အခန်း ၁
Vol. 1 Ch. 1
အခန်း (၁) - ဝိညာဉ်ကူးပြောင်းခြင်း
"ဟားဟားဟား"
"ငါ ပြန်လည်မွေးဖွားလာပြီဟေ့"
"ဟားဟားဟားဟား...ကမ္ဘာပျက်ကပ်မှာ မတရားအသက်ခံရပြီးမှ ငါပြန်ဝင်စားလာတယ်ပေါ့ "
"ငါ့အပေါ် မတရားဆက်ဆံခဲ့သူတွေအကုန်လုံး မသာပေါ်ပြီသာမှတ် ၊ ငါပြန်လာပြီကွ . "
ရှောင်ဖန်းတစ်ယောက်ဝမ်းသာအားရနဲ့ ထအော်လိုက်ချိန်မှာပဲ သူ့ရဲ့ရင်ဘက်က အရမ်းစူးအောင့်လာသဖြင့် မျက်နှာကြီး ရှုံ့မဲ့သွားရ၏။
"သောက်ခွေး...ငါ့မှာနှလုံးရောဂါရှိတာကို မေ့နေတယ် ..အောင်မလေး..နာလိုက်တာ.."
"အား...သေပါပြီ"
ပြန်လည်ဝင်စားလာသောရှောင်ဖန်းတစ်ယောက် လက်စားတောင် မချေရသေးခင် ဝမ်းသာလုံးဆို့ပြီး နှလုံးဖောက်ကာ ကားကားကြီး သေသွားပြန်သည်။
ဒါပေမဲ့ ခဏအကြာမှာ ကားကားကြီးသေသွား သောရှောင်ဖန်းရဲ့အလောင်းက ရုတ်ခနဲ ထထိုင်လာ၏။
"ဘာလဲဟ..ငါသေသွားတာ မဟုတ်ဘူးလား ၊ ဘာလို့ပြန်ရှင်လာတာလဲ "
၂၁ ရာစုက ဘဝကူးလာတဲ့ ရှောင်ဖန်းတစ်ယောက်ဝမ်းသာအားရထထိုင်လိုက်ရာ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော နာကျင်မှုကြောင့် အမြင်အာရုံများပင် ဝေဝါးသွားရ၏။
ခဏမျှ အနားယူပြီးမှ ကုတင်စွန်းကို အားပြုကာ ခက်ခက်ခဲခဲ ထထိုင်လိုက်သည်။ ထိုအခါမှသာရှောင်ဖန်းသည် ပတ်ဝန်းကျင်ကို စတင်သတိပြုမိလိုက်၏။
သူသည်ဟောင်းနွမ်း စုတ်ပြတ်နေသော အခန်းကျဉ်းလေးတစ်ခုထဲ ရောက်နေခြင်းသာဖြစ်သည်။
အခြေအနေကို နားမလည်နိုင်သေးခင်မှာပင် များပြားလှသော သတင်းအချက်အလက်များသည် သူ၏ဦးနှောက်ထဲသို့ ရုတ်တရက် တိုးဝင်လာသဖြင့် ခေါင်းပေါက်ကွဲလုမတတ် ခံစားလိုက်ရ၏။
အချိန်အတော်ကြာပြီးနောက်မိမိ၏လက်ရှိအခြေအနေကို သဘောပေါက်သွားသည်။
သူသည် ဝိညာဉ်ကူးပြောင်းလာခဲ့ခြင်း ဖြစ်၏။ အတိအကျပြောရလျှင် ကုန်တင်ကားတိုက်၍ သေဆုံးသွားခဲ့သော ရှောင်ဖန်း၏ ဝိညာဉ်သည် ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူဝင်မိသည့် အဖိုးကြီးမှာ အနည်းငယ် ထူးဆန်းနေ၏။ ထိုအဖိုးကြီးသည်လည်း တကယ်တွင်ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်ပြီးပြန်လည်မွေးဖွားလာပြီးချင်းမှာပင် နှလုံးရပ်ကာ သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ထို့နောက်မှ ရှောင်ဖန်း၏ ဝိညာဉ်က ကိုယ်စားဝင်ရောက်လာခဲ့ခြင်း ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုအဖိုးကြီး၏အမည်မှာလည်း ရှောင်ဖန်းဖြစ်ပြီး အိမ်ရာဝင်းကြီးတစ်ခု၏ လုံခြုံရေးဝန်ထမ်းတစ်ဦး ဖြစ်သည်။
