝမ်လင်း အသုံးမပြုရသေးသော တခြားမန္တာန်များ ရှိသေးလား၊မရှိသေးလား မသိကြပေ။ ထို့အတွက်ကြောင့်လည်း ဝမ်လင်းအပေါ် သူတို့၏အထင်ကြီးမှုသည် ပိုအားကောင်းသွားတော့သည်။
ထို့အပြင် သူ ထွက်မပေါ်လာခင်က သူနှင့်ပတ်သတ်သော ကောလဟာလများ ပျံ့နှံ့ခဲ့သေး၏။ ထို့နောက် သူ ထွက်ပေါ်လာပြီးနောက် သူသည် အဆင့်ငါး၊ခြောက်၊ခုနစ် ဒေသများကို နတ်ဘုရားကလန်၏စစ်စိတ်ဝိညာဥ် လက်ဝါးဖြင့် ချိုးဖျက်ခဲ့သူမှန်း သေချာအတည်ပြုနိုင်ခဲ့သည်။
ထိုအဖြစ်သနစ်တို့က ဝမ်လင်းကို ပို၍ ထည်ဝါစေပြီး လူတိုင်းအမြင်၌ ပိုဆန်းကြယ်သူ ဖြစ်လာခဲ့သည်။
လူတိုင်းနီးပါးသည် ဝမ်လင်း သူ့မန္တာန်များအားလုံးကို ထုတ်ဖော်ရခြင်းမရှိသေးဟု ယုံကြည်နေကြ၏။ သူ့ထံတွင် ဝှက်ဖဲများ ရှိနေဦးမည်ဟု ယုံကြည်နေကြသည်။
ဝမ်လင်းသည် မူလကလန်ကို ကိုယ်စားပြုသည်။ ထိုသို့ဖြစ်သည့်အတွက် တိမ်ပင်လယ်ရှိ လူအများသည် မူလကလန်ကို စော်ကားကြတော့မည် မဟုတ်ပေ။
ထာဝရကလန်ခေါင်းဆောင်သည် သက်ပြင်းချ၏။ သူသည် ဝမ်လင်း၏ခွန်အားကို ခန့်မှန်းကြည့်ခဲ့သော်လည်း သူ့အဖို့ အလှမ်းဝေးဆဲပင်။
"ဒီလူဟာ ကောင်းကင်ဘုံဒုက္ခကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်။ ဒါပေမဲ့ သူ့ဒဏ်ရာတွေကြောင့် သူ့ကျင့်ကြံမှုအဆင့်ဟာ လျော့ကျသွားတာနေမယ်။ ဒါပေမဲ့လည်း သူ့မန္တာန်တွေကြောင့် သူဟာ မြင့်မြတ်တဲ့အကြီးအကဲကို ယှဥ်တိုက်နိုင်ခဲ့တယ်။ ဒီလူဟာ ရန်ငြှိုးလည်း မထားဘူးပဲ။ မဟုတ်ရင် သူ့အနေနဲ့ ဒီတိုက်ပွဲမှာ ရတနာလက်နက်အများကြီး ထုတ်ယူ သုံးစွဲလိမ့်မယ်။ ငါ့ထာဝရကလန်ဟာ ဒီလိုကျင့်ကြံသူကို ထိန်းသိမ်းထားနိုင်မှ ဖြစ်မယ်။ သူနဲ့ဆိုရင် ထာဝရကလန်ဟာ အဆင့်ရှစ်ကလန်တွေကြား ပြိုင်ပွဲမှာ အနိုင်ရနိုင်မှာပဲ.. "
လုယန်ဖေသည် ဝမ်လင်း၏ပုံရိပ်ကို ကြည့်ကာ တုန်လှုပ်မိသည်။ သူမသည်လည်း ဝမ်လင်း ခုလောက်သန်မာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
လုယန်ကုံးသည် ခေါင်းယမ်းမိ၏။ သူ့မျက်နှာထက်တွင် ခါးသက်မှုတို့ ပြည့်နေသည်။ သူက ဝမ်လင်းနှင့်သူ့ကြားရှိ ကျင့်ကြံမှုသည် အများကြီး မကွာဟလောက်ဟု တွေးထင်ထားခဲ့သည်။ သို့ရာတွင် အခုတော့ သူ့အတွေး မှားခဲ့သည်ကို သိလိုက်ပေပြီ။ လွန်ခဲ့သောနှစ်တစ်ရာတုန်းကလည်း သူ မှားခဲ့ပေသည်။ ထိုစဥ်ကသာ သူနှင့်ဝမ်လင်းတို့ တိုက်ခိုက်ခဲ့ပါက သူသာ ဖျက်စီးခံခဲ့ရပေလိမ့်မည်။