အဖိုးကြီး၏ မှတ်ဉာဏ်များအရ ၂၀၃၅ ခုနှစ် အောက်တိုဘာလတွင် ဘလူးစတားဂြိုဟ်သည် အမည်မသိသော ပြင်ပဂြိုဟ်သက်ရောက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာ အအေးလှိုင်းဒဏ်ကို ရုတ်တရက် ခံစားခဲ့ရ၏။
ဘလူးစတားဂြိုဟ်တစ်ခုလုံး၏ အပူချိန်မှာ ထိုးဆင်းသွားခဲ့ရပြီး ရှောင်ဖန်းနေထိုင်ရာ တာဝူမြို့တွင်လည်း အပူချိန်သည် အနုတ်ခြောက်ဆယ်၊ ခုနစ်ဆယ်ဒီဂရီအထိ ရောက်ရှိသွားခဲ့၏။ နှင်းမုန်တိုင်းများနှစ်လတိုင်တိုင် ဆက်တိုက်တိုက်ခတ်ခဲ့ပြီး မြို့တစ်ခုလုံး ဆီးနှင်းများအောက်တွင် မြုပ်ဝင်သွားခဲ့သည်။
တာဝူမြို့သည် မဟာရှားနိုင်ငံ၏ တောင်ပိုင်းဒေသတွင် ရှိခြင်းဖြစ်ရာ မြောက်ပိုင်းဒေသများ၏ အပူချိန်ကျဆင်းမှုမှာမတွေးရဲစရာဖြစ်သည်။
ထိုကပ်ဘေးကြောင့် ကမ္ဘာပေါ်ရှိ သက်ရှိမျိုးစိတ်အများစု မျိုးတုံးပျောက်ကွယ်ခဲ့ရသည်။ လူသားများသည်လည်းရုတ်တရက်ကျရောက်လာသော ကပ်ဘေးတွင် အစုအပြုံလိုက် သေဆုံးခဲ့ရပြီး လူဦးရေ ကိုးဆယ်ရာခိုင်နှုန်းကျော် ပျောက်ကွယ်သွားခဲ့၏။
ဦးနှောက်ထဲမှ အချက်အလက်များကို ဖတ်ပြီးနောက်ရှောင်ဖန်းသည် ဒေါသတကြီးရေရွတ်လိုက်သည်။
"တောက်"
အခြားသူများ ဝိညာဉ်ကူးပြောင်းလျှင် မင်းညီမင်းသား၊ မှူးမတ် ၊အထက်တန်းစား မိသားစုများမှ သားသမီးများဖြစ်သွားကြပြီး ရာထူးဂုဏ်ရှိန်နှင့် ငွေကြေးချမ်းသာသွားကြ၏။
ထိုသို့မဟုတ်လျှင်ပါရမီရှင်များဖြစ်သွားကြပြီး ထူးခြားသော ပါရမီနှင့် စွမ်းရည်များ ပါလာတတ်ကြကာ ကံကြမ္မာအလိုကျ သားသမီးများ ဖြစ်လာကြသည်။ အနည်းဆုံးတော့ သူတို့ကို ထောက်ပံ့ပေးမည့် အစွမ်းထက်စနစ်တစ်ခုခု ပါလာတတ်ကြ၏။
သို့သော် သူကတော့အဖိုးကြီးတစ်ယောက်အဖြစ် ဝိညာဉ်ကူးပြောင်းလာရုံသာမကဘဲ မကြာမီ ကျရောက်တော့မည့် ကြီးမားသော ကပ်ဘေးကြီးကိုလည်း ရင်ဆိုင်ရဦးမည် ဖြစ်သည်။
ရှောင်ဖန်းသည် မှန်ထဲ၌ မိမိကိုယ်ကိုယ် ကြည့်လိုက်၏။ သူသည် အရပ် ခြောက်ပေခန့်ရှိသော်လည်း အိုမင်းရင့်ရော်နေပြီ ဖြစ်သည်။ ထိုစဉ်သူ၏ရင်ဘတ်ထဲမှ ရုတ်တရက်စူးရှသော နာကျင်မှုတစ်ခု ပေါ်လာပြန်၏။
ရှောင်ဖန်းသည် စာပွဲပေါ်ရှိ နှလုံးဆေးကို အမြန်လှမ်းယူလိုက်သည်။ ဆေးအနည်းငယ်ကို မြိုချလိုက်မှရင်ဘတ်အောင့်ခြင်းမှာ အနည်းငယ် သက်သာသွား၏။
အခြေအနေ အနည်းငယ်ကောင်းမွန်လာသောအခါ ရှောင်ဖန်းသည် စားပွဲပေါ်မှ ဖုန်းကိုကောက်ကိုင်ကာ အချိန်ကို ကြည့်လိုက်သည်။
၂၀၃၅ ခုနှစ် ၊ဩဂုတ်လ ၃၀ ရက်။
မှတ်ဉာဏ်အရကမ္ဘာပျက်ကပ် အအေးလှိုင်းကြီး ရောက်ရှိလာရန် တစ်လသာ လိုတော့သည့်အချိန်ဖြစ်သည်။
"ဖာ့ခ်"
ရှောင်ဖန်းသည် ထပ်မံ၍ ကျိန်ဆဲလိုက်ပြန်၏။
သူ၏ အိုမင်းနေသော ခန္ဓာကိုယ်သည် တစ်လအတွင်းသာ ကောင်းမွန်စွာ နေထိုင်နိုင်တော့မည် ဖြစ်ပြီး ထို့နောက်တွင်မူ သေဆုံးသည်အထိ အဆုံးမရှိသော နာကျင်မှုများကို ခံစားရတော့မည်ဖြစ်သည်။
ရှောင်ဖန်း ရရှိထားသော မှတ်ဉာဏ်များအရ ကမ္ဘာပျက်ကပ် အအေးလှိုင်း ရောက်ရှိလာပြီးနောက် အိမ်ရာဝင်းတစ်ခုလုံးတွင် ရိက္ခာပြတ်လပ်သွားကာ လူတိုင်းသည် သေလုမြောပါး အခြေအနေသို့ ရောက်ရှိသွားကြလိမ့်မည်ဖြစ်သည်။
သို့သော်လည်း အိမ်ရာဝင်းထဲတွင် ချွင်းချက်တစ်ခု ရှိခဲ့၏။၎င်းမှာမှာ တိုက်အမှတ် ၆၊ ယူနစ် ၁ ၏ ၂၄ ထပ်တွင် နေထိုင်သောဝမ်ပေါင် ဖြစ်သည်။
ထိုလူသည် ကမ္ဘာပျက်ကပ် ရောက်လာတော့မည်ကို ကြိုတင်သိရှိနေပုံရပြီး ဘေးကင်းလုံခြုံသော အခန်းတစ်ခုကို တည်ဆောက်ကာ ရိက္ခာနှင့် ရေ အမြောက်အမြားကို စုဆောင်းထားခဲ့၏။သို့သော်ထိုလူသည် အကြောင်းမရှိအိမ်ရာဝင်းထဲရှိ လူတိုင်းအပေါ် ရန်ငြိုးထားခြင်းဖြစ်သည်။
သူသည် အစားအစာများကို သားကောင်ချသလို အသုံးချပြီး သူ၏ ဖောက်ထွင်း၍မရသော ဘေးကင်းလုံခြုံသည့် အခန်းကို အမှီပြုကာ အခြားသူများကို အချင်းချင်း သတ်ဖြတ်ခိုင်းခဲ့၏။
နောက်ဆုံးတွင်ဝမ်ပေါင်သိမ်းပိုက်ထားသော လှပသည့် အမျိုးသမီးအချို့မှလွဲ၍ အိမ်ရာဝင်းအတွင်းရှိ လူအားလုံးမှာ သူ၏လက်ချက်ဖြင့် သေဆုံးခဲ့ကြရသည်။
ရှောင်ဖန်းသည်လည်း ထိုလူများထဲမှ တစ်ဦး ဖြစ်ခဲ့၏။
ဝမ်ပေါင်က အိမ်ရာဝင်းထဲရှိ လူအားလုံးကို ဘာကြောင့် သတ်ချင်ရသလဲဟူသည်ကိုမူ သူမသိရှိပေ။ကမ္ဘာပျက်ကပ်ကြီးက လူသားတို့၏ မကောင်းဆိုးဝါးဆန်သော ဗီဇကို ဖော်ထုတ်ပေးလိုက်ခြင်းလည်း ဖြစ်နိုင်၏။
ထိုကဲ့သို့ ရင်နာစရာကောင်းသော အနာဂတ်ကို တွေးတောရင်း ရှောင်ဖန်းသည် ကုတင်လေးပေါ်တွင် အားအင်ချိနဲ့စွာ ထိုင်နေမိသည်။
သူ၏စိတ်သည် မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ပြည့်နှက်နေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် ဝိညာဉ်ကူးပြောင်းလာရခြင်းမှာ သေဒဏ်ပေးခံရသည်နှင့် မခြားပေ။