လီချန်မေလည်း သူမ ရှေ့ရှိပုံရိပ်ကို ကြည့်ကာ သူမ၏စိတ်မှာ တုန်လှုပ်မိရသည်။ သူမသည် ဝမ်လင်း၏အစွမ်းအစက မည်ကဲ့သို့ ထိုမျှ ပြောင်းလဲလာခဲ့သည်ကို နားမလည်နိုင်ပေ။ သို့သော် ထိုအချက်က အရေးမကြီးပေ။ အရေးကြီးသည်က သူ ဒီနေရာတွင် ရှိနေခြင်းသာ ဖြစ်သည်။ သူမ နတ်ဆိုးကလန်မှ အတင်းထွက်လာသည်က သည့်လူကို တွေ့ရဖို့အတွက်သာ ဖြစ်သည် မဟုတ်လား။
မူပင်းမေသည် သူမ၏အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမ ဝမ်လင်းကို တွေ့မြင်သည့် အကြိမ်တိုင်းတွင် သူသည် အမြဲလိုလို လုံးဝကွာခြားမှု ရှိနေတော့သည်။
သို့သော်ငြားလည်း ဝမ်လင်း၏ပြောင်းလဲမှုများက သူမနှင့် ဘာမှ မသတ်ဆိုင်မှန်း သူမက နားလည်ထားသည်။ တောက်ပသောဟင်းလင်းပြင်နယ်မြေ၌ သူတို့ တစ်ယောက်နှင့်တစ်ယောက် နှုတ်ဆက်ခဲ့ကတည်းက သူတို့သည် သူစိမ်းများ ဖြစ်သွားခဲ့ပေပြီ။ သူတို့ ထပ်တွေ့ခဲ့ရလျှင်ပင် ကိုယ်လမ်းကိုယ်သွားကြရုံသာ ရှိ၏။
ကံကြမ္မာကိုယ်က သူတို့ကို သူစိမ်းတရံ ဖြစ်စေရန် သတ်မှတ်ထားပုံ ရလေသည်။
နတ်ဘုရားကလန်မှ ဝမ်ရှန်ရှန်သည်လည်း ဝမ်လင်းကို စူးစိုက်ကြည့်နေမိ၏။ သူမ မျက်လုံးထဲရှိ ထူးဆန်းသောအလင်းကို မည်သူမျှ သိရှိသဘောပေါက်လိမ့်မည် မဟုတ်ပေ။ သူမသည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ သူမ မျက်မြင်တွေ့ ရသော အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခဲ့သည်။ ထို့နောက် သူမသည် ကျောက်စိမ်းပြားကို ညှစ်ခြေလိုက်ရာ ၎င်းမှာ သူမ၏လက်ထဲတွင် ပျောက်ကွယ်သွားသည်။
ထိုကဲ့သို့ ထူးခြားသောနည်းလမ်းကို အသုံးပြုကာ ဝမ်ရှန်ရှန်သည် သူမတွေ့မြင်ခဲ့ရသမျှကို နတ်ဘုရားကလန်မှ သူမ၏ဆရာထံ ပေးပို့ခဲ့ပေသည်။ သူမသည် တိမ်ပင်လယ်ရှိ ပါရမီရှင်တစ်ယောက်ကို သူမ၏ဆရာအား ပြသလိုခြင်းကြောင့် ထိုကဲ့သို့ ပေးပို့လိုက်တာ ဖြစ်၏။ သူမ၏ဆရာသည် ထိုသူကို နတ်ဘုရားကလန်သို့ ခေါ်ဆောင်လိမ့်မည်ဟုလည်း ထင်ထားသည်။
သို့ရာတွင် သူမ ပေးပို့ခဲ့သော အခြင်းအရာများကို သူမ၏ဆရာ ဖြစ်သူ တွေ့မြင်သွားသည့်အခါ လှိုင်းဂယက်ကြီးတစ်ခု ဖြစ်လာခဲ့လိမ့်မည်ဟု ဝမ်ရှန်ရှန်က မထင်ထားမိခဲ့ပေ။
"ဒီအဘိုးအိုက ရှုံးတာ ဝန်ခံတယ်။ ငါ့ဘဝမှာ ရောင်းရင်းကျင့်ကြံသူလုရဲ့ မန္တာန်တွေမျိုး လုံးဝ မမြင်တွေ့ခဲ့ဖူးဘူး။ ရောင်းရင်းဟာ တာအိုကို အလေးအနက် နားလည်ထားလိမ့်မယ်ဆိုတာ ငါ ယုံကြည်တယ်။ ဒီအဘိုးအိုက သင့်ကို လေးစားမိပါတယ်..."
အဘိုးအိုသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် သူ့အမူအရာမှာ ပုံမှန်ပြန်ဖြစ်သွားသည်။ သူသည် ဝမ်လင်းကို ပြိုင်ဘက်တစ်ယောက်ကဲ့သို့ ကြည့်လိုက်၏။
ဝမ်လင်း၏မျက်နှာသည် အလွန်အမင်း ဖြူရောလျက် ရှိသည်။ သို့သော် သူက တည်ငြိမ်စွာဖြင့်ပင် လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။ "ရောင်းရင်းကျင့်ကြံသူက ချီးကျူးလွန်းလှပါတယ်..."
ထိုအခိုက်အတန့်တွင် ပွဲကြည့်စင်ထံမှ ရယ်မောသံတစ်ခု ထွက်ပေါ်လာလေ၏။ ထိုရယ်မောလိုက်သောသူသည် ထာဝရကလန်ခေါင်းဆောင်ပင်။ သူက ပြုံး၍ မတ်တပ်ထရပ်ကာ ဝမ်လင်းထံ လက်နှစ်ဖက်ယှက်၍ ပြောသည်။
" ရောင်းရင်းကျင့်ကြံသူလုက တယ်နှိမ့်ချသကို။ လူတိုင်း ဒီကနေ့ အဖြစ်အပျက်ကို မြင်တွေ့ပါတယ်။ ဒီအဘိုးအိုတောင် ရောင်းရင်းလုရဲ့ မန္တာန်တွေအပေါ် အထင်ကြီးမိပါတယ်..."
ဝမ်လင်းသည် ပြုံးရုံသာ ပြုံး၍ လက်နှစ်ဖက်ဆုပ်သည်။ သူက စကားပြန်ဆိုမနေတော့ပေ။
မြင့်မြတ်သောအကြီးအကဲအဘိုးအိုက ထာဝရကလန်ခေါင်းဆောင်ကို ကြည့်ကာ ပြောလိုက်သည်။
"ရောင်းရင်းလုဟာ မူလကလန်က ဆိုမှတော့ ဒီကလန်ကို အဆင့်ငါးဒေသမှာပဲ ဆက်ထားဖို့က မသင့်တော်တော့ဘူး..."
ထာဝရကလန်၏ မြင့်မြတ်သောအကြီးအကဲတစ်ယောက်အနေဖြင့် သူသည် ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်ကာ ဗဟရီကကိစ္စများတွင် သိပ်မပါဝင်တော့ပေ။ အခု သူသည် ကလန်တစ်ခုကို အဆင့်မြင့်ပေးရန် ပြောဆိုလာခြင်းမှာ သူ ဝမ်လင်းနှင့် မိတ်ဆွေဖြစ်လိုသော သူ့ဆန္ဒကို ပြသလိုသည့်အတွက်ကြောင့်ပင်။
ထာဝရကလန်ခေါင်းဆောင်က ပြုံး၍ ခေါင်းညိတ်သည်။ "အကြီးအကဲလျိုပြောတာ မှန်ပါတယ်။ ရောင်းရင်းကျင့်ကြံသူလုက မူလကလန်ကလူ ဆိုမှတော့ ဒီကလန်ကို အဆင့်ငါးဒေသမှာပဲ ဆက်ထားဖို့ ဘယ်သင့်တော်ပါ့မလဲ။ ရောင်းရင်းလု...မူလကလန်ကို အဆင့်ခုနစ်ဒေသဆီ ရွှေ့ပြောင်းပေးမယ်ဆို အဆင်ပြေနိုင်မလား..."