ရှောင်ဖန်းတစ်ယောက် ဝိညာဉ်ထပ်မံကူးပြောင်းနိုင်မလားဟူသော မျှော်လင့်ချက်ဖြင့် ကြိုးတစ်ချောင်းရှာကာ အဆုံးစီရင်ရမလားဟု တွေးတောနေစဉ် စားပွဲပေါ်မှ ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။
ရှောင်ဖန်းဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ အိမ်ရာဝင်း စီမံခန့်ခွဲရေး မန်နေဂျာမာဖြစ်နေသည်ကို တွေ့ရ၏။
သူ ဖုန်းလက်ခံခလုတ်ကို နှိပ်လိုက်သည်နှင့် မန်နေဂျာမာ၏ အော်ဟစ်သံသည် ချက်ချင်း ထွက်ပေါ်လာသည်။
"ဦးလေးရှောင်... ခင်ဗျား အလုပ်က ထွက်ချင်နေတာလား။ ဒီအချိန်ထိ ဘာလို့ အလုပ်မဆင်းသေးတာလဲ"
ရှောင်ဖန်းသည် သူ၏အော်သံကို ကြားရသောအခါ ဒေါသထွက်သွား၏။ ကမ္ဘာပျက်ကပ်ကြီး ရောက်တော့မည်ဖြစ်ရာ သူသည် ဘာမျှမရှိသော၊ အနာဂတ်အတွက် မျှော်လင့်ချက် လုံးဝမရှိသော အဖိုးကြီးတစ်ယောက်သာ ဖြစ်သည်။
ရှောင်ဖန်းပြန်လည်ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် သူ၏စိတ်ထဲ၌ အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့ကြောင့်ရှောင်ဖန်းသည် သူ၏အလုပ်မလုပ်ချင်သောစိတ်ကို ချက်ချင်း ပြောင်းလဲလိုက်ပြီး ပြောလိုက်၏။
"မန်နေဂျာမာ... ကျွန်တော် ဒီနေ့ နည်းနည်း နေမကောင်းလို့ပါ။ အခု သက်သာသွားပြီဆိုတော့ ချက်ချင်း လာခဲ့ပါ့မယ်"
ရှောင်ဖန်း၏ သဘောထားကို ရုတ်တရက် ပြောင်းလဲသွားစေသည့် အကြောင်းရင်းမှာ စနစ်၏ အသိပေးချက်ကို သူ ကြားလိုက်ရခြင်းကြောင့် ဖြစ်သည်။
သူသည် စနစ်တစ်ခုကို နိုးထစေခဲ့ပြီ ဖြစ်၏။
သူသည် လုံခြုံရေးအခန်းသို့ အမြန်ပြေးသွားပြီး လိုအပ်သော အလုပ်အချို့ကို လုပ်ဆောင်ပြီးနောက် အေးချမ်းစွာ ထိုင်ကာ ကြည်နူးသောစိတ်ဖြင့် သူ၏စနစ်ကို စတင်စစ်ဆေးတော့သည်။
ရှောင်ဖန်း နိုးထစေခဲ့သော စနစ်၏အမည်မှာ [အလှပဂေးဆိုင်းအင် စနစ်] ဖြစ်သည်။
အစောပိုင်းက စိတ်လှုပ်ရှားနေသဖြင့် မည်သည့်စနစ်မျိုးကို နိုးထစေခဲ့သည်ကို သူ သေချာ မသိလိုက်ရပေ။ ယခု သိရှိသွားသောအခါ ရှောင်ဖန်း၏ မျက်နှာသည်မကျေမနပ်ဖြင့်ရှုံ့မဲ့သွားတော့သည်။
ငါ့ကို နောက်နေတာလား။
ငါက အဖိုးကြီးတစ်ယောက်လေ၊ ငါ့ကိုမှ [အလှပဂေးဆိုင်းအင် စနစ်] ပေးရတယ်လို့။