ဝမ်လင်း၏အမူအရာသည် ပုံမှန်သာ ဖြစ်၏။ သူသည် လက်နှစ်ဖက်ဆုပ်ကာ ပြုံး၍ ပြောလိုက်သည်။ "သင်တို့သဘောက ဒီလိုဆိုမှတော့ ငါ သင်တို့ကို ကျေးဇူးတင်ပါတယ်..."
ထာဝရကလန်ခေါင်းဆောင်သည် သူ့လက်ကို ဝေ့ယမ်းကာ ပြုံး၍ တရင်းတနှီး ပြောလာသည်။
"ပြဿနာမရှိဘူး...။ ဒါက ဒီအဘိုးအို လုပ်သင့်တဲ့အရာပဲ။ ကျုပ်တို့ အရင်က ပြောခဲ့တဲ့ ကိစ္စကရော..."
"ငါ အဆင့်ရှစ်ပြိုင်ပွဲကို ဝင်ပြိုင်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ငါဟာ ဒဏ်ရာအပြင်းအထန် ရထားတဲ့အတွက် အကူအညီအချို့ လိုအပ်နေတယ်။ သင်သာ ဒီအတွက် ကူညီပေးနိုင်ရင် ငါ ဝင်ပြိုင်ပေးမှာပေါ့..."
ဝမ်လင်းသည် ထာဝရကလန်ခေါင်းဆောင်ကို ကြည့်ကာ ပြုံး၏။
ဝမ်လင်း၏စကားများကို ကြားရသည့်အခါ မြင့်မြတ်သောအကြီးအကဲသည်ပင် သိချင်တကြီး မေးလာသည်။ "အို...ရောင်းရင်းကျင့်ကြံသူလုက ဘာများ လိုချင်တာပါသလဲ..."
"ရောင်းရင်းကျင့်ကြံသူ တောင်းဆိုနိုင်ပါတယ်။ ငါ့လုပ်နိုင်စွမ်းအတွင်း ရှိတဲ့ဟာဆို အဆင့်ရှစ်ပြိုင်ပွဲ ရှိရှိ၊မရှိရှိ ရောင်းရင်းလု ပြန်ကောင်းမွန်ဖို့အတွက် ငါ ကူညီပေးနိုင်ပါတယ်..."
ထာဝရကလန်ခေါင်းဆောင်က ပြုံးနေ၏။
ဝမ်လင်း၏မျက်လုံးတို့သည် လင်းလက်နေသည်။ သူက နတ်ဘုရားအာရုံဖြင့် ထိုနှစ်ယောက်ထံ စကားပို့လွှတ်လိုက်သည်။
ထို့နောက်တွင် သူတို့နှစ်ယောက်၏အမူအရာများညပြောင်းလဲသွားသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ စတင်စဥ်းစားကြသည်။
"ရောင်းရင်းလု ...ဒီနေရာက စကားပြောဆိုလို့ ကောင်းတဲ့နေရာ မဟုတ်ဘူး။ အခု ပြိုင်ပွဲလည်း ပြီးပြီးဆိုတော့ ငါတို့ တောင်အနောက်ဘက် သွားပြီး စကားပြောကြမလား..."
ကလန်ခေါင်းဆောင်သည် တစ်ခုခုကို ပူပန်နေဟန်ရသည်။
ဝမ်လင်းသည် လက်နှစ်ဖက်ဆုပ်ကာ ပြုံး၏။
"ကလန်ခေါင်းဆောင်က ဒီလိုဆိုမှတော...ငါ နားထောင်ရမှာပေါ့..."
ထာဝရကလန်ခေါင်းဆောင်သည် ပြုံး၍ သူ့နောက်ရှိ ပွဲကြည့်စင်ထက်မှလူများကို ကြည့်လိုက်သည်။ သူ့အမူအရာမှာ အလေးအနက်ဖြစ်သွားပြီး သူက ဆိုသည်။ "အကြီးအကဲဖန်.. ပြိုင်ပွဲ ပြီးသွားပြီဆိုတော့ ကျန်တဲ့ကိစ္စတွေ သေချာလုပ်လိုက်တော့။ ဒါပေမဲ့လည်း အဆင့်ရှစ်ကလန်တွေကြားက ပြိုင်ပွဲဟာ နီးကပ်လာနေပြီ။ ဒါ့ကြောင့် ဒီမှာရှိတဲ့ကျင့်ကြံသူတွေအနေနဲ့ ကျေးဇူးပြုပြီး နောက်ထပ်ရက်နည်းနည်းလောက် ထပ်နေကြပါဦး..."
အဆုံးသပ်၌ ကလန်ခေါင်းဆောင်၏အသံသည် အေးစက်ကာ သတ်ဖြတ်လိုစိတ်ပါ ပါဝင်လာခဲ့သည်။
ထာဝရကလန်သည် အဆင့်ရှစ်ကလန်များကြားက ပြိုင်ပွဲအတွက် ဝမ်လင်း၏ အကြောင်း မပေါက်ကြားအောင် ကာကွယ်ရပေမည်။
ဖန်ဟိုင်၏မျက်လုံးက တလက်လက်ဖြစ်လာပြီး သူသည် ခေါင်းညိတ်လိုက်သည်။ သူက ကလန်ခေါင်းဆောင်၏ဆန္ဒကို နားလည်ပေသည်။
ထာဝရကလန်ခေါင်းဆောင်သည် လီချန်မေ၊ဝမ်ရှန်ရှန်နှင့် မူပင်းမေတို့ကို အနည်းငယ်တုံ့ဆိုင်းဟန်ဖြင့် ကြည့်လိုက်သည်။ သူသည် သူတို့ကို မဖိတ်ခေါ်ဘဲ ဝမ်လင်းကိုသာ ပြုံးပြ၍ ပျံသန်းထွက်သွားလေ၏။
ဝမ်လင်းသည် ချက်ခြင်း နောက်က လိုက်လာ၏။ သို့သော် သူ မထွက်သွားခင်၌ သူက နောက်လှည့်ကြည့်ကာ သက်ပြင်းချမိသည်။
ထာဝရကလန်၏မြင့်မြတ်သောကလန်ခေါင်းဆောင်သည်လည်း ဝမ်လင်းနှင့်အတူ ပျံသန်းလိုက်လာရင်း ထာဝရကလန်အကြောင်း ရှင်းပြသည်။ သူတို့သည် စကားပြောလိုက်၊ ရယ်မောလိုက် ရှိ၏။ သူတို့သည် ဘာမကျေနပ်စရာကိစ္စမှ မဖြစ်ခဲ့သည့်အလား ပျော်ရွှင်နေဟန် ပေါ်လေ၏။
ထာဝရကလန်သည် ဤကျင့်ကြံခြင်းဂြိုဟ်ပေါ်တွင် မတည်ရှိ၊ တခြားနေရာတွင် တည်ရှိပေသည်။ သူတို့အားလုံးက အစွမ်းထက်ကျင့်ကြံသူများ ဖြစ်သည့်အတွက်ကြောင့် သူတို့၏အမြန်နှုန်းမှာ အံ့အားသင့်ဖွယ်ရာ ကောင်းလှ၏။ ကလန်ခေါင်းဆောင်၏ ရှေ့က ဦးဆောင်မှုနှင့်အတူ သူတို့သည် နောက်ထပ်ကျင့်ကြံခြင်းဂြိုဟ်တစ်ခုထံ ပျံသန်းလာကြရင်း ကလန်တစ်ခုက သူတို့ရှေ့၌ တဖြည်းဖြည်းချင်း ပေါ်လာလေ၏။