သူသာ အသက် ငါးဆယ်ခန့် ဖြစ်မည်ဆိုလျှင် ပျော်ရွှင်မိနိုင်သော်လည်း ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ အသက် ခုနစ်ဆယ် ရှိနေပြီ ဖြစ်သည်။
ခဏမျှ စိတ်ပျက်နေပြီးနောက် ရှောင်ဖန်းသည် စနစ်၏ မျက်နှာပြင်ကို ဖွင့်လိုက်၏။ မည်သို့ပင်ဖြစ်စေ စနစ်တစ်ခုရှိနေခြင်းက ဘာမျှမရှိခြင်းထက်စာလျှင် ပိုကောင်းပေသည်။
[စနစ်မှ ပိုင်ရှင်ကို ကြိုဆိုပါတယ်]
[ဤစနစ်သည် အလှပဂေးဆိုင်းအင် စနစ် ဖြစ်ပါသည်]
[ပိုင်ရှင်သည် စနစ်မှ သတ်မှတ်ထားသော အမှတ်မြင့်အမျိုးသမီးများကို စုဆောင်းခြင်းဖြင့် ဆိုင်းအင် အမှတ်များကို ရရှိနိုင်ပါသည်]
[မှတ်ချက် -အလှပဂေးတစ်ဦးကို စုဆောင်းမိတိုင်း တစ်ရက်လျှင်ဆိုင်းအင်အမှတ် ၁ မှတ် တိုးပါမည်။ အကယ်၍အလှပဂေးတစ်ဦး၏ နှစ်သက်မှုအဆင့်သည် ၁၀၀ ရာခိုင်နှုန်းသို့ ရောက်ရှိပါကဆိုင်းအင်အမှတ် ၁ မှတ် ထပ်မံတိုးပါမည်။ နှစ်သက်မှုအဆင့် ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိခြင်းကို အောင်မြင်စွာ စုဆောင်းနိုင်ခြင်းဟု သတ်မှတ်ပါသည်]
[အမှတ်များကို ပိုင်ရှင်၏ ခန္ဓာကိုယ်ကို သန်မာအောင် ပြုလုပ်ရာတွင်လည်းကောင်း၊ စနစ်စတိုးဆိုင်ရှိ အမျိုးမျိုးသော ကုန်ပစ္စည်းများနှင့် လဲလှယ်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပါသည်]
စနစ်၏ မိတ်ဆက်ချက်ကို မြင်သောအခါ ရှောင်ဖန်းသည် လုံးဝဆွံ့အသွားခဲ့ရ၏။
အလှပဂေးများကို စုဆောင်းရမယ်။ နောက်နေတာလား။ သူ၏ လက်ရှိအခြေအနေနှင့် မည်သည့်အချက်ကို အခြေခံကာ အမှတ်မြင့် အမျိုးသမီးများကို စုဆောင်းနိုင်မှာလဲ။ သူ၌ ငွေမရှိ။ ရုပ်ရည်လည်း မရှိပါ...။
တကယ်တွင် ရှောင်ဖန်းသည် ရုပ်ဆိုးလှသည်သူမဟုတ်ပေ။ မည်သို့ပင်ကြည့်ကြည့် သူသည် အိုမင်းရင့်ရော်ကာ ဖရိုဖရဲ ဝတ်ဆင်ထားသော်လည်း ခန့်ညားသော အဖိုးကြီးတစ်ဦး ဖြစ်သည်။
ပျိုရွယ်စဉ်အချိန်က ရှောင်ဖန်းသည် မိန်းကလေးများ ကြွေရလောက်သည့် လူချောတစ်ယောက် ဖြစ်ခဲ့မှာ သေချာ၏။
သို့သော် အဓိကပြဿနာမှာယခု ရှောင်ဖန်းသည် နုပျိုမှုမရှိတော့ခြင်း ဖြစ်သည်။
၎င်းစနစ်ရှိခြင်းနှင့် မရှိခြင်းမှာ ဘာထူးခြားမှုမှမရှိနိုင်တော့ပေ။
ရှောင်ဖန်းသည် သက်ပြင်းချလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်အခြေအနေကို သိရှိနိုင်ရန် အချက်အလက်မျက်နှာပြင်ကို ဖွင့်လိုက်၏။
*********