အဆင့်ရှစ်ကလန်တစ်ခုအနေဖြင့် ထာဝရကလန်သည် ဤဂြိုဟ်တစ်ခုလုံးတွင် နေရာယူထားသည်။ ဂြိုဟ်အနှံ့တွင် အဆောက်အဦများစွာ ရှိကာ ကုန်းမြေသည် လေးထောင့်ကွက်လပ်များဖြင့် ပြည့်နှက်နေသည်။
သူတို့ အနားရောက်လာချိန်တွင် ဝမ်လင်းသည် ဂြိုဟ်တစ်ခုလုံးထံမှ အတားအဆီးများ၏စွမ်းအားကို ခံစားမိသည်။ ဂြိုဟ်ပေါ်တွင် ဟင်းလင်းပြင်အက်ကြောင်း ရာချီလည်း ရှိနေသည်။ ယင်းအက်ကြောင်းများထဲ၌ တခြားလောကများ ရှိနေရပေမည်။
"စုစုပေါင်း ဟင်းလင်းပြင်နေရာ (၃၇၂) ရှိတယ်။ ဒီထဲက (၁၁၁)ခုဟာ အကန့်အသတ်မဲ့လေဟာနယ်တွေပဲ။ ကျန်တာကတော့ သိုလှောင်နေရာတွေ ဒါမှမဟုတ် အတိတ်တုန်းက အစွမ်းထက်ကျင့်ကြံသူတွေ တံခါးပိတ်ကျင့်ကြံခဲ့တဲ့ နေရာတွေ ဖြစ်ကြတယ်..."
မြင့်မြတ်သောအကြီးအကဲက ဝမ်လင်းကို ရှင်းပြလိုက်၏။
သူတို့သည် ရှေ့ဆက်သွားနေရင်း အဆောက်အဦများစွာကို ကျော်ဖြတ်လာကြ၏။ သူတို့ကို တွေ့ကြသော လူတိုင်းမှာ လေးစားမှုကို ဖော်ပြကြသည်။ သူတို့သည် လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကြပြီး ဝမ်လင်းတို့ သုံးယောက် မထွက်ခွာသွားခင် လှုပ်ရှားမှုပင် မလုပ်ဝံ့ကြချေ။
သူတို့သုံးယောက်သည် အလွန်မြန်ကြ၏။ များမကြာမီတွင် ဝမ်လင်းရှေ့၌ တိမ်စိုင်များထိ ထိုးဖောက်နေသော မြင့်မားလှသည့် တောင်တစ်လုံး ပေါ်လာ၏။ ထိုတောင်သည် မြူများ ခြုံလွှမ်းလျက် ရှိပြီး ကောင်းကင်ဘုံတောင်တစ်လုံး၏ ဖြစ်တည်မှုမျိုး အငွေ့အသက်ကို ပေးစွမ်းနေသည်။
ထိုတောင်ကို မြင်လိုက်ရသည်နှင့် ဝမ်လင်း၏စိတ်ထဲတွင် နယ်ပယ်ခံစားမှုတစ်ခု ပြည့်နှက်လာသည်။
ထိုနယ်ပယ်မှာ ဓါးအပေါ် နားလည်မှု ဖြစ်လေ၏။ ယင်းတောင်ကသာ ဓါးတစ်လက်အဖြစ် ပြောင်းသွားခဲ့ပါက လောကကို ထက်ပိုင်းခြမ်းပစ်မလား ထင်မှတ်ရပေသည်။
ဝမ်လင်းသည် ထိုတောင်ကို တွေ့မြင်ရသည့်အခိုက်တွင် သူက ရပ်တန့်သည်။ သူ့မျက်လုံးတို့မှာ တလက်လက် ဖြစ်သွား၏။
သူသည် တစ်စုံတစ်ခုကို တွေ့ရှိလိုက်သလို ခံစားမိကာ သူ့စိတ်သည် တုန်လှုပ်ရသည်။
***